အခန်း (၄၈၀)
Vol. 33 Ch. 480
ဒင်
“လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ၂၀၀၀ အား အသုံးပြုပြီး မှော်ပညာဖြင့် အဆင့်မြှင့်တင်ထားသော အမြှောက်အား ဝယ်ယူခဲ့သည်။ ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ပို့ဆောင်ပြီးပါပြီ။”
ဒင်
“ဂိုဏ်းစုဆောင်းမှတ် ၂၅၄၄/၅၀၀၀”
အတွေးတစ်ချက်နှင့်ပင် ကျွင်းချောင်ရှောင်းသည် သူဝယ်ယူထားသော အမြှောက်ကြီးအား ဆင့်ခေါ်လိုက်သည်။
အမြှောက်၏ ပြောင်းဝမှာ အလွန်တရာ ရှည်လျားလှပြီး အနောက်ဘက်မှာတော့ ဘီးကြီးနှစ်ခု ပါဝင်နေသည်။ အမြှောက်ကြီး၏ ဖင်သည် မြေပြင်နှင့် ထိကပ်လုနီးပါးဖြစ်နေပြီး ပြန်ကန်လာနိုင်သည့် အရှိန်နှုန်းအား လျှော့ကျသွားစေရန် ပြုလုပ်ထားခြင်း ဖြစ်ပုံပေါ်၏။
ဤမှော်ပညာဖြင့် အဆင့်မြှင့်တင်ထားသော အမြှောက်ကြီး၏ပုံစံသည် ပထမကမ္ဘာစစ် ရုပ်ရှင်ကားများထဲတွင် တွေ့ရသော ပုံစံနှင့် တစ်ပုံစံတည်းပင် ဖြစ်နေတော့သည်။
အမြှောက်၏ အောက်ခြေများတွင်တော့ လက်သီးဆုပ်အရွယ် အမြှောင်းကြီး ရှိနေပြီး ထိုနေရာတွင် အမြှောက်ကျည်ဆံထည့်ရသည့် နေရာဖြစ်ပုံပေါ်၏။
ဝှစ်။
ကျွင်းချောင်ရှောင်းသည် အဆင့်မြင့် သလင်းအမြုတေတစ်ခုကို ထုတ်ယူပြီး ထိုအမြှောင်းထဲမှတစ်ဆင့် စွမ်းအင်များကို ထည့်သွင်းလိုက်တော့သည်။ အမဲရောင် အမြှောက်ဆံကြီးသည် ချက်ချင်းဆိုသလိုပဲ လင်းလက်လာ၏။
သို့ပေမဲ့ စွမ်းအင်များ ထည့်သွင်းပြီးသည့်နောက်မှာတော့ အမြှောက်ဆံသည် သုံးပုံတစ်ပုံလောက်သာ လင်းလက်နေသည်။
"ချီးတဲ့မှ"
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ရင်သွား၏။ အမြှောက်ဆံတစ်ခု ဖြစ်ဖို့ အတွက်ဆိုလျှင် အဆင့်မြင့် သလင်းအမြုတေ သုံးခုတောင် လိုအပ်နေလိမ့်မည်။
"တိုက်ခိုက်မှုစွမ်းရည် ပိုပြီး အားကောင်းလေ စွမ်းအင် ကုန်ဆုံးတာလည်း များပြားလေဖြစ်သည်။" စနစ်က ပြောလိုက်သည်။
"ကောင်းပြီ"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ငါ့ကို စိတ်မပျက်စေဖို့ မျှော်လင့်မိတယ်"
သူသည် အဆင့်မြင့် သလင်းအမြုတေနှစ်ခုကို ထုတ်ယူပြီး အားလုံးကို ထည့်သွင်းလိုက်တော့၏။
