အခန်း (၄၇၃)
Vol. 32 Ch. 473
“ခန်းမသခင်တစ်ယောက်တည်းနဲ့ စကားပြောဖို့လိုတယ်ဆိုတော့ ဘယ်လောက်ထိ အရေးကြီးနေလို့လဲ။”
"ကျွန်မအထင်အရဆိုရင်တော့ ဒီကောင်လေးက ရည်ရွယ်ချက်ရှိရှိနဲ့ ခန်းမသခင်နဲ့ နှစ်ယောက်တည်း စကားပြောလို့ ရအောင် အခွင့်အလမ်း ရှာနေတာပဲ။သူ့ပုံစံကို ကြည့်ရတာ နှာဘူးလို့ထင်တယ်။ခန်းမသခင်ရဲ့ စိတ်စွမ်းအင်က ကောင်းကောင်းမွန်မွန်နဲ့ မလုံလောက်ဘူးဆိုရင် သူဆွဲဆောင်ရာကို ပါသွားလိမ့်မယ်။"
အဓိက ဟောခန်း၏ အပြင်ဘက်မှာတော့ မြောင်ဟွာခန်းမ၏ အကြီးအကဲများသည် စိတ်လက်ပူပင်စွာဖြင့် ဆွေးနွေးလျက်ရှိနေကြသည်။
ကျန်းစွန်းဖန်းဟွာ နှင့် လန့်ရှင်းရွှဲ့တို့သည် အမူအရာမှာ ပို၍ ဆိုးရွားနေ၏။
သူတို့သည် ကျွင်းချောင်ရှောင်း အပေါ်တွင် ကောင်းမွန်သည့် အမြင်များ မရှိကြချေ။ ထို့ကြောင့် လက်ရှိ ခန်းမသခင်နှင့် တစ်ယောက်တည်း ထားခဲ့သောကြောင့် စိတ်လက်ပူပန်နေကြသည်မှာ သဘာဝပင်ဖြစ်တော့သည်။
"အကြီးအကဲကြီး"
လန့်ရှင်းရွှဲ့က ပြောလိုက်၏။ "လီအာပြောတာမှန်တယ်။ခန်းမသခင်က တကယ်ပဲ အဲ့ဒီကောင်လေးအပေါ်မှာ ခံစားချက်ရှိနေတာ ဖြစ်နိုင်တယ်။ ကျွန်မတို့ ဒီအတိုင်းရပ်ပြီး နေနေလို့မရဘူး။ သူတို့ကို တားဆီးမှရမယ်။"
ကျန်းစွန်းဖန်းဟွာက ပြောလိုက်၏။ "ခန်းမသခင်ရဲ့ အမူအကျင့်ကို ရှင်လည်း သိတဲ့ အတိုင်းပဲ။ဘယ်လိုဖြစ်ပြီးတော့ သူမကို တားလို့ ရမှာတုန်း။"
ရှစ်ကျန်းရွှမ် သည် မြောင်ဟွာခန်းမတွင် အလုံးစုံသော အာဏာကို ပိုင်ဆိုင်သော သူတစ်ယောက်ဖြစ်သည်။ သူတို့သည် သိုင်းဘုရင်နှင့် အကြီးအကဲများဖြစ်သည်ဆိုသော်လည်း ခေါင်းဆောင်မှ ပေးအပ်သည့် အမိန့်ကို နားထောင်ရုံသာ ရှိ၏။ ပြန်လည်၍ မပြောရဲချေ။
လန့်ရှင်းရွှဲ့က ပြောလိုက်သည်။ "တစ်ခြားနည်းလမ်း မရှိဘူးဆိုရင် အကြီးအကဲကြီးကို သွားပြီးတော့ အကူအညီတောင်းရမှာပေါ့"
ဂိုဏ်းတိုင်းဂိုဏ်းတိုင်းတွင် ဘိုးဘေး အကြီးအကဲများ ရှိသည်။ ထိုသူတို့အားလုံးကို ဘိုးဘေး အကြီးအကဲဟု ခေါ်ဆိုကြ၏။
တောင်ပြာဂိုဏ်းနှင့် နတ်စမ်းချောင်းဂိုဏ်းတို့တွင်လည်း တံခါးပိတ် ကျင့်ကြံနေကြသည့် အကြီးအကဲကြီးများ ရှိနေ၏။ သို့ပေမဲ့ ၎င်းတို့သည် ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့် ပိုမိုမြင့်မားလာစေရန် အပြင်းအထန် ကျင့်ကြံနေကြ၏။ တစ်နှစ်ပတ်လုံး တံခါးပိတ်ကျင့်ကြံနေသည်ဟု ဆိုရမည်။
