အခန်း (၄၈၂)
Vol. 33 Ch. 482
“ဂိုဏ်းချုပ်”
ရွှဲရမ်ကွေ့က အလန့်တကြားဖြင့် ထပြောလိုက်၏။ “ဒီစစ်သားတွေက တကယ့်ကို ကောင်းကင်ဘုံစစ်သားတွေလိုပဲ”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ကျုပ်တို့ဆီမှာ ဒီထက်များတဲ့ စစ်သားတွေ ရှိမယ်ဆိုရင် ကျန်းယန်နိုင်ငံကို အနိုင်ရဖို့ အခွင့်အလမ်းရှိလား”
“ဒီလိုလေ့ကျင့်ထားတဲ့ စစ်သားတွေ တစ်သိန်းလောက်သာရှိမယ်ဆိုရင် ကျုပ်တို့တွေ ကျန်းယန်နိုင်ငံကို ထိပ်တိုက် ရင်ဆိုင်ဖို့ ခက်ခဲမှာ မဟုတ်တော့ဘူး၊ ကျိန်းသေပေါက် ကျန်းယန်နိုင်ငံကို ထိပ်တိုက် ရင်မဆိုင်နိုင်ဘူးဆိုရင်တောင်မှ ချင်းယန်နိုင်ငံကို ကောင်းကောင်းကာကွယ်နိုင်လိမ့်မယ်” ရွှဲရမ်ကွေ့သည် လေးလေးနက်နက် ပြောလိုက်၏။
“ဒီလိုလား … ဟားဟား” ကျွင်းချောင်ရှောင်း ရယ်လိုက်မိသည်။
စိတ်ဝိညာဉ်ပဲစေ့များမှ အသွင်ပြောင်းဖြစ်တည်လာသော စစ်သည်များအားလုံး သည် သူ၏ စိတ်နှင့် ထိန်းချုပ်နိုင်စွမ်းရှိသလို သိုင်းနည်းစနစ်များကိုလည်း ထုတ်ဖော်အသုံးပြုနိုင်လေ၏။ ထို့ကြောင့်အားလုံးသည် အလွန်တရာအားကောင်းလှသော စစ်သည်များဖြစ်သည်ဟု သတ်မှတ်ရမည်။ ထို့ကြောင့် ကျန်းယန်နိုင်ငံနှင့် ထိပ်တိုက်ရင်ဆိုင်ဖို့ သူ့တွင် ယုံကြည်ချက် ပို၍ ရှိနေ၏။
“သံချပ်ကာဝံပုလွေတပ်သားတွေကို ထပ်ပြီးတော့ လေ့ကျင့်ပေးထား” ကျွင်းချောင်ရှောင်း အမိန့်ပေးလိုက်၏။
“ကောင်းပါပြီ” ရွှဲရမ်ကွေ့သည် ဇဝေဇဝါဖြစ်နေသည်။ တောက်ယွမ်သည် အဖမ်းခံရပြီးသည့်နောက် သံမဏိအရိုးဂိုဏ်းသို့ ဝင်ရောက်ခဲ့သည်။ အဘယ်ကြောင့် ကျန်းယန်နိုင်ငံသည် လှုပ်ရှားမှူ မရှိသေးသနည်း။ တိုက်ပွဲရွှေ့ဆိုင်းခြင်း ကတ်ပြားကြောင့်ဖြစ်မှန်း သူမသိရှိပေ။
ဂိုဏ်းဆီသို့ ပြန်ရောက်ပြီးသည့်နောက်မှာတော့ ဂိုဏ်းချုပ်ကျွင်းသည် ဆက်လက်ကျင့်ကြံနေသည်။ သူသည် တစ်လအတွင်း ဓားနှင့်သိုင်းဘုရင်ဒုတိယအဆင့်ကို ချိုးဖြတ်ရောက်ရှိဖို့ လိုအပ်နေ၏။ လက်ရှိအခြေအနေမှာ သူသည် အရာအားလုံးကို စိတ်ပူပန်မနေတော့ပေ။ ထို့ပြင် သူ့စိတ်ထဲမှာလည်း တွေဝေမှုနှင့် ထိတ်လန့်မှုလည်း မရှိတော့ပေ။
ကျန်းယန်နိုင်ငံသည် စစ်တပ်ကြီးကို ဦးစီး၍ သူ့အားလာရောက်သတ်ဖြတ်ရန် ကြိုးပမ်းလာမည်ကိုပင် မျှော်လင့်နေမိ၏။ သူသည် အစစ်အမှန် တော်ဝင်စစ်တပ်၏ စွမ်းပကားမှာ မည်မျှအားကောင်းကြောင်းကို လက်တွေ့ ပြသလိုက်ချင်မိ၏။
.............
