အခန်း (၄၇၀)
Vol. 32 Ch. 470
မိစ္ဆာကျင့်ကြံသူနှင့် နတ်ဆိုးကျင့်ကြံသူ။
ထိုနှစ်ခုသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် အလွန်တရာ ကြမ်းတမ်းလှသော ကျင့်ကြံခြင်းလမ်းစဉ်နှစ်ခုပင် ဖြစ်တော့၏။ မိစ္ဆာကျင့်ကြံခြင်းနည်းစနစ်သည် လောက၏ နိယာမများနှင့် ကွဲထွက်ကာ မလျော်ညီသည့် ကျင့်ကြံခြင်းများကို အသုံးပြုရသော နည်းစနစ်တစ်ခုလည်း ဖြစ်၏။
နတ်ဆိုးကျင့်ကြံသူများမှာတော့ ခြားနားလွန်းလှ၏။ သူတို့သည် အစစ်အမှန်နတ်ဆိုးနည်းစနစ်များကို ကျင့်ကြံပြီး ကောင်းကင်နှင့် မြေကြီးထဲမှာရှိသော နတ်ဆိုးချီများအား စုပ်ယူရသည်။
မိစ္ဆာကျင့်ကြံသူများသည် သိုင်းကျင့်ကြံသူ များနှင့် ဆင်တူပြီး နတ်ဆိုးကျင့်ကြံသူများမှာတော့ ဓားကျင့်ကြံသူများနှင့်ဆင်တူ၏။ နှစ်ခုလုံးမှာတော့ အလွန်တရာ ရှားပါးလွန်းလှ၏။
ပြောရမည်ဆိုလျှင် ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းကျော်ခန့်က များပြားလှ သည့် နတ်ဆိုးကျင့်ကြံသူများ ရှိခဲ့၏။ ထို့ပြင် ထိပ်တန်းဂိုဏ်းများနှင့် ယှဉ်ပြိုင်၍ ရနိုင်သော နတ်ဆိုးဂိုဏ်းများလည်း တည်ရှိခဲ့ဖူးသည်။
သို့ပေမဲ့ နတ်ဆိုးကျင့်ကြံသူများ၏ ကျင့်ကြံခြင်းနည်းလမ်းသည် မိစ္ဆာကျင့်ကြံသူများထက်ပိုမို၍ ကောင်းမွန်ကာ ကြမ်းတမ်းလွန်းသည်မို့ သမာသမတ်ရှိသည်ဟု အမည်ခံထားသော ဂိုဏ်းများအားလုံးသည် စုပေါင်း၍ နတ်ဆိုး သုတ်သင်ခြင်း အစီအစဉ်ကို စတင်ကြတော့၏။ စစ်ပွဲသည် နှစ်ပေါင်းတစ်ရာနီးပါး ကြာမြှင့်ခဲ့ပြီး ထိုထဲတွင် သိုင်းအင်ပါယာများလည်း ပါဝင်ခဲ့၏။
နောက်ပိုင်းမျိုးဆက်သစ်များသည် ထိုစစ်ပွဲအား သမာဓိနှင့် မိစ္ဆာစစ်ပွဲဟုပင် ခေါ်ဆိုကြ၏။ များပြားလှသည့် အဖြူရောင်ကျင့်ကြံသူများနှင့် နတ်ဆိုးကျင့်ကြံသူများသည် သေဆုံးကုန်ကြ၏။ နောက်ဆုံးတွင် နတ်ဆိုးကျင့်ကြံသူများ တဖြည်းဖြည်း နည်းပါးလာခဲ့ပြီး ကုန်းမြေတိုက်ကြီးတစ်ခုလုံးတွင် နတ်ဆိုးဂိုဏ်းဟူ၍ မရှိတော့ချေ။
