အခန်း (၄၇၆)
Vol. 32 Ch. 476
ဂိုဏ်းချုပ်ကျွင်းသည် မြောင်ဟွာခန်းမအား သံမဏိအရိုးဂိုဏ်းဆီသို့ လာရောက်ရန် ဖိတ်ခေါ်ခဲ့၏။ ထိုသို့သော ဖိတ်ခေါ်မှုသည် ဝိညာဉ်ချောင်းဂိုဏ်းနှင့် သွမ့်ရွှေဂိုဏ်းတို့အား ရင်ဆိုင်ရန်ပင်ဖြစ်၏။ သို့ပေမဲ့ ဂိုဏ်း၏ အားအင် အဆင့်မှာ အကန့်အသတ်တစ်ခု ဖြစ်လို့နေသည်။
သူတို့သည် ကျန်းယန်နိုင်ငံအား ရင်ဆိုင်ရန် ရှိနေသေး၏။ သူပြန်ရောက်သည့်အချိန်တွင် စစ်သည်ပေါင်း တစ်သိန်းကျော်ကို တစ်ဖက်မှ စေလွှတ်လိုက်ပါက သံချပ်ကာဝံပုလွေ တပ်သားပေါင်းတစ်ထောင်တို့သည် ကျိန်းသေပေါက် ခုခံနိုင်မည် မဟုတ်ချေ။
“ငါဘာလုပ်ရမလဲ၊ ငါဘာလုပ်ရမလဲ”
ဂိုဏ်းဆီသို့ ပြန်လာသည့်လမ်းမှာတော့ ကျွင်းချောင်ရှောင်းသည် ဇဝေဇဝါ ဖြစ်မိနေ၏။ ထိုအခိုက်မှာတော့ အရေ အတွက်၏ အရေးပါမှုကို သူနားလည်လိုက်ရပြီဖြစ်သည်။ သူ့တွင် ကြီးမားလှသော စစ်တပ်ကြီး တစ်ခုသာရှိမည်ဆိုပါက ကျန်းယန်နိုင်ငံ၏ စစ်တပ်ကို ကြောက်ရွံ့ထိတ်လန့်နေစရာမလိုချေ။ စနစ်မှ ပြောလိုက်၏။
“အကောင်းဆုံး ဖြေရှင်းဖို့က ညှိနှိုင်းဆွေးနွေးခြင်းပဲ”
ကျွင်းချောင်ရှောင်း ပြောလိုက်၏။ “ဘယ်တော့မှ ညှိနှိုင်းဆွေးနွေးမှုကို လုပ်မှာ မဟုတ်ဘူး။ ငါ က အရင်တုန်းက ကီးဘုတ်ဖိုက်တာ ဖြစ်ခဲ့တာ”
“…...”
စနစ်က ပြောလိုက်၏။ “ဒါဆိုရင် အဆင့်ခြောက်နိုင်ငံတစ်ခုကို ဘယ်လိုရင်ဆိုင်မှာလဲ၊ ပြီးတော့….”
