← Chapters

အခန်း (၄၇၁)

Vol. 32 Ch. 471

အခန်း (၄၇၁)

Vol. 32 Ch. 471

မြောင်ဟွာခန်းမသည် မြောင်ဟွာတောင်၏ မြောင်လင်းတောင်ထိပ်တွင် တည်ရှိသည်။ အဝေးမှ လှမ်းကြည့်လျှင် ထိုတောင်ထိပ်သည် မိန်းကလေးတစ်ယောက် ကြည့်ကောင်းလှစွာဖြင့် မတ်မတ်ရပ်နေသည့် ပုံဟန်ဖြင့် ဆင်တူသည်။ ထို့ကြောင့်ပင် မြောင်လင်းတောင်ထိပ်ဟု အမည်ပေးခဲ့ခြင်းပင်ဖြစ်သည်။

တိုက်ဆိုင်စွာဖြင့် မြောင်ဟွာခန်းမ၏ ပထမခန်းမသခင်သည် ဒီနေရာသို့ရောက်ရှိလာခဲ့ပြီး တောင်၏ ပုံပန်း သွင်ပြင်ကို နှစ်သက် သဘောကျခဲ့၏။ ထို့ကြောင့် သူမသည် ဂိုဏ်းတစ်ခုတည်ထောင်ပြီး အမျိုးသမီးတပည့်များ ကိုသာလျှင် လက်ခံခဲ့၏။

ရေတွက်လို့မရနိုင်သော အမျိုးသားများ၏ နှလုံးသားထဲမှာတော့ မြောင်ဟွာခန်းမဆိုသည်မှာ အလွန်လှပသည့် ပန်းကလေးများတည်ရှိသည့် နတ်ဘုံနတ်နန်းတစ်ခုလိုပင်ဖြစ်သည်။

ကံဆိုးစွာဖြင့် ဂိုဏ်းသည် အမျိုးသားများ ဝင်ရောက်ရန်အတွက် လက်မခံချေ။ ထို့ကြောင့် မြောင်ဟွာခန်းမထဲသို့ ဝင်ရောက်လည်ပတ်ခွင့်ရခြင်းသည် အမျိုးသားများ၏ အိမ်မက်တစ်ခုပင်ဖြစ်တော့၏။

တချို့ဆိုလျှင် ဂိုဏ်း၏တောင်ထိပ်ဆီသို့ မတတ်ရောက်နိုင်ဘူးဆိုလျှင်တောင်မှ မြောင်ဟွာတော်ခြေ ဆီသို့ လာပြီး လှပလွန်းသော အမျိုးသမီးတပည့်များကို လာရောက်ကြည့်ရှုလေ့ ရှိကြ၏။ ထို့ကြောင့် မြောင်ဟွာတောင်၏ တောင်ခြေတွင် များပြားလှပြီး ချောမောလှပလှသော သခင်လေးများနှင့် ကျော်ကြားလှသော သူရဲကောင်း လူငယ်လေးများအားလုံးသည် အစဉ်အမြဲလို စုဝေးရောက်ရှိနေတတ်ကြသည်။

ကျွင်းချောင်ရှောင်းသည် ထိုနေရာဆီသို့ ရောက်ရှိလာချိန်မှာတော့ လူသုံးဆယ်မှ ငါးဆယ်နီးပါးသည် စုဝေးရောက်ရှိနေသည်ကို တွေ့လိုက်ရ၏။ သူမနေနိုင်ဘဲ တွေးမိသွား၏။ “ဒီနေရာမှာ စည်ကားနေပါလား”

ကျောင်းတော်သားဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်လေးတစ်ယောက်သည် လမ်းလျှောက်လာပြီး သူ၏ခေါက်ယပ်တောင်ကို ကြည့်ကောင်းလှစွာဖြင့် ဖြန့်ကာ တဖျတ်ဖျတ် ခတ်လိုက်၏။ ပြီးနောက် ပြုံးကာ ပြောလိုက်သည်။ “ရောင်းရင်း၊ မြောင်ဟွာခန်းမက တပည့်တွေရဲ့ လှပမှုကို လာပြီး ကြည့်တာပဲလား”

“ဟမ်… အဲလိုပြောလို့ရပါတယ်”

ကျွင်းချောင်ရှောင်းသည် မြောင်ဟွာခန်းမ၏ တပည့်များသည် မည်မျှခြားနားသည့် အားအင်အဆင့်ရှိမည်ကို သဘာဝအတိုင်း သိချင်နေမိ၏။