ဟုတ်ပေသည်။ ၎င်းတို့အနေဖြင့် အမြစ်မှ မပယ်ရှားနိုင်ဘူးဆိုလျှင် ပြန်လည် ကြီးထွားလာနိုင်၏။ များပြားလှသည့် နတ်ဆိုးကျင့်ကြံသူများသည် အသက်ရှင်ခဲ့သေး၏။ ၎င်းတို့သည် တောထဲတောင်ထဲတွင် ဇာတ်မြှုပ်နေထိုင်ပြီး သူတို့ မည်သူဖြစ်သည်ကို ဖုံးကွယ်ကာ တသီးတသန့်နေထိုင်ခြင်းကို ပြုမူနေကြသည်။
သို့ပေမဲ့ နတ်ဆိုးသတ်ဖြတ်ခြင်း အမိန့်သည် အကျုံးဝင်နေတုန်းပင်ဖြစ်၏။
များပြားလှသော အဖြူရောင်ဂိုဏ်းများသည် နတ်ဆိုးကျင့်ကြံသူ (သို့မဟုတ်) နတ်ဆိုးဂိုဏ်းများအား တွေ့ရှိ သည်ဆိုသည်နှင့် ချက်ချင်းထွက်ကာ အားလုံးစုပေါင်း၍ သုတ်သင်ကြတော့သည်။ ထို့ကြောင့် နတ်ဆိုးကျင့်ကြံသူ (သို့မဟုတ်) နတ်ဆိုးဂိုဏ်းပေါ်ထွက်လာသည်ဟု သိရှိသည်နှင့် အားလုံးသည် လာရောက်စုပေါင်းကာ တိုက်ခိုက် သတ်ဖြတ်ကြသည်။
အဘယ်ကြောင့် ဤသို့သော ကိစ္စကို ရှင်းပြနေရသနည်း။ အဘယ်ကြောင့်ဆိုသော် ရောင်မုန့်ယဉ်သည် သန္ဓေနတ်ဆိုး ခန္ဓာကိုယ်ကို အသက်ဝင်ခဲ့သောကြောင့်ဖြစ်၏။ ဤကဲ့သို့သော ခန္ဓာကိုယ်မျိုး ပိုင်ဆိုင်သူသည် နတ်ဆိုးကျင့်ကြံသူတစ်ယောက်ဖြစ်ရမည်ဖြစ်ပြီး လောကအားလုံး၏ ထိပ်ဆုံးတွင် ရပ်တည်ရမည့်လူလည်း ဖြစ်၏။
အကြီးအကဲဝေသည် မျက်မှောင်ကုတ်ကာ ပြောလိုက်၏။ “လွန်ခဲ့တဲ့နှစ်ပေါင်း တစ်သောင်းတုန်းက နတ်ဆိုးအင်ပါယာဂိုဏ်းရဲ့ ဂိုဏ်းချုပ်က သန္ဓေနတ်ဆိုးခန္ဓာကို ပိုင်ဆိုင်တဲ့ အင်ပါယာတစ်ယောက်ဖြစ်ခဲ့ဖူးတယ်၊ သူက သိုင်းအင်ပါယာကိုးယောက်နဲ့ တိုက်ခိုက်ခဲ့တယ်၊ ပြောရရင် ကြယ်ကြွေ ကုန်းမြေတိုက်ကြီးမှာ အားအကောင်းဆုံးလူလို့ ဆိုရမယ်”
“ဒါကို ကျုပ်လည်း ကြားခဲ့ဖူးတယ်”
ကျန့်ရာက ပြောလိုက်သည်။ “ကံဆိုးတာကာ နတ်ဆိုးအင်ပါယာရဲ့ ကျင့်ကြံခြင်းအဆင့်က ခန့်မှန်းလို့မရနိုင်အောင် အားကောင်းလွန်းတယ် ဆိုပေမဲ့ အဆုံးသတ်မှာတော့ သိုင်းအင်ပါယာ ဆယ်ယောက်ရဲ့ တိုက်ခိုက်အနိုင်ယူခြင်းကို ခံခဲ့ရတယ်”
