အခန်း (၄၉၀)
Vol. 33 Ch. 490
ကျန်းယန်နိုင်ငံ၏ အဓိက မြို့တစ်ခုဖြစ်သော ကျန်းယန်မြို့ထဲမှာတော့ အလွန်တရာ ခမ်းနားကြီးကျယ်သော အဆောက်အဦကြီးတစ်ခု တည်ရှိနေသည်။
ထိုအရာသည် မြို့၏ အုပ်ချုပ်သူ နေထိုင်သော နေရာတစ်ခု ဖြစ်ပြီး မြို့သူမြို့သားအချို့သည် ထိုနေရာအား နန်းတော်ဟု ခေါ်ဆိုကြ၏။
တည်ဆောက်ထားသည့် အနုပညာလက်ရာများကို ကြည့်ရှုလျှင် ကျန်းယန်နိုင်ငံ၏ အုပ်ချုပ်သူသည် အလွန်တရာ ရည်မှန်းချက်ကြီးမား၍ အမျှော်အမြင် ကြီးမားသူတစ်ယောက်ဖြစ်မှန်း သိနိုင်သည်။ မဟုတ်ပါက အင်ပါယာများနေထိုင်သကဲ့သို့ နန်းဆောင်များကို ဆောက်လုပ်ထားလိမ့်မည် မဟုတ်ချေ။
ထို့အပြင် ဤနိုင်ငံအုပ်ချုပ်သူသည် မည်သို့သောပုံစံဖြစ်သနည်း။
သေချာကြည့်ရှုမည်ဆိုလျှင် အသက်သုံးဆယ်သို့မဟုတ် အသက်လေးဆယ်အရွယ်ခန့်ရှိသော သက်လတ်ပိုင်း လူတစ်ယောက်သည် စားပွဲပေါ်၏ ထိပ်ပိုင်းတွင် ထိုင်လျက်ရှိနေသည်ကို မြင်လိုက်ရသည်။
ထိုလူသည် ကျိုးချောင်ချင်းဖြစ်ပြီး ကျန်းယန်နိုင်ငံ၏ နိုင်ငံအုပ်ချုပ်သူလည်း ဖြစ်၏။
သူ၏ မျက်နှာတစ်ခုလုံးသည် ရက်စက် ကြမ်းကြုတ်လှသော အမူအရာမျိုး ဖြစ်ပြီး ကျားတစ်ကောင်ကဲ့သို့ စူးရှတောက်ပသည့် မျက်လုံးမျိုးကို ပိုင်ဆိုင်သည်။
အလွန်တရာ ဟိတ်ဟန်ကောင်းလှသော အသွင်အပြင်မျိုး ရှိသည်ဟုလည်း ဆိုရမည် ။ခန္ဓာကိုယ်ပုံပန်းသွင်ပြင်မှာ တောင့်တင်းလွန်းလှ၏။
သို့ပေမဲ့ သူ၏ အောက်တွင် ရှိသော စစ်သူကြီးများနှင့် ဗျူဟာမှူးများအားလုံးသည် ဦးခေါင်းကို ငုံကာဖြင့် ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ်နှင့် တုန်ရင်လျက်ရှိသည်။
ဟောခန်းထဲတွင် ရှိသော အခြေအနေတစ်ခုလုံးမှာလည်း အလွန်တရာ ငြိမ်သက်နေ၏။
လက်ရှိအခြေအနေတွင် ပိုင်ယွေ့ကွေ၏ ဦးခေါင်းတစ်ခုလုံးသည် သေတ္တာတစ်ခုပေါ်၌ တင်လျက်သားရှိနေသည်။
ဘုန်း။
ကျိုးချောင်ချင်သည် သူ၏ လက်ဝါးဖြင့် စားပွဲအား ရိုက်နှက်၍ ဒေါသတကြီး အော်ဟစ်လိုက်သည်။ "စစ်သည် သုံးသောင်းတိတိ သွားခဲ့တာ ဒါပေမဲ့ ချင်းယန်မြို့ကို အနိုင်မယူနိုင်ခဲ့တဲ့ အပြင် အကုန်လုံးပါရှုံးနိမ့်ခဲ့တယ်။ ဒီလောက် အသုံးမကျမှတော့ ပိုင်ယွေ့ကွေဆိုတဲ့အကောင်က သေသွားတာတောင် ကောင်းသေးတယ်လို့ ဆိုရမယ်။"
