← Chapters

အခန်း (၄၉၂)

Vol. 33 Ch. 492

အခန်း (၄၉၂)

Vol. 33 Ch. 492

ဂိုဏ်းအား အဆင့်မြှင့်တင်ပြီးသည့်နောက်မှာတော့ ဂိုဏ်းချုပ်ကျွင်းသည် စိတ်ဝိညာဉ်ခန်းမဆောင်ဆိုသည့် အရာ၏ လုပ်ဆောင်မှုနှင့်ပတ်သက်၍ အလွန်တရာ စိတ်ဝင်စားနေမိ၏။ စိတ်ဝိညာဉ်ဆိုသည့် စကားလုံးပါသောကြောင့် သူ့အနေနှင့် စိတ်ဝိညာဉ်စွမ်းအင်များနှင့်ပတ်သက်သည့်အရာ ဖြစ်ကောင်းဖြစ်နိုင်မည်ဟု သုံးသပ်ထားမိ၏။ သို့ပေမဲ့ ခန်းမဆောင်ဆိုသည့်စကား ပါလာသောကြောင့် သန့်စင်သည့်လုပ်ငန်းလည်း တစ်ခုခု ပါဝင်နေနိုင်မည်ဟု ခန့်မှန်းမိသည်။

“ဒီအရာက စိတ်ဝိညာဉ်စွမ်းအင်တွေကို ပိုပြီး သန့်စင်အောင် ကူညီပေးနိုင်တဲ့အရာလား”

ကျွင်းချောင်ရှောင်း၏ နှလုံးခုန်နှုန်းတွေ မြန်ဆန်သွား၏။

သူသည် စိတ်ဝိညာဉ်ခန်းမဆောင်အား အသာနှိပ်ကာ ဝင်ကြည့်လိုက်၏။ သေးငယ်လှသော မြင်ကွင်းတစ်ခုဖြစ်တည်လာပြီး ထုံးစံအတိုင်းပင် သုံးဖက်မြင်ပုံရိပ်ယောင် ဖြစ်တည်လာသည်။ ဤအရာသည် ဆေးခန်းမဆောင်၏ ဆေးအိုးနှင့် ဆင်တူလှ၏။ သို့ပေမဲ့ အထဲတွင် စိတ်ဝိညာဉ်ခန်းမဆောင်ဟူသော စာလုံးကို ရေးထွင်းထား၏။

ထိုသုံးဖက်မြင်ပုံရိပ်ယောင်၏ အထဲတွင်တော့ များပြားလှသော အကွက်ကလေးများ တည်ရှိနေ၏။ ထိုအထဲတွင် စဦးအဆင့် အအေးဓား၊ သံမဏိဒိုင်းကာ၊ လှံ၊ ပိုးချည်ချပ်ဝတ်နှင့် အလယ်အလတ်အဆင့်အအေးဓားဟူ၍ တည်ရှိ နေသည်။

“ဒါ ဘာတွေလဲ”

ကျွင်းချောင်ရှောင်းသည် စဦးအအေးဓားကို အသာဖိကြည့်လိုက်၏။

“ပစ္စည်းအမျိုးအစား - စဦးအဆင့် အအေးဓား”

“စိတ်ဝိညာဉ် - ဝ/၁”

“ကျေးဇူးပြု၍ ရွေးချယ်ပါ - သတ္တုစိတ်ဝိညာဉ်၊ သစ်သားစိတ်ဝိညာဉ်၊ ရေစိတ်ဝိညာဉ်၊ မီးစိတ်ဝိညာဉ်နှင့် မြေစိတ် ဝိညာဉ်”

“မှတ်ချက် - ဂိုဏ်း၏ အဆောက်အအုံ အဆင့် မြင့်တက်လာသည်နှင့်အမျှ စိတ်ဝိညာဉ်ခန်းမဆောင်၏ လုပ်ဆောင်နိုင်မှုသည် ပိုမို၍ များပြားလာပေလိမ့်မည်”

