အခန်း (၄၇၂)
Vol. 32 Ch. 472
ကျွင်းချောင်ရှောင်းသည် အနောက်ဘက်အဆောင်ထဲတွင် နေထိုင်ရန် စီစဉ်ခြင်း ခံရ၏။ ဤနေရာသည် သီးခြားတည်နေရာဖြစ်ပြီး သူတစ်ယောက်တည်းသာ ရှိ၏။ လောကကြီးနှင့် သီးခြားနေထိုင်ရသည့် နေရာ တစ်ခုလိုပင်။
ပတ်ဝန်းကျင်အနေအထားမှာ မဆိုးရွားလှသလို စိတ်ဝိညာဉ်စွမ်းအင်များမှာလည်း ပိုမိုများပြား၍ နွေးထွေးလွန်း၏။
ခန်းမဆောင်၏ အရှေ့ဘက်တွင် ထိုင်၍ ကျွင်းချောင်ရှောင်းသည် များပြားလှသည့် စိတ်ဝိညာဉ် စွမ်းအင်များကို ခံစားကာ တီးတိုး ရေရွတ်လိုက်မိသည်။ "အဆင့်လေးဂိုဏ်းတစ်ခု ပီသပါပေတယ်"
ပြောပြီးသည့်နောက် သူသည် စိတ်ဝိညာဉ်စွမ်းအင်များကို ဖြန့်ကျက်ကာ အာရုံခံကြည့်လိုက်၏။
မြောင်ဟွာခန်းမသည် အလွန်တရာ ကြီးမားလွန်းပြီး ဆန်းကြယ် ခန့်ညားလွန်းသည်။ အလွန်တရာ ခိုင်မာလှသည့် အခြေခံများနှင့် တည်ဆောက်ထားသော ဂိုဏ်းတစ်ခု ဖြစ်မှန်း သိသာလှ၏။ သို့ပေမဲ့ တပည့်များသည် များများစားစား မရှိလှချေ။
ကျွင်းချောင်ရှောင်း၏ စိတ်ဝိညာဉ်အာရုံခံမှုအောက်တွင် တပည့်နှစ်သောင်းမှသုံး သောင်းနီးပါးသာလျှင် ရှိ၏။ ဂိုဏ်းသည် အမျိုးသမီးတပည့်များကို လက်ခံသောကြောင့် ဤသို့ တပည့်အရေအတွက် နည်းပါးသည်မှာ သာမန်ပင် ဖြစ်တော့သည်။
မြောင်ဟွာခန်းမသည် တပည့်အနည်းငယ်သာ ရှိသည်ဆိုသော်လည်း အားလုံးမှာ အားကောင်းလှ၏။ နေရာအနှံ့တွင် သိုင်းဆရာများကို တွေ့ရှိနိုင်ပြီး သိုင်းစစ်သူကြီးများပင်လျှင် မရှားပါးချေ။
အပြင်ဘက်ခြံဝန်းထဲတွင်တော့ များပြားလှသော သိုင်းဘုရင်များပင် တည်ရှိနေ၏။ ၎င်းတို့၏ အဝတ်အစားများ ဝတ်ဆင်ပုံကို ကြည့်ရသည်မှာ အကြီးအကဲများ ဖြစ်ပုံပေါ်သည်။
အဆင့်ငါး ဂိုဏ်းတစ်ခုတွင် သိုင်းဘုရင်များ ရှိ၏။
ထို့ကြောင့် အဆင့်လေး ဂိုဏ်းတစ်ခုတွင် သိုင်းဘုရင်များ များပြားစွာ ရှိနေသည်ဆိုသည်မှာ အံ့အားသင့်စရာတော့ မလိုပေ။
ကျွင်းချောင်ရှောင်း တီးတိုးရေရွတ်လိုက်၏။ "ခန်းမသခင်ရှစ်က သိုင်းစစ်သူကြီး အဆင့်မှာပဲ ရှိသေးတယ်။ဒီလောက်များပြားတဲ့ သိုင်းဘုရင်တွေကို ဘယ်လိုလုပ်ပြီးတော့ ထိန်းချုပ်နိုင်တာလဲ"
သူ၏ အထင်အရဆိုလျှင် ရှစ်ကျွမ်းရှန်သည် မျက်စိရောဂါကို ခံစားနေရသော အားနည်းသည့် အမျိုးသမီးတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် အားကောင်းလွန်းလှသော အဆင့်လေး ဂိုဏ်းတစ်ခုကို ထိန်းချုပ်နိုင်ဖို့ဆိုလျှင် သူမအတွက် အလွန်တရာ ခက်ခဲပေလိမ့်မည်။
စနစ်မှ ပြောလိုက်သည်။ “သူ့ဘာသူ ဂိုဏ်းတစ်ခုကို ထိန်းချုပ်နိုင်တာဖြစ်ဖြစ် မထိန်းချုပ်နိုင်တာဖြစ်ဖြစ် လက်ခံသူနဲ့ ဘာဆိုင်လို့တုန်း....”
