← Chapters

အခန်း (၄၈၇)

Vol. 33 Ch. 487

အခန်း (၄၈၇)

Vol. 33 Ch. 487

အမြှောက်သံထွက်ပေါ်လာပြီးသည့်နောက်မှာတော့ အဆောက်အဦနှင့်မြေကြီးများ သည် ငလျင်လှုပ်လိုက် သကဲ့သို့ ကြမ်းကြမ်းတမ်းတမ်း တုန်ခါသွားခဲ့သည်။

မြို့ထဲတွင်ရှိသော မြို့သူမြို့သားများ အားလုံးသည် ထိတ်လန့်ကြောက်ရွံ့သွားကြ၏။ သူတို့၏ သွေးများသည် ပွက်ပွက်ဆူလို့သွားခဲ့သလို နားများမှာလည်း အူလို့ သွားတော့၏။

ကျွင်းချောင်ရှောင်းသည် ထိုသို့ဖြစ်လာမည်ကို ကြိုတင်စဉ်းစားခဲ့ပြီးဖြစ်၏။ ထို့ကြောင့် အမြှောက်အား မြို့ထဲမှနေ၍ မပစ်ခတ်ဘဲ မြို့အပြင်မှ ပစ်ခတ်ခဲ့ခြင်းဖြစ်၏။

မြို့ထဲမှသာ ပစ်ခတ်မည်ဆိုပါက များပြားလှသောသူများသည် သွေးအန်၍ ထိတ်လန့်တုန်လှုပ်မှုကြောင့် သတိလစ်မေ့မျောမည်မှာ သေချာသည်။ မြို့သူမြို့သားများ အားလုံးသည် အားနည်းကြ၏။ ထို့ကြောင့် အမြှောက်၏ အသံကို မခံနိုင်သည်မှာ သာမန်ပင်ဖြစ်သည်။

သို့ပေမဲ့ မြောင်ဟွာခန်းမမှ တပည့်များ အားလုံးသည် ကောင်းမွန်သည့် ကျင့်ကြံခြင်းအဆင့် ရှိကြသူများ ဖြစ်ကြ၏။ သို့ပေမဲ့ ၎င်းတို့အားလုံးသည် အမြှောက်သံကို ကြားရုံဖြင့် ထိတ်လန့်တုန်လှုပ်မိနေကြ၏။

ကျန်းစွန်းဖန်းဟွာနှင့် တခြားသောအကြီးအကဲများအားလုံးသည် ပါးစပ်အဟောင်းသားဖြစ်နေကြ၏။ ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်သည် မြင့်မားလှသောကြောင့် အသံ၏ သက်ရောက်မှုကို မခံခဲ့ရချေ။ သို့ပေမဲ့ မြို့၏ အပြင်ဘက်တွင်ရှိသော မြင်ကွင်းကိုကြည့်ပြီး ကြောင်အအ ဖြစ်မိနေကြသည်။

အပြင်ဘက်မှာတော့ ချင်းယန်မြို့အား တိုက်ခိုက်ရန် ပြင်ဆင်လျက်ရှိသော စစ်သည်ပေါင်းတစ်သိန်းတို့သည် အလင်းတန်းကြီး ကျဆင်းပြီးသည့်နောက်မှာတော့ ကြီးမားသည့် ပေါက်ကွဲမှုကြီးထဲသို့ ရောက်ရှိသွားသည်။

“ဘာ … ဘာတွေဖြစ်ကုန်တာလဲ”

“ကျွမ်းကျင်သူတစ်ယောက်ယောက်က အလွန်တရာအဆင့်မြင့်မားတဲ့ သိုင်းနည်းစနစ်တစ်ခုကို ထုတ်ဖော်ပြီး အသုံးပြုတာလား”

ဝှစ် ဝှစ်

အလွန်တရာ ကြမ်းတမ်းလှသော စွမ်းအင်လှိုင်းများသည် တည်နေရာအနှံ့သို့ ပျံ့နှံ့သွားတော့၏။ အီတလီ အမြှောက်ကြီးသည် အလွန်တရာ အားကောင်းလွန်းလှ၏။

