အခန်း (၄၈၅)
Vol. 33 Ch. 485
သိုင်းဘုရင် သုံးယောက်တို့၏ ပူးပေါင်းတိုက်ခိုက်မှုသည် အလွန်တရာ အားကောင်းလှ၏။
သို့ပေမဲ့ ကျွင်းချောင်ရှောင်း၏ စိတ်ဝိညာဉ်ချပ်ဝတ်သည် ကြီးကျယ် ခမ်းနားလှသော တိုက်ခိုက်ချက်များကို ခုခံနေနိုင်သည်။
သူ၏ စိတ်အခြေအနေအရ ချပ်ဝတ်၏ အရောင်သည် ကြက်သွေးရောင် အခြေအနေသို့ ပြောင်းလဲနေသည်။ ကြက်သွေးရောင်သည် တောက်ပလွန်းနေ၏။
ဂိုဏ်းနှစ်ဂိုဏ်းရှိ သိုင်းဘုရင် သုံးယောက်တို့သည် မျက်မှောင်ကုတ်သွားမိ၏။
ဤကလေးသည် အလွန်တရာ အားကောင်းသည်ကို သူတို့ သိရှိ၏။ ထို့ကြောင့် အစကတည်းက သူတို့၏ ဝှက်ဖဲတိုက်ကွက်များကို စတင်အသုံးပြုခဲ့ခြင်းဖြစ်သည်။
သို့ပေမဲ့ တစ်ဖက်လူသည် ထိခိုက် မနာကျင်ရုံသာမက တစ်ချက်လေးမှပင် နောက်သို့ မတွန့်သွားခဲ့ချေ။
ဝှစ်။
ကျွင်းချောင်ရှောင်းသည် လက်ကို မြှောက်ကာ ပြောလိုက်သည်။ "ဒီတစ်ခေါက် ကျုပ်အလှည့်ပဲ"
ဝှစ်။
လောကတွင်ရှိသော ထူးခြားသည့် စွမ်းအင်များ အားလုံးသည် သူ၏ လက်ဝါးတွင် ဖြစ်တည်လာ၏။ ကြက်သွေးရောင် ဘောလုံးအလင်းတစ်ခုသည် စုဖွဲ့လာတော့သည်။
သူ၏ ချပ်ဝတ်မှာ ကြက်သွေးရောင်ကဲ့သို့ နီနီတောက်လျက်ရှိပြီး ဓာတ်သဘာဝများမှာ စူးရှတောက်ပလွန်းလှ၏။
လက်ရှိအခြေအနေမှာတော့ ဂိုဏ်းချုပ်ကျွင်းသည် ကောင်းကင်၌ ထွန်းလင်းလျက်ရှိသော နေလုံးကြီးတစ်လုံး ကဲ့သို့ပင် ဖြစ်လျက်နေသည်။
သိုင်းဘုရင်သုံးယောက်တို့၏ အမူအရာသည် ကြီးကြီးမားမား ပြောင်းလဲသွားကြသည်။
မကြာသေးခင်ကတင် အကြီးအကဲ ဝမ်၏ ရင်ဘတ်သည် ဤစွမ်းအင်များနှင့် တိုက်ရိုက် ထိုးဖောက်ခြင်းကို ခံလိုက်ရ၏။
"သူက သက်တန့်ရောင်စဉ်နည်းစနစ်ကို ထုတ်သုံးနေတာလား"
မြို့၏ နံရံပေါ်တွင်ရှိသော ဟယ်ဝူတီသည် တွေးလိုက်မိ၏။ "ဒီလှုပ်ရှားမှုက စိတ်ဝိညာဉ်စွမ်းအင်တွေကို အရမ်းကို ကုန်ဆုံးစေတယ်။သူ အားအင်ပြတ်လတ်သွားမှာကို မကြောက်ဘူးလား မသိဘူး။"
မဟုတ်ပေ။ ကျွင်းချောင်ရှောင်းတွင် စိတ်ဝိညာဉ် အမြုတေ နှစ်ခု ရှိသည်မို့ လုံလောက်သည့် စွမ်းအင်များ ရှိလို့နေ၏။
ကျွင်းချောင်ရှောင်း၏ သည် သွမ့်ရွှေဂိုဏ်း၏ အကြီးအကဲစွန်းဆီသို့ ချိန်ရွယ်လိုက်သည်။
