အခန်း (၄၈၁)
Vol. 33 Ch. 481
စကြဝဠာအိတ်ကို ဝယ်ယူပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ထုတ်ကြည့်လိုက်၏။ ဤအရာသည် သိုလှောင်လက်စွပ်နှင့် ဆင်တူလှသည်။ အတွင်းတွင်တော့ တည်နေရာစွမ်းအင်များ တည်ရှိနေသော တည်နေရာ တစ်ခုရှိလို့နေသည်။ ထိုတည်နေရာထဲမှာတော့ လက်သည်းခွံအရွယ်အစားရှိသော စိတ်ဝိညာဉ်ပဲစေ့ အများ အပြား ရှိလို့နေသည်။
“ဒါတွေကို စားလို့ရတယ် ဟုတ်လား”
သူသည်ပဲစေ့တစ်စေ့ကို ထုတ်ယူကာ ကြည့်လိုက်၏။ ပဲစေ့ထဲတွင် ရှိနေသော စိတ်ဝိညာဉ်စွမ်းအင်များ၏ အလွန်တရာများပြားမှုကို အာရုံခံပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် အံ့အားသင့်မှု များနှင့် ပြည့်နှက်သွားတော့သည်။
စိတ်ဝိညာဉ်ပဲစေ့များမှာ အခုတစ်သိန်းသာလျှင်ရှိ၏။ တစ်ခုလောက် လျှော့သွားလျှင် ဘာမှမဖြစ်နိုင်ဟု ဆိုသော်လည်း ကျွင်းချောင်ရှောင်းသည် ထိုအရာအား စားဖို့တော့ အစီအစဉ် လုံးဝမရှိပေ။
စနစ်မှပြောလိုက်၏။ “ချက်ပြီးစားမယ်ဆိုရင် တော်တော်ကောင်းတဲ့ အကျိုးကျေးဇူးတွေ ရမယ်ထင်တယ်”
ကျွင်းချောင်ရှောင်းရဲ့ မျက်လုံးများသည် ချာချာလည်သွား၏။ “ဘာလို့ချက်စားရမှာလဲ၊ ဒါကသုံးလို့ရပါတယ်ဆိုနေ”
သူ၏အမြင်အရဆိုလျှင် ကျန်းယန်နိုင်ငံသည် စစ်တပ်ကြီးတစ်ခုကို ဦးဆောင်၍ ရောက်ရှိလာသည်။ သူသည် ပဲစေ့များကို အသုံးပြု၍ စစ်သားများကို ဆင့်ခေါ်နိုင်မည်ဆိုပါက အဆုံးထိ ထိုသူများကို တိုက်ခိုက်၍ ရနိုင်သည်။ သို့ပေမဲ့ ပဲစေ့များမှ ဖန်တီးထားသော စစ်သားများသည် မည်မျှအားကောင်းကြောင်း သူမသိချေ။
ကျွင်းချောင်ရှောင်းသည် သံချပ်ကာဝံပုလွေတပ်၏ လေ့ကျင့်ရေးတည်နေရာဆီသို့ သွားလိုက်၏။ ပြီးနောက် တောင်ထိပ်တွင် မတ်တပ်ရပ်ကာ စကြာဝဠာအိတ်ကို ထုတ်ယူလိုက်၏။
“ဂိုဏ်းချုပ်၊ ဘာလုပ်နေတာလဲ”
သံချပ်ကာဝံပုလွေတပ်မှ အဖွဲ့ဝင်များသည် ဇဝေဇဝါဖြင့် မော့ကြည့်လိုက်ကြသည်။
“သူ ငါတို့လေ့ကျင့်တာကို လာပြီး စစ်ဆေးတာလား၊ အားလုံးပဲ ကောင်းကောင်းကြိုးစားကြပါ၊ ဂိုဏ်းချုပ်ကို စိတ်မပျက်စေနဲ့”
“ကောင်းပါပြီ”