ကျွင်းချောင်ရှောင်း ဆွံ့အသွား၏။ “ဒါ ဘာကို ဆိုလိုတာလဲ”

စနစ်က ရှင်းပြလိုက်၏။ “လက်ခံသူခန့်မှန်းတာ တစ်ဝက်တော့မှန်တယ်၊ စိတ်ဝိညာဉ်ခန်းမဆောင်ဆိုတာ သန့်စင်တဲ့လုပ်ငန်းကို ပြုလုပ်ပေး တာပဲ၊ ဒါပေမဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေကို သန့်စင်ပေးတာတော့ မဟုတ်ဘူး၊ လက်နက်စိတ်ဝိညာဉ်ကို သန့်စင်ပေးတာ”

“လက်နက်စိတ်ဝိညာဉ်ကို သန့်စင်ပေးတာ ဟုတ်လား”

ကျွင်းချောင်ရှောင်း မျက်လုံးပြူးသွား၏။ လက်နက်စိတ်ဝိညာဉ်ဆိုသည်မှာ လက်နက်ထဲတွင် ဖြစ်တည်နေသော သက်ရှိပုံပန်းသွင်ပြင် စိတ်ဝိညာဉ်တစ်မျိုးပင်ဖြစ်သည်။ နဂါးစိမ်းလခြမ်းဓားမော့၏ အထူးအစွမ်းကို ထုတ်ဖော် အသုံးပြုသည့်အခါမှာတော့ အားလုံးသောသူများတို့သည် လက်နက်စိတ်ဝိညာဉ် တည်ရှိနေတာဖြစ်ကြောင်း တွေးထင်မိနေကြ၏။ ထို့ကြောင့်ပင် သူ့အား နတ်ဆိုးမိစ္ဆာဂိုဏ်းက ပစ်မှတ်ထားခဲ့ကြသေး၏။

စိတ်ဝိညာဉ်ခန်းမဆောင်၏ လုပ်ဆောင်နိုင်မှုသည် လက်နက်များနှင့် ရတနာများအား စိတ်ဝိညာဉ်သန့်စင်ပေးသည့် လုပ်ငန်းစဉ် ဖြစ်လို့နေ၏။ ထို့ကြောင့် မတူညီသော ဓာတ်သဘာဝနှင့် လက်နက်စိတ်ဝိညာဉ်များ ဖြစ်တည်အောင် ဖန်တီးပေးခြင်းပင် ဖြစ်တော့သည်။ ဥပမာအားဖြင့် စဦးအဆင့် အအေးဓားကို ကြည့်မည်ဆိုလျှင် တစ်စုံတစ်ယောက်သည် မီးဓာတ်စိတ်ဝိညာဉ်ကို သန့်စင်ဖို့ ရွေးချယ်လိုက်သည် ဆိုသည်နှင့် ထိုစဦးအအေးဓား လက်နက်သည် မီးဓာတ်စိတ်ဝိညာဉ်ပိုင်ဆိုင်သော လက်နက်တစ်ခု ဖြစ်လာပေလိမ့်မည်။

စနစ်၏ ရှင်းပြမှုကို ကြားပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် မျက်လုံးပြူးသွားမိ၏။ လက်နက် စိတ်ဝိညာဉ်ကို သန့်စင်သည့် လုပ်ငန်းစဉ်ဆိုသည်မှာ လက်နက်များ၏ အားအင်ကို ပိုမိုအားကောင်းအောင် ပြုလုပ် သည်နှင့် ဆင်တူသည်။

“စပြီး စမ်းကြည့်ရမယ်”

ကျွင်းချောင်ရှောင်းသည် မီးစိတ်ဝိညာဉ်ဆိုသည့်ခလုတ်အား နှိပ်ကြည့်လိုက်ချိန်မှာတော့ မြင်ကွင်းတစ်ခု ပေါ်ပေါက် လာ၏။