နိုင်ငံ၏ အုပ်ချုပ်သူသည် အလွန်တရာ ဒေါသထွက်လျက်ရှိသည်။
ထို့အပြင် ကျားဖြူတပ်ဆိုသည်မှာလည်း သူ သေသေချာချာ တည်ဆောက်ခဲ့သောတပ်လေးခုထဲမှ တစ်ခုလည်း ဖြစ်သည်။ လက်ရှိအခြေအနေသည် သူ၏ နှလုံးသားထဲတွင် တင်းမာလျက်ရှိနေ၏။
"နိုင်ငံအုပ်ချုပ်သူ"
အလွန်တရာ ခန္ဓာကိုယ်တောင့်တင်းလှသော စစ်သူကြီးတစ်ယောက်သည် လက်သီးကို ဆုပ်ကာ ပြောလိုက်သည်။
"ကျုပ်က ရွှမ်းဝူတပ်ကို ဦးဆောင်ပြီး ချင်းယန်နိုင်ငံကို သွားတိုက်ပါမယ်။ သံမဏိအရိုးဂိုဏ်းချုပ်ရဲ့ ဦးခေါင်းကို ပြန်ပြီး ယူခဲ့ပါမယ်။"
"ကျုပ်တို့ အသူရာနဂါးတပ်ကလည်း တိုက်ခိုက်ဖို့ ခွင့်တောင်းချင်ပါတယ်"
"ကျူပ်တို့ ဘာမီလီယံတပ်ကလည်း တိုက်ခိုက်ဖို့ အတွက် ခွင့်တောင်းချင်ပါတယ်။"
ကျားပျိုးတပ်ကြီးတစ်ခု သုတ်သင်ခံလိုက်ရသည့်အတွက် နိုင်ငံအုပ်ချုပ်သူသည် အလွန်တရာ ဒေါသထွက်နေသည်သာ မကပဲ ကျန်သည့် တပ်တော် သုံးခုလုံးသည်လည်း အလွန်တရာ ဒေါသထွက်နေကြ၏။
၎င်းတို့သည် စစ်သည်ပေါင်း သန်းချီကို စုစည်းကာ တပ်တော်ကြီးသုံးခုကို တစ်ခုတည်း အဖြစ် ပေါင်းကာ ချင်းယန်းနိုင်ငံကို တိုက်ခိုက်ချင်စိတ်ပေါက်နေသည်။
တကယ်တမ်းသာ သူတို့သည် ထိုကဲ့သို့သာ တိုက်ခိုက်မည်ဆိုပါက ဂိုဏ်းချုပ်ကျွင်း ဆိုသောကောင်သည် အလွန်တရာ ဖိအားများ၍ ကြောက်ချီးပါ ပါသွားနိုင်သည်။
သို့ပေမဲ့ ကျိုးချောင်ချင်သည် သူ၏ မုတ်ဆိတ်မွှေးများ တုန်ခါသည်အထိ ဒေါသထွက်နေသည်ဆိုသော်လည်း သူ့ကိုယ်သူ ထိန်းသိမ်းလိုက်နိုင်၏။ ပြီးနောက် ပြောလိုက်၏။ "လက်ရှိမှာ ကျုပ်တို့ ကျန်းယန်နိုင်ငံက စစ်ပွဲတွေ တောက်လျှောက်တိုက်ခိုက်နိုင်ဖို့ အစီအစဉ်တွေ ရှိနေတယ်လေ။ဒီလိုသာ သွားပြီး တိုက်ခိုက်လိုက်မယ်ဆိုရင် တစ်ခြားနိုင်ငံကြီးတွေက ပျော်သွားမှာပေါ့။ ကျုပ်တို့ရဲ့ အားအင်ကို သေးငယ်လှတဲ့ နိုင်ငံလေးတစ်ခုနဲ့ သွားပြီးတော့ မဖြုန်းတီးချင်ဘူး။"
သံမဏိအရိုးဂိုဏ်းသည် ချင်းယန်နိုင်ငံတွင် အခြေကျနေနိုင်ခဲ့သည့် အပြင် ကျားဖြူစစ်တပ်ကြီးတစ်ခုကို သုတ်သင်ခဲ့ရုံသာမက ပိုင်ယွေ့ကွေ၏ ဦးခေါင်းကိုပင် ပြန်ပို့ ပေးခဲ့သေး၏။