အားလုံးသည် သံပြိုင်အော်ဟစ်လိုက်၏။ သူတို့၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုများနှင့် တောက်ပြောင်လျက် ရှိသည်။ တိုက်ပွဲရွှေ့ဆိုင်းခြင်းကတ်ပြား အသက်ဝင်နေသည့် အချိန်ကာလမှာ သူတို့သည် ဇွဲကောင်းကောင်းနှင့် ကျင့်ကြံလေ့ကျင့်နေကြသည်။
ထို့ကြောင့် သူတို့၏ အဆင့်များသည် တိုးတက်လာခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှုများမှာလည်း အလွန်တရာ ပြည့်စုံသည့် အခြေအနေသို့ ရောက်ရှိနေသည်။ လက်ရှိအခြေအနေတို့သည့် သံချပ်ကာ ဝံပုလွေတပ်သား တစ်ထောင်ကျော်တို့၏ ပျမ်းမျှ ကျင့်ကြံခြင်းနည်းစနစ်သည် သိုင်းဆရာအဆင့်ခုနှစ်သို့ ရောက်ရှိ နေပြီဖြစ်၏။
တိုက်ပွဲရွှေ့ဆိုင်းခြင်းကတ်ပြား၏ အချိန်ကုန်ဆုံးသွားရန် တစ်လလောက်သာ လိုအပ်တော့၏။ ဤကဲ့သို့ အရှိန်နှုန်းထား အတိုင်းဆိုလျှင် သူတို့အားလုံးသည် သိုင်းဆရာအဆင့်ကိုးအဆင့်သို့ ရောက်ရှိသွားနိုင်၏။ ထိုမျှမြန်မြန်ဆန်ဆန်နှင့် အဆင့်ကျော်ဖြတ်နိုင်နေခြင်းမှာ ကျွင်းချောင်ရှောင်းသည် ထိုသူတို့အားလုံးအား ချီစုစည်းခြင်းဆေးလုံးနှင့် သဘာဝ စိတ်ဝိညာဉ်ကျောက်တုံးများအား ပေးထားသောကြောင့် ဖြစ်သည်။
အချိန်တိုအတွင်းတွင် ၎င်းတို့အားလုံးသည် ရောက်ရှိလာမည့် မုန်တိုင်းကြီးအား ရင်ဆိုင်ရပေတော့မည်။ ထို့ကြောင့် ရှိရှိသမျှသော အရင်းအမြစ်များကို ထုတ်သုံး၍ အားကောင်းသော သံချပ်ကာဝံပုလွေတပ်ကို ဖန်တီးရန် စဉ်းစားထား၏။
“စစ်သားတွေအဖြစ် ဖန်တီးလို့ရတဲ့ ပဲစေ့ … ဟုတ်လား”
ကျွင်းချောင်ရှောင်းသည် တောင်ထိပ်တွင် မတ်တပ်ရပ်ကာ အော်လိုက်၏။ ပြီးနောက် သူသည် သူ၏စိတ်ကို ထိန်းချုပ်၍ စကြဝဠာအိတ်ထဲကို လက်နှိုက်ကာ ပဲစေ့များကို ပစ်လွှတ်လိုက်တော့သည်။
“ဘာတွေလဲ”
သံချပ်ကာဝံပုလွေတပ်မှ အဖွဲ့ဝင်များအားလုံးသည် ဆွံ့အသွားကြ၏။
ဘန်း … ဘန်း … ဘန်း … ဘန်း…။
စိတ်ဝိညာဉ်ပဲစေ့များ မြေပေါ်သို့ ထိမှန်သွားသည့်အခါမှာတော့ အလင်းတန်းများဖြစ်ပေါ်လာပြီးနောက် အဖြူရောင် အခိုးအငွေ့များသည် တည်နေရာတစ်ခုလုံး ဖုံးလွှမ်းသွားသည်။
ဝှစ်
အေးစက်လှသည့် လေပြေညှင်းတစ်ခု တိုက်ခတ်ပြီးသည့်နောက်မှာတော့ အဖြူရောင် အခိုးအငွေ့များအားလုံး သည် ပျောက်ကွယ်သွားတော့၏။
