← Chapters

အခန်း (၄၇၇)

Vol. 32 Ch. 477

အခန်း (၄၇၇)

Vol. 32 Ch. 477

ရောင်မုန့်ယဉ်သည် သူမ၏ သန္ဓေနတ်ဆိုးခန္ဓာကိုယ် အသက်ဝင်ပြီးသည့်နောက်မှာတော့ အချိန်ကာလတစ်ခု အထိ သတိလစ်မေ့မျောနေခဲ့သည်။ ထိုအတောအတွင်း သူမသည် ထူးဆန်းသည့်အိမ်မက်များကို မြင်မက်ခဲ့ရ၏။ ထိုအိမ်မက်များသည် သူမနှလုံးသား၏ အနက်ရှိုင်းဆုံး တည်နေရာတွင် ကဗ္ဗည်းစွဲထင်ထားသလို စွဲမြဲလျက်ရှိ၏။

များစွာသောသူများသည် သံမဏိအရိုးဂိုဏ်းသို့ ရောက်ရှိလာပြီး နတ်ဆိုးလမ်းစဉ်၏အကြွင်းအကျန် သန္ဓေ ခန္ဓာကိုယ် ပိုင်ဆိုင်သူရှိနေခြင်းသည် ကျင့်ကြံခြင်းလောကတစ်ခုလုံး အတွက် ကပ်ဘေးကြီးတစ်ခုဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။

ရောင်မုန့်ယဉ်သည် အလွန်တရာ ထိတ်လန့်ကြောက်ရွံ့နေမိ၏။ ထို့ကြောင့် ဂိုဏ်းချုပ်၏နောက်တွင် ပုန်းအောင်းနေမိသည်။ သူမ၏ လက်သည် အဆမတန် တုန်ရင်လျက်ရှိနေ၏။

စီနီယာအစ်ကိုနှင့် စီနီယာအစ်မများအားလုံးသည် သူမ၏ရှေ့၌ မတ်မတ်ရပ်၍ ကာကွယ်ပေးခဲ့ကြသည်။ သို့ပေမဲ့ လူဆိုးများသည် အလွန်တရာအားကောင်းလှပြီး မည်သို့ကိုမှ မကြောက်လန့်ကြချေ။

“မုန့်ယဉ်”

ဂိုဏ်းချုပ်သည် နောက်လှည့်ကြည့်ကာပြောလိုက်၏။ “မကြောက်နဲ့ ဂိုဏ်းချုပ်နဲ့ မင်းရဲ့စီနီယာတွေ အကုန်လုံး ဒီမှာရှိတယ်”

ရောင်မုန့်ယဉ်၏ အိမ်မက်ထဲမှာတော့ ဂိုဏ်းချုပ်သည် အလွန်တရာရဲရင့်လွန်းလှ၏။ ဂိုဏ်းချုပ်ပြောဆိုလိုက်သော စကားများတွင် မှော်အစွမ်းများ ပါဝင်နေပြီး မူလအားဖြင့် ထိတ်လန့်ကြောက်ရွံ့နေသော ရောင်မုန့်ယဉ်အား အနည်းငယ်တည်ငြိမ်သွားစေ၏။

နောက်မှာတော့ အိမ်မက်သည် ပြောင်းလဲသွားခဲ့ပြီး များပြားလှသော စီနီယာအစ်ကိုများသည် သွေးအိုင်ထဲတွင် လဲကျလျက်ရှိနေ၏။ သူမသည် ထိုဖြစ်စဉ်အားလုံးကို မျက်မြင် မတွေ့ခဲ့ရသော်လည်း လူဆိုးများနှင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တွေးမိနိုင်သည်။

ရောင်မုန့်ယဉ်သည် ခေါင်းကို ခက်ခက်ခဲခဲနှင့်မော့ကာကြည့်လိုက်ချိန် မှာတော့ ဒဏ်ရာရရှိထားသော ဂိုဏ်းချုပ်သည် သွေးအလိမ်းလိမ်းနှင့်ဖြစ်နေပြီး သူမ၏ရှေ့၌ မတ်မတ်ရပ်လျက် ရှိနေ၏။

ထိုအခိုက်မှာတော့ သူမ၏နှလုံးသားများသည် နာကျင်နေပြီး မျက်ရည်များသည် ထိန်းချုပ်၍ မရနိုင်အောင် တစ်ပေါက်ပေါက်ဖြင့် ကျဆင်းလျက်ရှိသည်။

