လင်းရီ၏ ဇစ်မြစ်
Vol. 106 Ch. 1576
“ လင်းယွင်အုပ်စုကရော ဘာအသစ်တွေ ထူးသေးလဲ…” ဝမ်ထင်ရှန်း မေးမြန်းလိုက်၏။
“ သူတို့ဘက်က ညှိနှိုင်းဆွေးနွေးဖို့ဆိုပြီး လူတစ်ယောက် လွှတ်လိုက်ပါတယ်… ဒါပေမယ့် လင်းရီကိုယ်တိုင်တော့ မသွားခဲ့ပါဘူး …”
တောက် တောက် တောက် ….
ဝမ်ထင်ရှန်းသည် ဆိုဖာ လက်တင်ကို လက်ချောင်းများဖြင့် တတောက်တောက် ပြုနေရင်း “ အချိန်ဆွဲထားလိုက် … လင်းရီ ရောက်လာတာနဲ့ စမယ်… အလျင်မလိုဘူး …”
“ နားလည်ပါပြီ..”
တင်ပြစရာ ရှိသည်များအား တင်ပြပြီးနောက် လီမီ ထွက်ခွာသွားခဲ့သည်။
ဧည့်ခန်းထဲ၌ လူသုံးဦးသာလျှင် ကျန်ရှိခဲ့လေသည်။ “ အကြီးအကဲချိန်…. ကျုပ်တို့ ဒီကိစ္စ ဘယ်တော့လောက် စီစဉ်နိုင်မယ်လို့ ထင်လဲ…”
ချိန်ချူဖုန်း စက္ကန့်အနည်းငယ်မျှ ကြာအောင် တွေးတောလိုက်ပြီး “ ငါတို့ အခု စပြင်ဆင်ထားလို့ရပြီ… တခြားလူတွေကိုလည်း ပြင်ဆင်ဖို့ အချိန်ပေးဖို့ လိုတယ်…”
“ သေစမ်း … နောက်ဆုံးတော့ ဒီလိုနေ့မျိုး ရောက်လာခဲ့ပြီ… ဒီကောင် အသက်ရှင်လျက် ပြန်မလာနိုင်စေရဘူး …”
ဝမ်မြန် သူ၏ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလျက် သူ၏ မျက်လုံးတို့က သတ်ဖြတ်လိုစိတ်တို့ဖြင့် ပြည့်နှက်နေသည်။
အတိတ်တွင်တုန်းက သူ၏ ပရောဂျက်သည် လုယူခံလိုက်ရပြီး ခြေထောက်များလည်း ဒုက္ခိတ ဖြစ်သွားခဲ့ရသည်။ ထို့ပြင် အခြားနောက်ဆက်တွဲ ဖြစ်ရပ်တို့ကလည်း မနည်းမနောပင်။
ဤအချင်းအရာတို့က ဝမ်မိသားစု၏ ဟွာရှတွင်း လွှမ်းမိုးမှုကို အတော်လေး ယုတ်လျော့သွားစေခဲ့၏။
ယခုဖြစ်ရပ် မတိုင်မီက သူတို့၏ နံပါတ်တစ် မိသားစုဟူသော ပလ္လင်ကို ဆုံးရှုံးလိုက်ရသော်လည်းပဲ ဝမ်မိသားစုသည် မိသားစုကြီး တစ်ခုအဖြစ် ရပ်တည်နေနိုင်ဆဲပင်။
အာဏာဆုပ်ကိုင်ထားနိုင်မှု၌ လျန်မိသားစုထက်ပင် အနည်းငယ် သာလွန်နေသေး၏။
သို့သော် ယခု ကိစ္စ ဖြစ်ပျက်သွားပြီးသည့်နောက် ဝမ်မိသားစု၏ ဘက်ပေါင်းစုံက အင်အားတို့သည် လျန်မိသားစုနှင့် လုံးဝ ယှဉ်သာနိုင်ခြင်း မရှိတော့ချေ။ အဆင့် တစ်ခုမျှ လျော့ကျသွားခဲ့သည်ဟု ပြော၍ ရလေသည်။