သံချပ်ကာဝံပုလွေတပ်သားများ အားလုံးသည် မျက်လုံးပြူးသွားသည်။
အဘယ်ကြောင့်ဆိုသော် တောက်ပသည့် အဖြူရောင်ချပ်ဝတ်များကို ဝတ်ဆင်ပြီး လက်နက်ရှည်များကို ကိုင်ဆောင်ထားသော စစ်သားတစ်သောင်းသည် သူတို့၏ ရှေ့တွင် ပေါ်လာ၏။ ထိုသူများအားလုံးသည် ခပ်မတ်မတ် ရပ်နေကြပြီး အကြည့် များမှာလည်း အေးစက်နေ၏။ အားလုံးသည် နတ်ဘုရားစစ်သားများနှင့် ကောင်းကင်ဘုံ နတ်စစ်သူကြီးများကဲ့သို့ သော အရှိန်အဝါမျိုး ထုတ်ဖော်လျက်ရှိ၏။
ကျွင်းချောင်ရှောင်းသည် အံ့အားသင့်မိသွား၏။ စိတ်ဝိညာဉ်ပဲစေ့များဆီမှ အသွင်ဖြစ်တည်လာသော စစ်သားများသည် သိုင်းဆရာအဆင့် ကျင့်ကြံသူများဖြစ်လို့နေ၏။ ထို့ပြင် ဂိုဏ်းချုပ်ကျွင်းသည် ထိုသူများအားလုံး ကို သူ့စိတ်တိုင်းကျ ထိန်းချုပ်နိုင်ကြောင်း ခံစားလိုက်မိသည်။
“လှည့်မယ်”
သူ၏ စိတ်ထဲမှ တီးတိုးရေရွတ်လိုက်၏။ စစ်သားတစ်သိန်းကျော်တို့သည် သံပြိုင်ဆိုသလိုပဲ သူရှိနေရာ တောင်မျက်နှာပြင်ဆီသို့ မျက်နှာလှည့်လိုက်ကြ၏။ သူတို့အားလုံး၏ လှုပ်ရှားမှုများသည် ညီညာလွန်းလှပြီး အထူးလေ့ကျင့်ထားသော စစ်သည်များနှင့်ပင် ဆင်တူနေ၏။
ရွှဲရမ်ကွေ့သည် အသာလျှောက်လာပြီး အံ့အားတသင့်ဖြင့် မေးလိုက်၏။ “ဂိုဏ်းချုပ်၊ ဒီစစ်သားတွေက ဘယ်ကရောက်လာတာလဲ”
ကျွင်းချောင်ရှောင်းသည် မရှင်းပြချေ။ အဲအစား ပြုံးကာပြောလိုက်၏။ “ဟား ဟား ဟား ဟုတ်ပြီ၊ ဟုတ်ပြီ၊ ဒါအရမ်းအားကောင်းတယ်မို့လား”
“အရမ်းအားကောင်းပါတယ်” ရွှဲရမ်ကွေ့သည် လေးလေးနက်နက်ပြောလိုက်၏။
အရမ်းအားကောင်းသည်ဆိုသော စကားလုံးသည် စစ်သားများ၏ ကျင့်ကြံခြင်းအဆင့်ကို ရည်ညွှန်းသည် မဟုတ်ချေ။ ၎င်းတို့၏ မတ်မတ်ရပ်ခြင်း၊ ရွှေ့လျားခြင်း၊ ကိုယ်ဟန်ပြောင်းလဲခြင်းတို့အားလုံးသည် အထူးလေ့ကျင့်ခြင်းကို ခံထားရသော စစ်သားများကဲ့သို့ဖြစ်နေခြင်းကြောင့် ဆိုလိုက်ခြင်းဖြစ်သည်။
“လာစမ်း”
ကျွင်းချောင်ရှောင်းသည် ဟန်အပြည့်၊ မာန်အပြည့်ဖြင့် ပြောလိုက်၏။ “ခင်ဗျားက သံချပ်ကာဝံပုလွေတပ်ကို အမိန့်ပေး၊ ကျုပ်က ဒီစစ်သားတွေကို အမိန့်ပေးမယ်၊ စစ်တပ်လေ့ကျင့်ခန်း စကြရအောင်”
“အင်း”
ရွှဲရမ်ကွေ့ ခေါင်းညိတ်လိုက်၏။
………..