တစ်လလောက်ကြာပြီးသည့်နောက်မှာတော့ တိုက်ပွဲရွှေ့ဆိုင်းခြင်းကတ်၏ အစွမ်းသတ္တိသည် ပျောက်ကွယ်သွားပြီ ဖြစ်၏။ ကျန်းယန်နိုင်ငံသည်လည်း သူတို့၏ ပျောက်ကွယ်နေသော မှတ်ဉာဏ်များ ပြန်လည်ရရှိနေ၏။
“ထူးဆန်းလိုက်တာ”
ဝိညာဉ်ချောင်းဂိုဏ်း၏ လျှို့ဝှက်တည်နေရာထဲမှာတော့ ပြန်လည်ရောက်ရှိလာသော သိုင်းအုပ်စိုးသူသည် ဇဝေဇဝါ ဖြစ်မိနေ၏။ “ငါ ဂိုဏ်းကို ဘာကြောင့်ပြန်ရောက်လာတာလဲ”
ရှုပ်ထွေးလှသော မှတ်ဉာဏ်များသည် သူ၏ခေါင်းထဲသို့ ပြန်လည်ဝင်ရောက်လာသည်။ သူသည် ဂိုဏ်းချုပ်၏ အမိန့်ကြောင့် ချင်းယန်နိုင်ငံဆီသို့ သွားကာ ကျွမ့်ယုံအား သတ်ဖြတ်သူအား ရှာဖွေခဲ့၏။ သို့ပေမဲ့ လောက၏ ဓာတ်သဘာဝများအားလုံးကို စုစည်း၍ ကြီးမားသောလက်ကြီးတစ်ခုအဖြစ်စုဖွဲ့ကာ ထိုကောင်လေး အား သတ်ဖြတ်ဖို့ စဉ်းစားလိုက်ချိန်မှာပဲ ကောင်းကင်ပေါ်မှ အလင်းတန်းကြီးတစ်ခုသည် ကျဆင်းလာ၏။
ပြီးနောက် သိုင်းအုပ်စိုးသူသည် ပိုမို၍ တွေးကြည့်လေ၊ ပိုမို ရှင်းလင်းလာလေဖြစ်၏။ သူ၏ ဆံပင်များသည် ထောင်ထလုမတတ် ထိတ်လန့်နေမိသွားသည်။
ထိုအချိန်တုန်းက ကောင်းကင်ပေါ်မှာ ကျဆင်းလာသောအားအင်များသည် အလွန်တရာအားကောင်းလှ၏။ သူ့အနေနှင့် အလွန်တရာအားနည်းလှသော ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ပင် ခံစား နေမိ၏။
လေဟာနယ်ထဲတွင် ဟယ်ဝူတီပေါ်လာသည်နှင့် သူ၏ ကျင့်ကြံခြင်းအဆင့်များသည် တဖြည်းဖြည်းနှင့် လျော့လျော့ လာခဲ့သည်။ ထိုသို့ဆိုလျှင်တောင်မှ ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ သိုင်းဘုရင်တစ်ယောက် အဝေိညာဉ်ချောင်းဂိုဏ်း၏ ကျွမ်းကျင်သူသည် တကယ်တမ်း ဟယ်ဝူတီသည်သာ ကျင့်ကြံခြင်းအဆင့်များ ယုတ်လျော့ မလာဘဲ ဤအတိုင်းဆင်းသက်လာသည်ဆိုပါက တစ်ခါတည်း ပွဲချင်းပြီး သေသွားနိုင်၏။
“ကြည့်ရတာ လူတစ်ယောက်ပုံစံပဲ၊ ဟိုကောင်လေးခေါ်ထားတဲ့ သူတစ်ယောက်ယောက်များလား၊ ဒါမှမဟုတ် ချင်းယန်နိုင်ငံမှာ အရမ်းအားကောင်းတဲ့ လူတစ်ယောက်ယောက် ရှိနေတာလား” သိုင်းအုပ်စိုးသူသည် ကြောက်လန့်သွားမိသည်။
“ဘိုးဘေးအကြီးအကဲကြီး”
ထိုအချိန်မှာပဲ ဝိညာဉ်ချောင်းဂိုဏ်းမှ ဂိုဏ်းချုပ်သည် အသံပို့လွှတ်လာ၏။ “ကျေးဇူးပြုပြီး အဓိကဟောခန်းထဲကို လာခဲ့ပါအုံး”
ထိုသိုင်းအုပ်စိုးသူသည် ဝိညာဉ်ချောင်းဂိုဏ်းမှ ဘိုးဘေးအကြီးအကဲကြီးတစ်ယောက်ဖြစ်လို့နေ၏။ ထို့ကြောင့် သူ၏ ကျင့်ကြံခြင်းအဆင့် အားကောင်းသည်မှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။
“......”