ထိုအရာသည် သတိပေးခြင်းသာ ဖြစ်ပေလိမ့်မည်။
ထိုနေရာတွင် သံမဏိအရိုးဂိုဏ်းတစ်ခုတည်းသာဆိုပါက ကျိုးချောင်ချင်းသည် ကျိန်းသေပေါက် ပြန်လည်ကလဲ့စားချေပေလိမ့်မည်။
သို့ပေမဲ့ လက်ရှိအခြေအနေမှာ ရန်သူဆိုသည်မှာ တစ်ခုထက် ပိုနေ၏။
များပြားလှသော တစ်ခြားသော နိုင်ငံများသည်လည်း ကျန်းယန်နိုင်ငံ၏ လှုပ်ရှားမှုကို မျက်စိဒေါက်ထောက် ကြည့်ရှုနေကြ၏။ ထို့ကြောင့် သူတို့အနေနှင့် သေသေချာချာ စဉ်းစားဆုံးဖြတ်မှ ဖြစ်ပေလိမ့်မည်။
ထို့အပြင် ကျားဖြုတပ်ကြီးတစ်ခုလုံးသည် အလုံးစုံ ဖျက်စီး သုတ်သင်ခံလိုက်ရသည်။ ထို့ကြောင့် သံမဏိအရိုးဂိုဏ်းသည် ကျိန်းသေပေါက် အစွမ်းတစ်ချို့ ရှိပေလိမ့်မည်။
သူတို့၏ တပ်များကို ထပ်မံစေလွှတ်လိုက်သည်ဆိုလျှင်တောင်မှ ကျိန်းသေပေါက် ကပ်ဘေးကြီးတစ်ခုကို ရင်ဆိုင်ရပေလိမ့်မည်။ ထို့ကြောင့် လူပေါင်းများစွာကို အသုံးပြု၍ အဆင့်ကိုး နိုင်ငံတစ်ခုကို ရယူဖို့ ကြိုးစားခြင်းသည် ဉာဏ်ပညာရှိသော လုပ်ရပ်တစ်ခုမဟုတ်ကြောင်း သူနားလည်လိုက်မိသည်။
ကျိုးချောင်ချင်းသည် ဇာတ်ကား၊ ဝတ္တုများထဲမှ အဓိက ဇာတ်ကောင်ကို ပိုမိုအားကောင်းစေရန် ထောက်ပံ့ပေးနေသည့် ဦးနှောက်မဲ့ ဗီလိန်တစ်ယောက်မျိုး မဟုတ်ချေ။
ဆုံးရှုံးမှုတစ်ချို့ကို ခံစားလိုက်ရသည်ဆိုသော်လည်း သူသည် အချိန်ကာလတစ်ခုကို သည်းခံ စောင့်ဆိုင်းနေရန် ဆုံးဖြတ်လိုက်သည်။
အနည်းဆုံးအနေနှင့် သူတို့သည် ချင်းယန်နိုင်ငံသို့ မတိုက်ခိုက်သေးခင် သူတို့အား မျက်စိဒေါက်ထောက်ကြည့်ရှုနေသော တစ်ခြားသော နိုင်ငံကြီးများကို အရင်ဆုံး ရင်ဆိုင်တိုက်ခိုက်ရပေလိမ့်မည်။
ထိုအရာသည်မှာလည်း ဂိုဏ်းချုပ်ကျွင်း လိုချင်သော အရာပင် ဖြစ်တော့သည်။
လက်ရှိအခြေအနေတွင် သူလိုအပ်နေသည်မှာ အချိန်သာ ဖြစ်၏။ သူအား အချိန်အနည်းငယ် ပေးမည်ဆိုလျှင် ဂိုဏ်းကြီးတစ်ခုလုံးသည် ပို၍ ဖွံ့ဖြိုးတိုးတက်လာပေလိမ့်မည်။
ထိုသို့ဆိုလျှင် တစ်လောကလုံးနှင့် ရင်ဆိုင်ယှဉ်ပြိုင်သွားရန်ပင် သူ့တွင် ယုံကြည်ချက်ရှိနေသည်။
…......