ထိုသူတို့သည် ဂိုဏ်းအတွင်း ပြဿနာအကြီးအကျယ် ရှိလာပြီဆိုမှ ထွက်လာတတ်ကြသည်။
ကျန်းယန်နိုင်ငံ မှ အဆင့်လေး ဂိုဏ်းနှစ်ခု၏ ပြသနာလာရှာမှုတွင် ကျွင်းချောင်ရှောင်းသာ ပေါ်မလာပါက တောင်ပြာဂိုဏ်း၏ ဘိုးဘေးကြီးသည် ကျိန်းသေပေါက် ထွက်လာပေလိမ့်မည်။ အဆင့်ခြောက်ဂိုဏ်းဖြစ်သည်မို့ သိုင်းအုပ်စိုးသူအဆင့် ကျွမ်းကျင်သူတစ်ယောက် ရှိလို့နေပေလိမ့်မည်။
ဂိုဏ်းတစ်ခု အနေ နှင့် ပိုမိုအားကောင်းသည့် နောက်ခံအကြောင်းအရာ ရှိရန် လိုအပ်နေပြီး အဓိက အချက်မှာ အလွန်အားကောင်းသော ကျွမ်းကျင်သူများ ရှိနေခြင်းပင်။
အဆင့်လေး ဂိုဏ်းတစ်ခုတွင်တော့ မည်သို့သော နောက်ခံမျိုး ရှိနေသနည်း။ သိုင်းဘုရင် ငါးယောက်တို့သာမက သိုင်းအုပ်စိုးသူ တစ်ယောက်လည်း ရှိနေ၏။
ထို့အပြင် မြောင်ဟွာခန်းမ၏ ဘိုးဘေးကြီးသည် သိုင်းအုပ်စိုးသူတစ်ယောက်ဖြစ်ပြီး တစ်နှစ်ပတ်လုံး တံခါးပိတ် ကျင့်ကြံနေသည်။
သူမတစ်ယောက်တည်းမဟုတ်ပေ။ အရင်ခန်းမသခင်သည်လည်း သိုင်းအုပ်စိုးသူတစ်ယောက်ဖြစ်၏။
သို့ပေမဲ့ သူမသည် မြောင်ဟွာ ခန်းမအား ရှစ်ကျန်းရွှမ် ၏ လက်ထဲသို့ ပေးအပ်ကာ တစ်ခြားတည်နေရာသို့ ထွက်ခွာသွားခဲ့သည်။
ကျန်းယန်နိုင်ငံမှ ဝိညာဉ်ချောင်း ဂိုဏ်းတွင်လည်း သိုင်းအုပ်စိုးသူတစ်ယောက် ရှိ၏။ သို့ပေမဲ့ မြောင်ဟွာခန်းမတွင်တော့ နှစ်ယောက်ထိရှိနေ၏။
ထိုအရာသည် အဆင့်ငါး နိုင်ငံတစ်ခုနှင့် အဆင့်ခြောက် နိုင်ငံတစ်ခုတို့၏ ကြား ခြားနားချက်ပင် ဖြစ်တော့သည်။
ဟုတ်ပေသည်။ အဆင့်မြင့်ဂိုဏ်းများဖြစ်တိုင်း အဆင့်မြင့် ကျွမ်းကျင်သူများရှိနေမည်ဟု မဆိုလိုပေ။ တစ်ချို့သော ဂိုဏ်းထဲမှာတော့ ထိုကဲ့သို့သော ကျင့်ကြံသူများ မရှိကြချေ။
ကျန်းစွန်းဖန်းဟွာက ပြောလိုက်၏။ “ဘိုးဘေးအကြီးအကဲကြီးက တံခါးပိတ်ကျင့်ကြံမှုကို မလုပ်ခင်မှာ အရေးကြီးတဲ့ကိစ္စမရှိရင် သူမကို လာမနှောက်ယှက်ဖို့ ပြောထားတယ်လေ။”
လန့်ရှင်းရွဲ့သည် တိတ်ဆိတ်ငြိမ်သက်သွား၏။
ဘိုးဘေးအကြီးအကဲကြီး မပေါ်လာပါက မည်သူမှ ခန်းမသခင်ကို မတားဆီးနိုင်ပေ...
