ခေါင်းမဖော်နိုင်အောင် လုပ်မယ်
Vol. 106 Ch. 1579
တစ်စုံတစ်ယောက်က ဘေးတွင် စကားလာပြောသည့် အသံကို ကြားတော့ လင်းရီ မော့ကြည့်လိုက်မိပြီး ရင့်ကျက်သည့် အမျိုးသမီးတစ်ယောက်ကို မြင်တွေ့လိုက်ရသည်။
သွယ်လျသည့် ခန္ဓာပိုင်ရှင် အမျိုးသမီးပါပင်။ သို့သော် နောက်ကျောအလှမှာမူကား ရှောင်ထျန်ကဲ့သို့ ဂုဏ်ယူဖွယ် သိပ်မကောင်းလှချေ။
သူမဘေးတွင် သက်တူ ရွယ်တူနီးပါးဟု ထင်ရသည့် အမျိုးသားတစ်ဦး ရှိ၏။ နှစ်ယောက်က လက်မောင်းတွဲလျက် အတူရပ်နေသဖြင့် စုံတွဲများ ဖြစ်ကြမည်မှာတော့ သေချာသည်။
အဆိုပါ အမျိုးသမီး၏ နာမည်က ကျန်းထျန်ရှု ဖြစ်ပြီး တက္ကသိုလ် သတင်းပြန်ကြားရေး ဌာန၏ တာဝန်ခံ ဒါရိုက်တာ တစ်ယောက်ပင်။ ရှောင်ထျန်နှင့် ရာထူးတူသည်ဟူ၍လည်း ပြော၍ရ၏။
“ ဟုတ်တယ်… ငါ့ကောင်လေးက အလုပ်လာကြိုလို့လေ… ဒါပြီးရင် ငါတို့ ကားသွားကြည့်ကြမလို့ …”
ပြောပြီးနောက် ရှောင်ထျန်သည် အသားတစ်ဖက်ကို ညှပ်၍ လင်းရီ၏ နှုတ်ခမ်းသို့ တေ့ပေးလိုက်၏။ အင်မတန် နှစ်လိုဖွယ်ကောင်းသည့် မြင်ကွင်းလေးပင်။
“ တိုက်ဆိုင်လိုက်တာ … ငါလည်း ငါ့ကောင်လေးနဲ့ ကားအတူသွားကြည့်မလို့ပဲ … “ ကျန်းထျန်ရှု ပြောလိုက်ပြီး “ ဒါပေမယ့် ငါတော့ ဆရာမထျန်ကို တကယ်လေးစားတယ်… ငါသာဆိုလို့ကတော့ ကားသွားကြည့်ဖို့ မပြောနဲ့ … စားချင်စိတ်တောင် ရှိမှာ မဟုတ်ဘူး …”
“ သတင်းကောင်းကြားရတာမို့ပျော်တယ်… ဒါကြောင့်မို့ ငါ့ကိုယ်ငါ ကားအသစ်ဝယ်ပြီး ဆုချမလို့ …”
“ ခစ်ခစ်ခစ် … ဒါဆိုလည်း ဂုဏ်ယူပါတယ်နော် ဆရာမထျန်…”
ထိုသို့ ပြောပြီးနောက် ကျန်းထျန်းရှုသည် သူမ ကောင်လေး၏ လက်မောင်းကို တွဲချိတ်၍ အပြုံးတစ်ပွင့်ဖြင့် ထွက်ခွာသွားခဲ့၏။
“ အဲ့မိန်းကလေးကလည်း မင်းတို့ ကျောင်းကပဲလား …”
“ သတင်းပြန်ကြားရေး ဌာနက …” ရှောင်ထျန် မျက်လုံးလှိမ့်လိုက်ပြီး “ ဒီတစ်ကြိမ် ငါနဲ့ ပြိုင်ရတဲ့သူက သူလေ …”
“ ဟင်… ဒါ ကိုယ့်လည်ပင်းကိုယ် ကြိုးပြန်စွပ်နေတာပဲမလား … မင်းက ရာထူးတိုးခံရပြီးတာတောင် သူက လာပြီး ဟန်ရေးပြနေနိုင်သေးတယ်ပေါ့ …”