အဓိကဟောခန်းထဲမှာတော့ ဝိညာဉ်ချောင်းဂိုဏ်း၏ ဂိုဏ်းချုပ်သည် အသက်ခုနှစ်ဆယ်နီးပါးခန့် ရှိနေပြီဖြစ်ပြီး စားပွဲ၏ တည်နေရာထိပ်ဆုံးထိပ်တွင် ထိုင်လျက်ရှိသည်။ သူ၏ အိုမင်းရင့်ရော်နေသော မျက်နှာပေါ်မှာတော့ ဒေါသ တရားတွေနှင့် ပြည့်နှက်နေ၏။
အောက်က ထိုင်ခုံများမှာတော့ များပြားလှသော အကြီးအကဲများ ထိုင်လျက်ရှိနေ၏။ သို့ပေမဲ့ ၎င်းတို့၏ အားအင်အဆင့်များသည် မြောင်ဟွာခန်းမမှ အကြီးအကဲများနှင့် နှိုင်းယှဉ်ပါက အနည်းငယ် ကွာခြားချက် ရှိနေသည်။
“ဂိုဏ်းချုပ် … အကြီးအကဲရွှေနဲ့ အကြီးအကဲကျွမ်တို့ ချင်းယန်နိုင်ငံမှာ သေဆုံးသွားခဲ့ကြတယ်၊ ဒီလူတွေအားလုံးကို ပြင်းပြင်းထန်ထန် အပြစ်ပေးမှ ဖြစ်လိမ့်မယ်” အကြီးအကဲတစ်ယောက်သည် အေးစက်စက်ဖြင့် ပြောလိုက်၏။
အခြားသော အကြီးအကဲတစ်ယောက်ကလည်း ဆက်ပြောလိုက်သည်။ “ဘယ်သူလုပ်ခဲ့တယ်ဆိုတာကို ကျုပ်တို့မသိဘူးဆိုပေမဲ့ ချင်းယန်နိုင်ငံမှာ သေဆုံးသွားပြီဆိုမှတော့ အဲနိုင်ငံတစ်ခု လုံးကို ဖျက်ဆီးပစ်ရမယ်”
သိုင်းဘုရင်နှစ်ယောက်သေဆုံးမှုသည် ဝိညာဉ်ချောင်းဂိုဏ်းမှ အထက်ပိုင်း အကြီးအကဲများအား အမျက်ချောင်းချောင်း ထွက်စေခဲ့သည်။
သူတို့ အပြင်းအထန် ဆွေးနွေးနေတုန်းမှာပဲ ဘိုးဘေးအကြီးအကဲကြီးသည် အထဲသို့ လျှောက်ဝင်လာခဲ့သည်။
အားလုံးသည် မတ်တပ်ရပ်၍ ဂါရဝ ပြုလိုက်ကြသည်။
“ဂိုဏ်းချုပ်”
ဘိုးဘေးအကြီးအကဲကြီးသည် ထိုင်ကာ လေးလေးနက်နက်ပြောလိုက်၏။ “ချင်းယန်နိုင်ငံမှာ ခန့်မှန်းလို့မရအောင် အားကောင်းတဲ့ ကျွမ်းကျင်သူတစ်ယောက် ရှိနေတယ်လို့ ကျုပ်ထင်တယ်”
အားလုံး အံ့အားသင့်မိသွား၏။
ဝိညာဉ်ချောင်းဂိုဏ်းမှ ဂိုဏ်းချုပ်က မေးလိုက်၏။ “ဘာလို့အဲလိုပြောရတာလဲ”
ဘိုးဘေးအကြီးအကဲကြီးသည် သူတောနက်ထဲတွင် တိုက်ခိုက်ခံရသည့်ဖြစ်စဉ်အား သေသေချာချာ ပြန်လည် ပြောပြလိုက်၏။
ဂိုဏ်းချုပ်နှင့် အကြီးအကဲများအားလုံးသည် တိတ်ဆိတ်ငြိမ်သက်သွား၏။ ဤရုတ်တရက် တိုက်ခိုက်မှုအား သိုင်းအုပ်စိုးသူတစ်ယောက်အနေဖြင့် မရှောင်နိုင်ခဲ့ချေ။ ထိုသူ၏ အားအင်အဆင့်သည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းပေလိမ့်မည်။