အမြှောက်၏ ပြောင်းထဲမှာတော့ အမြှောက်ဆံနှစ်ခု ပေါ်နေသည်။ ဆိုလိုသည်မှာ အထဲတွင် အမြှောက်ဆံနှစ်ခု ရှိနေသည်ဆိုသည့် အဓိပ္ပါယ်ပင် ဖြစ်တော့သည်။
ကျွင်းချောင်ရှောင်းသည် အားအင်အဆင့်အား အလွန်အမင်း စမ်းသပ်ချင်စိတ်ပေါက်နေ၏။
သူသည် ချက်ချင်းဆိုသလိုပဲ ရှောင်ကျီနှင့် တစ်ခြားသူများကို ခေါ်ယူပြီး တောင်၏ အနောက်ဘက်ဆီသို့ တွန်းသွားလိုက်တော့သည်။
ရှောင်ကျီ တို့သည် ကြီးမားလှသော သေနတ်ကြီးကို မြင်ရချိန်မှာတော့ အလွန်တရာ စမ်းသပ်ချင်စိတ်ပေါက်နေကြသည်။
"ဂိုဏ်းချုပ်"
ရှောင်ကျီသည် အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။ "ဒါ သေနတ်ကြီးလား"
"ကောင်ကင်ဘုံ"
စုရှောင်မိုသည်လည်း ရောက်ရှိလာသည်။ သူသည် အမြှောက်၏ နားသို့ လျှောက်သွားပြီး အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ "ပြောင်းကြီးကလည်း အကြီးကြီးပဲ။ ထွက်လာမယ့် အားအင်က ကြောက်ခမန်းလိလိ ဖြစ်လိမ့်မယ်။"
ကျွင်းချောင်ရှောင်းသည် သေချာစစ်ဆေးပြီးသည့်နောက်မှာတော့ အဝေးတစ်နေရာရှိ တောင်ငယ်လေးတစ်ခုကို သေချာလှမ်းချိန်လိုက်သည်။ ပြီးနောက် လက်ခုပ်တီးကာ ပြောလိုက်၏။ "ပစ်ကြည့်တဲ့ အခါကျမှပဲ သိမှာပဲ"
"တပည့် လုပ်လို့ရလား" စုရှောင်မို၏ မျက်လုံးများသည် လင်းလက်နေ၏။
"ကောင်းပြီ" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
စုရှောင်မို သည် ပျော်ရွှင်စွာဖြင့် အသာလျှောက်လှမ်းသွားသည်။ ပြီးနောက် အမြှောက်ကြီး၏ ရှေ့နားတွင် အသာရပ်ကာ မေးလိုက်၏။ "ဂိုဏ်းချုပ် … ဒါကို ဘယ်လို သုံးရမှာလဲ"
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အနီရောင် ခလုတ်ကြီးကို နှိပ်လိုက်ရုံပဲ"
ပြောပြီးသည့်နောက်မှာတော့ သူသည် အတွေ့အကြုံ ရင့်ကျက်လှသော ဂိုဏ်းချုပ်ပီသစွာဖြင့် မီတာ တစ်ရာ အနောက်ဆီသို့ လှမ်းဆုတ်ပြီး ဖြစ်နေသည်။
သစ်ပင်ပေါ်သို့ အကြိမ်ပေါင်းများစွာ ချိတ်ခံပြီး ဖြစ်သော ရှောင်ကျီမှာလည်း အစောကြီးကတည်းက သိရှိပြီးဖြစ်နေ၏။ ထို့ကြောင့် ခပ်ဝေးဝေးဆီသို့ အသာရှောင်ရှားလိုက်၏။
စုရှောင်မိုသည်မှာတော့ အပျော်လွန်ဖြစ်နေသည်မို့ ထိုအရာများကို ဂရုမစိုက်နိုင်ခဲ့ပေ။ သူ၏ လက်များကို အသာပွတ်သတ်၍ အနီရောင် ခလုတ်အား အသာ နှိပ်ချလိုက်တော့သည်။