ထိုသူ၏ နှဖူးထက်တွင်တော့ ကြီးမားလှသည့် ချွေးစီးကြီးများ ကျဆင်းလာ၏။
သိုင်းဘုရင် အဆင့်နှစ် ကျင့်ကြံသူတစ်ယောက်သည် ထိုတိုက်ကွက်၏ အောက်တွင် သေဆုံးသွားခဲ့၏။ သူသည် သိုင်းဘုရင် အဆင့်သုံး ကျင့်ကြံသူတစ်ယောက်ဖြစ်သည်ဆိုသော်လည်း ထိုတိုက်ကွက်ကို ခုခံနိုင်ရန် ယုံကြည်ချက်မရှိချေ။
ဖြောင်း
အကြီးအကဲကျန်းသည် ရှေ့သို့ လှမ်းတက်လာပြီး အကြီးအကဲစွန်း၏ နောက်ကျောဘက်ဆီသို့ လက်တင်ကာ အော်လိုက်၏။ "ခင်ဗျားနဲ့ ကျုပ်နဲ့ အတူတူ ပေါင်းပြီးတော့ ခုခံရအောင်"
"ကောင်းပြီ" အကြီးအကဲစွန်းသည် လက်စည်း သင်္ကေတတစ်ခုကို ဖန်တီးလိုက်၏။
ဝှစ် .. ဝှစ်။
အလွန်တရာ များပြားလှသော စိတ်ဝိညာဉ်စွမ်းအင်များသည် အကြီးအကဲကျန်း၏ ရှေ့တွင် ဖြစ်တည်လာပြီး ချက်ချင်းဆိုသလိုပဲ အားအင်ခိုင်မာလှသော အတားအဆီးတစ်ခုဖြစ်တည်လာသည်။
"နှစ်ထပ်စည်း အစီအရင်" ကျန်းစွန်းဖန်းဟွာက ပြောလိုက်သည်။
လန့်ရှင်းရွှဲ့က ပြောလိုက်၏။ "ကြည့်ရတာ ဒါက အလယ်အလတ်အဆင့် အကာအကွယ် သိုင်းနည်းစနစ်ပဲ။"
"သိပ်ဟုတ်တာပေါ့"
ကျန်းစွန်းဖန်းဟွာ ပြောလိုက်သည်။ "ဒီကောင်လေးက ဒီစည်းကို ကျော်ဖြတ်တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး။"
“ချိုးဖျက်စမ်း” ထိုအချိန်မှာပဲ ကျွင်းချောင်ရှောင်းသည် အထင်အမြင်သေးစွာဖြင့် အော်လိုက်၏။
ဝှစ်။
ကြွက်သွေးရောင်အလင်းတန်းများသည် သူ၏ လက်ဝါးဆီမှ ထွက်ပေါ်လာပြီးသည့်နောက်မှာတော့ အလွန်တရာ မြန်ဆန်သည့် အရှိန်အဝါ နှင့် အကာအကွယ်အား ချိုးဖြတ်လိုက်တော့သည်။
ဘန်း ..။
ချက်ချင်းဆိုသလိုပဲ သိုင်းဘုရင် အဆင့်သုံးနှစ်ယောက် ဖန်တီးထားသောအကာအကွယ် အစီအရင်သည် စာရွက်စတစ်ခုလိုပင် ပျက်စီးသွားခဲ့၏။
ရွှီ ရွှီ။
ကြက်သွေးရောင် အလင်းတန်းများ၏ ကျန်သည့် အားအင်သည် ပျောက်ကွယ် မသွားပေ။ အကြီးအကဲစွန်း၏ ဘယ်ဘက်ပုခုံးကို ထိမှန်ပြီး အနောက်ဘက်တွင် ရှိနေသော အကြီးအကဲကျန့်ကို ပါ တိုက်ရိုက်ထိမှန်သွားသည်။
အတားအဆီးကို ချိုးဖြတ်နိုင်ရုံသာမက တိုက်ခိုက်ချက်တစ်ခုနှင့် လူနှစ်ယောက်ကို ပါထိမှန်အောင် ပြုလုပ်နိုင်စွမ်းရှိနေ၏။