သို့ပေမဲ့ ရှောင်ကျီသည်လည်း ခံစားခဲ့ရ၏။ သူသည် နားထဲသို့ တစ်စုံတစ်ခုကို ထိုးထည့်၍ ကြိုတင်ပိတ်ဆို့ထားသည်ဆိုသော်လည်း ချက်ချင်းပင် ခေါင်းထဲ၌ ချာချာလည်အောင် ခံစားလိုက်ရ၏။ မြေပေါ်သို့ မူးဝေစွာဖြင့် ထိုင်လျက်ရှိနေသည်။ ဤနေရာတွင် စုရှောင်မိုသာ ဆိုပါက တစ်ခါတည်း မြေပေါ်သို့လဲကျ၍ ခန္ဓာကိုယ် တစ်ခုလုံး တွန့်လိမ့်နေပေလိမ့်မည်။

……….

ပေါက်ကွဲမှုကြောင့်ဖြစ်ပေါ်လာသော လှိုင်းများ ပျောက်ကွယ်သွားချိန်မှာတော့ ချင်းယန်မြို့၏ အပြင်ဘက်တွင် ပေတစ်ရာကျော် ကျယ်ဝန်းလှသော တွင်းကြီးတစ်ခု ရှိလို့နေ၏။

ဟူး

မြို့တော်ဝန်ရှဲ့သည် သက်ပြင်းချလိုက်မိ၏။ သူ၏မျက်လုံးများတွင်တော့ ကြောက်လန့်မှုများနှင့် ပြည့်နေ၏။ သူ့ကို ကြောက်လန့်စေသူမှာ ဤတွင်းကြီး မဟုတ်ပေ။ တွင်းကြီးထဲတွင်ရှိနေသော စစ်သည်များပင် ဖြစ်တော့သည်။

ထိုတွင်းကြီး၏ အပြင်ဘက်တွင်တော့ အသက်ရှင် ကျန်ရစ်ခဲ့သောသူများလည်း ရှိနေသေးသည်။ သို့ပေမဲ့ ၎င်းတို့ အားလုံးသည် ပြင်းထန်သောဒဏ်ရာကို ရရှိခဲ့သောကြောင့် နာကျင်စွာဖြင့် အော်ဟစ်နေကြ၏။

ထို့အပြင် တွင်း၏ အထဲမှာတော့ ရှင်သန်နေသည့်လူဟူ၍ တစ်ယောက်မှ မရှိတော့ပေ။ ထို့အတူ အကောင်းအတိုင်း ဖြစ်တည်နေသော အလောင်းဟူ၍လည်း တစ်ယောက်တစ်လေမှ မရှိပေ။ အားလုံး၏ ခန္ဓာကိုယ်များ အားလုံးသည် အပိုင်းပိုင်း ပြတ်လျက်ရှိနေပြီး သွေးများသည်လည်း တည်နေရာအနှံ့သို့ ပျံ့နှံ့နေ၏။

ဘုတ်

မတ်တပ်ထရပ်ရပ်လိုက်ခြင်းမှာပင် ပိုင်ယွေ့ကွေသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် မြေပေါ်သို့ ဖင်ထိုင်လျက် လဲကျသွားသည်။ သူ၏ မျက်လုံးထဲတွင်တော့ ထိတ်လန့်ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။

စစ်သား တစ်သိန်းကျော်တို့သည် ဤပေါက်ကွဲမှုကြီး၌ သေဆုံးသွားခဲ့ကြပြီးဖြစ်၏။

ဤအဖြစ်အပျက်ကြီးသည် အလွန်တရာကြီးမားလှသည့် အလှည့်အပြောင်းကြီးပင် ဖြစ်တော့သည်။ တိုက်ပွဲတွင် တိုက်ခိုက်ရန် အလှည့် မကျသေးသော ကျားဖြူစစ်တပ်မှ စစ်သားများသည် ဤပေါက်ကွဲမှုကြီးကို မြင်လိုက်ရချိန် မှာတော့ ဒူးတွေ တစ်ခုလုံး ပျော့ခွေကာ မြေပေါ်သို့ ထိုင်ချလုမတတ် ဖြစ်မိနေကြသည်။