“ကျွင်းချောင်ရှောင်း”

တခြားတစ်ဖက်တွင်ရှိသော အလွန်တရာအားကောင်းလှသော အော်ရာများနှင့် အဘိုးအိုတစ်ယောက်သည် လေးလေးနက်နက် ပြောလိုက်၏။ “နတ်ဆိုးလမ်းစဉ်ရဲ့ အကြွင်းအကျန်ကို ကျုပ်ဆီလွှဲပေး၊ ဒါဆိုရင် သံမဏိအရိုးဂိုဏ်းကို လက်လွှတ်ပေးမယ်”

ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် နှိုင်းယှဉ်၍ မရနိုင်အောင် အေးစက်လျက်ရှိ၏။ သူပြောလိုက်သည်။ “ဒီဂိုဏ်းချုပ်ပြောချင်တဲ့စကားက ထပ်တူတစ်ခုပဲရှိတယ်၊ သံမဏိအရိုးဂိုဏ်းသားအဖြစ် တစ်ရက်နေခဲ့မယ်ဆိုရင် အဲလူက တစ်သက်လုံး သံမဏိအရိုးဂိုဏ်းသားပဲ၊ ဘယ်သူမှ သူမကို ထိခိုက်အောင် လုပ်လို့မရဘူး”

ဤအရာသည် အိမ်မက်တစ်ခုဖြစ်သည်ဆိုသော်လည်း ဂိုဏ်းချုပ်၏ စကားများသည် ရောင်မုန့်ယဉ်၏ နှလုံးသား ထဲတွင် ကဗ္ဗည်းရေးထိုးထားသလို စွဲမြဲလျက်ရှိနေ၏။ အိပ်ယာမှ နိုးထပြီးသွားခဲ့သည့်နောက်မှာတောင်မှ သူမသည် ထိုစကားလုံးများကို မေ့ပျောက်မသွားခဲ့ချေ။

ပြောရမည်ဆိုလျှင် ဂိုဏ်းချုပ်၏ ကိုယ်ရည်ကိုယ်သွေးအရဆိုလျှင် တစ်စုံတစ်ယောက် သူ၏တပည့်အား လာရောက်သတ်ဖြတ်မည်ဆိုပါက ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားမည် ဆိုလျှင်တောင်မှ အဆုံးထိ ပြန်လည်တိုက်ခိုက်သွားမည်ဖြစ်သည်။ ကံကောင်းစွာဖြင့် ဤအရာသည် အိမ်မက်တစ်ခု ဖြစ်လို့နေသည်။

ကျွင်းချောင်ရှောင်းသည် ရောင်မုန့်ယဉ်၏ ခေါင်းလေးအား အသာပွတ်သပ်ကာ ပြုံး၍ ပြောလိုက်၏။ “ကောင်မလေး … အရမ်းကြီးစဉ်းစားမနေနဲ့၊ ပြီးရင် လျှိုဝမ်ရှစ်က မင်းအတွက် အရသာရှိတဲ့ အစားအစာတွေ ချက်ပြုတ်ပေးလိမ့်မယ်”

သူအသာထကာ ထွက်ခွာသွားခဲ့၏။

အဓိကဟောခန်းသို့ ပြန်ရောက်ပြီးသည့်နောက်မှာတော့ သူသည် ကျန့်ရာနှင့် တခြားသူများကို စုစည်းကာ ပြောလိုက်၏။ “ရောင်မုန့်ယဉ်ရဲ့ သန္ဓေနတ်ဆိုးခန္ဓာကိုယ်အကြောင်းကို အပြင်ဘက်ဆီ မပေါက်ကြားစေနဲ့”

“ကောင်းပါပြီ” တပည့်များသည် အမိန့်ကို လက်ခံရရှိလိုက်ကြ၏။

လီလိုရှုမေးလိုက်၏။ “ဂိုဏ်းချုပ်၊ မြောင်ဟွာခန်းမဆီကို သွားတဲ့ ခရီးကနေ ဘာတွေရခဲ့သေးလဲ”

“ခန်းမသခင်ရှစ်က လူတွေကို ခေါ်လာပြီး ကူညီလိမ့်မယ်”

လီလိုရှု ပြုံးကာ ပြောလိုက်၏။ “ဂိုဏ်းချုပ်က တကယ့်ကို ချောမောတာပဲ၊ အဆင့်လေးဂိုဏ်းတစ်ခုကိုတောင် ဒီကိုလာအောင် ဖိတ်ခေါ်နိုင်တယ်”