ဘုန်း …. ဘုန်း
တိတ်ဆိတ်ငြိမ်သက်နေသော သံမဏိအရိုးဂိုဏ်းထဲတွင်တော့ နားကွဲလှအောင် ကျယ်လောင်လှသော အသံတစ်ခုသည် ထွက်ပေါ်လာ၏။
မြေပြင်နှင့် အဆောက်အဦ များမှာလည်း တုန်ခါသွား၏။
အသံမှာ ကျယ်လောင်လွန်းသောကြောင့် အဝေးတစ်နေရာတွင် ရှိနေသော ငှက်များပင်လျှင် ထိတ်လန့်တကြားနှင့် မြေပြင်ပေါ်သို့ ကျလာသည်။တိရစ္ဆာန်များအားလုံးသည် ကြောက်လန့်တကြားနှင့် ခြေဦးတည့်ရာဆီသို့ ထွက်ပြေးကုန်ကြသည်။
"ဘာတွေ ဖြစ်ကုန်တာလဲ"
ကျယ်လောင်သော အသံကြီးသည် တောင်၏ နောက်ဘက်ဆီမှ ထွက်ပေါ်လာသည်ကို သိရှိပြီးသည့်နောက်တွင်တော့ တပည့်များအားလုံးသည် ထိတ်လန့်တကြားဖြင့် ပြေးလာကြတော့၏။
သူတို့သည် အဝေးတစ်နေရာရှိ အဖြူရောင်အငွေ့များ ထွက်ပေါ်ရာ နေရာတစ်ခုကို မြင်လိုက်ရသည်။
"သွားကြမယ် … သွားကြည့်ကြစို့" အားလုံးသည် တောင်အနောက်ဘက်ဆီသို့ ပြေးလာကြ၏။
သူတို့ ဝင်ရောက်လိုက်ချိန်မှာတော့ အငွေ့များ အများအပြား ထွက်ပေါ်နေသော အမြှောက်ကြီးတစ်လက်ကို မြင်လိုက်ကြသည်။
ဂိုဏ်းချုပ်နှင့် စီနီယာအစ်ကိုရှောင်တို့သည် အဝေးတစ်နေရာတွင် မတ်တပ်ရပ်နေကြသည်။
နှစ်ယောက်သားသည် အူကြောင်ကြောင်ဖြစ်နေကြပြီး အမြှောက်ဆီမှ ထွက်ပေါ်လာသော အသံကြီးသည် အလွန်တရာ ကျယ်လောက်လှသောကြောင့် သူတို့၏ နားများသည် အူလျက်ရှိနေ၏။
တစ်စုံတစ်ယောက်က ထအော်လိုက်၏။ "စီနီယာအစ်ကိုစု… မြေပေါ်မှာ လဲနေပြီ"
စုရှောင်မိုသည် မြေပြင်ပေါ်တွင် လဲလျက်ရှိနေသည်။
သူ၏ ပါးစပ်ထဲမှ အဖြူရောင် အမြုပ်များသည် ထွက်ပေါ်လျက်ရှိပြီး ခန္ဓာကိုယ် တစ်ခုလုံးသည် တွန့်လိမ် လျက်ရှိ၏။
သူသည် အပျော်လွန်သောကြောင့် လက်ကမြင်းခဲ့ခြင်းပင်။ လက်ရှိအခြေအနေမှာတော့ အလွန်တရာ ဆိုးရွားသည့် အခြေအနေသို့ ကျရောက်သွားခဲ့တော့သည်။
"မြန်မြန် မြန်မြန် …. သူ့ကို ဆေးခန်းမဆောင်ဆီကို ခေါ်မှ ဖြစ်မယ်"
တပည့်များအားလုံးသည် သူတို့၏ စီနီယာအစ်ကိုစုအား ချီမ၍ ဆေးခန်းမဆောင်ဆီသို့ ပြေးကြတော့သည်။
"ဂိုဏ်းချုပ်"
လီချင်းယန်၏ နှုတ်ခမ်းများသည် တုန်ရင်နေ၏။
"ဂျူနီယာညီလေးစု ... ဘာဖြစ်တာလဲ။"