စောနက ဖြစ်တည်ခဲ့သော အလင်းတန်းကြီးသည် မည်သည့်နေရာမှ ရောက်ရှိလာသနည်း။ ထိုအလင်းတန်းကြီး သည် ကြောက်မက်ဖွယ်ရာကောင်းလွန်းလှသော ဖျက်ဆီးခြင်းစွမ်းရည်များကို ထုတ်ဖော်နေနိုင်၏။

ထိုအချိန် မှာတော့ ကျားဖြူစစ်တပ်ထဲတွင်ရှိသော လူများအားလုံးသည် ထိတ်လန့်ကြောက်ရွံ့နေပြီဖြစ်သည်။ သံချပ်ကာ ဝံပုလွေတပ်နှင့် သံမဏိအရိုးဂိုဏ်းတပည့်များသည် သူတို့ကို ထိတ်လန့်တုန်လှုပ်အောင် ပြုလုပ်ခဲ့ပြီးဖြစ်၏။ သို့ပေမဲ့ အမြှောက်ကြီးများတော့ ပိုမို၍ ဆိုးရွားနေသည်။

“စစ်သူကြီး ပိုင်”

မြို့တံတိုင်းကြီး၏ အပေါ်ဘက်မှာတော့ ကျွင်းချောင်ရှောင်းသည် လှမ်းမေးလိုက်၏။ “ခင်ဗျား ကျေနပ်ရဲ့လား”

ပိုင်ယွေ့ကွေသည် ဤအမြှောက်ကြီး ပစ်ခတ်မှုနှင့်ပတ်သက်၍ မကျေနပ်လှပေ။ သို့ပေမဲ့ သူဘာလုပ် နိုင်မည်နည်း။ ထို့ကြောင့် ထိတ်လန့်တုန်လှုပ်စွာနှင့် မေးလိုက်သည်။ “ဒါက သိုင်းဘုရင် ဒါမှမဟုတ် အဲအထက်ရဲ့ တိုက်ခိုက်မှုလား”

ကျန်းစွန်းဖန်းဟွာနှင့် လန့်ရှင်းရွှဲ့တို့သည် ဒီမေးခွန်းကို စဉ်းစားနေကြခြင်းဖြစ်သည်။ သို့ပေမဲ့ အဆုံးသတ်မှာတော့ သူတို့သည် ငြင်းပယ်လိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် စောနက တိုက်ခိုက်မှုတွင် မည်သည့် စိတ်ဝိညာဉ် လှိုင်းကိုမျှ အာရုံမခံမိကြချေ။

ဆိုလိုသည်မှာ ဤအနီးအနားတွင် ကျွမ်းကျင်သူတစ်ယောက်မှ မရှိပေ။ စောနက ဖြစ်တည်ခဲ့သော အလင်းတန်းများကို ချိန်ထိုးစဉ်းစားရမည်ဆိုလျှင် ဤအရာသည် လက်နက်တစ်ခုကြောင့်သာ ဖြစ်ဖို့များ၏။

ကျွင်းချောင်ရှောင်းသည် ပခုံးကိုတွန့်ကာ ပြောလိုက်၏။ “ခင်ဗျားတို့ ကျန်းယန်နိုင်ငံက စိတ်ဝိညာဉ်အမြူတေအမျိုးအစား လက်နက်တွေ မရှိဘူးလား၊ ကျုပ်တို့ဆီမှာလည်း ရှိတာပေါ့၊ သံမဏိအရိုးဂိုဏ်းက ဒါကို ကျိန်းသေပေါက် ထုတ်သုံးရမယ်”