ကျွင်းချောင်ရှောင်း ပြုံးကာပြောလိုက်သည်။ “ကျုပ်က အရမ်းချောမောလွန်းလို့ ခန်းမသခင်လီကိုယ်တိုင် ကျုပ်ဂိုဏ်းထဲကိုဝင်တာ မဟုတ်ဘူးလား”

“သိပ်ဟုတ်တာပေါ့”

ကျွင်းချောင်ရှောင်းသည် လက်ကိုအသာယမ်းခါ၍ စကားလမ်းကြောင်း ပြောင်းလိုက်၏။ “ကျန်းယန်နိုင်ငံရဲ့ လက်ရှိအခြေအနေက ဘယ်လိုလဲ”

အလွန်အရေးကြီးသည့် ကိစ္စရပ်များကို ဆွေးနွေးသည့်အခါမှာတော့ လီလိုရှုသည် လေးလေးနက်နက်ဖြစ်လာ၏။ “ကျန်းယန်နိုင်ငံက လက်ရှိမှာ သူတို့ရဲ့စစ်တပ်တွေကို ရွေ့လျားနေတယ်၊ ဒါပေမဲ့ ကြည့်ရတာ တခြားနိုင်ငံကို တိုက်ခိုက်ဖို့ ရည်ရွယ်ချက်တော့ ရှိတဲ့ပုံ မပေါ်သေးဘူး”

ကျွင်းချောင်ရှောင်းသည် သူ၏ ထိုင်ခုံပေါ်သို့ အသာလှမ်းကာ ထိုင်၍ ပြောလိုက်၏။ “သူတို့က ဟွာယန်နိုင်ငံနဲ့ ဟီယန်နိုင်ငံကို အခုလေးတင် အနိုင်ရရှိထားကြတာ။ ဒါပေမဲ့ အနားယူမယ့်ပုံတော့ မပေါ်ဘူး”

ရွှဲ့ရမ်ကွေ့က ပြောလိုက်၏။ “ရန်သူတွေရဲ့ တိုက်ခိုက်ရာ လမ်းကြောင်းကို ကြည့်မယ်ဆိုရင် သူတို့က အရှေ့ အနောက် နိုင်ငံတွေအားလုံးကို သိမ်းချင်တဲ့ ပုံမှာရှိတယ်၊ ပြီးတော့ ကြီးမားလှတဲ့ နိုင်ငံကြီးတစ်ခု တည်ထောင်လိမ့်မယ်”

“အခြားနိုင်ငံတွေက ငြိမ်ငြိမ်သက်သက်နဲ့ ထိုင်ပြီးတော့ ကျန်းယန်နိုင်ငံရဲ့ ကျူးကျော်မှုကို ခံနေမယ်လို့ထင်လား” ကျွင်းချောင်ရှောင်း မေးလိုက်သည်။

ရွှဲရမ်ကွေ့က ပြောလိုက်သည်။ “ကျန်းယန်နိုင်ငံက အစောကြီးကတည်းက အရေးကြီးတဲ့ စစ်တပ်အခြေအနေကို ထိန်းချုပ်ထားပြီးသား၊ တခြား နိုင်ငံတွေက ငြင်းချင်တယ်ဆိုရင်တောင်မှ ကြီးကြီးမားမား ပြန်လည်ခုခံနိုင်စရာ မရှိဘူး”

ကျွင်းချောင်ရှောင်းသည် သူ၏ ကုပ်ပိုးကို ပွတ်သပ်ကာ ပြောလိုက်သည်။ “ဒါက တကယ့်ကို ပြဿနာကြီးပဲ၊ ဒီကိစ္စကို မဖြေရှင်းပြီးသ၍ ငါတော့ အိပ်ကောင်းခြင်းမအိပ်ရ၊ စားကောင်းခြင်း မစားရ ဖြစ်တော့မှာပဲ၊ သွား ကျိရန်ကို ခေါ်လိုက်”

လုံကျိရန်သည် အဓိကဟောခန်းဆီ ရောက်ရှိလာခဲ့၏။

ပြီးနောက် ဂိုဏ်းချုပ်သည် လုံမိသားစု လုံရမ်မြို့ဆီသို့ သွား၍ အကူအညီတောင်းရန် ပြောလိုက်ချိန်မှာတော့ သူသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ “ဂိုဏ်းချုပ် … လုံရမ်မြို့ဆိုတာ မြို့လေးတစ်ခုသာသာပဲ၊ နိုင်ငံတွေရဲ့စစ်ပွဲမှာ ပါဝင်ပတ်သက်လို့ရမှာ မဟုတ်ဘူး”

“ပိုက်ဆံနဲ့ဆိုရင်တောင် မရဘူးလား”

“မရပါဘူး”

ကျွင်းချောင်ရှောင်းသည် ဆွံ့အသွား၏။ “ထားလိုက်တော့ ထားလိုက်တော့ ဒီကိစ္စကို ငါ့ဘာသာငါ ဖြေရှင်းမှဖြစ်တော့မယ်”

……....