“ရရှိနိုင်သော အရေအတွက် - ၁ …. ဆက်လက်ပြုလုပ်မည်လား”

“ချီးတဲ့မှ … လက်နက်တွေကို တစ်စုတစ်စည်းထဲ စုပေါင်းပြီးတော့ လက်နက်စိတ်ဝိညာဉ်ဖြစ်အောင်လုပ်လို့ ရသေးတာလား”

သူသည်သာ အအေးဓားများအားလုံးကို ယူဆောင်၍ သန့်စင်သည် ဟူသော ခလုတ်တစ်ခုကို နှိပ်လိုက်သည် ဆိုသည်နှင့် ရှိရှိသမျှသော လက်နက်များ အားလုံးအား လက်နက်စိတ်ဝိညာဉ်များ ဖန်တီးပေးနိုင်တော့မှာဖြစ်၏။

“ဆက်လုပ်မယ်”

ကျွင်းချောင်ရှောင်းသည် ခလုတ်အား နှိပ်ကြည့်လိုက်၏။

ဟူး … ဟူး

ရုတ်တရက်ဆိုသလိုပဲ အလွန်တရာ အားကောင်းလာသော မီးဓာတ်အမျိုးအစား စိတ်ဝိညာဉ် စွမ်းအင်များ ဖြစ်တည်လာသည်။

ဂိုဏ်းချုပ်ကျွင်း၏ အတွေ့အကြုံအရဆိုလျှင် စနစ်သည် ပိုမိုအဆင့် မြင့်တက်လာသည်နှင့်အမျှ လုပ်ဆောင် နိုင်မှုကို အသက်ဝင်သည့်အရာတွင်လည်း အချိန် ပိုမို လိုအပ်လာ၏။

ထို့ကြောင့် သူသည် စနစ်ဆီမှ ပြန်ထွက် လိုက်ပြီးသည့်နောက် နောက်ထပ်ပြဿနာတစ်ခုကို စတင်ကာ စဉ်းစားလိုက်၏။

သူ့အနေနှင့် ကျားဖြူတပ်မှ စစ်သည်များကို ထပ်မံ၍ စုဆောင်းရမည်လား။ သို့မဟုတ် ပြင်ပရှိ ပါရမီပါသော သိုင်းကျင့်ကြံသူများကို ဂိုဏ်းထဲသို့ ခေါ်ဆောင်ရမည်လား။ ကျွင်းချောင်ရှောင်းသည်သာ စိတ်ဆန္ဒရှိသည်ဆိုပါက ဂိုဏ်းတွင် ဂိုဏ်းသားတစ်သောင်းသည် လွယ်လွယ်ကူကူနှင့် ပြည့်စုံသွားလိမ့်မည်။

ထို့သို့ဆိုလျှင် ဂိုဏ်းအသိအမှတ် ပြုမှုကို လုပ်ဆောင်၍ ရနေပြီဖြစ်သည်။

သို့ပေမဲ့ ထိုစစ်သားများ၏ ကျင့်ကြံခြင်းအဆင့်သည် မကောင်းလှပေ။ ထို့ပြင် စိတ်ဝိညာဉ်အမြစ်များကလည်း အလွန်အားနည်းလွန်း၏။ ထို့ကြောင့် ၎င်းတို့ ပိုမိုအားကောင်းလာစေရန်ဆိုသည်မှာ အကန့်အသတ်ဖြင့် ရှိလို့နေ၏။

သူသာ တကယ်တမ်း ခေါ်ယူချင်သည်ဆိုပါက တစ်သောင်းမပြောနှင့် တစ်သိန်းကိုပင် ဂိုဏ်းသားအဖြစ် ခန့်အပ် နိုင်စွမ်း ရှိ၏။ အဘယ်ကြောင့်ဆိုသော ၎င်းစစ်သည်များအားလုံးကို ချင်းယန်မြို့တွင် ဖမ်းချုပ်ထားသောကြောင့် ဖြစ်သည်။