ထိုအရာကိုကြားတော့ ကျန်းစွန်းဖန်းဟွာနှင့် လန့်ရှင်းရွှဲ့တို့သည်လည်း စောနက အလင်းတန်းသည် လက်နက်ဆီမှသာဖြစ်ကြောင်း ကျိန်းသေပေါက် သိရှိလိုက်ရတော့သည်။

သို့ပေမဲ့ အဆင့်မြင့်သလင်း အမြူတေများသည် အလွန်တရာအားကောင်းလှသော စွမ်းအင်များကို ထုတ်ဖော်နိုင်နေသည်လား။

သူတို့၏ ခန့်မှန်းချက်သည် အမှန်ပင် ဖြစ်တော့၏။

အမြှောက်ဆံများအားလုံးသည် သလင်းအမြူတေမှ ဖြစ်တည်လာခဲ့ခြင်းပင်ဖြစ်၏။ သို့ပေမဲ့ သလင်းအမြူတေ၏ သန့်စင်လှသော စွမ်းအင်များသည် အလွန်တရာကောင်းမွန်လှသော ဖျက်ဆီးခြင်းစွမ်းရည်များကို မထုတ်ဖော် နိုင်ချေ။ ဤအရာသည် အမြှောက်ကြောင့်သာ ဖြစ်ပေါ်ခဲ့ခြင်းပင်။ မှော်ပညာဖြင့် အဆင့်မြှင့်တင်ထားသော အီတလီ အမြှောက်ကြီးသည် အလွန်တရာပြင်းထန်လှသော ဖျက်ဆီးခြင်းစွမ်းရည်များကို ထုတ်ဖော်နေသည်။

ပိုင်ယွေ့ကွေ၏ မျက်နှာတစ်ခုလုံးသည် ရှံ့မဲ့လျက်ရှိ၏။ သံမဏိအရိုးဂိုဏ်းတွင် ဤကဲ့သို့သော ဝှက်ဖဲတစ်ခုခု ရှိလိမ့် မည်ဟု သူမထင်ထားချေ။ ထို့ကြောင့်ပင် စစ်သည်သုံးသိန်း၏ရှေ့၌ အလွန်တရာ တည်ငြိမ်စွာဖြင့် တည်ရှိနေနိုင်ခြင်းပင်ဖြစ်တော့သည်။ သူဘာကို လုပ်သင့်သနည်း။

အမြှောက်နှင့်ပစ်ခံလိုက်ရသော ပိုင်ယွေ့ကွေသည် ဆက်လက်တိုက်ခိုက်ရန် စိတ်နှလုံးသားများလည်း မရှိတော့ချေ။ တိတိကျကျပြောရမည်ဆိုလျှင် သူသည် လူကြောက်တစ်ယောက်ဖြစ်နေပြီဖြစ်၏။

ချက်ချင်းဆိုသလိုပဲ စစ်သည် တစ်သိန်းနီးပါးသည် သတ်ဖြတ်ခံလိုက်ရ၏။ တစ်ချို့သည် ဒဏ်ရာရရှိသွားခဲ့ကြသည်။ ဤကဲ့သို့သော အရာမျိုးနှင့် ရင်ဆိုင်ရမည်ဆိုလျှင် ကြယ်ငါးပွင့်အဆင့် စစ်သူကြီးတစ်ယောက်ဖြစ်သော ရွှဲရမ်ကွေ့ပင်လျှင် ထိတ်လန့်ကြောက်ရွံ့ မိပေလိမ့်မည်။

“ဟုတ်တယ်”

ကျွင်းချောင်ရှောင်းပြောလိုက်သည်။ “စောနကဟာက လက်ဆောင်၊ မိတ်ဆက်လက်ဆောင်ပေးလိုက်တာ၊ တကယ့်တိုက်ပွဲက အခုမှစမှာ”