ကျွင်းချောင်ရှောင်းသည် စနစ်အား လျစ်လျူရှုလိုက်၏။ ပြီးနောက် စတင်ကာ ကြည့်ရှုလိုက်တော့သည်။
သို့ပေမဲ့ တစ်ချို့သော ကန့်သတ်ထားသည့် တည်နေရာမျိုးသို့ ရောက်ရှိချိန်မှာတော့ စိတ်ဝိညာဉ်စွမ်းအင်များကို အာရုံဖြန့်ကျက် ကြည့်ရှု၍ မရသည်ကို သိလိုက်၏။
စနစ်မှ ပြောလိုက်၏။ “ဂိုဏ်းတိုင်းဂိုဏ်းတိုင်းမှာ ဘယ်သူမှ မသိနိုင်တဲ့ လျို့ဝှက်ချက်တွေဆိုတာ ရှိတယ်။ ဒါကြောင့် ဒီလိုမျိုး လျှောက်ကြည့်နေတာတော့ အဆင်မပြေဘူး"
"ဒါကတော့ ဟုတ်သားပဲ" ကျွင်းချောင်းသည် သူ၏ စိတ်ဝိညာဉ်အာရုံများကို ပြန်လည်ရုတ်သိမ်းလိုက်၏။
ထိုအခိုက်မှာပဲ မြောင်ဟွာခန်းမတွင်ရှိသော သိုင်းဘုရင်များသည် သူ့အား သတိပြုမိသွားပုံပေါ်သည်။
၎င်းတို့သည် စိတ်ဝိညာဉ်အာရုံများကို ထုတ်လွှတ်ကာ မရင်းနှီးသည့် အော်ရာများရှိသည့် သူ၏ နေရာသို့ လွှမ်းခြုံရောက်ရှိလာ၏။
ဟမ်
ကျွင်းချောင်ရှောင်းသည် ရှက်ရွံသွား့၏။
ကံကောင်းစွာဖြင့် မြောင်ဟွာခန်းမမှ အကြီးအကဲများသည် ဧည့်သည့်ဖြစ်သည့် သူ၏ နေရာဆီသို့ ရောက်မလာကြပေ။ သတိပေးသည့် အပြုအမူများ ပြုလုပ်ပေးပြီးသည့်နောက် စိတ်ဝိညာဉ်စွမ်းအင်များ သည် ပြန်လည်ထွက်ခွာသွားသည်။
"ဂိုဏ်းချုပ်ကျွင်း"
လီအာသည် အထဲသို့ လျှောက်ဝင်လာပြီး ခပ်တည်တည်ဖြင့် ပြောလိုက်သည်။ "ခန်းမသခင်က ရှင့်ကို ဖိတ်ခေါ်လိုက်တယ်..."
မြောင်ဟွာခန်းမ၏ အဓိကခန်းမထဲမှာတော့ ….