သို့ပေမဲ့ ဂိုဏ်းတွင် လူအရေအတွက် များပြားလာသည်နှင့်အမျှ ပိုမိုအားကောင်းရန် ပြုလုပ်နိုင်ဖို့အတွက် ပိုမိုခက်ခဲ လာ၏။ အတိတ်တုန်းကသာဆိုလျှင် သံမဏိအရိုးဂိုဏ်းတွင် တပည့် ရာဂဏန်းမျှသာရှိ၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် စိတ်လက်ပေါ့ပါးစွာဖြင့် တပည့်များ၏ ကျင့်ကြံခြင်းအဆင့် တိုးတက်စေဖို့ ပြုလုပ်ပေးနိုင် စွမ်းရှိသည်။

သို့ပေမဲ့ ဂိုဏ်းသားနှစ်ထောင်ကျော်သွားသည့်အချိန်မှာတော့ ဂိုဏ်းသားများ၏ အရင်းအမြစ် သုံးစွဲနိုင်မှုသည် ကြီးကြီးမားမား ဖြစ်လာတော့သည်။ တပည့်တစ်သောင်းလောက်ဆိုလျှင် ပိုမိုများပြားသည့် အရင်းအမြစ်များကို လိုအပ်တော့မှာဖြစ်သည်။ ဤအရာသည် အတားအဆီးတစ်ခုအဖြစ်ဖြစ်လို့နေပြီး ဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှုကိုပင် နှောင့်နှေးစေနိုင်စွမ်း ရှိနေ၏။

“ငါ့အနေနဲ့ ဂိုဏ်းထဲကို စစ်သားတွေကို မခေါ်ဘူးဆိုရင် တခြား ပင်ကိုယ်စွမ်းရည်အမြစ်ကောင်းမွန်တဲ့ သိုင်းကျင့်ကြံသူတွေကို လိုက်ပြီးတော့ ရှာရလိမ့်မယ်၊ ဒီလိုဆိုရင်တော့ အရင်းအမြစ်ကို အသုံးပြုရတဲ့အချိန် နည်းပါးပြီးတော့ ဂိုဏ်းဖွံ့ဖြိုးတိုးတက်မှုကို ပိုပြီးတော့ မြန်စေလိမ့်မယ်”

ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှာ စဉ်းစားလျက်ရှိနေ၏။ သူ့တွင် နှစ်တစ်ရာဟူသော အကန့်အသတ်သာ ရှိ၏။ ထို့ကြောင့် သူ့အနေနှင့် ဂိုဏ်းဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်သည့်နေရာတွင် သာမန်စစ်သားများကို ဂိုဏ်းထဲသို့ အတင်းကာရော မထည့်ချင်ပေ။

တခြားသူများကို မည်သို့ ခေါ်ယူရမည်နည်း။ ပြင်ပနိုင်ငံများဆီမှာ ခေါ်ယူရန်သာ ရှိတော့၏။ သို့ပေမဲ့ သူ့အနေနှင့် မည်သည့်နည်းလမ်းကို အသုံးပြုရမည်နည်းဆိုသည်ကို သေသေ ချာချာစဉ်းစားရန် လိုနေသေးသည်။

……....

နောက်တစ်ရက်မှာတော့ စဦးအအေးဓားသည် အောင်မြင်စွာ သန့်စင်ခြင်းခံလိုက်ရသည်။ ကျွင်းချောင်ရှောင်းသည် မြန်မြန်ပဲ ထုတ်ယူကြည့်ရှုလိုက်၏။