ကျောင်းတော်သားသည် အခွင့်အရေးကို အရယူကာ ပြောလိုက်၏။ “မင်းရဲ့ ဝတ်စုံကို ကြည့်ရတာ မိသားစုကြီးတစ်ခုက ဟုတ်ပုံမပေါ်ဘူး”

ကျွင်းချောင်ရှောင်းသည် ပြန်လည်ဖြေဆိုလိုက်ချင်၏။ “ငါ့ဘာသာငါ မိသားစုကြီးကပဲဖြစ်ဖြစ်၊ မိသားစုကြီး မဟုတ်ကပဲဖြစ်ဖြစ် မင်းနဲ့ဘာဆိုင်လို့လဲ”

သို့ပေမဲ့ ထိုအရာကို သူ့စိတ်ထဲမှ ပြောဆိုလိုက်ခြင်းဖြစ်ပြီး အပြင်ဘက်တွင် ပြောလိုက်ရသည်မှာတော့ “ကျုပ်က သာမန်မိသားစုကပါ” ဟူ၍ပင်ဖြစ်တော့၏။

ကျောင်းတော်သားသည် သူ၏ယပ်တောင်အား အသာခေါက်၍ သူ၏ ရှေ့တွင်ရှိသော သခင်လေးများအား လက်ညှိုးထိုးကာ ပြောလိုက်၏။ “ဒီမှာရှိတဲ့လူတွေအားလုံးက ကျော်ကြားလှတဲ့ မိသားစုက သခင်လေးတွေကြီးပဲ၊ ရောင်းရင်း …. မင်းက သာမန် မိသားစုကလေ၊ ဒါကြောင့် မြောင်ဟွာခန်းမရဲ့ လှပလွန်းတဲ့ မိန်းကလေးတွေက မင်းကို နှစ်ခါပြန်တောင် ကြည့်မှာ မဟုတ်တာ သေချာတယ်”

“ဪ”

ကျွင်းချောင်ရှောင်း ပြုံးကာပြောလိုက်၏။ “မင်းပြောပုံအရဆိုရင် သူတို့တွေ ဒီကိုလာခဲ့တာ မြောင်ဟွာခန်းမရဲ့ အလှအပလေးတွေ ပြုံးတာကို လာကြည့်တာပေါ့”

“မင်းကကော မဟုတ်လို့လား” ကျောင်းတော်သားကမေးလိုက်၏။

“မဟုတ်ဘူး”

ကျွင်းချောင်ရှောင်းသည် ရိုးသားစွာ ပြောလိုက်၏။ “ငါက မြောင်ဟွာခန်းမဆီကို လာလည်တာ”

သူ၏ အသံမှာ အနည်းငယ်ကျယ်၏။ ထို့ကြောင့် အနီးအနားတွင် ရှိနေသော သခင်လေးများအားလုံးသည် ကြားသွားပြီး သူ့ကို အံ့အားတသင့်ဖြင့် လှည့်ကြည့်လိုက်ကြ၏။ သူတို့နားကြားပင် မှားလေသလား။ ဤလူသည် မြောင်ဟွာခန်းမဆီသို့ လာရောက်၍ လည်ပတ်ချေသည်။

ကျောင်းတော်သားသည် နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်၏။ ပြီးနောက် ပြုံးကာ ပြောလိုက်၏။ “မြောင်ဟွာခန်းမက ယောက်ျားလေးတွေကို ဘယ်တော့မှ မကြိုဆိုဘူး၊ မင်းက လာလည်တယ်ဆိုတော့ ဟာသ လာလုပ်နေတာမဟုတ်လား၊ မင်းရဲ့ခေါင်းထဲမှာ တစ်ခုခုမှားနေပြီနဲ့တူတယ်”

“မြောင်ဟွာခန်းမဆိုတာ လူတိုင်း လာပြီးလည်ပတ်လို့ရတဲ့ နေရာတစ်ခုမဟုတ်ဘူးလေ၊ အဲတာဆိုရင် ငါတို့က ဘာလို့ တောင်ခြေမှာ မတ်တပ်ရပ် နေရမှာလဲ”

“ကြည့်ရတာ သူက တောင်ပေါ်က ဆင်းလာတဲ့ တောသားတစ်ယောက်နဲ့တူတယ်၊ မြောင်ဟွာခန်းမ သခင်ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို မကြားဖူးတဲ့ပုံပဲ”

အားလုံးသည် တီးတိုးဆွေးနွေးလိုက်ကြ၏။ သူတို့စကားလုံးများအားလုံးတွင် အထင်သေးမှုများ ပြည့်နှက်လျက် ရှိသည်။