“ဒါက သိုင်းနယ်မြေ ကျင့်ကြံသူတစ်ယောက်လား” ဝိညာဉ်ချောင်းဂိုဏ်းမှ ဂိုဏ်းချုပ်သည် မျက်မှောင်ကုတ်မိသွား၏။
ဘိုးဘေးအကြီးအကဲကြီးသည် ခေါင်းကို ခါယမ်းကာပြောလိုက်၏။ “ပြောဖို့ခက်တယ်”
ဝိညာဉ်ချောင်းဂိုဏ်းမှ ဂိုဏ်းချုပ်သည် တစ်စုံတစ်ခုပြောရန်ပြင်နေချိန်မှာပဲ တပည့်တစ်ဦးသည် လျှောက်ဝင်လာကာ ပြောလိုက်၏။ “ဂိုဏ်းချုပ် … နိုင်ငံအုပ်ချုပ်သူဆီကနေ စာရောက်လာတယ်”
“ဪ”
သူသည် စာရွက်အား လှမ်းယူ၍ မြန်မြန်ဆန်ဆန်ပဲ ဖွင့်ကြည့်လိုက်၏။ ဖတ်ရှုပြီးသည့်နောက်မှာတော့ လေးလေး နက်နက် ပြောလိုက်တော့သည်။ “မြို့ရဲ့အုပ်ချုပ်သူက ချင်းယန်နိုင်ငံကို တိုက်ခိုက်ချင်တယ်၊ ဒါကြောင့် သူက ဝိညာဉ်ချောင်းဂိုဏ်းက လူတွေကိုလည်း လိုက်ပါစေချင်တယ်”
ဘိုးဘေးအကြီးအကဲကြီး၏ စကားကိုသာ မကြားခဲ့ရပါက အားလုံးသည် အားရပါးရနှင့် ထ၍ လိုက်သွားမိမည်မှာ သေချာ၏။ သို့ပေမဲ့ ချင်းယန်နိုင်ငံ၌ သိုင်းနယ်မြေအဆင့် ကျင့်ကြံသူတစ်ယောက် ရှိနေသည်ကို သံသယဝင်ပြီးနောက်မှာတော့ အားလုံးတို့သည် တွန့်ဆုတ်နေမိ၏။
“အင်း”
ဝိညာဉ်ချောင်းဂိုဏ်းမှ ဂိုဏ်းချုပ်သည် သက်ပြင်းချကာ ပြောလိုက်၏။ “ဝိညာဉ်ချောင်းဂိုဏ်းက ကျန်းယန်နိုင်ငံပေါ်မှာ အလောင်းအစား ပြုထားတာပဲ၊ ဒီတော့ ကျုပ်တို့က မဖြစ်မနေ ပူးပေါင်းမှ ဖြစ်လိမ့်မယ်”
ပြီးနောက် သူပြောလိုက်၏။ “တတိယအကြီးအကဲနဲ့ စတုတ္ထအကြီးအကဲတို့ တပည့်တစ်ရာ ခေါ်ပြီးတော့သွားကြ”
“ကောင်းပါပြီ” တတိယအကြီးအကဲနှင့် စတုတ္ထအကြီးအကဲတို့သည် အမိန့်ကို လက်ခံပြီးနောက်မှာတော့ တပည့်များကို ဦးဆောင်ကာ တောင်ပေါ်မှဆင်းသွားတော့သည်။
ဘိုးဘေးအကြီးအကဲကြီးမှာတော့ တံခါးပိတ်ကျင့်ကြံခြင်းကို ပြုလုပ်ရန်သာ ရွေးချယ်လိုက်တော့သည်။ သူသည့် သူအား တိုက်ခိုက်ခဲ့သော ကျွမ်းကျင်သူကြီးတစ်ယောက်အား ကြောက်လန့်နေမိ၏။
ကြည့်ရသည်မှာ ဟယ်ဝူတီသည် ဂိုဏ်းချုပ်ကျွင်းအား ကယ်တင်နိုင်လိုက်သည်သာမက သိုင်းအုပ်စိုးသူ ကျင့်ကြံသူတစ်ယောက်အား အပြင်သို့ ထွက်မလာစေရန် အောင်အောင်မြင်မြင်ဖြင့် ထိန်းချုပ်နိုင်ခဲ့ပုံပေါ်သည်။
..........