“နတ်ဆိုးတောင်ပေါ်မှာ သိုင်းအင်ပါယာဆယ်ယောက်ရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရတဲ့ နတ်ဆိုးအင်ပါယာ ဘဝက ဆိုးဝါးလွန်းတယ်”
လီချင်းယန်နှင့် တခြားသူများ ထိုအကြောင်းအရာကို တစ်ခါမှ မကြားဖူးခဲ့ချေ။ တစ်စုံတစ်ယောက်သည် တစ်ယောက်တည်းနှင့် သိုင်းအင်ပါယာ ဆယ်ယောက်ကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်သည်ဆိုခြင်းမှာ အံ့အားသင့်စရာပင် ဖြစ်တော့၏။ အကုန်လုံးက ခေါင်းမော့၍ ကြည့်ရှုရမည့် အထူးတည်ရှိသူ တစ်ယောက်ပင် ကျိန်းသေပေါက် ဖြစ်ရမည်။
ပြောရမည်ဆိုလျှင် သိုင်းအင်ပါယာကိုးယောက်ထဲတွင် ရီချင်းရှန် ပါဝင်လေသလား၊ မပါဝင်ခဲ့ပေ။
သူအဘယ်ကြောင့် သိုင်းအင်ပါယာ တစ်ယောက်ဖြစ်ခဲ့သည်ဆိုသော် နတ်ဆိုးအင်ပါယာကြောင့် ဟုပင် ဆိုရမည်ဖြစ်၏။ တစ်ဖက်လူသည် နတ်ဆိုးတောင်ပေါ်ရှိ တိုက်ပွဲတွင် သေဆုံးခဲ့သည်ဆိုသော်လည်း သူနှင့် အတူ သိုင်းအင်ပါယာနှစ်ယောက်အား တပါတည်း ခေါ်ဆောင်သွားခဲ့၏။
ထို့ကြောင့် ရီချင်းရှန်သည် ကောင်းကင်နှင့်မြေကြီးအတွင်းမှာရှိသော လောကနိယာမများကို နားလည်ပြီး သိုင်းအင်ပါယာတစ်ယောက်ဖြစ်လာခဲ့ခြင်းပင်ဖြစ်သည်။
ရှေးအင်ပါယာများသည် အပြင်းအထန် တိုက်ခိုက်ခဲ့ကြပြီး ကြယ်ကြွေကုန်းမြေတိုက်ကြီးအား ဆယ့်သုံးပိုင်း ပိုင်းခြား၏။ ထို့ကြောင့် လောကကြီးတွင် ကန့်သတ်ထားသည့် တချို့သော နိယာမများ ဖြစ်ပေါ်လာသည်။ ကြယ်ကြွေ ကုန်းမြေတိုက်ကြီးတစ်ခုလုံးတွင် လူသားတို့၏ ကိုးကွယ်ခြင်းကို ခံရသော ပုလ္လင်ထက်သို့ တက်လှမ်းနိုင်သူမှာ လူဆယ်ယောက်သာလျှင် ရှိခဲ့၏။
သိုင်းအင်ပါယာတစ်ယောက် ကျရှုံးသေဆုံးသွားသည်ဆိုမှသာ ထိုနေရာနှင့် သင့်တော်မည့် သိုင်းကျင့်ကြံသူတစ်ယောက်ကို လောကနိယာမများက ရှာဖွေကာ သိုင်းအင်ပါယာအဖြစ် ခန့်ထားခြင်းဖြစ်သည်။
ထို့ကြောင့် ရီရှင်းချန်သည် အဖြူရောင်နှင့် နတ်ဆိုးဂိုဏ်းများကြား စစ်ပွဲပြီးသည့်နောက်မှာတော့ အသစ်ဖြစ်ပေါ် လာသော အင်ပါယာပင်ဖြစ်၏။ ထိုသို့ ဆိုလျှင် သိုင်းအင်ပါယာဖြစ်မလာသေးသော သူများက မည်သို့ စောင့်စားရ မည်နည်း။