သို့ပေမယ့်လည်း ဝမ်မိသားစုသည် ၎င်းတို့၏ ဒေါသကို မျိုသိပ်ထားကာ မည်သည့် ထုတ်ပြန်ချက်ကိုမျှ မကြေညာခဲ့ပေ။
ဝမ်ထင်ရှန်းသည်ကား ထက်မြက်သည့် လူတစ်ယောက် ဖြစ်၏။ သူက အရာအားလုံးကို မြင်နိုင်ခဲ့ပြီး လင်းရီအပေါ် ပြန်လည် သုံးသပ်မှုတို့ ပြုခဲ့သည်။
သူတို့၏ ခွန်အားက ယုတ်လျော့သွားခဲ့သော်လည်းပဲ ဝမ်မိသားစုအဖို့ တစ်စုံတစ်ယောက်ကို သတ်ဖြတ်ရန်က အလွယ်လေးပင်။
သို့သော် ဝမ်ထင်ရှန်းသည် ထိုသို့သော လုပ်ရပ်မျိုး ပြုရန် ဘယ်တုန်းကမှ ရည်ရွယ်ခဲ့ခြင်း မရှိခဲ့ချေ။ သူတို့တွေသည် လင်းရီ၏ အကျင့်စရိုက်ကို ကောင်းစွာ နားလည်ထားကြ၏။ အစွမ်းအစပိုင်းဆိုင်ရာ၌ ဖြစ်စေ၊ ဉာဏ်ကစားသည့် နေရာ၌ ဖြစ်စေ သူ၏ သက်တူ ရွယ်တူများထက် အပြတ်သတ်ကို သာသည်။
အကယ်၍ သူတို့ကသာ လှုပ်ရှားမှု ပြုခဲ့မည်ဆိုပါက ဝမ်မိသားစုသည် ကျိန်းသေပေါက် ဖော်ထုတ်ခံလိုက်ရလိမ့်မည်။ ထို့ကြောင့် သူတို့၏ ဒေါသကို မျိုသိပ်ထားရင်း အင်မတန် ကောင်းမွန်သည့် အခွင့်အရေး တစ်ရပ် ရောက်ရှိလာချိန်အထိ စောင့်ဆိုင်းနေခဲ့ကြ၏။
ထို့ပြင် ယခု အဆိုပါ အခွင့်အရေးသည်ကား ဆိုက်ရောက်လို့ လာခဲ့ချေပြီ။
“ ငါတို့ ဒီကိစ္စကို စီစဉ်နေတာ တော်တော်လေး ကြာနေပြီ… လင်းရီကို အသက်ရှင်လျက် ပြန်လာခွင့်ပြုနိုင်စရာ အကြောင်းကို မရှိတာ….” ချိန်ချူဖုန်း၏ အမူအရာသည် လေးနက်တည်ကြည်နေပြီး သူ၏ မျက်ဝန်းတို့က စိုးရိမ်မှုတို့ဖြင့် ပြည့်နှက်နေခဲ့၏။ “ ဒါပေမယ့် ဒီအဘိုးကြီး အမြဲတမ်း စိတ်ပူနေရတဲ့ အရာတစ်ခု ရှိတယ်…”
“ ဘာကိုလဲ…” ဝမ်မြန် မေးလိုက်သည်။
“ လင်းရီရဲ့ ကျောထောက်နောက်ခံပဲ…”
“ သူ့နောက်ခံက သိသာနေသာပဲ မဟုတ်ဘူးလား … တစ်ယောက်က လုပေချိန် ၊ တခြားတစ်ခုက လျန်မိသားစု … ဒီအချက်တွေကပဲ ဒီကောင့်ကို လေပေါ်မြောက်အောင် လုပ်ပေးနေတာ …”
“ အဲ့ဒါက အပေါ်ယံပဲ ရှိသေးတယ်… အမှောင်ထဲမှာ ဖုံးကွယ်ထားတဲ့ တခြား အလွှာတစ်ခု ထပ်ရှိရဦးမယ်… ငါတို့ သေချာပေါက် ဂရုစိုက်မှ ဖြစ်မှာ….”