အမြှောက်၏ အသံကြောင့် နားတွေ အူလျက်ရှိသော ကျွင်းချောင်ရှောင်းမှာတော့ သူ၏ခေါင်းကို အသာစောင်းကာ ပြောလိုက်သည်။ "မင်းဘာတွေပြောနေတာလဲ"
သူသည် အလွန်တရာ ပြင်းထန်လှသော အသံကျယ်ကြီးကြောင့် နားကန်းလုမတတ်ဖြစ်နေသည်။ သူတင် မဟုတ်ပေ။ရှောင်ကျီသည်လည်း ဘာမှ မကြားရချေ။
ထိုအခြေအနေသည် နေ့ဝက်လောက်ကြာမြင့်ခဲ့၏။
တပည့်များအားလုံးသည် သူတို့နှစ်ယောက်နှင့် စကားပြောချိန်တွင် ကျယ်လောင်စွာ အော်ဟစ်၍ ပြောဆိုနေရသောကြောင့် အသံတွေပင် ဝင်ကုန်ကြသည်။
ဟုတ်ပေသည်။
အမြှောက်ကြီး၏ အားအင်အဆင့်သည် အလွန်တရာ ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။
မီတာလေးဆယ် အကွာအဝေးတွင် ရှိနေသော တောင်သေးလေးတစ်ခုလုံးသည် အပိုင်းပိုင်း ဖြစ်သွားရုံသာမက ြ မီတာတစ်ရာလောက်ရှိသော ကြီးမားလှသည့် တွင်းကြီးတစ်ခုလည်း ဖြစ်ပေါ်ခဲ့သည်။
ဤအမြှောက်၏ အားအင်သည် မည်သည့်အရာနှင့် နှိုင်းယှဉ်ရမည်နည်း။
လိုက်ဒုံးကျည် တစ်ခုနှင့်ပင် နှိုင်းယှဉ်၍ ရနေပြီဖြစ်သည်။
ကျွင်းချောင်ရှောင်းသည် နားများ ပြန်လည်ကောင်းမွန်သွားချိန်မှာတော့ ထိုတွင်းကြီးနားဆီသို့ သွား၍ မတ်တပ်ရပ်ကာ ပြောလိုက်သည်။ "ငါ ဘာလို့ ကျန်းယန်နိုင်ငံကို ကြောက်နေရမှာလဲ"
သူသည် ဤသေနတ်ကြီးနှင့် ပစ်ခတ်နိုင်ပြီဆိုပါက ကျန်းယန်နိုင်ငံ၏ စစ်တပ်တစ်ခုလုံးကို သေးထွက်သည်အထိ ထိတ်လန့်ကြောက်ရွံ့အောင် ပြုလုပ်နိုင်စွမ်းရှိပြီဟု ယုံကြည်မိ၏။
ဤအမြှောက်ကြီးသည် အလွန်တရာ အားကောင်းလွန်းလှ၏။
သို့ပေမဲ့ အားနည်းချက်မှာလည်း ရှိနေသည်။ အလွန်တရာ အသံကျယ်လောင်ခြင်းပင် ဖြစ်သည်။
မြို့ထဲတွင်ဤအမြှောက်ကြီးကို ပစ်ခတ်မည်ဆိုပါက ကျင့်ကြံခြင်းအဆင့် လုံးဝမရှိသော သာမာန်သူများသည် သွေးအန်ကုန်ပေလိမ့်မည်။
"ဒါကို မလိုအပ်ဘဲ မသုံးတာ အကောင်းဆုံး ဖြစ်လိမ့်မယ်။" ကျွင်းချောင်ရှောင်း တီးတိုး ရေရွတ်လိုက်မိ၏။
ဤအမြှောက်ကြီး၏ အလွန်တရာ ပြင်းထန်လှသော အားအင်ကို မြင်ပြီးသည့် နောက်မှာတော့ မူလအားဖြင့် ကျန်းယန်နိုင်ငံနှင့် ပတ်သက်၍ စိုးရိမ်ပူပန်လျက်ရှိသော ဂိုဏ်းချုပ်ကျွင်းသည် စိုးရိမ်ထိတ်လန့်စိတ် သိပ်မရှိတော့ပေ။
သူ့တွင် ဤအီတလီအမြှောက်ကြီး ရှိနေပြီဆိုမှတော့ ဘာကို ကြောက်နေရမည်နည်း။