သက်တန့်ရောင်စဉ်နည်းစနစ်သည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။
ကျန်းစွန်းဖန်းဟွာနှင့် လန့်ရှင်းရွှဲ့တို့သည် ထိုအချင်းအရာကို မြင်တော့ ထပ်မံ၍ မျက်လုံး ပြူးသွားကြသည်။
သူတို့နှစ်ယောက်သည် ချင်းယန်နိုင်ငံကို ကာကွယ်ဖို့အတွက် သံမဏိအရိုးဂိုဏ်းကို လာရောက်ကူညီခဲ့သည် ဖြစ်သော်လည်း ပွဲကြည့်ပရိတ်သတ်များအဖြစ်သာ ပြုမူနေရ၏။ ထို့အပြင် သူတို့မထင်မှတ်ထားသည့် ကိစ္စရပ်များ သည် တစ်ခုပြီးတစ်ခု ပေါ်လာခဲ့ပြီး သူတို့၏ မျက်နှာကို အချက်ပေါင်းများစွာ ဖြတ်ရိုက်ခံရသလို ခံစားမိနေ၏။
ဟူး … ဟူး။
ထိုအချိန်မှာတော့ အလွန်တရာ ပြင်းထန်လှသော ဖိအားများသည် ကောင်းကင်ထက်၌ ဖြစ်တည်လာသည်။
ကျွင်းချောင်ရှောင်းသည် ခေါင်းမော့ကြည့်လိုက်သည့်အချိန်မှာတော့ ကြီးမားပြီး ထူထည်လှသော စိတ်ဝိညာဉ်စွမ်းအင်များသည် အနက်ရောင် တိမ်များကဲ့သို့ ဖြစ်တည်ကာ သူ့ဆီသို့ ဆင်းသက်လာ၏။
ဝိညာဉ်ချောင်ဂိုဏ်းမှ တတိယအကြီးအကဲသည် ကောင်းကင်ပေါ်သို့ လက်ကို မြှောက်ကာ စွမ်းအင်များကို စုစည်းလျက်ရှိသည်။ ပြီးနောက် သူသည် အော်လိုက်သည်။ "မဟာယနကောင်းကင်ဖျက်စီးခြင်း"
ရွှီး ….
စိတ်ဝိညာဉ်စွမ်းအင်များနှင့် ဖြစ်တည်နေသော ကြီးမားသော လက်ကြီးသည် ကောင်းကင် ထက်မှ ဆင်းသက်လာတော့သည်။
ထိုလက်ဝါးရိုက်ချက်၏ အော်ရာများသည် အားလုံးအား အသက်ပင် ရဲရဲ မရှူလောက်သည်အထိ ပြင်းထန်လှ၏။
ထိုလက်ဝါးချက် ကျဆင်းလာချိန်မှာတော့ ချင်းယန်မြို့၏ ကောင်းကင်တစ်ခုလုံးသည် မှေးမှိန်သွားခဲ့တော့သည်။
ကျွင်းချောင်ရှောင်းသည် ထူးမခြားနားသလို ခံစားလိုက်မိ၏။
ဒါက ဘာထူးခြားလို့လဲ။
ရွှီ
သူသည် ရှေ့သို့ လှမ်းတက်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ လက်ဝါးရိုက်ချက်ကြီး ကျဆင်းလာချိန်မှာတော့ ရုတ်တရက်ဆိုသလိုပဲ ကောင်းကင်ပေါ်သို့ ထိုးလွှတ်လိုက်သည်။
များပြားလှသော ပေါက်ကွဲသံများ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာပြီးသည့် နောက်မှာတော့ ကောင်းကင်ထက်မှကျဆင်းလာသော လက်ဝါးကြီးသည် ပျောယ်သွားတော့သည်။
ဟူး… ဟူး
ဝေါ့