ကျွင်းချောင်ရှောင်းသည် စိုးရိမ်ပူပန်မှုများကို ဖယ်ရှားရင်း ကျင့်ကြံခြင်းကိုသာ အာရုံစိုက်လျက်ရှိသည်။

သန္ဓေ နတ်ဆိုးခန္ဓာကိုယ်ကို အသက်ဝင်ခဲ့သော ရောင်မုန့်ယဉ်သည် ရီကျင်ကျင်း ကျင့်ကြံခြင်းနည်းစနစ်အား နားလည်စေရန် စတင်၍ ကြိုးစားနေ၏။ သူ၏ စီနီယာအစ်ကိုများသည် အကောင်းဆုံးကြိုးစား၍ သူမအား သင်ပြ ပေးနေတော့၏။

မိစ္ဆာဂိုဏ်း၏ နည်းစနစ်များအတွက် သူမအနေနှင့် ကျင့်ကြံလိုလျှင် ကျင့်ကြံနိုင်၏၊ မကျင့်ကြံလိုပါက အားစိုက်၍ အတင်းကာရော ကျင့်ကြံနေစရာ မလိုချေ။ တပည့်များ၏ နှလုံးသားသည် ဂိုဏ်းထဲတွင် ရှိနေသည်ဖြစ်သောကြောင့် သူမအနေနှင့် ခွင့်မလွှတ်နိုင်သည့်ကိစ္စရပ်များကို မပြုလုပ်သ၍ ကျွင်းချောင်ရှောင်း သည် နတ်ဆိုးလမ်းစဉ်ကိုပဲ ကျင့်ကြံကျင့်ကြံ၊ ကောင်းမွန်သည့် ကျင့်ကြံခြင်းလမ်းစဉ်ကိုပဲ ကျင့်ကြံကျင့်ကြံ ဂရုစိုက်နေမည် မဟုတ်ချေ။

ကျန့်ရာမှာတော့ အရင်တုန်းက မိစ္ဆာဂိုဏ်း၏ သိုင်းနည်းစနစ်များကို ကျင့်ကြံခဲ့ဖူး၏။ ထို့ကြောင့် ရောင်မုန့်ယဉ်အား အနည်းငယ် ညွှန်ကြား ပြသပေးနိုင်၏။ အတိုချုပ်ပြောရမည်ဆိုလျှင် သန္ဓေနတ်ဆိုးခန္ဓာကိုယ်ကို အသက်ဝင်ခဲ့သော ဤမိန်းကလေးသည် သံမဏိအရိုးဂိုဏ်းမှ လူများအားလုံး၏ နှလုံးသားထဲမှ ပုလဲလုံးလေးကဲ့သို့ပင် ချစ်မြတ်နိုး ခံရသူ ဖြစ်လာ၏။

အခြားတစ်ဖက်မှာတော့ သနားစရာကောင်းလှသော နောက်ဆုံးတပည့်ဖြစ်သော ဟယ်ဝူတီမှာတော့ မိမိဘာသာ မိမိ ကြိုးစား၍ ကျင့်ကြံနေရ၏။ တစ်ခါတစ်ရံ သူ၏ မျက်နှာအား ဘောလုံးဖြင့် ကန်ခြင်းကိုလည်း ခံရသေးသည်။

သို့ပေမဲ့ ၎င်း၏ ပင်ကိုယ်စွမ်းရည်သည် အလွန်တရာ အားကောင်းလှ၏။ ဂိုဏ်းထဲသို့ လေးကြိမ်မြောက် ရောက်ရှိလာပြီး ပြန်လည်ကျင့်ကြံပြီးသည့်နောက်မှာတော့ သူသည် ရက်အနည်းငယ်အတွင်း သိုင်းတပည့်အဆင့်ကို ချိုးဖြတ် ရောက်ရှိခဲ့၏။