စက္ကန့်အနည်းငယ်ကြာအောင် စဉ်းစားပြီးနောက် ဝမ်ထင်ရှန်းသည် ချိန်ချူဖုန်းအား ကြည့်လိုက်၏။ “ အကြီးအကဲချိန် … ခင်များ ပြောချင်နေတာ သူ့ရဲ့ ဇစ်မြစ်က လျှို့ဝှက်တဲ့ ပတ်သက်မှု တစ်ချို့ ရှိနေတယ်လို့ ထင်နေတာလား …”
“ အင်း … ဒီ အဘိုးကြီး စုံစမ်းကြည့်ထားတာတော့ လင်းရီရဲ့ အမေက အဲ့ဒီတုန်းက ရန်ကျင်းကနေ ထွက်သွားခဲ့တဲ့ ချင်ရင်ယွဲ့ ဖြစ်ဖို့များတယ်….”
ဝမ်မြန်ကတော့ ချင်ရင်ယွဲ့ဟူသည့် နာမည်နှင့် ရင်းနှီးချင်း မရှိချေ။ သို့သော် ဝမ်ထင်ရှန်းမှာမူကား မျက်မှောင် တင်းတင်းကြုတ်ထားမိကာ အချိန်အတော်ကြာသည်အထိ မပြေနိုင်ဘဲ ရှိနေသည်။
“ တကယ်လို့ သူ့အမေကသာ တကယ်ကြီး ချင်ရင်ယွဲ့သာဆိုရင် အဲ့တာဆို သူ့အဖေက ကျိန်းသေပေါက် လင်းကျင်ကျန့်ပဲ ဖြစ်ရမယ်…”
ချိန်ချူဖုန်း ခေါင်းညိမ့်လိုက်၏။
“ လင်းကျင်ကျန့်က နှစ်တွေအကြာကြီး ပျောက်ကွယ်နေတာ … ဘယ်သူကမှလည်း သူ ဘယ်မှာရှိနေလဲဆိုတာ မသိကြဘူး … သူ ဘာတွေလုပ်နေလဲဆိုတာကိုတော့ ပြောမနေနဲ့တော့ … ဒါကြောင့်မို့ ဒီရဲ့ ဆက်ဆံရေးနဲ့ လင်းကျင်ကျန့်ရဲ့ အခြေအနေကို ငါ စုံစမ်းချင်တယ်… အဲ့တာမှပဲ ငါတို့ရဲ့ အကြံအစည်က စိတ်ချရမှာ….”