တိုက်ပွဲရွှေ့ဆိုင်းခြင်းကတ်၏ အစွမ်းသက်ရောက်မှု လျော့ကျသွားချိန်မှာတော့ ကျန်းယန်နိုင်ငံ၏ လူများအားလုံး သည် တောက်ယွမ်၏ ရှုံးနိမ့်မှုနှင့် တောက်ယွမ်တစ်ယောက် အဖမ်းခံထားရမှုကို ပြန်လည်သတိရလာကြ၏။ ဟွာယန်နိုင်ငံနှင့် ဟီယန်နိုင်ငံတို့အား အနိုင်ယူပြီးသည့်နောက်မှာတော့ ချင်းယန်နိုင်ငံ၌ ထိုပါရမီရှင် တပ်မမှူး ရှုံးနိမ့်ခဲ့ရသည်ဖြစ်၏။
ထိုအရာကို အားလုံးသည် လက်ခံနိုင်ရန် ခက်ခဲနေ၏။ မြို၏ အုပ်ချုပ်သူသည် စစ်သည်သုံးသိန်းအား ခေါ်ဆောင်၍ ချင်းယန်နိုင်ငံအား တိုက်ခိုက်ရန် အမိန့်ပေးခဲ့တော့သည်။
သူသည် ဝိညာဉ်ချောင်းဂိုဏ်းကို အသိပေးခဲ့သည်သာမက သွမ့်ရွှေဂိုဏ်းကိုပင် အသိပေးခဲ့၏။ သွမ့်ရွှေဂိုဏ်းသည် သိုင်းဘုရင်အဆင့် အကြီးအကဲနှစ်ယောက်နှင့် တပည့်တစ်ရာကျော်ခန့်ကို စေလွှတ်ခဲ့၏။
နှစ်ရက်လောက် ကြာပြီးသည့်နောက်မှာတော့ အားလုံးသည် ဟီယန်နိုင်ငံ၏ မြို့တစ်မြို့ဆီတွင် စုဝေးလိုက်ကြ၏။ စစ်သည်သုံးသိန်းကျော်နှင့် များပြားလှသော ကျွမ်းကျင်သူအားလုံးတို့သည် ချင်းယန်နိုင်ငံသို့ ဦးတည်သွားကြသည်။
“ဂိုဏ်းချုပ်”
သံမဏိအရိုးဂိုဏ်းထဲမှာတော့ လီလိုရှုသည် သတင်းကိုလက်ခံရရှိပြီးသည့်နောက် မျက်မှောင်ကုတ်ကာ ပြောလိုက်၏။ “ကျန်းယန်နိုင်ငံရဲ့စစ်တပ်က ချင်းယန်နိုင်ငံကို သုံးရက်အတွင်း ရောက်လာလိမ့်မယ်”
“သူတို့နောက်ဆုံးတော့ ရောက်လာပြီ”
ကျွင်းချောင်ရှောင်းသည် သံချပ်ကာဝံပုလွေတပ်နှင့် သံမဏိအရိုးဂိုဏ်းတပည့်များ အားလုံးကို ဖြစ်နိုင်သမျှ အမြန်ဆုံးပြင်ဆင်၍ ချင်းယန်မြို့ဆီသို့သွားရန် ညွှန်ကြားလိုက်တော့သည်။
အခုမှ မှတ်ဉာဏ်များ ပြန်လည် ကောင်းမွန်လာသော တောက်ယွမ်အနေနှင့် အခန်းထဲတွင် ထိုင်လျက်ရှိနေပြီး ရှုပ်ထွေးလှသော အကြည့်များဖြင့် ရှိနေ၏။
သူသည် ဖမ်းဆီးခံခဲ့ရ၏။ ပြီးနောက် သံမဏိအရိုးဂိုဏ်းတပည့်တစ်ယောက် ဖြစ်လာခဲ့သည်။ ဘာတွေဖြစ်နေသည် ဆိုသည်ကို သူသေချာ နားမလည်ခဲ့ပေ။
တောက်ယွမ်အနေနှင့် အမှန်တရားကို လက်ခံနိုင်ရန် အချိန်အတော် လိုအပ်ကြောင်း ကျွင်းချောင်ရှောင်း သိ၏။ ထို့ကြောင့် သူသည် မနှောင့်ယှက်ချေ။ ဂိုဏ်း၏ ကိစ္စရပ်များကို လီလိုရှု နှင့်အတူ ထားခဲ့ပြီး ချင်းယန်မြို့ဆီသို့ ဦးတည်သွားလိုက်သည်။