လေ့ကျင့်ရေးတည်နေရာထဲမှာတော့ သံချပ်ကာဝံပုလွေတပ်သားတစ်ထောင်ကျော်တို့သည် အရှေ့ဘက်၌ မတ်မတ်ရပ်လျက်ရှိ၏။ စိတ်ဝိညာဉ်ပဲစေ့ စစ်သားများမှာတော့ အနောက်အရပ်တွင် မတ်မတ်ရပ်နေ၏။ နှစ်ဘက်လုံးသည် တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်နေကြခြင်းဖြစ်သည်။
ရွှီး ….
ရွှဲရမ်ကွေ့သည် တိုက်ပွဲအလံအား ရွှေ့လျားလိုက်၏။
ကျုံးရီသည် အရှေ့ဆုံးမှ အော်ဟစ်လိုက်ပြီးသည့်နောက် သံချပ်ကာဝံပုလွေတပ်များကို ဦးဆောင်ကာ အရှေ့ဘက်သို့ တိုးလာတော့၏။ ဤနှစ်လတာလေ့ကျင့်မှုသည် အသိ အမှတ်ပြုစရာ ရလဒ်ကို ရရှိခဲ့၏။ သံချပ်ကာဝံပုလွေတပ်၏ အားအင်အဆင့်သည် အရင်ကထက် ပိုမိုအားကောင်း လာသည်မှာ သေချာသည်။
လက်ရှိအချိန်တွင် သူတို့သည် တောက်ယွမ်ဦးဆောင်လျက်ရှိသော ကျားဆိုးတပ်နှင့်သာ ထပ်မံရင်ဆိုင် တိုက်ခိုက်ရသည်ဆိုပါက စစ်သည်သုံးသောင်းမပြောနှင့် ငါးသောင်းဆိုလျှင်တောင်မှ လွယ်လွယ်ကူကူနှင့် အနိုင်ရနိုင်ဖွယ် ရှိနေပြီဖြစ်၏။
“တိုက်ခိုက်ကြ”
အတွေးတစ်ချက်နှင့်ပင် ကျွင်းချောင်ရှောင်းသည် အမိန့်ပေးလိုက်တော့၏။ စိတ်ဝိညာဉ်ပဲစေ့ စစ်သား တစ်သောင်းတို့သည် ၎င်း၏ ထိန်းချုပ်မှုအောက်တွင် လှံများကို ကိုင်ဆောင်ကာ ရှေ့သို့ လှမ်းတက်လာကြသည်။ ဤအတောအတွင်း သူတို့သည် အလွန်တရာဆန်းကြယ်လှသော လေးထောင့်ပုံသဏ္ဍာန် အစီအရင်တစ်ခုကို ဖန်တီးခဲ့၏။
“ဒါ …. ဒါက” ရွှဲရမ်ကွေ့ ဆွံ့အသွားမိ၏။
လူတစ်သောင်းတို့သည် ဗျူဟာကို အလျင်အမြန်ပြောင်းနိုင်သည်ဆိုခြင်းမှာ မယုံကြည်နိုင်ဖွယ်ရာ အရည်အချင်းကို ပိုင်ဆိုင်မှသာ ဖြစ်ပေလိမ့်မည်။
သူသာဆိုလျှင်ပင် ဤကဲ့သို့သော ကိစ္စရပ် များကို ကျိန်းသေပေါက် ပြုလုပ်နိုင်မည် မဟုတ်ပေ။ မည်မျှပြည့်စုံလှသော ပူးပေါင်းဆောင်ရွက်မှုပဲဖြစ်ဖြစ် လစ်ကွက်၊ ဟာကွက်ရှိပြီးသားဖြစ်၏။