ဝိညာဉ်ချောင်းဂိုဏ်းမှ တတိယအကြီးအကဲသည် သွေးတစ်လုတ် အန်ထုတ်လိုက်၏။
သူ၏ မျက်နှာသည် ထိတ်လန့်မှုများနှင့် ပြည့်နက်လျက်ရှိသည်။
မဟာယန ကောင်းကင် လက်သီးချက်တစ်ခုသည် သူ၏ အားအကောင်းဆုံး ဝှက်ဖဲတိုက်ကွက်ပင် ဖြစ်၏။
ထို့ကြောင့် သူ့အနေနှင့် တစ်ဖက်လူသည် သွမ့်ရွှေဂိုဏ်းမှ အကြီးအကဲများအား တိုက်ခိုက်နေချိန်တွင် စွမ်းအင်များကို သေသေချာချာ စုစည်းခဲ့၏။ သို့ပေမဲ့ ထိုစုစည်းခဲ့ပြီး တိုက်ခိုက်ခဲ့သော လက်ဝါးရိုက်ချက်ကြီးသည် လေနှင့် အတူပင် ပျောက်ကွယ်သွားခဲ့သည်။
ရွှီ …။
ကျွင်းချောင်ရှောင်းသည် တိမ်ခြေလှမ်းကွက်ကို အသုံးပြု၍ သူ၏ ရှေ့၌ ပေါ်လာသည်။ ပြီးနောက် အေးစက်စက် ပြောလိုက်သည်။ "နာပြီသာမှတ်တော့"
ဝှစ်။
သူသည် မြေကွဲလက်သီး နည်းစနစ်ကို ထုတ်သုံး၍ အားရပါးရ ထိုးနှက်တော့သည်။
တိုက်ခိုက်ချက်တစ်ခုလုံးသည် လျှပ်ပျက်သလို လျှင်မြန်လွန်းလှ၏။ ကျန်းစွန်းဖန်းဟွာနှင့် လန့်ရှင်းရွှဲ့တို့ အားလုံးသည်သာ ကျွင်းချောင်ရှောင်း၏ လှုပ်ရှားချက်တို့ကို သေသေချာချာ မြင်နိုင်၏။
ဘန်း ဘန်း ဘန်း
များပြားလှသော လက်သီးချက်များကို ရင်ဆိုင်ရပြီးသည့်နောက်မှာတော့ ဝိညာဉ်ချောင်း ဂိုဏ်းမှ တတိယအကြီးအကဲသည် အနောက်သို့ တစ်ဖြည်းဖြည်းချင်း ဆုတ်နေရ၏။ သူ၏ မျက်နှာသည် ရှုံ့တွလျက်ရှိသည်။
ဂိုဏ်းချုပ်ကျွင်းသည် သူ၏ လက်သီးများကို ပြန်ရုတ်လိုက်သည့် အချိန်မှာတော့ တစ်ဖက်လူသည် အနောက်ဘက်သို့ ခြေလှမ်းနှစ်ဆယ်ခန့် ဆုတ်ပြီး ဖြစ်နေ၏။
သူသည် ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင် ထိန်းချုပ်လိုက်ပြီးသည့်နောက်မှာတော့ မြေပေါ်သို့ လဲကျ၍ သွေးတွေ အန်ထွက်နေတော့သည်။
ကျန်းစွန်းဖန်းဟွာနှင့် လန့်ရှင်းရွှဲ့တို့၏ နှုတ်ခမ်းများသည် တဆတ်ဆတ်နှင့် တုန်ရင်နေကြ၏။
သိုင်းဘုရင် သုံးယောက်နှင့် တိုက်ခိုက်သည့် အချိန်တွင် နှစ်ယောက်သည် ဒဏ်ရာရပြီး တစ်ယောက်သည် ပြင်းပြင်းထန်ထန် ရိုက်နှက်ခြင်းကို ခံနေရ၏။ ဤလူငယ်၏ အားအင်အဆင့်သည် အလွန်တရာ ကြီးမားလွန်းလှသည်။
သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်းသည် ဤသို့သော တိုက်ခိုက်ချက်များတွင် အားပြည့်အင်ပြည့် ထုတ်ဖော်အသုံးမပြုသေးကြောင်းကိုသာ သူတို့နှစ်ယောက် သိမည်ဆိုလျှင် ပိုမို၍ တုန်လှုပ်သွားပေလိမ့်မည်။
ပြောရမည်ဆိုလျှင် သူ၏ လက်ရှိအရ သိုင်းဘုရင်အဆင့်ငါးတစ်ယောက်ကို မဆိုနှင့် သိုင်းဘုရင် အဆင့်ခုနစ် သို့မဟုတ် သိုင်းဘုရင် အဆင့်ရှစ်တစ်ယောက်ကိုပင် အနိုင်ယူနိုင်စွမ်းရှိနေ၏။
"ကောင်းကင်ဘုံ"
မြို့တော်ဝန်ရှဲ့က တုန်လှုပ်သွား၏။ "ဂိုဏ်းချုပ်ကျွင်းက တကယ်ကို ကြောက်ဖို့ ကောင်းတာပဲ"
သံမဏိအရိုးဂိုဏ်းတပည့်များသည် ခေါင်းမော့ကာ ရင်ကော့လိုက်ကြသည်။ သူတို့သည် သူတို့ ဂိုဏ်းချုပ် ထုတ်ဖော်လိုက်သော အားအင်များနှင့် ပတ်သက်၍ အလွန်တရာ ဂုဏ်ယူမိနေကြ၏။
"ပျင်းစရာပဲ"
ကျွင်းချောင်ရှောင်းသည် အဝေးတစ်နေရာရှိ ကြောင်အအဖြစ်နေသော ပိုင်ယွေ့ကွေအား ပြောလိုက်သည်။ "ခင်ဗျားရဲ့ လူတွေကို မြန်မြန်အမိန့်ပေးပြီးတော့ မြို့ကို တိုက်ခိုက်လိုက်တော့လေ"
သူသည် အင်္ကျီလက်ကို ယမ်းခါပြီး မြို့၏ နံရံမြို့ရိုးဆီသို့ ပြန်လာလိုက်၏။
ဝိညာဉ်ချောင်းဂိုဏ်း နှင့် သွမ့်ရွှေဂိုဏ်းတို့မှ သိုင်းဘုရင် သုံးယောက်တို့သည် သူတို့၏ ဒဏ်ရာများကို ဖိနှိပ်ရင်း ဆိုးဆိုးရွားရွား အခြေအနေနှင့် နောက်သို့ ပြန်ဆုတ်လိုက်ရသည်။
ကျွင်းချောင်ရှောင်းသည် သူတို့ အသက်ကို ယူဆောင်ရန် စိတ်မဝင်စားချေ။ မဟုတ်ပါက သူတို့အားလုံးသည် အစောကြီးကတည်းက အလောင်းကောင်ဖြစ်နေမှာ သေချာ၏။
"ဂိုဏ်းချုပ်ကျွင်း"
ပိုင်ယွေ့ကွေသည် လေးလေးနက်နက် ပြောလိုက်၏။ "သံမဏိအရိုးဂိုဏ်းက တကယ်ပဲ စစ်ပွဲမှာ ပါဝင်ပြီးတော့ ချင်းယန်မြို့ကို ကာကွယ်ချင်တာလား။ဒါက သေသွားနိုင်တယ်နော်။"
ကျွင်းချောင်ရှောင်း၏ အားအင်အဆင့်သည် သူ့အား ထိတ်လန့်တုန်လှုပ်မိသွားနိုင်သည် ဆိုသော်လည်း စည်းမျဉ်းများအရ သိုင်းဘုရင်များသည် စစ်ပွဲတွင် ပါဝင်ခွင့် မရှိချေ။
အဘယ့်ကြောင့်နည်း။
သိုင်းဘုရင်များ၏ အားအင်အဆင့်သည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ ထို့ကြောင့် သူတို့၏ လက်တစ်ချက်ဝှေ့ယမ်းရုံ နှင့် စစ်သည်ပေါင်း တစ်သောင်းကျော်ကို ဖျက်ဆီး ၊ သတ်ဖြတ်နိုင်စွမ်းရှိနေသည်။