သူက ထပ်ပြောလိုက်၏။
“ချင်းယန်မြို့ဆိုတာ တည်နေရာသေးသေးလေးပဲ၊ ဒီအတိုင်းထားလိုက်တော့၊ ငါတို့ တခြားတစ်နေရာကို ရွေ့ပြောင်းပြီးတော့ ဂိုဏ်းကို ပြန်လည်တည်ထောင်ရမယ်၊ ဒါဆိုရင် အားအင်အများကြီးစိုက်ပြီးတော့ ချင်းယန်မြို့ကို ကာကွယ်စရာမလိုတော့ဘူး”
“ဒါကြောင့် မင်းရဲ့စကားတွေက လူသားမဆန်တာ၊ မင်းက ခံစားချက်မဲ့တဲ့ စက်တစ်ခုသာသာပဲ”
ကျွင်းချောင်ရှောင်း ပြောလိုက်၏။
သံမဏိအရိုးဂိုဏ်း ဒုက္ခရောက်ခဲ့စဉ်က မြို့တော်ဝင်ရှဲ့သည် သုံးဒဿမခြောက်သန်းသော ပြည်သူတွေကို ခေါ်ဆောင်လာပြီး သူ၏ဘက်တွင် တစ်သားတည်း ရပ်တည်ကာ အားပေးခဲ့၏။
ထိုသူသည် သူ၏ သွေးသောက် ညီအစ်ကိုပင် ဖြစ်တော့၏။ ယခု ထိုသူနှင့် သူ၏ သုံးဒဿမခြောက်သန်းသော ပြည်သူများ ဒုက္ခရောက်နေသည့် အချိန် သူသည် ကိုယ့်အထုပ်အပိုး ကိုယ်ဆွဲ၍ ထွက်ခွာသွားမည်ဆိုလျှင် မည်သို့ဖြစ်နေမည်နည်း။
အဓိက ဟောခန်း၏ မျက်နှာစာတွင် ရေးသားထားသည့် သံမဏိအရိုးဂိုဏ်းဆိုသည့်အမည်သည် မည်သို့သော အဓိပ္ပာယ် ဖြစ်သွားမည်နည်း။
ချီးတဲ့မှ …။
ကျွင်းချောင်ရှောင်း ပြောလိုက်၏။ “အဆိုးဆုံးက ဂိုဏ်းတစ်ခုကို ဖွံ့ဖြိုးတိုးတက်အောင် မပြုလုပ်ဘဲနဲ့ ကြီးမားတဲ့ စစ်တပ်ကြီးတစ်ခုကိုသာ ပိုက်ဆံ ပေးပြီး တည်ထောင်လိုက်မယ်ဆိုရင် ကျန်းယန်နိုင်ငံကို တိုက်ခိုက်နိုင်မှာပဲ”
မည်မျှကုန်ကျသည်ဖြစ်စေ သူသည် ချင်းယန်မြို့ကို ကာကွယ်ချင်၏။ အဘယ်ကြောင့်ဆိုသော် သူသည် မြို့တော်ဝန်ရှဲ့အား ကတိပေးထားသောကြောင့်ဖြစ်သည်။ ယောက်ျားတစ်ယောက်၏ ကတိပင်ဖြစ်တော့၏။
“နားလည်ပြီ”
စနစ်မှ ပြောလိုက်၏။ “လက်ခံသူက တကယ့်ကို ယောကျ်ားတစ်ယောက်ပဲ”
“ပေါက်ကရတွေ မပြောနဲ့တော့”
ကျွင်းချောင်ရှောင်းပြောလိုက်သည်။ “မြန်မြန်၊ အဆင့်ခြောက် ကျန်းယန်နိုင်ငံကို တိုက်ခိုက်ဖို့နည်းလမ်းကို စဉ်းစားရအောင်”
“ဒီကိစ္စကို လက်ခံသူစဉ်းစားနေတာမဟုတ်ဘူးလား”
“ချီးတဲ့မှ၊ ငါဘာကို သွားစဉ်းစားရမှာလဲ”
စနစ်မှ ပြောလိုက်၏။ “လက်ခံသူပဲ ပိုက်ဆံတွေ အများကြီးသုံးပြီးတော့ ကြီးမားတဲ့စစ်တပ်ကြီးတစ်ခုကို တည်ဆောက်မယ်ဆိုပြီး ပြောခဲ့တယ်”
“ငါပြောတာ အဲလိုအဓိပ္ပာယ်မဟုတ်ဘူး၊ စိတ်ထဲပေါ်လာတာ အရင်ဆုံး ပြောမိတာလေးကို”
ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှာ အားရပါးရ အော်ဟစ်လိုက်မိ၏။
စနစ်က ပြောလိုက်သည်။ “လက်ခံသူ … ချင်းယန်မြို့ကို ကာကွယ်ချင်တယ်ဆိုရင် ရှိသမျှ အကုန်ထုတ်ပြီးတော့ ပေးရတော့မယ်”
ချီးတဲ့မှ …
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ “ငါ မင်းကို အကြံဉာဏ်ပေးဖို့ပြောနေတာ၊ ငါ့ကို ရင်နာအောင် တိုက်ခိုက်ဖို့ ပြောနေတာ မဟုတ်ဘူး”
“ငါက လက်ခံသူကို တစ်လျှောက်လုံး ကူညီပေးခဲ့တယ်။ အခု ပိုက်ဆံတွေအများကြီးသုံးပြီးတော့ စစ်သားတွေကို ခေါ်၊ ပြီးတော့ မြင်းတွေဝယ်၊ စစ်မြင်းတွေအဖြစ် လေ့ကျင့်ပြီးသွားပြီဆိုရင် အဆင့်ခြောက်နိုင်ငံတစ်ခုကို တိုက်ခိုက် လို့ရပြီ” စနစ်ကပြောလိုက်၏။
“တော်စမ်း”
........