ကျွင်းချောင်ရှောင်းသည် အနည်းငယ်ဆွံ့အသွားမိ၏။ သူ့အနေနှင့် မြောင်ဟွာခန်းမဆီသို့ လာရောက် လည်ပတ်ရန် အရည်အချင်း မရှိဟု တွက်ချက်နေလေသလား။

သို့ပေမဲ့ ဤချမ်းသာသောမိသားစုများမှ သခင်လေးများနှင့် အပြိုင်ငြင်းခုန်နေဖို့ သူသည် ပျင်းရိလွန်းနေ၏။ ထိုသို့သော ပေါ့ပေါ့နေ၊ ပေါ့ပေါ့စား လူငယ်လေးများနှင့် တန်းတူ သူ၏အဆင့်အား မနိမ့်ချချင်ပေ။ ထို့ကြောင့် အသာဆက်ကာ လျှောက်သွား၏။

“သူတို့ဆင်းလာပြီ၊ သူတို့ဆင်းလာပြီ” ရုတ်တရက် တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။

ကျွင်းချောင်ရှောင်းသည် အသာမော့ကြည့်လိုက်သည့် နောက်မှာတော့ မြောင်ဟွာခန်းမဆီမှ တပည့်များအားလုံးသည် လှေကားထစ်များအတိုင်း ဆင်းသက်လာသည်ကို မြင်လိုက်ရ၏။ အားလုံးသည် သွယ်လျသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်၍ အလွန်တရာ ကြည့်ကောင်းလှ၏။ ယောက်ျား လေးများ၏ အာရုံကို ဆွဲဆောင်နိုင်သည့် ပုံစံပင်ဖြစ်တော့သည်။

တပည့်များ၏ အရှေ့မှာ လမ်းလျှောက်လာသည်မှာ မိန်းကလေး ရှစ်ကျန်းရွှမ်နှင့်အတူ လိုက်ပါလာတတ်သည့် လီအာ ဆိုသည့် အမျိုးသမီးပင်ဖြစ်တော့၏။

“စီနီယာအစ်မ”

အမျိုးသမီးတပည့်သည် အသံတိုးတိုးဖြင့် ခေါ်လိုက်၏။ “တောင်ခြေမှာ နှာဘူးတစ်ဖွဲ့ ရောက်နေပြန်ပြီ၊ နှင်ထုတ်လိုက်ရမလား”

လီအာသည် ထူးမခြားနားသလို ပြောလိုက်၏။ “ဒီကောင်တွေက အလကား ယင်ကောင်တွေပါ၊ သူတို့ကို လျစ်လျှူရှုထားလိုက်”

......

မြောင်ဟွာခန်းမ၏ တပည့်များသည် တောင်ပေါ်မှ ဆင်းသက်လာပြီးသည့်နောက်မှာတော့ သခင်လေးများ၏ အာရုံ ကို ဆွဲယူသွားကြသည်။

သခင်လေးများအားလုံးသည် အပေါ်သို့ မော့ကာ ကြည့်လိုက်၏။ တောင်ပေါ်မှ လှပသော ပန်းကလေးများသည် ဆင်းသက်လာ၏။ သို့ပေမဲ့ ပန်းကလေးများသည် ကြင်နာတတ်သည့် နှလုံးသားများ မရှိကြချေ။ တစ်ချက်ကလေးတောင် သူတို့ကိုမကြည့်ဘဲ ဖုတ်လေသည့်ငပိ ရှိသည်လို့တောင်မထင်မှတ်ကြချေ။

ဤအရာကို အစောကြီးကတည်းက အသားကျပြီးဖြစ်သော သခင်လေးများသည် စိတ်ထဲတွင် မည်သို့မှ မခံစားရချေ။ အသာပြုံး၍ မြောင်ဟွာခန်းမမှ တပည့်များ၏ လှပမှုကို ချီးကျူးလျက်ရှိသည်။

“သခင်လေးစု... ရှေ့ဆုံးက လမ်းလျှောက်လာတဲ့တစ်ယောက်က အရမ်းကို လှပတယ်လို့ထင်တယ်”

“နောက်ဆုံးရဲ့ ဒုတိယမြောက်တစ်ယောက်က ပိန်သွယ်သွယ်နဲ့ အရမ်းကို ချစ်စရာကောင်းတယ်၊ သူမကမှ ငါကြိုက်တဲ့ ပုံစံမျိုးပဲ”

“ဒုတိယတစ်ယောက်က ပိုပြီးလှတယ်လို့ ငါထင်တယ်”