စားပွဲ၏ ထိပ်ပိုင်းတွင် အကြီးအကဲရှစ်ယောက်တို့သည် ထိုင်လျက်ရှိကြသည်။
တော်တော်များများသည် အသက်ငါးဆယ် နီးပါးခန့်ရှိပြီး တစ်ချို့ဆိုလျှင် ပိုမို၍ အိုမင်းနေပုံပေါ်သည်။ တစ်ချို့မှာတော့ ချောမောလှပတုန်းပင်ဖြစ်၏။
၎င်းတို့ဆီမှ ထွက်ပေါ်နေသော အော်ရာများကို သုံးသပ်ရမည်ဆိုလျှင် သိုင်းဘုရင်များဖြစ်သည် ကို သိရှိနိုင်သည်။
ကျွင်းချောင်ရှောင်း ရောက်ရှိလာလာချင်းမှာပဲ ၎င်းတို့သည် စိတ်ဝိညာဉ်စွမ်းအင်များဖြင့် ဖိနှိပ်လိုက်ကြ၏။ အားလုံး၏ မျက်လုံးများထဲတွင်တော့ သဘောမတွေ့သည့် လက္ခဏာများ ရှိနေ၏။
မြောင်ဟွာခန်းမထဲသို့ လူငယ်တစ်ယောက် ရောက်ရှိလာသည်ဆိုသည်မှာ မသင့်တော်သည့် ကိစ္စပင်ဖြစ်သည်။
ထို့အပြင် ထိုလူငယ်သည် စိတ်ဝိညာဉ်စွမ်းအင်များကို ဖြန့်ကျက်ကာ ၎င်းတို့အား စုံစမ်းစစ်ဆေးမှုပင် ပြုလုပ်ခဲ့သေး၏။ ထို့ကြောင့် ၎င်းတို့သည် မနှစ်သက်သည်မှာ သဘာဝပင် ဖြစ်ပေလိမ့်မည်။
"ဂိုဏ်းချုပ်ကျွင်း"
ခန်းမသခင်၏ ထိုင်ခုံ ညာဘက်ခြမ်းတွင် ရှိသော အမျိုးသမီးအိုကြီးသည် ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ "ငယ်ရွယ်ပြီး အလားအလာ ကောင်းတာပဲ"
သူမ၏ နာမည်သည် ကျန်းစွန်းဖန်းဟွာပင်ဖြစ်သည်။
သူမသည် မြောင်ဟွာခန်းမ၏ ပထမအကြီးအကဲလည်း ဖြစ်၏။ သူမ၏ အားအင်အဆင့်သည် သိုင်းဘုရင် ထိပ်ဆုံးအဆင့်သို့ ရောက်ရှိနေပြီး ဂိုဏ်း၏ အတွင်းရေး ပြဿနာတော်တော်များများကို ဖြေရှင်းရသည့် တာဝန်ကို ယူဆောင်ထား၏။ ရှစ်ကျွန်းရွှမ် အလွန်တန်ဖိုးထားသောလူလည်း ဖြစ်၏။
ဒုတိယအကြီးအကဲသည်လည်း သိုင်းဘုရင် ထိပ်ဆုံးအဆင့် ဖြစ်သည်။ သူမသည် ပထမအကြီးအကဲ၏ ဘယ်ဘက်ခြမ်းတွင် ထိုင်လျက်ရှိပြီး သူမ၏ နာမည်မှာတော့ လန့်ရှင်းရွဲ့ပင် ဖြစ်သည်။
သူမသည် လှပလွန်းသည့် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက်လည်း ဖြစ်၏။ သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်းကို ကြည့်လိုက်ချိန်မှာတော့ မနှစ်မြို့မှုများ ပါဝင်နေသည်။
သူမက ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်း ဒီကို လာလည်ရတဲ့ အကြောင်းအရင်းကို သိပါရစေ"
ခင်ဗျားတို့ရဲ့ ခန်းမသခင်က လာလည်ဖို့အတွက် တောင်းဆိုထားတာလေ။ဒါကြောင့် ရောက်လာတာပါ။ဒီကို လာလည်ပြီးတော့မှ ဘာလို့ လာလည်တာလဲလို့ မေးတာကတော့ နည်းနည်း ကြောင်တောင်တောင် နိုင်သလိုပဲ။
ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှ ရေရွတ်လိုက်၏။ သို့ပေမဲ့ ပြုံးကာ ပြောလိုက်သည်။ "မြောင်ဟွာခန်းမက ကျင့်ကြံခြင်း လောကမှာ ထိပ်တန်းဂိုဏ်းတွေထဲကတစ်ခုလို့ ကျုပ်ကြားခဲ့တာ ကြာပြီ။ဒါကြောင့် ဒီနေ့ လာပြီးတော့ လေ့လာခဲ့တာပါ။"
"မင်းက ကျုပ်တို့ကို လာပြီးတော့ စိန်ခေါ်ချင်တာလား"
ကျန်းစွန်းဖန်းဟွာက ပြောလိုက်၏။
လန့်ရှင်းရွဲ့ကလည်း ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်းက ဟောင်ချီ ဂိုဏ်းကိုလည်း စိန်ခေါ်ခဲ့တယ်။နတ်စမ်းချောင်းဂိုဏ်းကိုလည်း စိန်ခေါ်တယ်။ပြီးတော့ ဟွာယန်နိုင်ငံမှာရှိတဲ့ မိစ္ဆာဂိုဏ်းလေးဂိုဏ်းကိုလည်း ဖျက်ဆီးခဲ့တယ်။ဒါ့ကြောင့် လက်တစ်လောမှာ အရမ်းကို မောက်မာနေတာ ဖြစ်နိုင်တယ်။"
"ဒီလူတွေက ကျုပ်ကို ပြဿနာရှာလို့ပါ။ဘာလို့ အခုချိန်မှာ ထည့်ပြီး ပြောနေရတာပါလိမ့်။"
ကျွင်းချောင်ရှောင်းသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ပြုံးကာ ပြောလိုက်သည်။ "သံမဏိအရိုးဂိုဏ်းရဲ့ ဆောင်ပုဒ်က ကိုယ့်ကို မတိုက်ခိုက်တဲ့လူကို ဘယ်တော့မှ စပြီး မတိုက်ခိုက်ဘူး။ကိုယ့်ကို အပြစ်တင် ရန်စတဲ့လူမျိုးကိုတော့ ကျိန်းသေပေါက် ဖျက်ဆီး ပစ်တတ်တယ်"
မြောင်ဟွာခန်းမ၏ အကြီးအကဲများသည် သူ့ကိုအထင်သေးသလို ကြည့်ရှုလိုက်ကြသည်။
သူသည် တစ်ခြားသူများက လှောင်ပြောင်ကဲ့ရဲ့လေ့ရှိသည့် ဇာတ်ကောင်တစ်ယောက်၏ အဓိက ဇာတ်လမ်းမျိုးဖြင့် မွေးဖွားလာခဲ့သည့် လူတစ်ယောက်မဟုတ်ပေ။
သူ့အား အဘယ့်ကြောင့် ဤသို့ ဆက်ဆံနေရသနည်းဆိုသော် မြောင်ဟွာခန်းမကလူများသည် ယောကျာ်းများအပေါ်တွင် မနှစ်သက် မနှစ်မြို့သည့် စိတ်အခံများ ရှိနေကြပြီးသားကြောင့် ဖြစ်ပေသည်။
သူ၏ နေရာတွင် တစ်ခြားသော ယောကျာ်းများဖြစ်လျှင်လည်း ဤကဲ့သို့ တူညီစွာ ဆက်ဆံခံရမှာ သေချာ၏။
သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် အရင်ဘဝတုန်းက မြန်မာနိုင်ငံသားများ ကဲ့သို့ ကီးဘုတ် ဖိုက်တာတစ်ယောက်ဖြစ်ခဲ့သောကြောင့် မိန်းကလေးများနှင့် စကားချင်း စစ်ထိုးရမည်ဆိုလျှင်ပင် အချီသုံးရာလောက် ပါးစပ်လေသနတ်ပစ်နိုင်စွမ်းရှိသည်။
"ဂိုဏ်းချုပ်ကျွင်း"
ကျန်းစွန်းဖန်းဟွာသည် ထူးမခြားနားသလို ပြောလိုက်၏။ "မြောင်ဟွာခန်းမက ယောကျာ်းတွေကို ဘယ်တော့မှ မဖိတ်ခေါ်ဘူး။ဒါကြာင့် တောင်ကနေ ထွက်ခွာသွားတာ အကောင်းဆုံး ဖြစ်လိမ့်မယ်။"