"မင်းကြားပြီးသွားပြီလား။ ကျန်းယန်နိုင်ငံက စစ်သည်သုံးသိန်းကို စေလွှတ်ပြီး ချင်းယန်နိုင်ငံကို တိုက်ခိုက်ခဲ့တယ်။ဒါပေမဲ့ သူတို့က ချင်းယန်မြို့အပြင်ဘက်မှာ ရှုံးနိမ့်သွားခဲ့တယ်။"
"ဒီလောက်ကြီးမားတဲ့ကိစ္စကြီးကို ကြားပြီးတာ ကြာပေါ့။ကျုပ်သိသလောက်ဆိုရင် ဒီစစ်တပ်ကြီးကို ဦးဆောင်တဲ့လူက ပိုင်ယွေ့ကွေပဲ။ အဲဒီလူကလည်း ခေါင်းဖြတ်ခံလိုက်ရတယ်"
"ကောင်းကင်ဘုံ … ကျားဖြူတပ်ဆိုတာ အရှေ့တောင်ရန်ကျူးရဲ့ လက်ရွေးစင် အကောင်းဆုံးစစ်တပ်တွေထဲက တစ်ခုပဲ။စစ်သူကြီး ပိုင်ကလည်း ထိပ်တန်းစစ်သူကြီး ဆယ်ယောက်ထဲက တစ်ယောက် မဟုတ်လား။တကယ်ပဲ ချင်းယန်မြို့ အပြင်ဘက်မှာ သေဆုံးသွားခဲ့တာလား။"
ထင်မှတ်ထားသည့်အတိုင်းပင် အရှေ့တောင်ရန်ကျုးတွင်ရှိသော များပြားလှသော ကျင့်ကြံသူများ နှင့် သာမာန်လူများတို့သည် ထိုသတင်းကို ကြားမိချိန်မှာတော့ ထိတ်လန့် တုန်လှုပ်မိနေကြသည်။
အထူးသဖြင့် ထိုကဲ့သို့ ချင်းယန်မြို့အား ခုခံကာကွယ်ဖို့ တာဝန်ယူခဲ့သူမှာ သံမဏိအရိုးဂိုဏ်းဖြစ်ကြောင်းကို သိရှိလိုက်ရချိန်မှာတော့ သူတို့အားလုံး၏ မျက်လုံးများတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နက်သွားကြ၏။
မကြာသေးမီအချိန်တုန်းက တောင်ခြေ၌ သေခြင်း ရှင်ခြင်းစင်မြင့် ကို တည်ဆောက်၍ တိုက်ခိုက်ခဲ့သောကြောင့် နာမည်ကျော်ကြားခဲ့သော သံမဏိအရိုးဂိုဏ်းသည် လက်ရှိတွင် နိုင်ငံစစ်ပွဲများတွင် ဝင်ရောက်၍ တိုက်ခိုက်လျက်ရှိသည်။
တိုက်ခိုက်ရုံသာမက ကျားဖြူစစ်တပ်ကြီးတစ်ခုလုံးကို သုတ်သင်ရှင်းလင်း နိုင်ခဲ့သေးသည်။ ထို့ကြောင့် လက်ရှိဆွေးနွေးသမျှတော့ သတင်းများထဲတွင် နံပါတ်တစ် သတင်းအချက်အလက် ဖြစ်နေတော့၏။
လက်ရှိအခြေအနေတွင် အပျော်ရွှင်ရဆုံး လူများမှာ အခြားသော မြို့တော်ဝန်ခုနစ်ယောက်တို့ပင် ဖြစ်၏။ သူတို့သည် သတင်းကို ရရှိချိန်မှာတော့ စိတ်လှုပ်ရှားမှုကြောင့် မနေနိုင်ဘဲ ထ၍ ခုန်မိကြတော့၏။
ချင်းယန်မြို့ဆိုသည်မှာ နိုင်ငံ၏ အဓိက မြို့တစ်မြို့လည်း ဖြစ်သည်။
သံမဏိအရိုးဂိုဏ်း၏ ခုခံကာကွယ်ပေးမှုသည် သူတို့၏ အမှောင်ဖုံးတော့မည့် ဘဝများအား အလင်းရောင်သယ်ဆောင်လာခြင်းပင် ဖြစ်တော့၏။
အဆင့်ခြောက် ကျန်းယန်နိုင်ငံ။
ထိုသို့သော နိုင်ငံသည် သူတို့တွေ ပြန်လည်ခုခံ၍ မရနိုင်သော နိုင်ငံတစ်ခုပင် ဖြစ်တော့သည်။