အပြင်ဘက်သို့ ရောက်ရှိချိန်မှာတော့ သန့်စင်ထားသော အအေးဓားသည် တစ်ချက်ကလေးမျှ မပြောင်းလဲချေ။ သို့ပေမဲ့ အေးစက်သည့်အော်ရာများနေရာတွင်တော့ အပူလှိုင်းများနှင့် အစားထိုးသွားတော့သည်။ ကျွင်းချောင်ရှောင်းသည် အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ “အအေးဓားလက်နက်ကို မီးဓာတ်သဘာဝအဖြစ် ပြောင်းလဲနိုင်ခဲ့တာပဲ၊ ဒါက တကယ့်ကို ဆန်းကြယ်လွန်းတယ်”

သူသည် စိတ်ဝိညာဉ်စွမ်းအင်များကို ဖြန့်ကျက်ကြည့်ပြီး ဓားနှင့်ပေါင်းစပ်လိုက်ချိန်မှာတော့ ဓားအထဲတွင် တည်နေရာငယ်လေးတစ်ခု တည်ရှိနေပြီး ထိုအထဲတွင်တော့ ဝိညာဉ်ကဲ့သို့သော အကောင်လေးတစ်ခုက လွင့်မျော လျက်ရှိနေသည်။

ထိုအကောင်လေးသည် အသစ်ဖြစ်တည်လာသော မီးစိတ်ဝိညာဉ်ပင်ဖြစ်တော့၏။ ၎င်း၏ ခန္ဓာကိုယ်သည် သေးငယ်လွန်းသည်ဆိုသော်လည်း မီးဓာတ်သဘာဝများနှင့် ပြည့်နှက်လျက်ရှိ၏။

စနစ်က ပြောလိုက်သည် “လက်နက်စိတ်ဝိညာဉ်က လက်ရှိမှာ ပိုင်ရှင်မဲ့အခြေအနေကို ရောက်ရှိနေတယ်၊ လက်ခံသူက ဒီအရာကို ပဋိညာဉ် ရေးထိုးနိုင်မယ်ဆိုရင် ကောင်းကောင်း ထိန်းချုပ်လို့ရပြီ”

ကျွင်းချောင်ရှောင်းသည် သူ၏ စိတ်ဝိညာဉ်စွမ်းအင်များကို အာရုံဖြန့်ကျက်၍ အထဲတွင်ရှိသော မီးစိတ်ဝိညာဉ် ကောင်လေးနှင့် ဆက်သွယ်ကြည့်လိုက်သည်။ ထိုကောင်လေးသည် အနည်းငယ်ရုန်းကန်နေ၏။ နောက်ဆုံး မှာတော့ အညံ့ခံလိုက်တော့သည်။ အသစ်ဖြစ်တည်လာသော လက်နက်စိတ်ဝိညာဉ်နှင့် ပဋိညာဉ်ရေးထိုးခြင်း လုပ်ငန်းစဉ်သည် သားရဲများနှင့် ပဋိညာဉ်ရေးထိုးခြင်းလုပ်ငန်းစဉ်ထက် ပိုမို၍ လွယ်ကူပြီး တစ်နာရီခန့်သာ ကြာမြင့်ခဲ့၏။

အအေးဓား၏ မီးဓာတ်အမျိုးအစား လက်နက်စိတ်ဝိညာဉ်ကို ပိုင်ဆိုင်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်း သည် လက်နက်အား ပိုမို၍ သဘောကျသွားတော့သည်။ လက်နက်ထဲတွင်ရှိသော လက်နက်စိတ်ဝိညာဉ်ကို ထိန်းချုပ်နိုင်ပြီဖြစ်သောကြောင့် သူနှင့်လက်နက်တို့သည် တစ်သားတည်းပိုမို၍ ဖြစ်တည်လာသည်။

ဟူး … ဟူး

ကျွင်းချောင်ရှောင်းသည် ဓားအားကိုင်ဆောင်၍ လက်နက်စိတ်ဝိညာဉ်နှင့် ဆက်သွယ်လိုက်၏။ ဓားတစ်ခုလုံးသည် ချက်ချင်းဆိုသလိုပဲ တောက်ပသည့် မီးတောက်များ ဖုံးလွှမ်းလာတော့သည်။ အလွန်တရာ ကြည့်ကောင်းလှ သည်ဟု ဆိုရမည်။