ကျွင်းချောင်ရှောင်းသည် အနည်းငယ်တော့ ဒေါသထွက်သွားမိ၏။ သူသည် အေးစက်စက် ပြောလိုက်မိသည်။ "ကျုပ်ကတော့ ကတိစကားရှိလို့ လာခဲ့တာပဲ။ ခန်းမသခင်ရှစ်ကိုတောင် မတွေ့ရသေးဘဲနဲ့ နှင်ထုတ်ခံနေရပြီ။ ဒါက မြောင်ဟွာခန်းမက ဧည့်သည်တွေကို ဆက်ဆံတဲ့ နည်းလား။"
ကျန်းစွန်းဖန်းဟွာသည် တီးတိုးပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်း မင်းရဲ့လေသံနဲ့ စကားအပြောအဆိုကို ဂရုစိုက်ပါ"
"ကျူပ်ရဲ့လေသံက ဒီအတိုင်းပါပဲ"
ကျွင်းချောင်ရှောင်းသည် ဒေါသထွက်သွား၏။ သူ ပြောလိုက်သည်။ "ခင်ဗျားတို့ မကြိုက်ဘူးဆိုရင် နားကို ပိတ်ထားလို့ ရပါတယ်။"
"မင်း ပြောရဲတယ် ဟုတ်လား" လန့်ရှင်းရွှဲ့သည် အေးစက်စက်ဖြင့် အော်လိုက်၏။
အကြီးအကဲများအားလုံးသည်လည်း သူ့ကို အေးစက်စက် အကြည့်ဖြင့် ကြည့်ရှုနေသည်။ အဓိက ဟောခန်းထဲရှိ အခြေအနေသည် ရုတ်တရက် တင်းမာသွားကြသည်။
များပြားလှသည့် သိုင်းဘုရင်များသည် သူ့ကို ကြည့်ရှုနေသည်။သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်းသည် မကြောက်လန့်ပေ။ ထိုအစား အေးစက်စက် ပြောလိုက်သည်။ "ခန်းမသခင်ရှစ် ခင်ဗျားတို့ရဲ့ မြောင်ဟွာခန်းမက ကျုပ်ကို ကြိုဆိုပုံမပေါ်ဘူး။ဒီတော့ အရင်ဆုံး ထွက်သွားတော့မယ်"
သူသည် ပြောပြီးသည့်နောက် အင်္ကျီလက်ကို ယမ်းခါကာ လှည့်၍ထွက်ခွာသွား၏။
"ဂိုဏ်းချုပ်ကျွင်း နေပါအုံး …."
အဓိကဟောခန်း၏ အပြင်ဘက်တံခါးဆီမှ ရှစ်ကျွမ်းရှန်၏ အသံထွက်ပေါ်လာသည်။
သူမသည် သန့်ရှင်း၍ ရှည်လျားလှသော ဝတ်စုံကို ဝတ်ဆင်ထားပြီး လီအာ၏ အကူအညီဖြင့် လမ်းလျှောက်လာ၏။
သူမသည် အလွန်တရာ လှပလွန်းသော အမျိုးသမီးတစ်ယောက်ဖြစ်သည်။ လက်ရှိအချိန်မှာတော့ မိတ်ကပ်အနည်းငယ် လိမ်းခြယ်ထားခြင်းကြောင့် သေမျိုးကမ္ဘာထဲသို့ ဆင်းသက်လာသော နတ်သမီးတစ်ပါးနှင့်ပင် ဆင်တူလျက်ရှိသည်။
"ခန်းမသခင်"
မူလအားဖြင့် အလွန်တရာ အေးစက်လျက်ရှိကြသော အကြီးအကဲများအားလုံးသည် အလွန်လျင်မြန်စွာဖြင့် မတ်တပ်ထရပ်လိုက်ပြီး လေးလေးစားစားနှင့် ဦးညွှတ်လိုက်ကြသည်။ သူတို့၏ မျက်လုံးထဲတွင်တော့ လေးစားမှုများဖြင့် ပြည့်နက်လျက်ရှိ၏။
"အကြီးအကဲတို့"
ရှစ်ကျွမ်းရှန်သည် သူမ၏ ထိုင်ခုံရှေ့တွင် မတ်တပ်ရပ်ကာ အသာပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်းက ဂုဏ်ယူရလောက်တဲ့ ဧည့်သည်တစ်ယောက်ပဲ။ ကျွန်မကိုယ်တိုင် ဖိတ်ထားတာ။ မရိုင်းပြပါနဲ့"
"ကောင်းပါပြီ"
အားလုံးသည် သံပြိုင်ပြောဆိုလိုက်၏။
ဤသိုင်းဘုရင်များသည် သိုင်းစစ်သူကြီးတစ်ယောက်အား အလွန်တရာ လေးစားနေသည်ကိုမြင်တော့ ကျွင်းချောင်ရှောင်း အံ့ဩသွားသည်။