“ဂိုဏ်းချုပ်ကျွင်း”
မြို့ရိုးပေါ်မှာတော့ ရှစ်ကျန်းရွမ်သည် အံ့အားတသင့်ဖြင့် ပြောလိုက်၏။ “ရှင့်ရဲ့အော်ရာတွေက အရင်ကထက်ပိုပြီး အားကောင်းလာခဲ့တာပဲ”
လွန်ခဲ့သည့်လတုန်းက ကျွင်းချောင်ရှောင်းသည် တံခါးပိတ် ကျင့်ကြံခဲ့၏။ များပြားလှသော သဘာဝစိတ်ဝိညာဉ် ကျောက်တုံးများနှင့် ချီစုစည်းခြင်းဆေးလုံးများကို အသုံးပြုပြီးနောက်မှာတော့ သူသည် ပထမအဆင့်သိုင်းဘုရင်မှ ဒုတိယအဆင့် သိုင်းဘုရင်ဆီသို့ ရောက်ရှိသွားခဲ့၏။
ချင်းယန်နိုင်ငံဆီသို့ မလာခင်မှာပင် သူ၏ အားအင်အဆင့်ကို လေ့ကျင့်ရေးခန်းမထဲသို့သွား၍ စမ်းသပ်ခဲ့သည်။ သူ၏ လက်သီးချက်သည် ဂျင်လေးသန်းခန့်အားအင်ရှိ၏။ သိုင်းဘုရင်တစ်ယောက်အနေဖြင့် အဆင့်တစ်ခု တက်တိုင်း ဂျင်ငါးသိန်းတိုးတက်သွားတတ်သည်။ သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်းမှာတော့ ဂျင်တစ်သန်းတိုးတက်နေ၏။ ပြောရမည်ဆိုလျှင် အလွန်တရာကြမ်းတမ်းသည်ဟု ဆိုရမည်။
စနစ်က ပြောလိုက်၏။ “လက်ခံသူက သိုင်းဘုရင်အထက်အဆင့် ကျင့်ကြံသူတစ်ယောက်နဲ့ တိုက်ခိုက်ဖို့လုံလောက်တဲ့ အားအင်ရှိတယ်”
အဆင့်နိမ့်ကျင့်ကြံသူများအနေဖြင့် ၎င်းတို့ထက် အဆင့်မြင့်မားသော တစ်စုံတစ်ယောက်နှင့် ယှဉ်ပြိုင် တိုက်ခိုက်နိုင်သည်ကို နားလည်နိုင်၏။ သို့ပေမဲ့ သိုင်းဘုရင်တစ်ယောက်အနေနှင့် သိုင်းဘုရင်ထိပ်ဆုံးအဆင့် တစ်ယောက်ကို ယှဉ်ပြိုင်တိုက်ခိုက်ဖို့ဆိုသည်မှာတော့ လွယ်သည်မဟုတ်ပေ။
သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်းသည် ဓားနှင့်သိုင်းဘုရင်ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး စိတ်ဝိညာဉ်အမြူတေနှစ်ခု ရှိသူလည်းဖြစ်၏။ ထို့ကြောင့် တိုက်ခိုက်ရေးအားအင်သည် အလွန်တရာကြမ်းတမ်းပြီး အားကောင်းလွန်းလှ၏။
ကျွင်းချောင်ရှောင်းသည် ခေါင်းကိုကုတ်ကာ ပြောလိုက်၏။ “လက်ရှိမှာ ကျုပ်က သိုင်းနည်းစနစ်တချို့ကို နားလည်သွားတာပါ၊ ဒါ့ကြောင့် အားအင်နည်းနည်းလေး တိုးလာတာ”
“နည်းနည်းလေးပဲလား”
ရှစ်ကျန်းရွှမ်သည် သံသယဖြင့် မေးလိုက်၏။ သူမသည် အလင်းကို မမြင်တွေ့နိုင်သည့် လူတစ်ယောက်ဖြစ်သည် ဆိုသော်လည်း စိတ်ခံစားချက်အားနှင့် နားလည်မှုသည် သူများထက်ပို၍ ကောင်းမွန်နေ၏။