မြို့တံတိုင်း နံရံပေါ်သို့ ရောက်ရှိနေပြီဖြစ်သော ကျွင်းချောင်ရှောင်းသည် ပြောလိုက်၏။ "သံမဏိအရိုးဂိုဏ်းဒီမှာ ရှိနေရင် ချင်းယန်မြို့လည်း ဒီမှာရှိနေလိမ့်မယ်။"
သူ၏ အသံသည် လေထုထဲသို့ ပျံ့နှံ့သွားတော့၏။
မြို့ထဲတွင် ပုန်းအောင်လျက်ရှိနေသော မြို့သူမြို့သားများ အားလုံးသည် ထိုစကားကို ကြားလိုက်ချိန်မှာတော့ ကြက်သီးများပင် ထသွားကြတော့သည်။
"ဂိုဏ်းချုပ်ကျွင်း"
ဘေးတစ်ဖက်တွင် ရပ်လျက်ရှိသော မြို့တော်ဝန်ရှဲ့သည် ထိုစကားကို ကြားတော့ မျက်ရည် ဝိုင်းလုမတတ် စိတ်လှုပ်ရှားသွား၏။ သူသည် လက်သီးကိုဆုပ်ကာ ပြောလိုက်၏။ "ချင်းယန်မြို့က ခင်ဗျားရဲ့ ကြင်နာမှုကို အမြဲ မှတ်ထားပါ့မယ်"
ပိုင်ယွေ့ကွေသည် နှာခေါင်းရှုံ့လိုက်၏။ "သာမန်ဂိုဏ်းလေးတစ်ခုက ကျန်းယန်နိုင်ငံရဲ့ စစ်တပ်ကြီးတစ်ခုလုံးကို ယှဉ်ပြိုင်နိုင်မယ်လို့ ထင်နေတာလား။"
ရွှီ
တိုက်ပွဲအလံသည် ဝှေ့ယမ်းသွား၏။
စစ်သည်ပေါင်းတစ်ထောင်ကျော်တို့သည် အလွန်တရာ ကြီးမားလှသော စက်ကိရိယာ လက်နက်များကို ထုတ်ဖော်လာကြသည်။
"ခန်းမသခင်ရွှဲ့"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ဒီတိုက်ပွဲကို ခင်ဗျားလက်ထဲ အပ်လိုက်မယ်"
"ကောင်းပါပြီ"
ရွှဲ့ရမ်ကွေ့သည် ရှေ့သို့ လှမ်းတက်လာသည်။ ပြီးနောက် သူ၏ လက်ထဲရှိ အလံအား ဝှေ့ယမ်းလိုက်တော့သည်။
မြို့တံခါးကြီးသည့် ရုတ်တရက် ပွင့်သွားပြီး နောက်မှာတော့ ဟာရီကိန်းဝံပုလွေများကို စီးနင်လျးက်ရှိနေကြသော သံချပ်ကာ ဝံပုလွေတပ်သားများအားလုံးသည် အပြင်ဘက်သို့ ထွက်လာကြသည်။
"ဝံပုလွေ စီးနင်းတဲ့လူတွေလား"
ပိုင်ယွေ့ကွေ၏ မျက်နှာများသည် အံ့အားသင့်မှုများဖြင့် ပြည့်နက်သွားသည်။
"ဒါပဲလား"
တပ်မမှူးတစ်ယောက်သည် အထင်အမြင်သေးသလို ရယ်မောလိုက်သည်။
ကျန်းယန်နိုင်ငံသည် စစ်သည်ပေါင်း သုံးသိန်းကျော်ရှိနေ၏။ သို့ပေမဲ့ သံမဏိအရိုးဂိုဏ်းတပည့်တို့သည် သံချပ်ကာ ဝံပုလွေ တပ်သား တစ်ထောင်ကျော်တို့ကိုသာ စေလွှတ်ခဲ့၏။ အရေအတွက် ကွာခြားချက်မှာ ကြီးမား လွန်းနေ၏။
"ရန်သူများကို အနိုင်ယူဖို့ နည်းလမ်းက တစ်ခုပဲ ရှိတယ်။ဒါက သတ်ဖြတ်ဖို့ပဲ"