ဒီအမျိုးသမီးကို အသွင်အပြင်နဲ့ ပတ်သက်ပြီး ခန့်မှန်းလို့ မရနိုင်ဘူး။
"ဂိုဏ်းချုပ်ကျွင်း … စောနတုန်းက ဒေါသထွက်စေခဲ့တဲ့ အတွက် တောင်းပန်ပါတယ်။သူတို့အစား ကျွန်မကပဲ တောင်းပန်တယ်နော်။ ကျေးဇူးပြုပြီးတော့ စိတ်ထဲမထားပါနဲ့"
ပထမအကြီးအကဲနှင့်တစ်ခြားသူများအားလုံးသည် မျက်မှောင်ကုတ်မိသွားကြသည်။
ခန်းမသခင်ရှစ်သည် ဤကလေးအား အလွန်တရာ ဂရုစိုက်သည်ဆိုသည်ကို လီအာ မှ သူတို့ တစ်ဆင့် ကြားဖူးခဲ့ပြီဖြစ်၏။ လက်ရှိအခြေအနေမှာတော့ အစစ်အမှန် ဖြစ်ပုံပေါ်၏။
"ရပါတယ်"
ကျွင်းချောင်ရှောင်းသည် လှည့်ကာ ပြောလိုက်သည်။ "ခန်းမသခင်ရှစ်လို ယဉ်ကျေးနေမယ်ဆိုရင် ကျုပ်ကလည်း ကျိန်းသေပေါက် ယဉ်ကျေးရမှာပေါ့"
ရှစ်ကျွမ်းရှန်သည် ထိုင်လိုက်၏။
ဤအချိန်မှာတော့ သူမ၏ ပုံစံသည် အားနည်းသည့်ပုံ မပေါ်ပေ။ ထိုအစား အရာအားလုံးကို ထိန်းချုပ်နိုင်သည့် ရာထူး ရာခံရှိသော လူတစ်ယောက်၏ အော်ရာမျိုးကို ထုတ်လွှင့်လျက်ရှိသည်။
ထို့အပြင် သူမသည်အဆင့်လေး ဂိုဏ်းတစ်ခုဖြစ်သော ခန်းမသခင်လည်း ဖြစ်သည်။ ထို့ကြောင့်ပင် ဂုဏ်အရှိန်အဝါကြီးမားသည်ဟု ဆိုရမည်။
ကျွင်းချောင်ရှောင်းမှာတော့ ကြိတ်ကာ အံ့အားသင့်မိနေသည်။ ဟွာတောင်ဆီကို လာခဲ့တုန်းက ပုံစံနဲ့ လုံးဝကို ခြားနားနေတာပဲ။
"ဂိုဏ်းချုပ်ကျွင်း"
ရှစ်ကျွမ်းရှန်က ပြောလိုက်သည်။ "အရှေ့တောင်ရန်ကျူးမှာ လက်ရှိ တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ကြားတယ်။ ရှင်တို့ သံမဏိအရိုးဂိုဏ်းရဲ့ ချင်းယန်နိုင်ငံကရော မသက်ရောက်ဘူးလား။"
အရိုးသားဆုံး ပြောရမည်ဆိုလျှင် သူမသည် ကျွင်းချောင်ရှောင်းဆီသို့ ရောက်ရှိချိန်တုန်းက ပုံပန်းသွင်ပြင်နှင့် အလုံးစုံ ခြားနားလျက်ရှိနေ၏။
"သက်ရောက်တာပေါ့"
ကျွင်းချောင်ရှောင်းသည် အကူအညီမဲ့စွာဖြင့် ပြောလိုက်သည်။ "မကြာသေးခင်ကပဲ ကျန်းယန်နိုင်ငံရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတယ်။"
ရှစ်ကျွမ်းရှန် ပြောလိုက်သည်။ "ဒီလိုဆိုရင် ဘယ်လိုဖြစ်ပြီး ကျွန်မတို့ မြောင်ဟွာခန်းမကို လာပြီးတော့ လာလည်ဖို့ အချိန်ရတာလဲ"
ကျွင်းချောင်ရှောင်းသည် လက်ရှိ ရှိနေသော အကြီးအကဲများကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။ "ခန်းမသခင်ရှစ် ကျုပ်မှာ အရေးတကြီး ပြောစရာ ရှိတယ်။ဒီတော့ သူတို့ကို ခဏလောက် ထွက်သွားခိုင်းလို့ ရမလား"