ကျွင်းချောင်ရှောင်းသည် ငွေအများကြီးသုံး၍ စစ်သားများကို ခေါ်ယူခြင်းနှင့် မြင်းများကို ဝယ်ယူခြင်းကို ပြုလုပ်မည်ဆိုလျှင် သူကျိန်းသေပေါက် ပြုလုပ်နိုင်၏။ သို့ပေမဲ့ ပြဿနာ ရှိနေသည်မှာ သူ့တွင် နှစ်လသာ အချိန်ရှိ ၏။ ထို့ကြောင့် ကြီးမားလှသည့် စစ်တပ်ကြီးတစ်ခုကို ငွေကြေးများအသုံးပြု၍ တည်ဆောက်ရန် ဆိုသည်မှာ အဓိပ္ပာယ် မရှိချေ။
“မြောင်ဟွာခန်းမကို ဖိတ်ခေါ်ပြီးပြီ ဆိုမှတော့ တခြားနိုင်ငံကြီးတချို့ကို သွားပြီးတော့ ဖိတ်ခေါ်ရင် မကောင်းဘူး လား”
ကျွင်းချောင်ရှောင်းသည် ဉာဏ်အလင်းရရှိသွား၏။ ဆိုလိုသည်မှာ ကျန်းယန်နိုင်ငံနှင့် နှိုင်းယှဉ်၍ ရနိုင်သည့် နိုင်ငံကြီးတစ်ခု (သို့မဟုတ်) ကျန်းယန်နိုင်ငံထက် ပိုမိုအားကောင်းသော နိုင်ငံကြီးတစ်ခုခုဆီမှ အကူအညီကို ရရှိမည် ဆိုလျှင် အဆင်ပြေနိုင်၏။
“လက်ခံသူ ဘယ်သူ့ကို သိလဲ” စနစ်က မေးလိုက်၏။
“ငါ...”
ကျွင်းချောင်ရှောင်း၏ မျက်လုံးများ လင်းလက် သွား၏။ “ငါသိတာဆိုလို့ မိသားစုခေါင်းဆောင်လုံကိုပဲ သိတယ်၊ သူရဲ့ မြို့က အထင်သေးလို့တော့မရဘူး”
စနစ်က ပြောလိုက်၏။
“ခေါင်းဆောင်လုံကို ရှာပြီးတော့ ကြားခံအနေနဲ့ ညှိနှိုင်းပေးနိုင်မလားဆိုတာ မေးကြည့်ဒေါဆိုရင် ငါတို့ ပူးပေါင်းလုပ်နိုင်မလားဆိုတာ ကြည့်ရမယ်”
ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိ၏။ ဘာလို့ ဤစနစ်သည် သူ့အား အမြဲတမ်း ညှိနှိုင်းဖို့၊ ပူးပေါင်းဖို့ဆိုသည့်ကိစ္စအား ပြောနေရသနည်း။
စနစ်သည် ကြောင်အအဖြင့် ပြန်ပြောလိုက်၏။ “ဘာလို့လဲဆိုတော့ လက်ခံသူက အရမ်းအားနည်းလို့လေ၊ ညှိနှိုင်းဖို့၊ ပူးပေါင်းဖို့ မပြောဘူးဆိုရင် သွားပြီးတိုက်ခိုက်ရင် သေသွားမှာပေါ့”
ဤစကားသည် အစစ်အမှန်ပင်ဖြစ်၏။ ထို့အတူ ရက်စက်လွန်းလှသည့်စကားလည်း ဖြစ်နေ၏။
ဂိုဏ်းချုပ်ကျွင်းသည် ဓားနှင့်သိုင်းဘုရင်တစ်ယောက် ဖြစ်သည်ဆိုသော်လည်း ဂိုဏ်းတစ်ခုလုံး၏ အားအင်နှင့် ပတ်သက်လျှင် အလွန်တရာ အားနည်းနေသေး၏။
ချီးတဲ့မှ …။
ကျွင်းချောင်ရှောင်းသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ မုန်းတီးစွာဖြင့် ပြောသည်။ “ငါ့ဆီမှာသာ ဖွံ့ဖြိုးတိုးတက်စေဖို့ နှစ်အနည်းငယ်လောက် ရမယ်ဆိုလျှင် အားလုံးငါ့ကို ဦးညွတ်အောင် ပြုလုပ်နိုင်တယ်”
……....