ဟုတ်ပေသည်။ ထိုသူတို့အားလုံးသည် သိုင်းအင်ပါယာတစ်ယောက်ဖြစ်လာရန် အခွင့်အရေးကို စောင့်မျှော်ကြည့်ရှုနေရ၏။
သူတို့အနေနှင့် သိုင်းအင်ပါယာများကိုလည်း စိန်ခေါ်နိုင်၏။ အနိုင်တိုက်ခိုက်နိုင်မည် ဆိုပါက ထိုသူ၏နေရာကို အစားထိုးဝင်ရောက်နိုင်၏။ သို့ပေမဲ့ သိုင်းနယ်မြေတစ်ယောက်အနေနှင့် သိုင်းအင်ပါယာ တစ်ယောက်ကို အနိုင်ရရှိဖို့ဆိုသည်မှာ မဖြစ်နိုင်ချေ။ ထို့ကြောင့် ရှေးယခင်ကတည်းက ယခုထိ သိုင်းအင်ပါယာဆယ်ယောက်အား တုန်လှုပ်အောင် မည်သူမျှ မပြုလုပ်နိုင်ခြင်းပင်ဖြစ်၏။ ထိုသူများ သေဆုံးပျောက်ကွယ်သွားမည်ကိုသာ တိတ်တဆိတ်နှင့် စောင့်မျှော်နေရသည်။
လောကကြီးသည် သိုင်းအင်ပါယာများ၏ တိုက်ပွဲကြောင့် အစိတ်စိတ် အပိုင်းပိုင်း ဖြစ်သွားခဲ့သည်ဖြစ်သောကြောင့် လောကနိယာမများသည် သိုင်းအင်ပါယာတစ်ယောက်ဖြစ်လာဖို့ အကန့်အသတ်များကို ဖန်တီးခဲ့၏။ သို့ပေမဲ့ ခြွင်းချက်တစ်ခုတော့ရှိသည်။ သာမန်လမ်းစဉ်ကို မလျှောက်လှမ်းသော နတ်ဆိုးကျင့်ကြံသူများပင်ဖြစ်တော့၏။
လွန်ခဲ့သည့်နှစ်ပေါင်းတစ်သောင်းလောက်က နတ်ဆိုးကျင့်ကြံသူများ ကြားထဲတွင် ပြိုင်ဘက်ကင်းလှသော ပါရမီနှင့် မွေးဖွားလာခဲ့သော လူတစ်ယောက် ရှိခဲ့ဖူး၏။ ထိုသူသည် သန္ဓေနတ်ဆိုးခန္ဓာကို ပိုင်ဆိုင်ပြီး နှစ်တစ်ရာကျော် ကျင့်ကြံပြီးသည့်နောက်မှာတော့ ကောင်းကင်နှင့်မြေကြီးကြား လောကနိယာမများကို ချိုးဖြတ် ကာ နတ်ဆိုးအင်ပါယာတစ်ယောက်ဖြစ်လာခဲ့သည်။ သူသည်တစ်ယောက်တည်း နှင့် ကျော်ကြားလှသော နတ်ဆိုး အင်ပါယာဂိုဏ်းအား တည်ထောင်နိုင်ခဲ့သည်။
သူသည် သိုင်းအင်ပါယာများနှင့် တန်းတူသော အရှိန်အဝါနှင့် ကြီးကျယ်ခမ်းနားမှုကို ပိုင်ဆိုင်သူဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်နှင့်မြေကြီးကြားတွင်ရှိသော နိယာမများကို လျစ်လျှူရှု၍ အလွန်တရာ မြင့်မားသောအဆင့်ကို ချိုးဖြတ်နိုင်ခဲ့သောကြောင့်ပင်ဖြစ်၏။