“အံ့အားသင့်စရာပဲ”

ကျွင်းချောင်ရှောင်း၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားသည်။ သူသည် အတွင်းဘက် ခြံဝန်းရှိ သိုင်းလေ့ကျင့်ရေးကွင်းပြင်ဆီသို့ သွားပြီး စိတ်လိုလက်ရဖြင့် ဓားချက်များကို ထုတ်ဖော်တော့သည်။

ရွှီး … ရွှီး

မီးတောက်များနှင့် ဓားစွမ်းရည်များသည် လေထဲတွင် ပျံ့နှံ့လာပြီး ဓားပိုက်ကွန်ကြီးတစ်ခုကဲ့သို့ ဖြစ်တည်လာသည်။

“ဟမ်”

စုရှောင်မိုသည် ဘေးတစ်ဖက်ရှိ အခန်းဆီမှ ထွက်ပေါ်လာပြီးသည့်နောက်မှာတော့ သိုင်းလေ့ကျင့်ရေးကွင်းပြင်တွင် ဖုံးလွှမ်းလျက်ရှိသော မီးဓားစွမ်းရည်များကို မြင်လိုက်ရ၏။ သူ၏ မျက်လုံးများသည် ရုတ်တရက် ဆိုသလိုပင် ပြူးကျယ်သွားသည်။

လီဖေး၊ ထျန်းချီနှင့် တခြားသူများ အားလုံးသည်လည်း အလန့်တကြားဖြစ်သွား၏။ သူတို့အားလုံးသည် ဂိုဏ်းချုပ် တစ်ယောက် ဓားနှင့်လေ့ကျင့်နေသည်ကို ချီးကျူးသည့်အကြည့်ဖြင့် ကြည့်မိနေကြ၏။

ခဏလောက် ဆော့ကစား ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ဓားကိုပြန်၍ သိမ်းလိုက်တော့သည်။ ဓားပေါ်တွင်ရှိနေသော မီးတောက်များ အားလုံးသည်လည်း ပျောက်ကွယ်သွားတော့၏။ သူပြောလိုက်၏။ “ကြည့်လို့ကောင်းလား”

“အရမ်းကို ကြည့်လို့ကောင်းတယ်” အားလုံးသည် တစ်ပြိုင်နက်တည်း ပြောဆိုလိုက်၏။

စုရှောင်မိုသည် အလွန်တရာချီးကျူးအားကျနေသော မျက်နှာ အနေအထားဖြင့် ပြောလိုက်၏။ “ကျွန်တော်လည်း ဂိုဏ်းချုပ်လိုမျိုး မီးဓာတ်အမျိုးအစား ကျင့်ကြံသူဖြစ်ရင် ဘယ်လောက် ကောင်းလိုက်မလဲ”

ကျွင်းချောင်ရှောင်း၏ မီးဓားစွမ်းအင်များသည် မီးဓာတ်သဘာဝကျင့်ကြံသူများနှင့် ဆက်နွယ်နေကြောင်း သူနားလည် လိုက်မိ၏။

“အဲလောက်ကြီးလည်း မဟုတ်ဘူး”

ကျွင်းချောင်ရှောင်းသည် ယုံကြည်ချက်ရှိစွာဖြင့် ပြောလိုက်၏။ “မင်းရဲ့ စဦးအအေးဓားကို ငါ့ကိုပေး၊ ငါက မင်းကို မီးဓာတ်သဘာဝသိုင်းကျင့်ကြံသူတစ်ယောက်ဖြစ်အောင် လုပ်ပေးမယ်”