သူ၏ အမြန်နှုန်းသည် ဆထက်ထမ်းပိုး ပိုမို၍ မြန်ဆန်လာတော့သည်။ ရီကျင်ကျင်း ကျင့်ကြံခြင်းနည်းစနစ်ကို နားလည်ပြီးသည့် နောက် ဟယ်ဝူတီသည် သံမဏိအရိုးဂိုဏ်း၏ များပြားလှသော ကျင့်ကြံခြင်းနည်းစနစ်များကို စတင်၍ ကျင့်ကြံ တော့သည်။ သူစိတ်ထဲမှာ ကြိတ်ကာ ရေရွတ်မိ၏။ “ဒီသိုင်းနည်းစနစ်တွေက သာမန်ပုံစံပေါ်ပေမယ့် အားလုံးက သာမန်ထက်ပိုတဲ့ သိုင်းနည်းစနစ်တွေကြီးပဲ၊ သက်တန့်ရောင်သူတော်စင် မွေးဖွားခဲ့တဲ့နေရာ ပီသပါပေတယ်”

ရီချင်းရှန်မှာတော့ ကျွင်းချောင်ရှောင်းအား အထက်နယ်မြေမှလာကြောင်း ယုံကြည်ထား၏။ ဟယ်ဝူတီသည် မှာတော့ သံမဏိအရိုးဂိုဏ်းသည် သက်တန့်ရောင်သူတော်စင်နှင့် ပတ်သက်နေသည်ဟု ယုံကြည်ထားမိ၏။

..........

မျက်စိတမှိတ်အတွင်း လဝက်သည် အချိန်ကုန်လွန်သွားခဲ့၏။ လီချင်းချင်း၊ ရှောင်ကျီနှင့် တခြားသော တပည့်များ အားလုံးသည် များပြားလှသော စိတ်ဝိညာဉ်ကျောက်တုံးများ၊ စိတ်ဝိညာဉ်စုစည်းခြင်းအစီအရင်တို့ကို အားကိုးပြီး သိုင်းစစ်သူကြီး ပထမအဆင့်မှသည် အဆင့်လေးဆီသို့ တိုးတက်ရောက်ရှိသွားကြ၏။ ၎င်းတို့၏ တိုးတက်မှုမှာ အံ့မခန်းပင်ဖြစ်တော့သည်။

ကျန်သည့်တပည့်များမှာတော့ သိုင်းဆရာအဆင့်သို့ တိုးတက်လာ၏။ ၎င်းတို့၏ ကျင့်ကြံခြင်း အဆင့်သည်လည်း မြန်ဆန်လွန်းလှ၏။ ဥပမာအားဖြင့် လီထျန်းထျန်း၊ စီမာကျုံးတနှင့် တခြားသူများပင် ဖြစ်တော့သည်။ ၎င်းတို့၏ ပင်ကိုယ်စွမ်းရည်သည် မြင့်မားလှသည် မဟုတ်သော်လည်း များပြားလှသည့် အရင်းအမြစ်များကို မှီခိုသောကြောင့် သိုင်းဆရာထိပ်ဆုံးအဆင့်သို့ ရောက်ရှိလာကြတော့၏။

အားလုံးသည် စမ်းသပ်မှုမျှော်စင် တတိယထပ်တွင် အသားကျအောင် နေထိုင်ပြီးပြီ ဖြစ်သောကြောင့် ဒန်ထျန်ထဲရှိ စိတ်ဝိညာဉ်များသည် သန့်စင်ပြီး ဖြစ်နေကြ၏။ ထို့ကြောင့် လီချင်းယန်နှင့် တခြားသူများထက် ပိုမို၍ သိုင်းစစ်သူကြီးအဆင့်သို့ ရောက်ရှိရန် လွယ်ကူနေလိမ့်မည်။

သက်ကြီးများ၏ စိုက်ပျိုးသြံမဏိအရိုး ဂိုဏ်းသည် များပြားလှသော အရင်းအမြစ်များသည် ပြည့်စုံစွာ တည်ရှိနေ၏။ နောက်ပိုင်းမှဂိုဏ်းသို့ ဝင်ရောက်ခဲ့ သော တပည့်များသည် အရှေ့မှဝင်ရောက်ခဲ့သောတပည့်များထက် ကျင့်ကြံခြင်း မှာ ပိုမို မြန်ဆန် နေကြ၏။