လင်းကျင်ကျန့်အကြောင်း စကားစလာတော့ ဝမ်ထင်ရှန်း တိတ်ဆိတ်သွားခဲ့၏။
ရန်ကျင်း၏ လွန်ခဲ့သော နှစ် ၃၀ အကြာက မှတ်ဉာဏ်များသည် သူတို့ မပြောလိုသည့် အကြောင်း ကိစ္စများ ဖြစ်ကြ၏။
ထိုအချိန်က မျိုးဆက်များသည် ယခုအခါ ထင်ရှားကျော်ကြားသည့် ပုံရိပ်ကိုယ်စီနှင့် ဖြစ်လာပြီ ဆိုသော်ငြားလည်း ထိုခေတ် ထိုအခါတွင် လင်းကျင်ကျန့်၏ ဖိနှိပ်ခြင်းကို ခံထားရကာ ခေါင်းပင် မဖော်နိုင်ခဲ့သည်ကတော့ အစဖော်လို့ မကောင်းသည့် ကိစ္စရပ်တစ်ခု ဖြစ်၏။
အောင်မြင်မှု အရပ်ရပ်ကို သူတစ်ယောက်တည်းက သိမ်းပိုက်ထားကာ မည်သူကမျှ သူနှင့် မယှဉ်ပြိုင်နိုင်ခဲ့ကြချေ။
“ အဖေ… အဖေနဲ့ အဘိုးချိန်တို့ ပြောနေကြတဲ့ လင်းကျင်ကျန့်ဆိုတာ ဘယ်သူတုန်း…. သူက သန်မာလို့လား …” ဝမ်မြန် မေးမြန်းလိုက်သည်။
မဝန်ခံလိုသော်လည်းပဲ ဝမ်ထင်ရှန်း ခေါင်းညိမ့်လိုက်ဆဲပင်။
“သူက ထူးခြားတဲ့လူ တစ်ယောက်ပေါ့.. အဲ့ဒီတုန်းက ရန်ကျင်းမှာ သူတစ်ယောက်တည်းကပဲ ရေပန်းစားမှုတွေ အကုန်လုံးကို သိမ်းပိုက်ထားတာ … သူ့ရဲ့ ငယ်ရွယ်ပြီး မဆင်မခြင်နိုင်မှုတွေ ၊ မိုက်ရူးရဲဆန်မှုတွေက ကိုယ့်ဒုက္ခ ကိုယ်ရှာသလို ဖြစ်ခဲ့စေလို့သာ မဟုတ်ရင် ခုချိန် လုပေချိန်ရဲ့ နေရာမှာ ထိုင်နေရလောက်ပြီ.. ကျုံးဝေ့တပ်ဖွဲ့ကို အပေါ်စီးကနေ ကြည့်ရှုရင်းပေါ့….”
ဝမ်မြန်၏ ခန္ဓာကိုယ် တုန်ယင်သွားခဲ့သည်။ ဝမ်ထင်ရှန်း၏ စကားလုံးတို့က လင်းကျင်ကျန့် မည်မျှ သန်မာသလဲဆိုတာကို နားလည်နိုင်ရန် ကူညီပေးခဲ့လေသည်။
အဘယ်ကြောင့်ဆိုသော် လုပေချိန်က မည်သို့သော ပုဂ္ဂိုလ်မျိုး ဖြစ်လဲဆိုတာကို သူ ကောင်းကောင်းကြီး နားလည်သဘောပေါက်နေသောကြောင့်ပင်။
“ ဒီလောက်နှစ်တွေကြာပြီးတာတောင် သူ့အကြောင်း ဘာသတင်းမှ မကြားရဘူးလား …”
“ ဘာသတင်းမှကို မရှိတာ …” ဝမ်ထင်ရှန်း ပြောလိုက်ပြီး “ ဒါပေမယ့် လူတော်တော်များများ ပြောကြတာကတော့ အဲ့ဒီတုန်းက အမဲလိုက်ခံလိုက်ရပြီး သေသွားခဲ့တာ နှစ် ၂၀ ကျော်ပြီလို့ ပြောတဲ့သူတွေလည်း ရှိတယ်… ဒါပေမယ့် သတင်းက မှန်မမှန် အဖေတို့လည်း မသိရတော့ အဲ့လို ရမ်းသမ်း ကောက်ချက်ချလို့ မရဘူး …”
“ ဒီလို ကောလဟာလဆိုတာက တစ်ခုခုအပေါ် အခြေခံပြီးတော့မှ ဖြစ်လာခဲ့တာ… တကယ်လို့ သူသာ မသေခဲ့ဘူးဆိုရင် သူ့အကြောင်း သတင်းမရှိဘူးဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ…”
“ ဒီ အဘိုးကြီးလည်း အဲ့လို စဉ်းစားနေတာ…” ချိန်ချူဖုန်း ပြောလိုက်ပြီး “ ဒါပေမယ့် သူ့ရဲ့ သေဆုံးမှုနဲ့ ပတ်သက်ပြီး ခိုင်လုံတဲ့ သက်သေကိုတော့ ရှာချင်တယ်… မဟုတ်ရင် အေးဆေး အနားယူလို့ရမှာ မဟုတ်ဘူး ….”