ဝှစ်

သူသည် မြို့တံတိုင်းပေါ်ဆီမှ ခုန်ချလာပြီး လက်ကို အသာဖြန့်ကားထားလိုက်၏။

ဒွီ …. ဒွီ

ချင်းယန်မြို့၏ အပြင်ဘက် တည်နေရာများမှာတော့ အလင်းတန်းများ ရုတ်တရက်ပေါ်ပေါက်လာခဲ့သည်။

“အစီအရင်လား”

ကျန်းစွန်းဖန်းဟွာနှင့် လန့်ရှင်းရွှဲ့တို့သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်မိ၏။ ရုတ်တရက်ဆိုသလိုပဲ မနေ့က အဖြစ်အပျက်ကို သူတို့ သတိရသွားသည်။ ဤကောင်လေးသည် မြို့၏ အပြင်ဘက်တွင် လက်များကို ဟိုဘက်ယမ်းလိုက်၊ ဒီဘက်ယမ်းလိုက်ဖြင့် တစ်နေကုန် အလုပ်ရှုပ်လျက် ရှိနေသည်။ ထိုအချိန်တုန်းက ကျွင်းချောင်ရှောင်းသည် အလွန်တရာ ပျင်းရိလွန်းသောကြောင့် ကစားနေခြင်းဖြစ်မည်ဟု ထင်မှတ်မိကြသည်။ သို့ပေမဲ့ တကယ်တမ်းမှာတော့ အစီအရင် တစ်ခုကို ဖန်တီးနေခြင်းသာ ဖြစ်ပေလိမ့်မည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ”

ကျန်းစွန်းဖန်းဟွာသည် မယုံကြည်နိုင်ဟန်ဖြင့် ပြောလိုက်၏။ အစီအရင် ဆရာများသည် အလွန်တရာ လေးနက်စွာဖြင့် အစီအရင်ကို ဖန်တီးတတ်ကြ၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းမှာတော့ လမ်းလျှောက်ရင်း အပျင်းပြေ ဆော့ကစားနေသည့်ပုံစံမျိုးနှင့် အစီအရင်ကို ရေးဆွဲထားခဲ့ခြင်းပင်ဖြစ်၏။

ဟုတ်ပေသည်။ အလွန်တရာ လွယ်ကူသည့်ပုံစံမျိုးဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“စစ်သူကြီးပိုင်”

ကျွင်းချောင်ရှောင်းသည် လက်ကိုမြှောက်ကာ ပြောလိုက်၏။ “ဒီနေ့မှာတော့ တကယ့်တော်ဝင်စစ်တပ်တွေရဲ့ အစွမ်းအစက ဘာလဲဆိုတာကို ပြမယ်”

ဖြောင်း …. ဖြောင်း ….။

ဆွစ် … ဆွစ် ………။

သီးခြားဖြစ်တည်ခြင်း အစီအရင်များ တစ်ခုပြီးတစ်ခု လင်းလက်လာတော့သည်။ ထိုအထဲတွင်တော့ ချပ်ဝတ်များ အပြည့်အစုံ ဝတ်ဆင်ထားသော စစ်သားများ တည်ရှိနေကြောင်းကို အားလုံးက မြင်လိုက်ကြရသည်။

ထိုစစ်သား များ၏ အော်ရာသည် အလွန်တရာအေးစက်လှပြီး အရှိန်အဝါလည်း ကောင်းမွန်လှ၏။ စုစုပေါင်းစစ်သည်ပေါင်း တစ်သိန်းခန့်ရှိ၏။

ဂိုဏ်းချုပ်ကျွင်းသည် အားလုံး၏ရှေ့တွင် ပဲစေ့များကို ပစ်လွှတ်၍ စစ်သားအဖြစ် ဖန်တီးနိုင်သည်ကို ပြသလိုက်မည် ဆိုပါက ရှိရှိသမျှသော လူအားလုံးသည် ထိတ်လန့်တုန်လှုပ်ပြီး ကြောက်လန့်သွားကြမှာသေချာ၏။ သူ့ကို စုန်း အတတ်ပညာကို တတ်မြောက်သည်ဟုပင် ထင်မှတ်စရာ ရှိလိမ့်မည်။