ကျွင်းချောင်ရှောင်းသည် မှုန်ကုတ်ကုတ်နှင့် သံမဏိအရိုးဂိုဏ်းသို့ ပြန်လည်ရောက်ရှိလာ၏။
“ဂိုဏ်းချုပ်”
သူအဓိကဟောခန်းထဲမှာ ထိုင်ပြီးပြီးချင်းမှာပဲ လီချင်းယန်သည် အလောတကြီးနှင့် ရောက်ရှိလာကာပြောလိုက်သည်။ “ဂျူနီယာညီမလေးက သန္ဓေနတ်ဆိုးခန္ဓာကိုယ်ကို သက်ဝင်ခဲ့တယ်”
“သန္ဓေနတ်ဆိုးခန္ဓာကိုယ် ဟုတ်လား”
ကျွင်းချောင်ရှောင်း၏ မျက်နှာတွင် အံ့အားသင့်မှုများနှင့် ပြည့်နှက်သွား၏။
ကျန့်ရာသည် လျှောက်ဝင်လာပြီး ရောင်မုန့်ယဉ်၏ကိစ္စကို အသေးစိတ် တင်ပြလိုက်သည်။
“ဒီလိုဆိုရင်”
ကျွင်းချောင်ရှောင်းသည် ထိုအရာကိုကြားတော့ မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည်။ “သန္ဓေနတ်ဆိုးခန္ဓာကိုယ်က အရမ်းအားကောင်းတယ် မဟုတ်လား”
“အရမ်းအားကောင်းတာပေါ့”
ကျန့်ရာပြောလိုက်၏။ “ဒီလိုမျိုး ခန္ဓာကိုယ်နဲ့ မွေးဖွားလာတဲ့လူတွေက နတ်ဆိုးလမ်းစဉ်ကို ကျင့်ကြံပြီး အနာဂတ်မှာ နတ်ဆိုးအင်ပါယာ တောင်ဖြစ်လာနိုင်တယ်”
ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် လင်းလက်သွား၏။
“ဒီမိန်းကလေးက ကြီးမားတဲ့ အလားအလာကို ပိုင်ဆိုင်တာပဲ၊ ငါတို့သံမဏိအရိုးဂိုဏ်းအတွက်တော့ သတင်းကောင်း တစ်ခုပဲ”
“သတင်းကောင်း ဟုတ်လား”
ကျန့်ရာ၏ နှုတ်ခမ်းများသည် တဆတ်ဆတ်နှင့် တုန်ရင်သွား၏။ “ဂိုဏ်းချုပ်... နတ်ဆိုးကျင့်ကြံသူတွေဆိုတာ ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာ လမ်းပေါ်မှာရှိတဲ့ကြွက်တွေလိုပဲ၊ ရောင်မုန့်ယဉ်က သန္ဓေနတ်ဆိုးခန္ဓာကိုယ်ကို ပိုင်ဆိုင်တယ်၊ ဒီသတင်းသာ ပျံ့နှံ့သွားရင် ဂိုဏ်းအတွက် ကြီးမားတဲ့ ကပ်ဘေးကြီး ကျရောက်လိမ့်မယ်”
“ခင်ဗျား ဘာကို ဆိုလိုတာလဲ” ကျွင်းချောင်ရှောင်း မေးလိုက်၏။
ကျန့်ရာသည် လွန်ခဲ့သည့်နှစ်ပေါင်းတစ်သောင်းကျော်က နတ်ဆိုးအင်ပါယာ၏ အကြောင်းများကို ပြန်လည်ပြောပြလိုက်၏။ ပြီးနောက် ကျင့်ကြံခြင်းလောက၏ နတ်ဆိုးသတ်ဖြတ်ခြင်းအမိန့် အကြောင်းကိုလည်း သေသေချာချာ ရှင်းပြသည်။