ကျုံးရီသည် သူ၏ လှံကို ကိုင်ကာ အော်လိုက်သည်။ "သတ်သြတ် … သတ်"
ဟာရီကိန်းဝံပုလွေများကို စီးနင်းထားကြသော သံချပ်ကာ ဝံပုလွေတပ်သားများအားလုံးသည် မြွေပုံသဏ္ဍာန် တိုက်ခိုက်ရေး ဗျူဟာတစ်ခုကို ခင်းကျင်းကာ ရှေ့သို့ ပြေးတက်သွားကြသည်။
အထက်မှ ကြည့်မည်ဆိုလျှင် ကျန်းယန်နိုင်ငံ၏ စစ်တပ်သည် များပြားလှသော သမုဒ္ဒရာကြီးကဲ့သို့ ဖြစ်တည်နေပြီး သံချပ်ကာ ဝံပုလွေတပ်သားများမှာတော့ ထီးထီးကြီး ရှိနေသော လှေတစ်စင်း ကဲ့သို့ပင်။
သို့ပေမဲ့ ထိုသံချပ်ကာ ဝံပုလွေတပ်သားများသည် အရေအတွက်အရ နည်းပါးလှသည် ဆိုသော်လည်း အလွန်တရာအားကောင်းလှသည့် အော်ရာများကို ထုတ်ဖော်လျက်ရှိသည်။
"ချီးပိုးထိုးကောင်က စစ်ရထားကို ရပ်တန့်ဖို့ ကြိုးစားနေသလိုပဲ" ပိုင်ယွေ့ကွေသည် နှာခေါင်းရှုံ့လိုက်၏။ ပြီးနောက် သူ၏လက်ထဲတွင် ရှိသော တိုက်ပွဲအလံအား ဝှေ့ယမ်းလိုက်တော့သည်။
ဘုန်း ဘုန်း ဘုန်း။
ကျားဖြူ တပ်သား ငါးသောင်းကျော်တို့သည် ရှေ့သို့ တိုးလာကြသည်။ သူတို့သည် တိုက်ခိုက်ရေး ဗျူဟာတစ်ခုကို ခင်းလိုက်ကြသည်။
သံချပ်ကာ ဝံပုလွေတပ်သားတစ်ထောင်ကျော်နှင့် ရင်ဆိုင်သည့်အချိန်မှာတော့ အကြီးအကဲပိုင်သည် အလွန်တရာ သတိအပြည့်နှင့် တိုက်ခိုက်ရန် စဉ်းစားထား၏။
"သတ်ကြ"
သံချပ်က မြင်းတပ်၏ တပ်မမှူးက အော်လိုက်တော့သည်။ မြင်းတပ်ငါးသောင်းကျော်တို့သည် ချက်ချင်းပဲ ထွက်သွားကြ၏။
သူတို့၏ မြင်းများသည် ကြမ်းကြမ်းတမ်းတမ်းနှင့် အသော့နှင်ကာ သံချပ်ကာ ဝံပုလွေတပ်သားများ ဆီသို့ ဝင်ရောက်သွားသည်။
ရွှီ
မြို့၏ မျှော်စင်ပေါ်တွင် ရှိနေသော ရှောင်ကျီသည် သူ၏ စနိုက်ပါကို မြှောက်ကိုင်၍ သေနတ်မောင်းခလုတ်အား ဆွဲချလိုက်တော့သည်။
ဖောင်း ဖောင်း ဖောင်း ဖောင်း
ကျည်ဆံ အချက်နှစ်ဆယ် ထွက်ခွာသွားပြီးသည့်နောက်မှာတော့ ကျားဖြူတပ်မှ တပ်သားနှစ်ဆယ်ကျော် တို့သည် မြေပေါ်သို့ ပြုတ်ကျသွားတော့သည်။
"တက်ကြ"
တစ်ချိန်တည်းမှာပဲ ကျုံးရီသည် သူ၏တပ်သားများကို ဦးဆောင်၍ အရှေ့ဘက်သို့ တိုးလာကြတော့သည်။ သံချပ်ကာ ဝံပုလွေတပ်သားများ၏ အစွမ်းအစကို ပြသရမည့် တိုက်ပွဲသည် တရားဝင်စတင်ခဲ့လေပြီ။