ထို့ကြောင့် သူသည် စိတ်ဝိညာဉ်ပဲစေ့များကို ကြိုတင်ကာချထားခဲ့ပြီး မြို့၏အပြင်ဘက်တွင် အစီအရင်ဖြင့် ဖုံးလွှမ်းထားခဲ့ခြင်းပင်ဖြစ်သည်။

မြို့တော်ဝင်ရှဲ့သည် ဆွံ့အသွား၏။ ပြီးနောက် သူ၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုများဖြင့် လင်းလက်လာခဲ့သည်။ ဂိုဏ်းချုပ်ကျွင်းသည် နောက်ဆုံးအရံအစီအစဉ် ရှိလို့နေ၏။

ကျန်းစွန်းဖန်းဟွာနှင့် လန့်ရှင်းရွှဲ့တို့သည် မျက်မှောင်ကုတ်ကာ တွေးလိုက်မိ၏။ “ဒီစစ်သားတွေက ဘာသိုင်းနည်းစနစ်အော်ရာမှ မရှိဘူးဆိုပေမယ့် အားအင်အဆင့်က သာမန်ထက်ပိုနေတာပဲ”

သူတို့အဘယ်ကြောင့် ဤကိစ္စကို သိရသနည်းဆိုသော် ထိုစစ်သားများဆီမှ ထွက်ပေါ်နေသော အော်ရာနှင့် ဟန်ပန် အမူအရာများအားလုံးသည် အလွန်ကြောက်မက်ဖွယ်ရာကောင်းနေသော နတ်ဘုရားစစ်သားများနှင့်ပင် ဆင်တူ နေ၏။

တိုက်ပွဲပေါင်းတစ်ရာနီးပါးကို တိုက်ခိုက်ခဲ့ပြီးသော ပိုင်ယွေ့ကွေသည်ပင် ထိုအရာကို နားလည်မိသည်။ တစ်ဖက်လူတွင် ကြောက်မက်ဖွယ်ရာကောင်းလွန်းလှသော လက်နက်များနှင့် အထူးတော်ဝင်စစ်သားများ လည်း ရှိလို့နေသည်။

“နောက်ဆုတ်ရမယ်”

သူထိုအတွေးကို တွေးမိမိခြင်းမှာပင် မြို့၏ဂိတ်တံခါးရှေ့တွင် ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်ပဲစေ့ စစ်သား တစ်သိန်းကျော်ကို ထိန်းချုပ်၍ ညီညီညာညာဖြင့် ရှေ့ကို လမ်းလျှောက်စေသည်။ တစ်ဖက်တစ်ချက်စီတွင် စစ်သည်ပေါင်း ငါးသောင်းခန့်ရှိနေပြီး ပိုင်ယွေ့ကွေ၏ စစ်သည်နှစ်သိန်းကျော်အား အသာဝိုင်းပတ်၍ ထိန်းချုပ်ထား တော့သည်။

“ဂိုဏ်းချုပ်ကျွင်းက တကယ့်ကို ဉာဏ်အမျှော်အမြင်ြချောမောတယ်။ သူက သာမန်လူတွေ ရဲ့ ကောင်းကျိုးကို မျှော်မှန်းတယ်။ လောကကြီးတစ်ခုလုံးကို စည်းရုံးစေလိမ့်မယ်”

စိတ်ဝိညာဉ်ပဲစေ့ စစ်သားများအားလုံးသည် သံပြိုင်အော်ဟစ်လိုက်ကြ၏။ သူတို့၏ အသံသည် ကောင်းကင်ကြီး တစ်ခုလုံးကို ပျံ့နှံ့သွားသည်။

စနစ် “......”

စစ်သားများ ဤသို့အော်ဟစ်နေခြင်းမှာ ကျွင်းချောင်ရှောင်း၏ စနက်ဖြစ်ကြောင်း သူ ကောင်းကောင်းသိ၏။ “လက်ခံသူ အရှက်မဲ့လှချည်လား”

All Chapters