“ခန်းမသခင်ရှစ်”
ကျွင်းချောင်ရှောင်းပြောလိုက်သည်။ “ကျန်းယန်နိုင်ငံက စစ်သည်သုံးသိန်းကို လွှတ်လိုက်တယ်လို့ ကျုပ်သတင်းကြားတယ်၊ အဲထဲမှာ ဂိုဏ်းနှစ်ဂိုဏ်းက ကျင့်ကြံသူတွေလည်း ပါလာလိမ့်မယ်”
သူအဆင့်တက်သွားခဲ့ပြီဖြစ်ကြောင်း သူမကို မပြောခဲ့ချေ။ သူ့အနေနှင့် ဓားနှင့်သိုင်းဘုရင်အဆင့်သို့ ချိုးဖြတ် ရောက်ရှိခဲ့သည်မှာ လအနည်းငယ်သာ ကြာမြင့်သေးသည် မဟုတ်ပါလား။ ဤသို့ နောက်တစ်ဆင့် တက်နေသည်ကို သိရှိပါက မလိုလားအပ်သည် သံသယဝင်မှုများ ဖြစ်တည်လာနိုင်၏။
“သူတို့က အားကောင်းလား”
ရှစ်ကျန်းရွမ်းသည် ခဏလောက်စဉ်းစားပြီး ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်း... ကျွန်မတို့ မြောင်ဟွာခန်းမက ဂိုဏ်းနှစ်ဂိုဏ်းကို ရင်ဆိုင်ပေးဖို့ ကူညီနိုင်တယ်။ စစ်သည်သုံးသိန်း ကိုတော့ ဘာမှ လုပ်ပေးနိုင်မှာ မဟုတ်ဘူး”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။
“ခန်းမသခင်ရှစ် …. ဂိုဏ်းနှစ်ဂိုဏ်းက ကျွမ်းကျင်သူတွေကို ရင်ဆိုင်ဖို့ ကူညီပေးနိုင်ရင် ရပါပြီ။ ကျန်တဲ့ကိစ္စ အားလုံးကို ကျုပ်တို့ သံမဏိအရိုးဂိုဏ်းက ဖြေရှင်းပါ့မယ်”
“ကျန်းယန်နိုင်ငံက အလွန်ကြီးမားတဲ့နိုင်ငံကြီးတစ်ခုလေ၊ ပြီးတော့ တိုက်ခိုက်ရေးအင်အားကလည်း အရမ်း အားကောင်းတယ်၊ ဂိုဏ်းချုပ်ကျွင်းအနေနဲ့ သူတို့နဲ့ ယှဉ်ပြိုင်ပြီး တိုက်ခိုက်နိုင်မယ်လို့ ယုံကြည်ချက်ရှိတယ်ပေါ့” ရှစ်ကျန်းရွမ်သည် စိတ်ဝင်တစားပြန်မေးလိုက်သည်။
ကျွင်းချောင်ရှောင်းသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ အပြင်ဘက်ရှိ တိုက်ခိုက်ရေးတည်နေရာဆီသို့ လှမ်းကြည့်လိုက်၏။ သူ၏မျက်လုံးများသည် အေးစက်သွား၏။ “ကျုပ်က ယုံကြည်ချက်ရှိယုံတင်မဟုတ်ဘူး၊ ချင်းယန်မြို့ထဲကို လာပြီး ကျူးကျော်ဖို့ ကြိုးစားကြတဲ့သူတွေကို အလွန်တရာနာကျင်တဲ့ ခံစားချက်တွေကို ပေးပစ်မယ်”
သူ၏ အသံသည် အေးစက်လျက်ရှိနေ၏။ မျက်လုံးထဲတွင်တော့ သတ်ဖြတ်လိုခြင်းဆန္ဒနှင့် ပြည့်နှက်နေ၏။ ကြည့်ရသည်မှာ မကြာခင်အချိန်အတောအတွင်းတွင် ဤတည်နေရာတစ်ခုလုံးသည် သားသတ်ရုံတစ်ခုကဲ့သို့ ပြောင်းလဲသွားပေတော့မည်။