ပုံမှန်ကျင့်ကြံခြင်း အစီအစဉ်အတိုင်း ကျင့်ကြံပြီးသည့် နောက်မှာတော့ သူသည် စာကြည့်ခန်းထဲသို့ ပြန်လည်ရောက်ရှိလာသည်။
နဂါးလေးသည်မှာတော့ အိပ်လျက်ရှိနေတုန်းပင်။ ဤအကောင်လေးသည် ဒုတိယအကြိမ်မြောက် ဆောင်းခိုနေခြင်းဖြစ်ကြောင်း သေချာသွားခဲ့သည်။
"ဒီတစ်ခါ ပြန်ပြီး နိုးလာရင် ဘာတွေ ပြောင်းလဲသွားမှာတုန်း သိချင်လိုက်တာ"
ပထမအကြိမ်တုန်းက ဆောင်းခိုပြီးနောက်မှာတော့ နဂါးလေး၏ ခန္ဓာကိုယ်သည် ပိုမို ကြီးထွားလာသည်။ ပြီးနောက် တိုက်ပွဲဝင်ပုံစံကို အသက်သွင်းနိုင်ပြီး သိုင်းဘုရင်အဆင့်နှစ် ကျန့်ရာကိုပင် ပြန်လည်တိုက်ခိုက်နိုင်စွမ်း ရှိခဲ့၏။
ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် နဂါးလေး၏ ဒုတိယအကြိမ် အသက်ဝင်လာမည့် ဟန်ပန်ကို မျှော်လင့်မိနေ၏။
သူသည် စတိုးအား ထပ်မံ၍ ဖွင့်ကြည့်နေသည်။ ဤတစ်ကြိမ်မှာတော့ သူ၏ ကံသည် မကောင်းလှချေ။
အီတလီအမြှောက်မှလွဲ၍ တစ်ခြား မည်သည့် အသုံးဝင်သည့်အရာ တစ်ခုမှ မရှိခဲ့ပေ။ မည်သည့်သိုင်းနည်းစနစ် ပစ္စည်းတစ်ခုမှလည်း မရှိပေ။
စနစ်သည် ဆွံ့အသွား၏။ "ကျန်းယန်နိုင်ငံရဲ့ စစ်တပ်ကို တိုက်ခိုက်ဖို့အတွက် အကူအညီပေးနိုင်တဲ့ အမြှောက်ကြီးတစ်ခုလုံး ရနေပြီလေ။ဒါကို ကံဆိုးတယ်လို့ စဉ်းစားနေသေးတာလား"
ကျွင်းချောင်ရှောင်းသည် စနစ်ကို လျစ်လျူရှု၍ ဆက်လက် ကြည့်ရှုလိုက်သည်။
ပထမဦးဆုံး ပစ္စည်းတစ်ခုဆီသို့ အကြည့်ရောက်သွားချိန်မှာတော့ သူ၏ မျက်လုံးများသည် လက်လက်သွား၏။
ထိုအရာသည် စကြာဝဠာအိတ်ဟု ရေးသားထားသော အိတ်လေးတစ်လုံးပင် ဖြစ်တော့သည်။
အသေးစိတ်အား သူ ထောက်ကြည့်လိုက်၏။
"စကြာဝဠာအိတ်"
ဖော်ပြချက် - အထူးဆင့်ခေါ်ခြင်း ရတနာဖြစ်၏။
အထဲတွင် စိတ်ဝိညာဉ်ပဲစေ့များရှိပြီး ထိုအရာကို အသုံးပြုလိုက်ပြီဆိုပါက ပဲစေ့များအားလုံးသည် စစ်သားတစ်ယောက်ကဲ့သို့ ပြောင်းလဲနိုင်၏။
အကျိုးကျေးဇူး- အိတ်တစ်ခုထဲတွင် စိတ်ဝိညာဉ်ပဲစေ့ တစ်သိန်းကို ထားနိုင်သည်။
ထိုပဲစေ့များသည် စစ်သားအဖြစ် အသွင်ပြောင်းနိုင်ရုံသာမက ပြုတ်၍၊ ကြော်၍ ၊ ချက်၍၊ နှပ်၍ မည်သည့် နည်းလမ်းနှင့် မဆို စားသုံး၍ ရနိုင်ပြီး အရသာမှာ အလွန်ကောင်းမွန်လှ၏။ ၊