အားလုံးသည် တီးတိုးဆွေးနွေးနေကြ၏။ ကျွင်းချောင်ရှောင်းသည် ခေါင်းကို အသာယမ်းခါကာ တွေးလိုက်မိ၏။ “ဒီကောင်တွေ မိန်းမ မမြင်ဖူးဘူးလား မသိဘူး”

ဂိုဏ်းချုပ်ကျွင်းသည်လည်း မသိပေ။ မြောင်ဟွာခန်းမမှ တပည့်များသည် တောင်ပေါ်တွင် ကျင့်ကြံကြ၏။ ထိုတောင်သည် စိတ်ဝိညာဉ်စွမ်းအင်များ အလွန်တရာ များပြားလွန်းလှ၏။ ထို့ကြောင့် တခြားသော အမျိုးသမီးများ လိုက်မယှဉ်နိုင်သော လှပသည့် အသွင်အပြင် ထွက်ပေါ်နေခြင်းပင် ဖြစ်တော့သည်။

သခင်လေးများသည် အလှအပကို ခံစားနေချိန်မှာတော့ မမှီနိုင်တဲ့ပန်းကို လှမ်းကြည့်နေသည့် လူများကဲ့သို့ တစိမ့်စိမ့်နှင့် ကြည့်လျက်ရှိနေကြ၏။

မကြာခင်မှာပဲ လီအာသည် တပည့်များကို ဦးဆောင်၍ တောင်ပေါ်မှ ဆင်းသက်လာသည်။ သူသည် လမ်းဘေးတစ်ဖက်တစ်ချက်တွင်ရှိနေသော သခင်လေးများကို လျစ်လျှူရှု၍ အသာ လျှောက်သွားတော့သည်။

“မိန်းကလေး လီအာ”

ကျွင်းချောင်ရှောင်း ပြောလိုက်၏။ “ကျုပ်တို့ ထပ်တွေ့ပြန်ပြီ”

ဘေးတစ်ဖက်တွင်ရှိသော လူငယ်လေးများသည် ကြောင်သွားမိ၏။ ပြီးနောက် သူတို့၏မျက်နှာပေါ်တွင် သတ်ဖြတ်လိုခြင်း ဒေါသတရားများနှင့် ပြည့်နှက်သွား၏။ ဤအကောင်သည် အမှန်တကယ်ပဲ တစ်ဖက်လူအား စတင်၍ နှုတ်ဆက်လျက်ရှိသည်။ တစ်ဖက်လူသာ ဒေါသထွက်သွားမည်ဆိုပါက သူတို့အားလုံး မောင်းထုတ်ခံရ နိုင်သည်။ ပြောရမည်ဆိုလျှင် အကြိမ်တစ်သောင်းလောက် သေဆုံးခြင်းနှင့်ပင် ထိုက်တန်သော တောသားပင် ဖြစ်တော့၏။

အတိတ်တုန်းက ထိုကဲ့သို ကြိုးစားခဲ့သည် လူများအားလုံး တောင်ခြေသို့ လာရောက်ခွင့် ပိတ်ပင်ခံခဲ့ရ၏။ ဂိုဏ်းချုပ်ကျွင်း၏ စကားသည် ရှိရှိသမျှ လူအားလုံးကို ဒေါသထွက်သွားစေခဲ့သည်။

ဂိုဏ်းချုပ်ကျွင်းမှာတော့ အံ့အား တသင့်ဖြင့် တွေးမိနေ၏။ “ဘာတွေဖြစ်ကုန်တာလဲ”

လီအာသည် တစ်စုံတစ်ယောက်က သူမ၏ နာမည်ပြောင်အား ခေါ်ဆိုသည့်အသံကို ကြားရချိန်မှာတော့ မျက်မှောင်ကုတ်လိုက်၏။ သို့ပေမဲ့ စကားလုံးများကို ကြားချိန်မှာတော့ ကြောင်အသွား၏။ ပြီးနောက် လှည့်ကြည့်ကာ ပြောလိုက်သည် “ရှင်ကိုး”

အားလုံး ဆွံ့အသွား၏။ မြောင်ဟွာခန်းမမှ တပည့်သည် ဤလူအား သိလို့နေ၏။

ကျွင်းချောင်ရှောင်းပြောလိုက် သည်။ “မိန်းကလေး လီအာ၊ ကျုပ် ဒီကိုရောက်လာတာ ထူးဆန်းနေလို့လား”

လီအာသည် မျက်မှောင်ကုတ်ကာ မေးလိုက်၏။ “ရှင်ဘာကြောင့် ဒီကိုလာတာလဲ”