“ ကျုပ်တို့ တကယ်ကြီး ခိုင်လုံတဲ့ သက်သေ အချက်အလက် ရှာချင်တယ်ဆိုရင် လူတစ်ယောက်ဆီကပဲ ရှာလို့ရမယ်…” ဝမ်ထင်ရှန်း ပြောလိုက်ပြီး “ ချင်ရင်ယွဲ့က ကောင်းကောင်းမွန်မွန် အသက်ရှင်နေတယ်… ကျုပ်ကြားတာတော့ တလောက ရန်ကျင်းကိုတောင် ခဏ ပြန်လာခဲ့သေးတယ်ဆိုပဲ … ဒါက စည်းကမ်းဖောက်လိုက်တာပဲ မဟုတ်လား…”
“ မသေချာသေးပါဘူး …” ချိန်ချူဖုန်း ပြောလိုက်ပြီး “ လင်းကျင်ကျန့်က သေသွားခဲ့ပြီ ဆိုဦးတော့... ငါတော့ သူ ငါတို့ကို ဘာတစ်ခုမှ ပြောပြမယ် မထင်ဘူး … သူ့ရဲ့ အထောက်အထားကို ဝှက်ဖဲအနေနဲ့ ကစားဖို့ လိုသေးတယ်… တခြားသူတွေသာ လင်းကျင်ကျန့် သေမှန်း သိသွားခဲ့ရင် ရန်ကျင်း အသိုင်းအဝိုင်းက လူတွေက သူ့ကို ကြောက်ကြတော့မှာ မဟုတ်ဘူး …”
“ ဒါက အလုပ်မဖြစ်ဘူးဆိုရင် ကျုပ်တို့တွေ လင်းကျင်ကျန့်အကြောင်း တတ်နိုင်သလောက် တူးဆွကြည့်ရုံ ရှိတော့တာပဲ …”
ချိန်ချူဖုန်း အမှုမထားဘဲ ခေါင်းညိမ့်လိုက်သည်။
“ ဒါက ဒီအဘိုးကြီးရဲ့ အတွေးအမြင်လေး တစ်ခုသာသာပါပဲ … အဲ့လောက်ထိ အာရုံထားနေစရာ မလိုပါဘူး …”
ချိန်ချူဖုန်း သူ့ကိုယ်သူ ရေနွေးကြမ်းတစ်ခွက် ငဲ့လိုက်ပြီး ဂရုတစိုက်နှင့် အရသာခံကြည့်လိုက်၏။
“ နောက်ရက် အနည်းငယ်နေရင် ငါတို့တွေ သူတို့ရဲ့ ကုန်တင် သင်္ဘောထဲမှာ ဘက်စ်သတ္တုတွေ ဝှက်ထားပြီး နိုင်ငံခြား အဖွဲ့အစည်းတွေဆီ သတင်းလွှင့်လိုက်မယ်… အဲ့ခါကျရင် လင်းရီက လူတိုင်းရဲ့ ပစ်မှတ်ဖြစ်လာမယ်… ဘယ်သူကမှ သူ့ကို ကယ်တင်နိုင်မှာ မဟုတ်တော့ဘူး …”
ဤသည်က ဝမ်ထင်ရှန်းနှင့် ချိန်ချူဖုန်းတို့ ကြံစည်နေကျသည့် အကြံအစည်တစ်ခု ဖြစ်၏။
လင်းရီ၏ အစွမ်းအစတို့ဖြင့်ဆိုပါက သူ့အား ဆန့်ကျင်ရန် မည်သည့်နည်းလမ်း အသုံးပြုစေကာမူ ဖြည်းဖြည်းချင်း တန်ပြန် ခြေရာခံလာနိုင်သည်။ ထိုသို့ ပြုချင်းအားဖြင့် ဝမ်မိသားစုသည် ပါဝင်ပတ်သက်ငြှိစွန်းသွားပြီး ပြန်မကောင်းနိုင်တော့သည့် ချောက်နက်ကြီးထဲ ပြုတ်ကျသွားလိမ့်မည်။