သို့ပေမဲ့ လက်ရှိစစ်သည်များမှာတော့ တစ်ချက်ကလေးမှ အမှားအယွင်းမရှိဘဲ ဗျူဟာကို အလွယ်တကူ ပြောင်းလဲနိုင်စွမ်းရှိနေသည်။ ကျွင်းချောင်ရှောင်းသည် ကြယ်ငါးပွင့်အဆင့် စစ်သူကြီး မလုပ်နိုင်သည့်အရာကို ပြုလုပ်နိုင်စွမ်း ရှိနေသည်။
ထိုသို့ ပြုလုပ်နိုင်ခြင်းမှာ စိတ်ဝိညာဉ်ပဲစေ့ စစ်သားများအားလုံးသည် လူသားများ မဟုတ်ဘဲ ၎င်း၏အမိန့်၊ စိတ်စေခိုင်းရာအတိုင်း ပြုလုပ်နိုင်နေသည့် စိတ်ဝိညာဉ်ပဲစေ့များ ဖြစ်နေသောကြောင့် ဖြစ်၏။
တောင်ထိပ်တွင် မတ်မတ်ရပ်လျက် ငုံ့ကြည့်ရင်း သူသည် ပြည့်စုံလှသည့် တိုက်ခိုက်ရေးဗျူဟာကို ဖော်ထုတ်လျက် ရှိနေတော့သည်။
ရွှဲရမ်ကွေ့သည်လည်း တိုက်ပွဲအလံကို အသုံးပြု၍ ဗျူဟာများ အမျိုးမျိုး ပြောင်းလဲ၍ ခုခံလျက် ရှိသည်။
အခြားတစ်ဖက်မှာ ကျွင်းချောင်ရှောင်းသည် ဗျူဟာဂိမ်းတစ်ခုကို ကစားရသကဲ့သို့ပင် သူ၏စစ်သားများကို ထိန်းချုပ်လျက်ရှိနေတော့၏။
ကျုံးရီနှင့်အဖွဲ့သားများသည် ရှေ့သို့တိုးလာကြတော့သည်။ သူတို့သည် လက်နက်ကို မသုံးပေ။ ထိုအစား လခြမ်း ဓားကွက်ကိုသုံးကာ တိုက်နေ၏။ စစ်တပ်လေ့ကျင့်ခန်းတစ်ခုဖြစ်သည်မို့ သူတို့သည် အစစ်အမှန်စွမ်းရည်များကို ထုတ်ဖော်၍ တိုက်ခိုက်စရာမလိုပေ။
သို့ပေမဲ့ ရှေ့သို့တိုးလာကြသော သံချပ်ကာ ဝံပုလွေ တပ်သားများဆီမှ ထွက်ပေါ်လာ သော အလင်းလှိုင်းများသည် အလွန်တရာ များပြားလှသောကြောင့် ပဲ့စေ့ စစ်သားများအနေနှင့် ဒိုင်းကာများကို ထုတ်ကာလိုက်ရ၏။
ကျွင်းချောင်ရှောင်း အံ့အားသင့်မိသွား၏။ “ဒီကောင်တွေရဲ့ခုခံမှုကလည်း မဆိုးဘူးပဲ”
စစ်သားများသည် ပူးပေါင်းတိုက်ခိုက်မှုတွင် ကောင်းသည်သာမက တန်ပြန်ခုခံမှုတွင်လည်း အစွမ်းထက်လျက် ရှိနေသည်။ စစ်သည်တစ်သောင်းတို့သည့် သူတို့၏လက်နက်များကို အသာသိမ်းလိုက်ပြီးသည့်နောက်မှာတော့ သူတို့၏ သခင်အမိန့်ပေးချက်အတိုင်း ဘယ်ဘက်လက်များကိုမြှောက်၍ လခြမ်းဓားကွက်များကို ထုတ်ဖော်ကြသည်။
“အိုး... မဟုတ်တော့ဘူး”
ကျုံးရီ အော်လိုက်၏။ “ဒိုင်းတွေထုတ်ပြီးကာကြ”