“ငါလာလည်တာပေါ့” ကျွင်းချောင်ရှောင်းပြောလိုက်သည်။

“…...” လီအာသည် တိတ်ဆိတ်ငြိမ်သက်သွား၏။ ဟုတ်ပေသည်။

သူသည် ခန်းမသခင်နှင့် ကျွင်းချောင်ရှောင်းတို့ကြားတွင် သဘောတူညီမှုကို သတိရလိုက်၏။ သို့ပေမဲ့ ဤနေရာသို့ ချက်ချင်းကြီး လာရောက်လည်ပတ်လိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။

“ဘာဖြစ်လို့လဲ”

ကျွင်းချောင်ရှောင်းသည် ပြုံးကာပြောလိုက်၏။ “ကျုပ်ကို မကြိုဆိုဘူးလား”

“ဟမ့်”

လီအာသည် နှာခေါင်းရှုံ့ကာ ပြောလိုက်၏။ “ဒီကို လာလည်ပြီ ဆိုမှတော့ ကျွန်မတို့ မြောင်ဟွာခန်းမက ရှင့်ကို ကြိုဆိုရတော့မှာပေါ့”

ပြောပြီးသည့်နောက် သူမသည် လက်ဟန်အမူအရာကို ပြုလုပ်ကာ ပြောလိုက်၏။ “ကျေးဇူးပြုပြီး ကြွပါ”

ကြိုဆိုရမှာပေါ့၊ ကျေးဇူးပြုပြီး စကားများကို ကြားချိန်မှာတော့ အနီးအနားတွင် ရပ်လျက်ရှိသော သခင်လေးများ အားလုံးသည် ကြက်သေ သေသွားမိကြ၏။ သူတို့သည် နားကြားလွဲသလား ဟုပင် ထင်မှတ်နေမိကြသည်။

အမှန် တကယ်တမ်းမှာတော့ နားကြားလွဲသွားခြင်းမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ကျွင်းချောင်ရှောင်းသည် တောင်၏ လှေကားထစ်များအတိုင်း တက်သွားသည်ကို သူတို့၏ မျက်လုံးနှင့် မြင်လိုက်ရသောကြောင့်ပင်ဖြစ်၏။

“ကောင်းကင်ဘုံ ……ဒီလူဘယ်သူလဲ”

“တကယ့်ကို မြောင်ဟွာခန်းမထဲကို ဝင်သွားတာပဲ၊ ကြည့်ရတာ မြောင်ဟွာခန်းမရဲ့ တပည့်နဲ့ သူငယ်ချင်းဟောင်း ဖြစ်ပုံပေါ်တယ်”

အားလုံးသည် တစ်ခါတည်း ပြောဆိုဆွေးနွေးနေကြ၏။ သူတို့၏ မျက်လုံးထဲမှာတော့ မနာလိုမှုများနှင့် တောက်လောင်လျက်ရှိတော့သည်။

“အားလုံးပဲ”

ကျွင်းချောင်ရှောင်းသည် လှေကားထစ်များကို တက်ရင်းနှင့် လက်ကိုယမ်းခါလိုက်၏။ “ကျုပ်အရင်သွားနှင့်တော့မယ်၊ မင်းတို့တွေ အောက်ကကြည့်နေနော်”

“ချီးတဲ့မှ၊ ဒီကောင် သက်သက်မဲ့ ငါတို့ကို ရိ သွားတာပဲ”

………...

“ဘာ”

စာကြည့်ခန်းထဲမှာတော့ ရှစ်ကျန်းရွမ်သည် မတ်တပ်ရပ်ကာဖြင့် ပြုံးရွှင်စွာ ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်း လာလည်တယ် ဟုတ်လား”

“ဟုတ်ပါတယ်”

လီအာ ပြောလိုက်၏။ “သူ့ကို တပည့်တွေက အရှေ့ဘက်ခန်းဆီမှာ နေဖို့ စီစဉ်ပေးထားတယ်”

သို့ပေမဲ့ သူမသည် စိတ်ထဲမှ ရေရွတ်မိလိုက်၏။

ခန်းမသခင်၊ ဟိုလူက လာလည်တာလေ၊ ဒီလောက်ကြီး စိတ်လှုပ်ရှားစရာ မလိုဘူးထင်တယ်။

“လီအာ”

ရှစ်ကျန်းရွှမ်သည် မြန်မြန်ဆန်ဆန် ဆိုသလိုပဲ သူမ၏ဆံပင်များကို ဖြီးသင်လိုက်၏။ ပြီးနောက် အဝတ်အစားများကို အသာပြုပြင်ကာ ပြောလိုက်၏။ “ငါအဝတ်လဲဖို့ လိုသေးလား”

All Chapters