ရန်သူကို ထိခိုက်မှုပေးနိုင်သည်ထက်ပို၍ သူတို့ကိုယ်သူတို့ ဘေးမသင့်စေလိုပေ။ ထို့ကြောင့် ယခုလို နည်းလမ်းမျိုးအား ဖော်ဆောင်လာခဲ့ရခြင်းပင်။ နိုင်ငံခြား အဖွဲ့အစည်းများ၏ ဓားဖြင့် လင်းရီအား ချေမှုန်းသုတ်သင်ပစ်မည်။
ဤနည်းလမ်းဖြင့် မည်သူကမှ ဝမ်မိသားစု၏ စနက်ဖြစ်သည်ကို သိကြတော့မည် မဟုတ်ဘဲ အထိကရုဏ်းက လင်းရီနှင့် နိုင်ငံခြား အဖွဲ့အစည်းများသို့ ကူးပြောင်းသွားလိမ့်မည်။
ကြမ်းတမ်းသည့် အထိကရုဏ်းအတွင်း၌ လင်းရီအဖို့ သူ့ကိုယ်သူ ခုခံကာကွယ်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
“ တကယ်လို့ အခြေအနေသာပေးရင် ငါတို့ ကွမ်းကျဲ့ကို နိုင်ငံခြားက လှုပ်ရှားမှုတွေ ခြေရာခံဖို့ ခေါ်လာခဲ့လို့ရတယ်… တကယ်လို့ သွေဖယ်မှု တစ်ခုခု ရှိလာတယ်ဆိုရင် သူက လျှို့ဝှက် ကြားဝင်ပြီးမှ အစီအစဉ်ကို ချောချောမွေ့မွေ့ ဖြစ်အောင် ဆက်ပြီး အကောင်အထည် ဖော်လို့ရတယ်….”
ချိန်ချူဖုန်း ပြောနေသည့် ကွမ်းကျဲ့က ကျုံးဝေ့တပ်ဖွဲ့ အသင်း ၄ ၏ ခေါင်းဆောင် ချိန်ကွမ်းကျဲ့ပင်။
အပေါ်ယံတွင် လုပေချိန်၏ အမိန့်များအား လိုက်နာနေဟန် ပြသော်လည်းပဲ သူက ဝမ်မိသားစုဝင် တစ်ယောက် ဖြစ်နေဆဲပင်။ ထို့ကြောင့် ဝမ်မိသားစုအပေါ်၌သာ သစ္စာခံထား၏။
ရလဒ်အနေဖြင့် အသင်း ၄ တစ်သင်းလုံးသည် ဝမ်မိသားစု၏ လက်ဝယ်အတွင်းသို့ ဖြည်းဖြည်းချင်း ကျရောက်လာနေသည်။
ချိန်ကွမ်းကျဲ့အား ယခုလို ပြုလုပ်ခိုင်းသည်ကလည်း လျှို့ဝှက် ထားရန်အတွက် ဖြစ်ပြီး သို့မှသာ အခြားမည်သည့် မတော်တဆမှုကမျှ ဖြစ်လာမည် မဟုတ်ချေ။
“ ကျုပ်သူ့ကို ဆက်သွယ်လိုက်မယ်… ဒီကိစ္စမှာ ဘာတစ်ခုကမှ မှားယွင်းလို့ မရဘူး …” ဝမ်ထင်ရှန်း မျက်လုံးမှေးကျဉ်း၍ အေးစက်သည့် အမူအရာဖြင့် ပြောလိုက်၏။
“ လင်းရီ …. သေကို သေရမယ်….”