…………
"ကျွန်မတောင်းပန်ပါတယ်"
အဓိက ဟောခန်းထဲမှာတော့ ရှစ်ကျန်းရွှမ် သည် အားပျော့စွာ ပြောလိုက်သည်။ "သူတို့က ယောကျာ်းတွေကို မနှစ်သက်ဘူးလေ။ဒါကြောင့် ဂိုဏ်းချုပ်ကျွင်းအပေါ်မှာ မလိုမုန်းထားတွေ ဖြစ်နေတာပါ။"
အကြီးအကဲများ ထွက်ခွာသွားပြီးသည့်နောက်မှာတော့ သူမသည် တစ်ခြားလူမျိုးကဲ့သို့ အသွင်အပြင် ပြောင်းလဲသွား၏။ ခန်းမသခင်တစ်ယောက်တွင် ရှိနေသော ဆန်းကြယ်သည့် ဂုဏ်ရှိန်ဂုဏ်ဝါများသည် ပျောက်ကွယ်သွားခဲ့၏။
သူမသည် မျက်မှောင်အသာကုတ်လျက်ရှိပြီး အားနာသည့်အမူအရာမျိုး ဖြစ်ပေါ်နေသည်။
ပြောင်းလဲမှုက ဒီလောက်မြန်လား။
ကျွင်းချောင်ရှောင်း စိတ်ထဲမှ ရေရွတ်မိ၏။ သူသည် ရှစ်ကျန်းရွှမ် တစ်ယောက် မရိုးရှင်းကြောင်း ပိုမို၍ နားလည်လာမိ၏။
"ခန်းမသခင်ရှစ်"
သူ ပြုံးကာ ပြောလိုက်သည်။ "ကျွင်းက အငြိုးအတေးထားတတ်တဲ့ လူတစ်ယောက် မဟုတ်ပါဘူး။ဒီတော့ စိတ်ထဲမှာ မရှိပါဘူး"
"အရမ်းကောင်းတယ်"
ရှစ်ကျန်းရွှမ် သည် စိတ်သက်သာရာ ရသွားသလို သက်ပြင်းချ၍ ပြုံးကာပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်း ဘာအရေးကြီးကိစ္စများ ရှိနေလို့လဲ"
ကျွင်းချောင်ရှောင်း က ပြောလိုက်သည်။
"ခန်းမသခင်ရှစ် … ဆေးပညာနဲ့ ပတ်သက်ပြီး အလွန်တရာ ကျွမ်းကျင်လှတဲ့ လူတစ်ယောက်ကို ကျုပ်ရှာဖွေတွေ့ရှိခဲ့တယ်။ သူက မျက်စိ ရောဂါကို ကုသပေးနိုင်တယ်"
ရှစ်ကျန်းရွှမ် သည် အလောတကြီး ပြန်မေးလိုက်သည်။ "ဘယ်သူတုန်း … သူ ဘယ်မှာလဲ"
"အဲစီနီယာက လောကကြီးတစ်ခွင်ကို လှည့်လည် ခရီးသွားနေတာလေ။ ကျုပ် သူနဲ့ တစ်ကြိမ်သာ ဆုံခဲ့တယ်။ ဒါကြောင့် ဘယ်ရောက်သွားလဲ မသိဘူး။" ကျွင်းချောင်ရှောင်းသည် တောင်စဉ်ရေမရ လျှောက်ပြောလိုက်၏။
ရှစ်ကျွမ်းရှန်သည် ချက်ချင်းဆိုသလိုပဲ စိတ်ဓာတ်ကျသွားမိ၏။
"ဒါပေမဲ့"