ရွှီး … ရွှီး။
သံချပ်ကာဝံပုလွေတပ်သားများအားလုံးတို့သည် ၎င်းတို့၏ သံမဏိဒိုင်းကာများကို မြှောက်၍ တစ်ဖက်မှ တိုက်ခိုက်ချက်များ အားလုံးကို အပြင်းအထန် ခုခံနေရ၏။
ထိုအချိန်မှာတော့ မြေပြင်လေ့ကျင့်ရေးတည်နေရာ တစ်ခုလုံးတွင် စိတ်ဝိညာဉ်အမျိုးအစား တိုက်ခိုက်ရေး စွမ်းအင်များ၏ လှိုင်းများသည် ပြည့်နှက်နေတော့သည်။
စိတ်ဝိညာဉ်ပဲစေ့စစ်သားများအားလုံးသည် သိုင်းဆရာအဆင့်သာဖြစ်သည်။ ထို့ကြောင့် သူတို့ထုတ်ဖော် တိုက်ခိုက်ခဲ့သော လခြမ်းဓားကွက်များသည် အားမကောင်းလှချေ။ ထို့ကြောင့် သံချပ်ကာဝံပုလွေ တပ်သားများ အပေါ် မထိခိုက်ပေ။
သို့ပေမဲ့ ဤအရာသည် ကျွင်းချောင်ရှောင်းအား အပျော်လွန်သွားစေ၏။ သူ၏ ထိန်းချုပ်မှု အောက်တွင် ၎င်းတို့အားလုံးသည် သိုင်းနည်းစနစ်များကိုလည်း ထုတ်ဖော်အသုံးပြုနေနိုင်၏။ ထိုလူများအားလုံးသည် စိတ်ဝိညာဉ်ပဲစေ့ စစ်သားများ မဟုတ်ချေ။ သူ၏ ကိုယ်ပွားများဟုသာ ဆိုရမည်။
စနစ်က ပြောလိုက်၏။ “ဒီစိတ်ဝိညာဉ်ပဲစေ့ စစ်သားတွေအကုန်လုံးကို လက်ခံသူက စိတ်နဲ့ထိန်းချုပ်နိုင်တယ်၊ ဒီတော့ ကိုယ်ပွားတွေလို့ ပြောရင်လည်း မလွန်ပါဘူး”
ဟား ဟား ဟား ဟား…..။
ကျွင်းချောင်ရှောင်းသည် ဦးခေါင်းကိုမော့ကာဖြင့် ရယ်လိုက်သည်။ သူသည် ၎င်းတို့အား စိတ်ဖြင့် ထိန်းချုပ်နိုင်၏။ ထို့ပြင် တိုက်ခိုက်ရေးနည်းစနစ်များအားလုံးကိုလည်း ထုတ်ဖော်၍ အသုံးပြုနေနိုင်၏။ တကယ့်တိုက်ခိုက်ရေး စစ်သည်များဖြင့် ရင်ဆိုင်ရမည်ဆိုလျှင် သူသည် ကျန်းယန်နိုင်ငံအား ကြောက်ရွံ့စရာမလိုတော့ချေ။
ထို့ပြင် သူ၏ စကြဝဠာအိတ်ထဲတွင် စိတ်ဝိညာဉ်ပဲစေ့ပေါင်း ကိုးသောင်းလောက် ရှိနေသေး၏။ ဤ ဒီစိတ်ဝိညာဉ်ပဲစေ့ စစ်သားများ အားလုံးကိုသာ ထုတ်၍ ချင်းယန်မြို့တွင် တန်းစီရပ်ခိုင်းထားမည်ဆိုလျှင် တစ်ဖက်စစ်တပ်များအားလုံး ကြောက်ချေးပင် ပါသွားနိုင်၏။