သူမည်သို့ လုပ်ခဲ့သနည်း။ မည်သို့ လုပ်ခဲ့သည်တော့ မသိပေ။ သို့ပေမဲ့ ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင်ရှိသော သိုင်းကျင့်ကြံသူများအားလုံးသည် စုပေါင်း၍ နတ်ဆိုး သတ်ဖြတ်ခြင်းအမိန့်ကို ထုတ်ပြန်ကာ ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြသည်။
တကယ်တမ်း နတ်ဆိုးသတ်ဖြတ်ခြင်းဆိုသည် အမည်ကို ပေးခဲ့ကြသည်ဆိုသော်လည်း အစစ်အမှန်မှာတော့ သူတို့ ထက်ပိုမိုအားကောင်းသည့် လူတစ်ယောက် ထွက်ပေါ်လာမည်ကို စိုးရိမ်မိကြခြင်းဖြစ်သည်။ ထိုသို့သောလူမျိုး ထွက်ပေါ်လာခြင်းသည် သိုင်းကျင့်ကြံခြင်းသူများအတွက် ဘေးအန္တရာယ်ကို ယူဆောင်လာပေလိမ့်မည်။
မည်သူက မှန်ပြီး မည်သူက မှားသည်ဆိုသည်ကို လွန်ခဲ့သောနှစ်ပေါင်းတစ်သောင်းကျော်လောက်က အရေးမကြီးခဲ့ချေ။ အရေးကြီးသည့်အရာမှာ နတ်ဆိုးအင်ပါယာ မသေခင်မှာ ကောင်းကင်ပေါ်သို့ မော့ကြည့်၍ ရယ်မော ပြောဆိုခဲ့ခြင်း ဖြစ်၏။ “ကောင်းကင်နှင့်မြေကြီး တစ်ခုလုံးက မဖျက်ဆီးခံရသေးသ၍ နတ်ဆိုးလမ်းစဉ်ဆိုတာ ထာဝရရှိနေရဦးမှာပဲ၊ ငါက လောကကြီးထဲမှာ သန္ဓေနတ်ဆိုးခန္ဓာကိုယ်မျိုးစေ့ကို စိုက်ထူခဲ့တယ်၊ ဒါကြောင့် အနာဂတ်မှာ ဒီဟာက အသက်ဝင်နိုးထလာပြီဆိုတာနဲ့ နတ်ဆိုးလမ်းစဉ်က အောင်မြင်မှုကို ကျိန်းသေပေါက် ပြန်လည်ရယူနိုင်လိမ့်မယ်”
သူ၏အသံသည် ဆန်းကြယ်လှသော အင်ပါယာအားအင်များနှင့် နတ်ဆိုးချီတို့ ပေါင်းစပ်ကာ လောကကြီးတစ်ခု လုံးသို့ ပဲ့တင်ထပ်ခဲ့သည်။ ထိုသို့သောစကားသည် ကုန်းမြေတိုက်ကြီးတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့ပြီး သက်ရှိသက်မဲ့ အားလုံး၏ စိတ်နှလုံးထဲတွင် ပဲ့တင်ထပ်လျက်ရှိ၏။
သမိုင်းမှတ်တမ်းများအရဆိုလျှင် နတ်ဆိုးအင်ပါယာသည် သူမသေခင်မှာ နတ်ဘုရားစွမ်းအင်ကို အသုံးပြုခဲ့ခြင်းပင် ဖြစ်၏။ သူသည် လူသားတို့၏နှလုံးသားထဲတွင် နတ်ဆိုး ခန္ဓာကိုယ် မည်မျှကြောက်ဖို့ကောင်းသည်ကို သိရှိစေပြီး တစ်စုံတစ်ယောက်၏ ခန္ဓာကိုယ်ထဲ နတ်ဆိုးမျိုးစေ့ကို တိတ်တဆိတ် စိုက်ထူခဲ့၏။