ကျွင်းချောင်ရှောင်းသည် စကားလမ်းကြောင်း ပြောင်းလိုက်မိ၏။ "သူ မထွက်သွားခင်မှာ ကျွမ်းကျင်သူကြီး က ဆေးလုံးတစ်လုံးပေးခဲ့တယ်။ ဒီဆေးလုံးက ကုသရခက်ခဲပြီးရှုပ်ထွေးတဲ့ ရောဂါတွေကို ကုသနိုင်တယ်လို့ ပြောခဲ့သေးတယ်။ဒါပေမဲ့ ကျုပ်ဆီမှာက ဘာရောဂါမှ မရှိဘူးလေ။ ခန်းမသခင်ရှစ်ရဲ့ မျက်လုံးရောဂါကို စဉ်းစားမိလို့ ချက်ချင်း ဒီနေရာကို လာလည်ခဲ့တာပဲ"
စနစ်သည် ဤကဲ့သို့ အချက်အလက် ပြည့်စုံ၍ လူလုပ်ဖန်းတီးထားသော ဇာတ်လမ်းမျိုးကို ပြောဆိုနိုင်သည့် လက်ခံသူ၏ စွမ်းရည်ကို အလွန်တရာ အံ့အားသင့်လျက်ရှိ၏။
ရှစ်ကျန်းရွှမ် မှာတော့ စိတ်ဓာတ်တက်ကြွမှု မရှိချေ။
လွန်ခဲ့သည့် နှစ်ပေါင်းများစွာတွင် သူသည် ကျော်ကြားလှသော သမားတော်များစွာကို တွေ့ကြုံခဲ့ဖူးပြီး များပြားလှသော ဆေးများကိုလည်း စားသုံးခဲ့ဖူး၏။ သို့ပေမဲ့ သူမ၏ မျက်စိရောဂါသည် မပျောက်ကင်းခဲ့ချေ။
သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်းသည် သူမအတွက် တွေးပြီး မြောင်ဟွာခန်းမဆီသို့ တကူးတက လာရောက်သည်ဆိုသည်ကိုတော့ အလွန်တရာ ကျေးဇူးတင်မိ၏။
"ဆေးကို အရင်ဆုံး စမ်းကြည့်လို့ ရနိုင်မလား" ရှစ်ကျန်းရွှမ် က မေးလိုက်၏။
"ရတာပေါ့"
ကျွင်းချောင်ရှောင်းသည် စဦးအဆင့် စိတ်ဝိညာဉ် ဆေးလုံးအား စားပွဲပေါ်သို့ တင်လိုက်သည်။
ရှစ်ကျွမ်းရှန်သည် ထိုအရာကို အသာထိကြည့်လိုက်ပြီးသည့်နောက် ဆေးလုံးအား ယူလိုက်၏။ ပြီးနောက် အံ့အားတသင့် ပြောလိုက်သည်။ "ဒီဆေးလုံးမှာ လောကရဲ့ ဓာတ်သဘာဝတွေ အများကြီး ပါနေတာပဲ"
သူက ခံစားသိရှိနိုင်တယ်လား။
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ကျွမ်းကျင်သူကြီး ပြောခဲ့တဲ့ ဆေးလုံးအရဆိုရင်တော့ ဒီက ဆေးပင်ပေါင်းရာချီပြီး သန့်စင်ထားတာတဲ့"
ရှစ်ကျန်းရွှမ် ပြုံးကာ ပြောလိုက်သည်။ "ဒါက အဆိပ်ခပ်ထားတာတော့ မဟုတ်ဘူးမလား။"
ကျွင်းချောင်ရှောင်းတစ်ယောက် ငြိမ်သက်သွား၏။
ဤအမျိုးသမီးသည် အလွန်တရာ သတိရှိလှ၏။
သို့ပေမဲ့ တစ်စုံတစ်ယောက်သည် သူမအား ဆေးလုံးတစ်လုံး ပေးသည်ဆိုလျှင် မည်သို့မှ နှောင့်နှေးခြင်းမရှိဘဲ စားသုံးလိမ့်မည် မဟုတ်ချေ။ ထိုသို့ ပြုလုပ်မည်ဆိုလျှင် သူမနှင့် အရူးနှင့် ဘာကွာခြားတော့မည်နည်း။