လက်ရှိအခြေအနေမှာတော့ သံမဏိအရိုးဂိုဏ်းကြောင့် သူတို့သည် လွတ်လပ်သော သူတွေအဖြစ် တည်ရှိနေကြ၏။
ထိုအောင်ပွဲသတင်းသည် ချင်းယန်နိုင်ငံတစ်ခုလုံးသို့ ပျံ့နှံသွားပြီးသည့် နောက်မှာတော့ မြို့များ ရွာများ အသီးသီးမှာ ရှိသော လူများသည် အိုးစည် ဗုံဗောင်းများနှင့်ပင် အောင်ပွဲခံလျက်ရှိနေကြတော့သည်။
တစ်ချို့သော သူများဆိုလျှင် သံမဏိအရိုးဂိုဏ်း ရှိရာ နေရာသို့ ဦးညွှတ်၍ ဂါရဝပြုခြင်းကိုတောင် ပြုလုပ်ကြ၏။
ချင်းယန်နိုင်ငံသာ ကျရှုံးသွားမည်ဆိုလျှင် သူတို့အားလုံးသည် ကျေးကျွန်များ ဖြစ်သွားကြမှာ ဖြစ်သည်။ ထို့ကြောင့် သံမဏိအရိုးဂိုဏ်းနှင့် ဂိုဏ်းချုပ်ကျွင်းသည် သူတို့၏ ကယ်တင်ရှင် နတ်ဘုရားပင် ဖြစ်သည်။
လက်ရှိအခြေအနေမှာတော့ ကျွင်းချောင်ရှောင်း၏ ဂိုဏ်းသည် လူပေါင်းများစွာ၏ အမွှေးတိုင်ထွန်း ကိုးကွယ်ခြင်းကို ခံနေရသော တောင်ကြီးတစ်ခု အဖြစ် ပြောင်းလဲသွား၏။
…………
ဟောင်ချီဂိုဏ်း အဓိက ဟောခန်း။
ချင်ဟောင်ရန်သည်လည်း ထိုသတင်းကို ရရှိခဲ့သည်။
သူသည် ရောက်ရှိလာသော စာကို ကိုင်ပြီး အဓိကဟောခန်း၏ ထိုင်ခုံမှာ ထိုင်ကာ ဆွံ့အလျက်ရှိသည်။ အချိန်အတော်ကြာသည်အထိ သတိပြန်မဝင်လာခဲ့ချေ။
သံမဏိအရိုးဂိုဏ်းသည် စစ်သည်များအား တွန်းလှန်နိုင်ခဲ့သည်။
မည်သို့ ဖြစ်နိုင်မည်နည်း။
သေသေချာချာ ရှင်းရှင်းလင်းလင်း ရေးသားထားသည်သာ မဟုတ်လျှင် မဟာမိတ်ခေါင်းဆောင်ချင် သည် အိမ်မက်ဟုပင် ထင်မှတ်မိနေပေလိမ့်မည်။
ကျန်းယန်နိုင်ငံ သည် ဟီရန်နိုင်ငံနှင့် ဟွာရန်နိုင်ငံတို့ကို တိုက်ခိုက်ခဲ့ပြီးပြီဖြစ်သည်။ ထို့ကြောင် မဟာမိတ်ခေါင်းဆောင်များနှင့် ဆွေးနွေးကာ သူတို့သည် ဂိုဏ်းထဲမှ အပြင်သို့ မထွက်ရန် ဆုံးဖြတ်ခဲ့ကြသည်။
ချင်းယန်နိုင်ငံ ဒုက္ခရောက်ချိန်မှာတော့ သူတို့အားလုံးသည် အပြင်ဘက်ကို ထွက်၍ ကူညီခြင်းကို မပြုလုပ်ဘဲ ဂိုဏ်းထဲမှာတင် နေထိုင်ရန် ရွေးချယ်ခဲ့ကြ၏။
အလွန်ဆိုးရွားလှသည့် အပြုအမူပင်ဖြစ်တော့သည်။
လက်ရှိအခြေအနေမှာတော့ ကျွင်းချောင်ရှောင်းသည် သံမဏိအရိုးဂိုဏ်းသားများကို ခေါ်ဆောင်၍ ချင်းယန်နိုင်ငံကို ကာကွယ်ပေးခဲ့သည်။ ကျန်းယန်နိုင်ငံ၏ စစ်တပ်တစ်ခုလုံးကိုပင် အနိုင်ယူခဲ့၏။
ဤအရာသည် သူတို့၏ မျက်နှာအား ဖြတ်နင်းလိုက်သလိုပင်။