ကျွင်းချောင်ရှောင်းလည်း ထိုအရာကို ကြားတော့ ပြောပြလိုက်၏။ “ဒါကြီးက တကယ့်ကိုအရေးကြီးတဲ့ ကိစ္စကြီးဖြစ်လိမ့်မယ်”
ကျန့်ရာကပြောလိုက်သည်။ “လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းတုန်းက သန္ဓေနတ်ဆိုးခန္ဓာကိုယ်ကို အသက်ဝင်ခဲ့တဲ့ လူရှစ်ယောက်တိတိရှိတယ်၊ အဆုံးသတ်မှာတော့ သူတို့က ချွင်းချက်မရှိ သေဆုံးခဲ့တယ်၊ သူတို့ရဲ့ မိသားစုတွေနဲ့ ဂိုဏ်းတွေအကုန်လုံးကလည်း ဖျက်ဆီးခံလိုက်ရတယ်”
“ကုန်းမြေတိုက်ကြီးက ကျင့်ကြံသူတွေအကုန်လုံး အမဲလိုက်သတ်ဖြတ်ရလောက်တဲ့အထိ နတ်ဆိုးကျင့်ကြံတဲ့ လူတွေက မိစ္ဆာဆန်လွန်းလို့လား”
ကျန့်ရာသည် ဦးခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “နတ်ဆိုးကျင့်ကြံသူတွေ တော်တော်များများက မိစ္ဆာကျင့်ကြံသူတွေနဲ့ သိပ်မကွာဘူး၊ ဒါပေမဲ့ သူတို့က သူတို့လုပ်ချင်တာကို လုပ်တယ်၊ တခြားလူတွေရဲ့ ခံစားချက်တွေကို သိပ်ပြီးဂရုစိုက်တာ မဟုတ်တော့ အမဲလိုက် ခံရတဲ့ အကြောင်းရင်း ဖြစ်လာတာပေါ့”
နတ်ဆိုးလမ်းစဉ်ကို လိုက်ပါပြီး ကျင့်ကြံကြသော လူများအားလုံးသည် လောက၏ နိယာမများအားလုံးကို လျစ်လျှူရှုထားသည်ဟု ဆိုရမည်။ ထို့ကြောင့်ပင် နတ်ဆိုးအင်ပါယာသည် လောကကြီးတွင် အင်ပါယာတစ်ပါး အဖြစ် ဖြစ်တည်လာခဲ့ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် များပြားလှသော ကျင့်ကြံသူများအားလုံးသည် ထိုကဲ့သို့ ဟန်ချက်ပျက်သွားသည့် အခြေအနေကို သည်းမခံနိုင်တော့ပေ။ ထို့ကြောင့် ပူးပေါင်း၍ တိုက်ခိုက်သုတ်သင်ကြခြင်း သာဖြစ်သည်။
အကယ်၍ နတ်ဆိုးကျင့်ကြံသူများသည်သာ မိစ္ဆာကျင့်ကြံသူများကဲ့သို့ တူညီသည့်အဆင့်တွင်ရှိနေပြီး အင်ပါယာ အဖြစ်သို့ မတက်လှမ်းနိုင်ပါက ဤမျှ မြန်မြန်ဆန်ဆန်နှင့် သုတ်သင်ခံလိုက်ရမည် မဟုတ်ချေ။