"ဂိုဏ်းချုပ်ကျွင်း"
ရှစ်ကျန်းရွှမ် ပြောလိုက်၏။ "ကျွန်မ ဒီဆေးလုံးကို စမ်းသပ်ကြည့်ချင်ပါတယ်"
"ရပါတယ်" ကျွင်းချောင်ရှောင်း ပြောလိုက်၏။
ရှစ်ကျွမ်းရှန်သည် ကျယ်လောင်စွာ ပြောလိုက်သည်။ "ပဉ္စမအကြီးအကဲ ဝင်ခဲ့ပါအုံး"
ပဉ္စမအကြီးအကဲသည် ဆေးလုံးနှင့် ပတ်သက်၍ ကျွမ်းကျင်သူတစ်ယောက်ဖြစ်သည်။ သူမသည် အထဲသို့ လျှောက်ဝင်လာပြီး လက်ထဲတွင် ရှိသော ဆေးလုံးအား အသာစမ်းသပ်စစ်ဆေးလိုက်၏။
ပြီးနောက် ပြောလိုက်သည်။ "ခန်းမသခင် ဒီဆေးလုံးက ခန္ဓာကိုယ်ကို ပိုမိုအားကောင်းအောင် ပြုလုပ်ထားတဲ့ အကျိုးသက်ရောက်မှု ရှိပါတယ်။"
စနစ်သည်လည်း ထိုဆေးလုံးနှင့် ပတ်သက်၍ ဤကဲ့သို့ ရှင်းပြခဲ့ဖူး၏။ များပြားလှသည့် အကျိုးသက်ရောက်မှုကိုတော့ သူမအနေနှင့် စဉ်းစားနိုင်လိမ့်မည် မဟုတ်ချေ။
ပဉ္စမအကြီးအကဲ ထွက်ခွာသွားပြီးသည့်နောက်မှာတော့ ရှစ်ကျွမ်းရှန်သည် တောင်းပန်သလို ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်း …. ကျွန်မ ရှင့်ကို ယုံတယ်ဆိုပေမဲ့ အရာကိစ္စတစ်ချို့က ဆုံးဖြတ်ပြီးရမယ့် ကိစ္စတွေ ရှိတယ်။ တစ်ခါတလေမှာ ကျွန်မကိုယ် ကျွန်မ မပိုင်ဘူးလေ။"
"ကျုပ်နားလည်ပါတယ်" ကျွင်းချောင်ရှောင်း ပြောလိုက်၏။
ရှစ်ကျန်းရွှမ် သည် ဆေးလုံးကို အသာယူ၍ ပါးစပ်ထဲထည့်လိုက်သည်။
ဆေးလုံးသည် ပါးစပ်ထဲသို့ ထည့်လိုက်ချင်းမှာပဲ အရည်ပျော်သွားကာ ခန္ဓာကိုယ်ထဲသို့ သန့်စင်သည့် စွမ်းအင်များအဖြစ် စီးဆင်းသွားတော့၏။
ကျွင်းချောင်ရှောင်းသည် သူမအား သေသေချာချာ ကြည့်ကာ တွေးလိုက်မိသည်။ ဒါ ဆေးစွမ်းထက်နိုင်တယ်။
ရှစ်ကျန်းရွှမ် ၏ မျက်စိရောဂါကုသနိုင်မည်ဆိုလျှင် ကြီးမားသည့် အကြွေးတစ်ခုကို ရရှိသည်နှင့် ဆင်တူနေလိမ့်မည်။
သူမသည် တစ်စုံတစ်ယောက်ကို ချင်းယန်နိုင်ငံသို့ ပိုဆောင်၍ ဂိုဏ်းနှစ်ဂိုဏ်းဆီမှ ကျွမ်းကျင်သူများကို တားဆီးနိုင်ရန် ကူညီပေးလိမ့်မည်။
………...