တစ်နေ့တွင် ခန္ဓာကိုယ်အသက်ဝင်ခဲ့သည်ဆိုသည်နှင့် အသီးအပွင့်များကို စတင်ခံစားရပေတော့မည်။ လောကရှိ ကောင်းကင်နှင့်မြေကြီး မဖျက်ဆီးခံရသ၍ နတ်ဆိုးလမ်းစဉ်သည် ထာဝရတည်ရှိနေပေတော့မည်။ ထိုစကားသည် အသက်ရှင်ကျန်ရစ်ခဲ့သော နတ်ဆိုးကျင့်ကြံသူများအတွက် မျှော်လင့်ချက် ရောင်ခြည်ပင် ဖြစ်တော့သည်။ သူတို့သည် သန္ဓေနတ်ဆိုးခန္ဓာကိုယ် အသက်ဝင်လာမည့်နေ့ကို နာနာကျင်ကျင်ဖြင့် စောင့်မျှော်နေကြရသည်။
သူတို့၏ နတ်ဆိုးလမ်းစဉ် ပြန်လည်ကောင်းမွန်စေဖို့ မျှော်လင့်ချက်သည် ထိုအပေါ်တွင် ပုံအပ်ထားမိ၏။
နတ်ဆိုး အင်ပါယာသေဆုံးပြီး နှစ်ပေါင်းတစ်ထောင်ကျော် ကြာမြင့်ပြီးသည့်နောက်မှာတော့ တောင်တွေကြားမှ လမ်းလျှောက်ထွက်ခဲ့သော လူငယ်လေးတစ်ယောက်သည် အမှတ်မထင် သန္ဓေနတ်ဆိုးခန္ဓာကိုယ် နိုးထခဲ့၏။ ထိုအချိန်မှစ၍ ထိုလူသည် နတ်ဆိုးကျင့်ကြံခြင်းလမ်းစဉ်ကို စတင်လျှောက်လှမ်း၏။ ဤအရာသည် ဝတ္ထုတစ်ခု၏ ဇာတ်ကောင်ဘဝမျိုးပင်ဖြစ်သည်။
ကံဆိုးစွာဖြင့် သူ၏နတ်ဆိုးကျင့်ကြံသူဆိုသည့် ဂုဏ်ပုဒ်သည် ပေါ်ပေါက်သွားခဲ့ပြီးနောက်မှာတော့ အဖြူရောင်ဂိုဏ်း များ၏ အမဲလိုက် သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး နောက်ဆုံးတွင် သဘာဝမဟုတ်သော နည်းလမ်းများဖြင့် သတ်ဖြတ်ခံခဲ့ရ၏။
နောက်ပိုင်းနှစ်များတွင်တော့ သန္ဓေ နတ်ဆိုးခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော လူခုနှစ်ယောက်တို့သည် တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာကြတော့သည်။ တချို့သည် အရွယ်မရောက်ခင်မှာပင် သေဆုံးခဲ့ကြပြီး တချို့မှာတော့ အရွယ်ရောက်ပြီးနောက် သတ်ဖြတ်ခံကြရသည်။