သူတို့သည် နောက်ဆုံးမှာ နားလည်လိုက်ကြပြီဖြစ်သည်။
သံမဏိအရိုးဂိုဏ်းသည် သူတို့ ရင်ဆိုင်ယှဉ်ပြိုင်နိုင်သော ဂိုဏ်းမဟုတ်ကြောင်း သူတို့သည် နှလုံးသားထဲတွင် စွဲမြဲစွာ ကမ္မည်းထိုးထားလိုက်သလိုပင်။
နတ်စမ်းချောင်းဂိုဏ်းအား စိန်ခေါ်ခြင်း။ မိစ္တာဂိုဏ်းများကို စင်ပေါ်သို့တက်၍ စိန်ခေါ်တိုက်ခိုက်ခြင်းနှင့် လက်ရှိချိန်မှာတော့ အဆင့်ခြောက်ဂိုဏ်း၏ တော်ဝင်စစ်တပ်ကိုပင် ရင်ဆိုင်တိုက်ခိုက်ခဲ့၏။
ဤသို့သော ကိစ္စရပ်များကို ချင်ဟောင်ရန်နှင့် သူ၏ ဟောင်ချီဂိုဏ်း မပြောနှင့် ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့များ ပူးပေါင်း၍ လုပ်နိုင်သည့် အရာပင် မဟုတ်ချေ။ လုပ်ဖို့မပြောနှင့် စဉ်းစားတောင် မစဉ်းစားနိုင်ချေ။
အတိတ်တုန်းကဆိုလျှင် သံမဏိအရိုးဂိုဏ်းဆိုသည်မှာ ချင်ဟောင်ရန်သည် တောင်ခြေ၌ရှိနေသော ပုရွက်ဆိတ်လေးတစ်ကောင်ပင်ဖြစ်၏။ လက်ရှိအခြေအနေမှာတော့ သူတို့အားလုံး မော့၍ ကြည့်ရသည့် လူ့ဘီလူးကြီးတစ်ကောင်လိုပင်။ သူတို့သည် အနောက်မှ အဝေးကြီး ပြတ်ကျန်ခဲ့ပြီဖြစ်သည်။
တောက်ယွမ်သည် ကျွင်းချောင်ရှောင်းအား အသိအမှတ်ပြုပြီးသည့်နောက်မှာတော့ သူ၏ ကျားဆိုးတပ်သား ၂၇၄၁ယောက်တို့သည် ဂိုဏ်းသို့ ဝင်ရောက်လာကြသည်။
ထို့ကြောင့် ဂိုဏ်း၏ ဂိုဏ်းသားအရေအတွက် သည် ငါးထောင်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်ပြီး ဂိုဏ်းတာဝန်သည်လည်း စတင်၍ ဖြစ်တည်လာခဲ့၏။
တပည့်များအားလုံးသည် တာဝန်များအားလုံးကို ပြည့်စုံအောင် ဆောင်ရွက်ပြီးသည့်နောက်မှာတော့ ဂိုဏ်း၏အဆင့်သည် တိုးတက်လာပေလိမ့်မည်။
သံမဏိအရိုးဂိုဏ်းသည် အဆင့်ငါးဂိုဏ်းတစ်ခုဖြစ်ရန် ခြေတစ်လှမ်းသာ လိုအပ်တော့၏။
အဘယ့်ကြောင့်ဆိုသော် ထိုသို့ ဂိုဏ်းအား အဆင့်မြှင့်တင်ခြင်းဖြင့် သူ့အနေနှင့် ဂိုဏ်သား တစ်သောင်း အကန့်အသတ်သို့ ရောက်ရှိသွားသည်။
ထို့အပြင် သိုင်းဘုရင်တစ်ယောက် ၊ သိုင်းစစ်သူကြီး ဆယ်ယောက် ၊ သိုင်းဆရာ အယောက်တစ်ထောင် လိုအပ်နေသည်။
သံမဏိအရိုးဂိုဏ်း၏ အဆင့်သည် ထိုအချက်အလက်များနှင့် ကိုက်ညီသည်ဆိုသော်လည်း တပည့်အရေအတွက် ဖြစ်သော တစ်သောင်းမှာ လိုအပ်နေသေး၏။
ဟုတ်ပေသည်။
တပည့်လိုအပ်ချက် အနေနှင့် ပြသနာတစ်ခုတော့ မဟုတ်ချေ။ အဘယ့်ကြောင့်ဆိုသော် ဖမ်းဆီးထားသော စစ်သားများရှိနေသောကြောင့်ပင်။