ကျွင်းချောင်ရှောင်း သည် မျက်မှောင်ကုတ်ကာ ပြောလိုက်၏။ “ဒီလူတွေက မိစ္ဆာကျင့်ကြံတဲ့လူတွေလိုမျိုး အရမ်းရက်စက်လွန်းတဲ့လူတွေ မဟုတ်ဘူး၊ သူတို့ကို သတ်ဖြတ်ပစ်ဖို့ ဆိုတာ အရမ်းကို လွန်လွန်းတယ် မဟုတ်ဘူးလား”
ကျန့်ရာက ပြောလိုက်၏။ “ဂိုဏ်းချုပ် …… သံမဏိအရိုးဂိုဏ်းအတွက် ကျုပ်တွေးနေတာ။ ရောင်မုန့်ယဉ်ကို သိုင်းကျင့်ကြံခြင်းနည်းစနစ်တွေကိုပဲ အာရုံစိုက် ကျင့်ကြံခိုင်းတာကောင်းမယ်၊ နတ်ဆိုးလမ်းစဉ်ကိစ္စတွေကို ခဏဖယ်ထားမှဖြစ်လိမ့်မယ်”
“တခြားသူတွေသိသွားမှာ ခင်ဗျားကြောက်နေတာလား” ကျွင်းချောင်ရှောင်းမေးလိုက်၏။
ကျန့်ရာက ပြောလိုက်သည်။ “ဒီလောကကြီးမှာ မပေါက်ကြားသွားနိုင်တဲ့သတင်း ဆိုတာ မရှိဘူး၊ ရောင်မုန့်ယဉ်ရဲ့ သန္ဓေနတ်ဆိုးခန္ဓာကိုယ် အကြောင်း သတင်းပေါက်ကြားသွားပြီးဆိုတာနဲ့ သံမဏိအရိုးဂိုဏ်းက ဖျက်ဆီးခံရမှာ သေချာတယ်၊ ပြီးတော့ … ”
သူခဏရပ်ကာ လေးလေးနက်နက်ပြောလိုက်သည်။ “ကျုပ်တို့ဂိုဏ်းကိုလာပြီး တိုက်ခိုက်ဖျက်ဆီးကြမယ့် လူတွေက အဆင့်တစ်ဂိုဏ်းတွေ၊ ပြီးတော့ သိုင်းအင်ပါယာ တွေတောင် ပါလာလိမ့်မယ်”
“သောက်ကျိုးနည်း”
ကျွင်းချောင်ရှောင်း တုန်လှုပ်သွားမိ၏။ အဆင့်ခြောက်နိုင်ငံတစ်ခုနှင့် အဆင့်လေးဂိုဏ်းနှစ်ခုကို ရင်ဆိုင်နိုင်ဖို့အတွက် သူသည်အရာအားလုံးကို စွန့်စား၍ ပြုလုပ်နေရ၏။ အဆင့်တစ်ဂိုဏ်းနှင့် သိုင်းအင်ပါယာ များကိုသာ ရင်ဆိုင်ရမည်ဆိုလျှင် ကျိန်းသေပေါက် သေဆုံးသွားလိမ့်မည်။
“မုန့်ယဉ် ဘယ်မှာလဲ”
“အခန်းထဲမှာလေ”
ကျွင်းချောင်ရှောင်းသည် အတွင်းခြံဝန်းထဲသို့ ရောက်ရှိသွားပြီး ရောင်မုန့်ယဉ်ဆီသို့ လှမ်းလျှောက်သွားခဲ့ လိုက်သည်။
ဤမိန်းကလေးသည် အိပ်ယာ၏ ထောင့်တွင် ကွေးကွေးလျက်ရှိနေ၏။
“ဂိုဏ်းချုပ်”
ရောင်မုန့်ယဉ်သည် ခေါင်းကိုအသာမော့ကာ သူမ၏ နှုတ်ခမ်းပါးလေးများကို ကိုက်လျက် နီရဲသည့်မျက်ဝန်းများဖြင့် ပြောလိုက်၏။ “ကျွန်မ … ကျွန်မကို မောင်းထုတ်တော့မှာလား”