အားလုံးသည် အဖြူရောင်ကျင့်ကြံသူဟု ခေါ်သောသူများ၏ အကွက်ချသတ်ဖြတ်ခြင်းကို ခံခဲ့ရသူများ ဖြစ်တော့၏။ သန္ဓေနတ်ဆိုး ခန္ဓာကိုယ်ကို ပိုင်ဆိုင်သူများအတွက် သမိုင်းမှတ်တမ်းစာအုပ်များ၊ အသေးစိတ်မှတ်တမ်းရေးထိုး ထားခြင်းများလည်း ရှိ၏။ အကြီးအကဲဝေနှင့် ကျန့်ရာတို့သည် ဤအရာကို ကြားဖူးကြ၏။
ရောင်မုန့်ယဉ်၏ ခန္ဓာကိုယ်တွင် နတ်ဆိုးချီများလွှမ်းခြုံချိန်မှာတော့ သန္ဓေ နတ်ဆိုးခန္ဓာကိုယ်နိုးထခဲ့သည့် လက္ခဏာ သင်္ကေတများ ဖြစ်ကြောင်း သူတို့ သုံးသပ်လိုက်မိသည်။
"ဒါကပြဿနာပဲ"
အကြီးအကဲဝေသည် မျက်မှောင်ကုတ်ကာပြောလိုက်၏။ "ဒီမိန်းကလေးက သန္ဓေနတ်ဆိုး ခန္ဓာကိုယ်ကို ပိုင်ဆိုင်တယ်၊ ကြယ်ကြွေကုန်းမြေတိုက်ကြီး တစ်ခုလုံးရဲ့ အဓိက ရန်သူတော့ ဖြစ်တော့မှာပဲ"
ကျန့်ရာသည် မေးစေ့ကို ပွတ်ကာ တီးတိုးရေရွတ်လိုက်၏။ "ပထမဖြစ်တည်ခဲ့တဲ့ သန္ဓေနတ်ဆိုး ခန္ဓာကိုယ်ပိုင်ရှင်တွေအားလုံးက ယောကျ်ားတွေကြီးပဲ၊ အခု ကိုးယောက် မြောက်ကျမှ မိန်းကလေး ဖြစ်နေတာ၊ ပြီးတော့ အသက် ခုနှစ်နှစ်၊ ရှစ်နှစ်လောက်ပဲရှိတဲ့ မိန်းကလေးတစ်ယောက်"
ဂျူနီယာ ညီမလေး သန္ဓေနတ်ဆိုး ခန္ဓာကိုယ်ကို အသက်ဝင်နိုးထခဲ့ခြင်းသည် ကောင်းသည့် အရာမဟုတ်ကြောင်း လီချင်းယန် ကောင်းကောင်း နားလည်မိခဲ့၏။ ထို့ကြောင့် သူ အလောတကြီး ပြောလိုက်၏။
"အကြီးအကဲဝေ၊ ကျွန်တော်တို့ဂိုဏ်းချုပ်ကို အမြန်ဆုံး သတိပေးမှ ဖြစ်လိမ့်မယ်"
"သူ့ကို အသံပို့နည်းစနစ်ကနေ စပြီးဆက်သွယ်ကြည့်ရအောင်" အကြီးအကဲဝေ ပြောလိုက်၏။
ကျန့်ရာသည် အလောတကြီးဖြင့် အသံပို့ နည်းစနစ်ကို ထုတ်ဖော်လိုက်၏။ သို့ပေမဲ့ ကံဆိုးစွာဖြင့် ဂိုဏ်းချုပ်ကျွင်း သည် ဂိုဏ်းနှင့် တော်တော်ဝေးဝေးဆီ ရောက်ရှိသွားပြီဖြစ်သောကြောင့် ဆက်သွယ်၍ မရနိုင်ချေ။
အကြီးအကဲဝေက ပြောလိုက်၏။ "မိန်းကလေးရဲ့ သန္ဓေနတ်ဆိုး ခန္ဓာကိုယ်က သိသိသာသာကြီး ဖြစ်တည်လာတာ မဟုတ်ဘူး၊ အပြင်ဘက်ကမ္ဘာက လူတွေ သိဦးမှာ မဟုတ်ဘူး၊ ဒီသတင်းကို ဘယ်ကိုမှ မပျံနှံ့စေနဲ့၊ ဂိုဏ်းချုပ်ပြန်လာတဲ့အထိ စောင့်ပြီးမှ ဆွေးနွေး ကြတာပေါ့"
"ကောင်းပါပြီ" ကျန့်ရာသဘောတူလိုက်၏။
….....