အကျိုးသက်ရောက်မှု - စိတ်ဝိညာဉ်ပဲစေ့များသည် စစ်သားများ အဖြစ်သို့ အသွင်ပြောင်းနိုင်၏။ သို့ပေမဲ့ ထို စစ်သားတစ်ယောက် သေဆုံးမည်ဆိုလျှင် စိတ်ဝိညာဉ် ပဲစေ့တစ်ခု လျော့ကျသွားမှာ ဖြစ်သည်။
ဈေးနှုန်း - ဂိုဏ်းစုဆောင်းမှတ် ၁၀၀၀
အဆင့် - သူတော်စင်အဆင့် အဆင့်မြင့်
ကျွင်းချောင်ရှောင်း အံ့အားတသင့်ဖြင့် ပြောလိုက်သည်။
"ဒီလောက်ကောင်းတဲ့ ပစ္စည်းလည်း ရှိတာလား။ဒီအရာက တော်တော်ကောင်းတဲ့ ပစ္စည်းလို့”
စနစ်က ပြောလိုက်သည်။ "ပြောရမယ်ဆိုရင် ဒါက လက်ခံသူရဲ့ လက်ရှိ ဖြစ်ပျက်နေတဲ့ အခြေအနေအတွက် အထူးပြုလုပ်ပြီး ပေးထားတာလို့တောင် သံသယဝင်မိတယ်။"
ကျွင်းချောင်ရှောင်း၏ အဓိက ပြဿနာသည် ကျန်းယန်နိုင်ငံနှင့် အဆင့်လေး ဂိုဏ်းနှစ်ခုကို ဖြေရှင်းရန်ပင် ဖြစ်သည်။
ရှစ်ကျန်းရွှမ်သည် အဆင့်လေးဂိုဏ်းနှစ်ခုကို ဖြေရှင်းပေး၏။ သို့ပေမဲ့ ကျန်းယန်နိုင်ငံ၏ စစ်တပ်အား ရင်ဆိုင်ရန် မဖြစ်နိုင်ချေ။
လက်ရှိအခြေအနေတွင်မှာတော့ အမြှောက်ကြီးတစ်ခုကို ရရှိခဲ့ရုံသာမက စကြာဝဠာအိတ်ဟုခေါ်သော အရာကိုလည်း ရရှိခဲ့သည်။
ထို့ကြောင့် ကျန်းယန်နိုင်ငံနှင့် တိုက်ပွဲတွင် သူသည် ထိုအရာများကို ကျိန်းသေပေါက် အသုံးပြုနိုင်မည် ဖြစ်သည်။
ဖော်ပြချက်တွင် စိတ်ဝိညာဉ်ပဲစေ့များသည် များပြားလှသော နည်းလမ်းများနှင့် စားသုံးနိုင်သည်ဟုဆိုသော်လည်း ထိုကဲ့သို့ စားသုံးသူသည် ဦးနှောက်ကို မြင်းကန် ခံထားရသူသာ ဖြစ်ပေလိမ့်မည်။
"ဝယ်မယ်"
ဂိုဏ်းချုပ်ကျွင်းသည် ဂိုဏ်းစုဆောင်းမှတ် တစ်ထောင်အား အသုံးပြု၍ စကြာဝဠာအိတ်အား ဝယ်ယူလိုက်သည်။
ပြီးနောက် သူသည် စတိုးကို ဖွင့်၍ ဂိုဏ်းစုဆောင်းမှတ် ၅၀၀ အား အသုံးပြု၍ AK 47 များအား ထပ်မံ ဝယ်ယူလိုက်၏။
အဆင့်မြင့်ကျွမ်းကျင်သူများကို ရင်ဆိုင်ဖို့အတွက် သေနတ်သည် အကျိုးသက်ရောက်မှု မရှိသော်လည်း တပည့်များကို တပ်ဆင်ပေးထားပါက ကျန်းယန်စစ်တပ်ကို ရင်ဆိုင်ဖို့ အလွန်တရာ လွယ်ကူသွားပေလိမ့်မည်။
"ငါ့မှာ ဂိုဏ်းစုဆောင်းမှတ်တွေ မရှိတော့ဘူး"
လက်ကျန် ဂိုဏ်းစုဆောင်းမှတ်များကို ကြည့်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် အလွန်တရာ စိတ်ဓာတ်ကျသည့် ခံစားချက်များကို ရရှိနေ၏။ သူသည် ငမွဲ တစ်ယောက်လိုပင်။