စိတ်လှုပ်ရှားမှုကို ဖိနှိပ်ရင်းမှာပင် ဂိုဏ်းချုပ်ကျွင်းသည် စိတ်ဝိညာဉ်စစ်သားများကို ထိန်းချုပ်ကာ သံချပ်ကာ ဝံပုလွေတပ်သားများနှင့် တိုက်ခိုက်တော့သည်။ ၎င်းတို့၏ အလွန်တရာအားကောင်းလှသော ခုခံခြင်းနှင့် တိုက်ခိုက်ရေးစွမ်းအင်များကြောင့် သံချပ်ကာဝံပုလွေတပ်များကို ထိပ်တိုက်ရင်ဆိုင် ဖိနှိပ်ထားနိုင်တော့သည်။
တိုက်ပွဲသည် တစ်နာရီလောက်သာ ကြာမြင့်ခဲ့၏။
ကျုံးရီနှင့်သံချပ်ကာဝံပုလွေတပ်သားအဖွဲ့သားများ အားလုံးသည် အလွန်တရာ စိတ်ဓာတ်ကျဆင်းနေ၏။ ဤစိတ်ဝိညာဉ်ပဲစေ့ စစ်သားများအားလုံးသည် သူတို့သိသော သိုင်းနည်းစနစ်များအားလုံးကိုလည်း သိရှိနေ၏။ ထို့ပြင် အရေအတွက်အရလည်း များပြားနေ၏။ ထို့ကြောင့် သူတို့အနေနှင့် အောက်စည်းသို့ ရောက်ရှိသွားသည်။
ထိုအထဲတွင် အတုန်လှုပ်ဆုံးသောသူမှာ တိုက်ပွဲအား အဝေးတစ်နေရာမှ ကြည့်ရှုနေသော တောက်ယွမ်ပင်ဖြစ်၏။ သူသည် သံချပ်ကာဝံပုလွေတပ်၏ အားအင်အဆင့်ကို မြင်ခဲ့ဖူး၏။ သို့ပေမဲ့ ဂိုဏ်းထဲတွင် လက်ရွေးစင်တပ်သား တစ်သောင်းလောက် ထပ်မံရှိနေမည်ဟု သူမထင်မိချေ။
“တကယ်လို့ နိုင်ငံရဲ့အုပ်ချုပ်သူကသာ ချင်းယန်နိုင်ငံကို တိုက်ခိုက်ဖို့စဉ်းစားမယ်ဆိုရင် အနိုင်ရဖို့ တော်တော်ခက်လိမ့်မယ်”
တောက်ယွမ်သည် တွေးလိုက်မိ၏။ လက်ရှိအချိန်မှာတော့ သူသည် ကျန်းယန်နိုင်ငံအနေဖြင့် ချင်းယန်နိုင်ငံအား မသိမ်းပိုက်မိစေရန် စိတ်ထဲ၌ ဆုတောင်းလျက်ရှိ၏။ မဟုတ်ပါက သံမဏိအရိုးဂိုဏ်းတပည့်အဖြစ်နှင့်ရော နိုင်ငံတစ်ခု၏ တပ်မမှူးအဖြစ်နဲ့ရော အလွန်ခက်သည့် တည်နေရာတွင် ရောက်ရှိနေပေလိမ့်မည်။
ကံဆိုးစွာဖြင့် မှတ်ဉာဏ်များပျောက်ဆုံးနေသော တောက်ယွမ်သည် ကျန်းယန်နိုင်ငံအနေဖြင့် ချင်းယန်နိုင်ငံအား ဝါးမြိုရန် အစောကြီး ကတည်းက ကြိုးစားခဲ့ပြီးဖြစ်ကြောင်း မသိရှိပေ။ ထို့ပြင် သူသည် ထိုတိုက်ပွဲကို ဦးဆောင်၍ လာရောက် တိုက်ခိုက်ခဲ့သူဟု ဖြစ်ကြောင်း ထင်မှတ်မိလိမ့်မည် မဟုတ်ချေ။