ကျွင်းချောင်ရှောင်းဘက်ဆီသို့ ပြန်သွားရမည်ဆိုလျှင် သူသည် ဟာရီကိန်းဝံပုလွေဘုရင်ကြီးကို စီးနင်း၍ တစ်ရက်တိတိ ခရီးနှင်ခဲ့၏။ နောက်ဆုံးမှာတော့ မြောင်ဟွာခန်းမ တည်ရှိရာ အဆင့်ငါးနိုင်ငံတစ်ခုဆီသို့ ရောက်ရှိခဲ့သည်။
အဆင့်ငါးနိုင်ငံသည် အလွန်တရာ အားကောင်းလှပြီး ချင်းယန်နိုင်ငံနှင့် နှိုင်းယှဉ်လျှင် အရွယ်အစား ကြီးမားသလို လူဦးရေမှာလည်း သိပ်သည်းစွာ ထူထပ်လျက်ရှိ၏။ ကျွမ်းကျင်သူများလည်း ပေါများလွန်းလှ၏။ ဂိုဏ်းချုပ်ကျွင်းသည် မြို့ထဲသို့ ဝင်ပြီးသည့်နောက်မှာတော့ ဇဝေဇဝါ ဖြစ်မိနေ၏။
အဘယ်ကြောင့်ဆိုသော် မြို့၏ အဓိကလမ်းမပေါ်တွင်တော့ အလွန်တရာ သပ်ရပ်ခမ်းနားပြီး လှပလွန်းသော ဆောင်ကြာမြိုင်များသည် ခြေလှမ်းလှမ်းတိုင်း တစ်ခုဆိုသလို တွေ့ရှိနေရ၏။ အလွန်တရာလှပသော မိန်းကလေးများအားလုံးသည် ထိုဆောင်ကြာမြိုင်များ၏ ဝင်ပေါက်ဝပေါ်တွင် မတ်မတ်ရပ်လျက် ကလူကျီစယ်သည့် အကြည့်ဖြင့်ကြည့်ကာ လှမ်းခေါ်လျက်ရှိနေကြသည်။
"ဒီနေရာက ယောကျ်ားတွေအတွက် နိဗ္ဗာန်ဘုံပဲ" ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းလိုက်၏။ သူသည် လှပသည့်မိန်းကလေးများ၏ ခေါ်သံကို လျစ်လျှူရှုကာ စားသောက်ဆိုင်တစ်ခုတွင် နေထိုင်ရန် ရွေးချယ်လိုက်၏။
"မင်းကြားပြီးပြီလား၊ နတ်ဆိုးဂိုဏ်းရဲ့ အကြွင်းအကျန်တွေက တိတ်တဆိတ်နဲ့ နတ်ဆိုးတောင်ထဲ ပြန်ဝင်သွားကြတယ်လို့ ပြောတယ်၊ ပြီးတော့ သူတို့ဂိုဏ်းက များပြားလှတဲ့ ကျင့်ကြံသူတွေ တွေ့ဆုံကြတယ်တဲ့"
"ဒါသတင်းကြီးတစ်ခုပဲ၊ ငါကြားတာပေါ့”
“နတ်ဆိုးနတ်ဘုရားဂိုဏ်းရဲ့ အကြီးအကဲသုံးဆယ့်ခြောက်ယောက်တို့က သိုင်းအုပ်စိုးသူအဆင့်ကို ဝင်ရောက် သွားခဲ့တယ်တဲ့၊ ဒါပေမဲ့ သူတို့က ပထမအဆင့်ဂိုဏ်းရဲ့ ကျွမ်းကျင်သူတွေနဲ့ ယှဉ်ပြိုင်တိုက်ခိုက်ရဲနေကြတာ တကယ့်ကို ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေကြတာပဲ"
ကျွင်းချောင်ရှောင်းသည် ပြတင်းပေါက်ဘေးတစ်ဖက်တွင် ထိုင်ရင်း ၎င်းတို့ ပြောဆိုဆွေးနွေးနေသည်ကို ဘာမှလုပ်စရာမရှိသောကြောင့် ထိုင်၍ နားထောင်နေမိ၏။ သူတွေးလိုက်မိ၏။ "သိုင်းအုပ်စိုးသူတစ်ယောက်က ဒီကလူတွေရဲ့ မျက်လုံးထဲမှာ စဦးအဆင့်လို့ သတ်မှတ်ထားတာပဲ၊ အဆင့်ငါးနိုင်ငံရဲ့ ကျင့်ကြံသူတွေက တကယ့်ကို အံ့အားသင့်စရာကောင်းတယ်"
သူသည် သာမန်ကာလျံကာ နားထောင်နေခြင်း ဖြစ်၏။
တစ်ညတာ အနားယူပြီးနောက် သူ၏ ခရီးစဉ်ကို ဆက်လက်သွားလိုက်သည်။ နောက်ဆုံးမှာတော့ သူသည် မြောင်ဟွာခန်းမတည်ရှိရာ တောင်၏ တောင်ခြေသို့ ရောက်ရှိလာခဲ့တော့သည်။