“ဓားကိုပေးလိုက်ရုံဖြင့် မီးဓာတ်သဘာဝ သိုင်းကျင့်ကြံသူဖြစ်အောင် ပြုလုပ်ပေးမယ် ဟုတ်လား” စုရှောင်မို၏ မျက်လုံးများသည် ဇဝေဇဝါဖြင့် ဝေခွဲမရ ဖြစ်လို့နေ၏။ သို့ပေမဲ့ သူသည် အအေးဓားအား ဂိုဏ်းချုပ် ဆီသို့ ကမ်းပေးလိုက်သည်။

“မင်းတကယ်ပဲ မီးဓာတ်အမျိုးအစားကို လိုချင်တာလား”

“ဟုတ်ပါတယ်”

ယောက်ျားတစ်ယောက်အနေဖြင့် သူသည် ပေါက်ကွဲခြင်းနှင့် ကြမ်းတမ်းခြင်းကို ကိုယ်စားပြုသော မီးဓာတ်သဘာဝ များကို သဘာဝအားဖြင့် နှစ်သက်မိ၏။

ကျွင်းချောင်ရှောင်းသည် လီဖေး၊ ထျန်းချီနှင့် တခြားသူများကို ကြည့်ကာ ပြောလိုက်၏။ “မင်းတို့ရဲ့ ဓားတွေကိုလည်းပေး၊ ငါက မင်းတို့အားလုံးကို မီးဓာတ်အမျိုးအစား ကျင့်ကြံသူဖြစ်အောင် လုပ်ပေးမယ်”

“ဟမ်”

တပည့်များ အားလုံးသည် ဆွံ့အသွားကြ၏။ သို့ပေမဲ့ သူတို့သည် ဂိုဏ်းချုပ်အား အလုံးစုံ ယုံကြည်မှု ရှိနေသည် ဖြစ်သောကြောင့် သူတို့၏ လက်နက်များကို ထုတ်ယူကာ ကမ်းပေးလိုက်၏။

“ဂိုဏ်းချုပ်”

လီယုဟွာသည် သူ၏ ခေါင်းကိုကုတ်ကာ ပြောလိုက်၏။ “ကျွန်တော်က မြေဓာတ်သဘာဝကို ပိုပြီးကြိုက်တယ်”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ဓာတ်ငါးပါးထဲမှာရှိတဲ့ ဘယ်ဓာတ်ကိုဖြစ်ဖြစ်၊ မင်းတို့ကြိုက်နှစ်သက်သလို ရွေးချယ်လို့ရတယ်”

စုန့်ရွှမ်ကျူး သည် အလောတကြီးဖြင့် ပြောလိုက်သည်။ “ဂိုဏ်းချုပ်၊ ကျွန်တော်က သတ္တုဓာတ်ကို ပိုကြိုက်တယ်”

လုံကျိရန်သည် သူ၏လှံအား ကမ်းပေးကာ ပြောလိုက်၏ “ဂိုဏ်းချုပ်၊ ကျွန်တော်လည်း သတ္တုဓာတ်ကို ကြိုက်တယ်”

“ဂိုဏ်းချုပ် ကျွန်တော်က သစ်သားဓာတ်”

“ဂိုဏ်းချုပ် ကျွန်တော်က ရေဓာတ်”

တပည့်များအားလုံးသည် ဘာတွေဆက်ဖြစ်မည်ကို မသိဘူးဆိုသော်လည်း သူတို့၏ လက်နက်များအား ဂိုဏ်းချုပ် ဆီသို့ ကမ်းပေးလိုက်ကြ၏။ ထို့အပြင် သူတို့သည် သူတို့ကြိုက်နှစ်သက်ကြသော ဓာတ်သဘာဝများအား ဂိုဏ်းချုပ်ဆီ ပြောဆိုခဲ့ကြ၏။

“ရီချင်းရှန်”

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ “မင်းကကော”

ရီချင်းရှန်သည် စိတ်ထဲမှ ဒီအင်ပါယာက လက်သီးကိုသုံးတာကို ပိုကြိုက်တယ် ဟု ပြောဆိုနေသည် ဆိုပေမဲ့ ဂိုဏ်းချုပ်သည် သူ့အားမေးမြန်းနေသောကြောင့် ပြန်ပြောဆိုလိုက်၏။ “ဂိုဏ်းချုပ်သဘောပါပဲ”