လဝက်အတွင်းမှာတော့ ဟယ်ဝူတီသည် ၎င်း၏ခန္ဓာကိုယ်ကို ပိုမိုသန့်စင်စေရန် ကြွက်သားတည်ဆောက်ခြင်း အခန်းထဲသို့ စတင်ဝင်ရောက်တော့၏။ ပထမအကြိမ်မှာတော့သူသည် နာရီအနည်းငယ်အကြာ နှိပ်စက်ခံပြီးသည့် နောက်မှာတော့ အသက်ရှင်ချင်စိတ်မရှိတော့ဘဲ လှေကားထစ်တွင် ထိုင်နေမိ၏။ နောက်တစ်ရက်မှာတော့ ခန္ဓာကိုယ် တစ်ခုလုံး လန်းဆန်းမှုကို ခံစားမိသည့်နောက် ပင်ပန်းနွမ်းနယ်မှု မရှိတော့ဘဲ ကြွက်သားတည်ဆောက် ခြင်းခန်းမထဲသို့ အစဉ်မပြတ်ဝင်လျက် ရှိနေတော့သည်။

တခြားသောတပည့်များဖြစ်သော တောက်ယွမ်မှာတော့ သံမဏိအရိုးဂိုဏ်းနှင့် တသားတည်း ဖြစ်လာ၏။ သူသည် ကျင့်ကြံခြင်းထက် ရွှဲရမ်ကွေ့နှင့်အတူ စစ်ပွဲ၏ အတတ်ပညာများကို လေ့လာခြင်းမှာ ပိုမိုအားသန်နေ၏။

“ဟောခန်းသခင်ရွှဲ”

သူသည်လက်သီးကိုဆုပ်ကာ ပြောလိုက်၏။ “ခင်ဗျားက အရှေ့တောင်ရန်ကျူးက စစ်တပ်တစ်ခုကို ဦးဆောင်မယ်ဆိုရင် ဘယ်သူမှ ခင်ဗျားကို နိုင်မှာ မဟုတ်ဘူး”

.............

တပည့်များ အားလုံးသည် တိုးတက်နေကြ၏။ သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်းသည် မျက်မှောင်ကုတ်မိနေသည်။ အဘယ်ကြောင့်ဆိုသော် သူသည် လဝက်လောက် ကျင့်ကြံခဲ့ပြီဖြစ်၏။ သူသည် စိတ်ဝိညာဉ်ကျောက်တုံး တော်တော်များများနှင့် ဆေးလုံးများကို အသုံးပြုခဲ့သည်ဆိုသော်လည်း သူ၏အဆင့်ကို မချိုးဖြတ်နိုင်ခဲ့ချေ။

စနစ်ကပြောလိုက်သည်။ “လက်ခံသူက ဓားနဲ့သိုင်းဘုရင်လေ၊ ဒန်ထျန်ထဲမှာလည်း စိတ်ဝိညာဉ်အမြူတေနှစ်ခုရှိတယ်၊။ဒီတော့ သာမန် သိုင်းဘုရင်ထက်ပိုပြီး အဆင့်ချိုးဖြတ်ရတာ အဆပေါင်းများစွာ ခက်ခဲလိမ့်မယ်”

ချီးတဲ့မှ

ကျွင်းချောင်ရှောင်းဆွံ့အသွားမိသည်။ “ဒါကြီးက နှစ်ဆပင်ပန်းတာပေါ့”

“ဂိုဏ်းချုပ်”

လီချင်းယန်သည် အလောတကြီးဖြင့် သတင်းပို့လာ၏။ “မြောင်ဟွာခန်းမသခင်က တပည့်တွေနဲ့အတူ ရောက်လာပြီ”

“ရောက်လာပြီလား”

ကျွင်းချောင်ရှောင်းသည် အပြင်ဘက်သို့ထွက်၍ ကိုယ်တိုင်ကိုယ်ကျ ကြိုဆိုလိုက်တော့သည်။ သူသည် အားတက် သရောဖြင့် ရှစ်ကျန်းရွှမ်အား လက်ဆွဲနှုတ်ဆက်ရန် ပြင်လိုက်၏။ သို့ပေမဲ့ ကျန်းစွန်းဖန်းဟွာနှင့် လန့်ရှင်းရွှဲတို့၏ အေးစက်သည့်မျက်နှာကို မြင်တော့ အသာလက်ကို ပြန်ရုတ်လိုက်မိ၏။ သူပြုံးကာပြောလိုက်သည်။ “ခန်းမသခင်ရှစ်၊ ကျေးဇူးပြုပြီးကြွပါ”

All Chapters