ကျွင်းချောင်ရှောင်း ပြောလိုက်၏။ “ငါကဘာလို့မင်းကို မောင်းထုတ်ရမှာလဲ”
ရောင်မုန့်ယဉ်သည် ရှိုက်ငိုပြီး ပြောလိုက်၏။ “ကျွန်မက သန္ဓေနတ်ဆိုးခန္ဓာကိုယ်ကို အသက်ဝင်ခဲ့တယ်၊ ဒီလောကကြီးမှာ မင်္ဂလာမရှိတဲ့ လူတစ်ယောက် ဖြစ်သွားပြီး ဂိုဏ်းအတွက် ကပ်ဘေးကြီးကို ယူဆောင်လာလိမ့်မယ်”
“ဒါမင်းကို ဘယ်သူပြောလဲ” ကျွင်းချောင်ရှောင်းမေးလိုက်၏။
ရောင်မုန့်ယဉ်သည် သူမ၏ ခြေထောက်နှစ်ခုကြားထဲသို့ ခေါင်းကို မြှုပ်ကာ ပြောလိုက်၏။ “ကျွန်မ အိမ်မက်တစ်ခုမက်ခဲ့တယ်၊ အိမ်မက်ထဲမှာ ဂိုဏ်းထဲမှာရှိတဲ့ လူအကုန်လုံး……. စီနီယာအစ်ကို၊ စီနီယာအစ်မတွေ အကုန်လုံး သွေးအိုင်ထဲမှာ လဲနေကြတယ်၊ ဂိုဏ်းချုပ်ကလည်း ဒဏ်ရာတွေ ဗလပွနဲ့ ကျွန်မရှေ့မှာ မတ်မတ်ရပ်ပြီးတော့ ကာကွယ်ပေးနေတယ်၊ အဲဒီလူဆိုးတွေအကုန်လုံးက ကျွန်မကို နတ်ဆိုး တစ်ယောက်လို့ ပြောတယ်၊ ဂိုဏ်းချုပ် ခေါင်းမမာဘဲနဲ့ ကျွန်မကို ကာကွယ်မပေးဖို့ တားဆီးကြတယ်၊ မဟုတ်ရင် သူတို့က သံမဏိအရိုးဂိုဏ်းကို ဖျက်ဆီးပစ်မယ်တဲ့”
“ဒါက အိမ်မက်တစ်ခုပါပဲ”
ကျွင်းချောင်ရှောင်းသည် အသာလျှောက်လှမ်းသွားပြီး ညင်သာစွာ ပြောလိုက်၏။ “ဘာလို့ အိမ်မက်ဆိုတာကြီးကို အတည်ယူနေရတာလဲ”
သူသည် ဆောင့်ကြောင့်ထိုင်ပြီး သူ၏ လက်ကိုမြှောက်ကာ ကလေးမလေး၏ ခေါင်းကို အသာပွတ်လိုက်၏။ “မင်းက သံမဏိအရိုးဂိုဏ်းသားအဖြစ် တစ်ရက်ဖြစ်နေပြီဆိုရင်တောင် တစ်သက်လုံး သံမဏိအရိုးဂိုဏ်းသားပဲ၊ ဒီမှာသာ မင်းနေချင်စိတ်ရှိတယ်ဆိုရင် ငါမင်းကို ဘယ်တော့မှ မောင်းထုတ်မှာ မဟုတ်ဘူး”
ဝူး … ဝူး
ရောင်မုန့်ယဉ်သည် ပိုမိုဝမ်းနည်းစွာဖြင့် ရှိုက်ငိုတော့၏။ “အိမ်မက်ထဲမှာ ဂိုဏ်းချုပ်ကလည်း လူဆိုးတွေကို ဒီလိုမျိုး ပြောခဲ့တယ်၊ ကျွန်မက သံမဏိအရိုးဂိုဏ်းတပည့်အဖြစ် တရက်နေခဲ့ပြီးပြီဆိုရင် တစ်သက်လုံး သံမဏိအရိုးဂိုဏ်းသားပဲတဲ့၊ ကျွန်မကို ဘယ်သူမှ နာကျင်အောင် လုပ်လို့မရဘူးလို့ ဂိုဏ်းချုပ်ပြောခဲ့တယ်”