တစ်ယောက်ပြီးတစ်ယောက်၏ ပြောဆိုခဲ့သော ဓာတ်သဘာဝများကို သေချာမှတ်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်ခန်းမဆောင်အား အသာဖွင့်၍ လက်နက်များကို တစ်ခါတည်း သန့်စင်လိုက် တော့၏။

စိတ်ဝိညာဉ်ခန်းမဆောင်၏ သန့်စင်ခြင်းလုပ်ငန်းစဉ်သည် နှေးကွေးလှသောကြောင့် အချိန်အတိုင်းအတာ တစ်ခု အထိတော့ ကြာမြင့်ပေလိမ့်မည်။

ထို့ကြောင့် နောက်တစ်နေ့ မနက်ခင်းတွင်မှာတော့ မတူညီသည့် လက်နက် စိတ်ဝိညာဉ်များအဖြစ် သန့်စင်ထားသည့် အအေးဓားများသည် ဖြစ်တည်လာခဲ့ပြီဖြစ်သည်။

“ဒီဓားထဲမှ လက်နက်စိတ်ဝိညာဉ်ရှိတယ်၊ မင်းတို့လိုချင်တဲ့ ဓာတ်သဘာဝစိတ်ဝိညာဉ်နဲ့ ပဋိညာဉ် ရေးထိုးလိုက်တော့” လက်နက်များကို ပြန်လည်ပေးအပ်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် မဖြစ်မနေ သတိပေးလိုက်၏။

“လက်နက်စိတ်ဝိညာဉ် ဟုတ်လား”

တပည့်များအားလုံးသည် မျက်လုံးပြူးသွားမိကြ၏။

လက်သီးကို အသုံးပြုရသည်ကို ကြိုက်နှစ်သက်သည်ဆိုသော ညအင်ပါယာသည်လည်း အံ့အားတသင့်ဖြင့် လှမ်းကြည့်လိုက်မိ၏။ သူသည် အအေးဓားကို လှမ်းယူလိုက်ပြီး နောက်မှာတော့ အထဲတွင် လက်နက်စိတ်ဝိညာဉ် အမှန်တကယ်ရှိလို့နေကြောင်း ခံစားလိုက်မိသည်။ သူသည် ပါးစပ် အဟောင်းသားဖြင့် ဖြစ်မိနေ၏။ “ဒါ … ဒါက တကယ့်ကို လက်နက်စိတ်ဝိညာဉ်လား”

“နေအုံး”

ရီရှင်းချန်သည် စိတ်ဓာတ်တကျဖြင့် ပြောလိုက်၏။ “ဂိုဏ်းချုပ် ဘာလို့ရေဓာတ်သဘာဝ စိတ်ဝိညာဉ်ဖြစ်နေရတာလဲ”

“မင်းက ငါ့ကို ဂိုဏ်းချုပ်ကြိုက်တာလုပ်ဆို” ကျွင်းချောင်ရှောင်းပြောလိုက်၏။

ထိုအချိန်မှာတော့ ညအင်ပါယာသည် သွေးအန်လုမတတ် ဖြစ်လို့နေ၏။ မီးဓာတ် သို့မဟုတ် သတ္တုဓာတ်သဘာဝ စိတ်ဝိညာဉ်ကို ရရှိလျှင် အဆင်ပြေနေပြီဖြစ်သည်။ သို့ပေမဲ့ ဂိုဏ်းချုပ်သည် အဘယ်ကြောင့် သူ့အား ရေဓာတ်သဘာဝ လက်နက်စိတ်ဝိညာဉ်ကို ပေးရသနည်း။ သူ့အား မိန်းကလေး တစ်ယောက်လို့ ထင်မှတ်နေသည်လား မသိချေ။

All Chapters