အပြင်ဘက် ဟောခန်းထဲမှာတော့ ပဉ္စမမြောက် အကြီးအကဲ လျှောက်ထွက်လာပြီးနောက်မှာတော့ ကျန်းစွန်းဖန်းဟွာနှင့် လန့်ရှင်းရွဲ့တို့သည် အလောတကြီးဖြင့် မေးလိုက်၏။
"အထဲက အခြေအနေ ဘယ်လိုရှိလဲ"
"ခန်းမသခင်က ဆေးလုံးတစ်ခုကို စမ်းသပ်ဖို့ ခိုင်းတာ"
"ဆေးလုံးဟုတ်လား" အားလုံး ဇဝေဇဝါဖြစ်သွား၏။
ပဉ္စမအကြီးအကဲက ပြောလိုက်၏။
"ဒီဆေးလုံးက ဟိုကောင်လေး ပေးတာလေ။ဆေးလုံးဆီက အော်ရာတွေကို ကြည့်မယ်ဆိုရင် ရောဂါတစ်ခုခုကို ကုသ ပေးနိုင်တဲ့ အစွမ်းရှိပုံပေါ်တယ်။"
"ရောဂါကို ကုသတဲ့ အစွမ်းလား"
ကျန်းစွန်းဖန်းဟွာသည် မျက်မှောင်ကုတ်ကာ ပြောလိုက်သည်။ "ဒါဆိုရင် ဒီကောင်လေးက ခန်းမသခင်ရဲ့ မျက်စိရောဂါကို ကုသပေးချင်နေတာလား"
"မဟုတ်နိုင်ဘူး"
လန့်ရှင်းရွဲ့ ပြောလိုက်သည်။ "ခန်းမသခင်က မွေးကတည်းက ဒီရောဂါကို ခံစားနေရတာလေ။ ကျော်ကြားလှပါတယ်ဆိုတဲ့ သမားတော်တွေတောင် ဘာမှ မလုပ်နိုင်ဘူး။ သူက ဘယ်လိုလုပ် ကုနိုင်မှာလဲ။ကျွန်မအထင်ကတော့ ဒီကောင်လေးက တွေ့ရာ ဆေးလုံးတစ်ခုယူလာပြီး ခန်းမသခင်ဆီက မျက်နှာရအောင် လုပ်နေတာပဲ"
အကြီးအကဲတစ်ယောက်သည် အေးစက်စက် ပြောလိုက်၏။ "သူနဲ့ ခန်းမသခင်ကို ဒီအတိုင်းလွှတ်ထားလို့ မရတော့ဘူး။မဟုတ်ရင် ခန်းမသခင် ပါသွားလိမ့်မယ်"
ကျန်းစွန်းဖန်းဟွာ မျက်မှောင်ကုတ်လိုက်၏။
ဟူး …. ဟူး
ထိုအခိုက်တန့်မှာတော့ အလွန်တရာ အေးစက်ပြီး ဆန်းကြယ်လှသော အော်ရာများသည် အဓိက ဟောခန်းထဲမှ ထွက်ပေါ်လာသည်။ အားလုံး၏ အမူအရာများသည် ပြောင်းလဲသွား၏။
“အိုး ……. မဟုတ်ဘူး။”
လန့်ရှင်းရွဲ့သည် ထအော်လိုက်၏။ "ခန်းမသခင်တော့ သိစိတ်ပျောက်သွားပြီ"
ဝှစ် ….. ဝှစ်။
ကျန်းစွန်းဖန်းဟွာ နှင့် တစ်ခြားသူများသည် ကျန်သည့် ကိစ္စများအား အရေးမလုပ်တော့ဘဲ အမြန်အဆန် အထဲသို့ တိုးဝင်သွားကြတော့သည်။
သူတို့ ဝင်ဝင်ချင်းမှာပဲ ရှစ်ကျန်းရွှမ် သည် အဓိက ဟောခန်း၏ အရှေ့တွင် မတ်မတ်ရပ်လျက်ရှိသည်ကို မြင်လိုက်ရ၏။
သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို သွေးနီရောင် အော်ရာများက ဖုံးလွှမ်းလျက်ရှိပြီး မျက်လုံးများတွင်မှာတော့ ထူးခြားသည့် အလင်းများနှင့် တောက်လောင်နေ၏။ သူမသည် လူသားတစ်ယောက်နှင့် မတူပေ။ သတ်ဖြတ်ခြင်း နတ်ဘုရားကဲ့သို့ပင်။
"အားလုံးပဲ"
ကျွင်းချောင်ရှောင်းသည် ဆွံ့အနေ၏။ "ဘာတွေ ဖြစ်ကုန်တာလဲ"