“ တကယ်တမ်းကျ ငါလည်း ရာထူး မတိုးသေးပါဘူး … ဒီတိုင်း HR ဌာနက ကောလဟာလတစ်ချို့ ကြားမိလို့ … ကျောင်းရဲ့ အထက်လူကြီးတွေက ငါ့ကို မြင့်မြင့် မျှော်မှန်းထားပြီး ရာထူးတိုးပေးဖို့ ပြင်ဆင်နေကြတယ်တဲ့လေ… ပြီးတော့ အဲ့ကောင်မက အနောက်တံခါးသုံးပြီး ဝင်လာတယ်ဆိုတာ လူတိုင်းသိတယ်… အရည်အချင်း ရှိတာ မဟုတ်ဘူး … ဒီတော့ အဲ့ကောင်မအကြောင်း စကားလုပ်ပြီး ဆွေးနွေးနေကြမှာ မဟုတ်ဘူး …”
“ အနောက်တံခါး သုံးပြီး ဝင်လာတယ်… ဟမ့်.. တော်တော်မိုက်တဲ့ အကွက်ပါလား … ငါတောင် ကိုယ့်ကိုယ်ကို တစ်ခါမှ မကြိုးစားကြည့်ဖူးဘူး …”
“ နင်က အနောက်တံခါး တစ်ခါမှ မသုံးဖူးဘူးပေါ့ … အခွင့်အရေး ရရင် ငါနင့်ကို စမ်းကြည့်ခိုင်းမယ်လေ…”
“ အိုကေ …”
မွန်းလွဲပိုင်းတွင် ကားပြပွဲတစ်ခု သွားကြည့်ရန် ရှိသေးသဖြင့် နာရီဝက်အတွင်း စားသောက်ပြီးစီးသွားခဲ့သည်။ ထို့နောက် ကျိုးဟိုင် ကားပြပွဲစင်တာသို့ မောင်းထွက်လာခဲ့လေသည်။
ဤသည်က အဆင့်အတန်း အမြင့်ဆုံး နေရာတစ်ခု ဖြစ်ပြီး ကျိုးဟိုင် ကားပြပွဲ စင်တာသည် ဒေသတွင်း အကြီးဆုံး နေရာတစ်ခုဟု သတ်မှတ်၍ရသည်။
ကားကုမ္ပဏီ အားလုံးနီးပါးက ဤပြပွဲသို့ ပါဝင်ဆင်နွှဲကြ၏။ ကိုယ့်တွင် ပိုက်ဆံသာ ရှိသရွေ့ ဤနေရာက မည်သည့်ကားကိုမဆို ချက်ချင်း ဝယ်ယူ၍ရသည်။
ကား အကောင်းစားများအား ကြိုက်နှစ်သက်သည့် ပရိတ်သတ် စစ်စစ် တစ်ယောက်ပီသစွာဖြင့် လင်းရီသည် တက္ကသိုလ်တက်စဉ်အခါက နှစ်တိုင်းနီးပါး တက်ရောက်လေ့ရှိ၏။
သို့သော် စနစ် ထွက်ပေါ်လာပြီးသည့်နောက်ပိုင်းတွင် ယခုလို ကားပြပွဲများအပေါ် အာရုံစူးစိုက်မှု နည်းပါးလာသည်။ သူ့ဂိုဒေါင်ထဲတွင် စူပါကားများလည်း ပြည့်နေပြီး စတင် မိုဒီဖိုင်း လုပ်နေပြီ ဖြစ်၏။ သို့ပေမယ့် ဤသို့သော ပွဲများအား တက်ရောက်ရန် လင်းရီ နှစ်ခြိုက်ဆဲပါပင်။
သူသွားပြီး တစ်ချက်ကြည့်ရန် စီစဉ်ထား၏။ အကယ်၍ နှစ်သက်သည့် မော်ဒယ်လ် တစ်ခုခုကို တွေ့ပါက ဝယ်ရန် ဆုံးဖြတ်ထားသည်။
ယခင် တစ်ခေါက် ကားပြပွဲနှင့် နှိုင်းစာကြည့်မည်ဆိုပါက ယခုတစ်ခေါက်တွင် ဆန်းသစ်သည့် အရာတို့က ပို၍ များပြားလာသည်။ သို့သော် အခြေခံ အကြောင်းအရာတို့ကတော့ မပြောင်းမလဲ ရှိနေဆဲပင်။
ကားပြပွဲနေရာကို ဧရိယာ A,B,C,D ဟူ၍ လေးပိုင်း ခွဲခြားထားသည်။ ဧရိယာ အေတွင် ပြည်တွင်းကားကုမ္ပဏီက ထုတ်လုပ်သည့် ကားများကို ပြထားပြီး ဧရိယာဘီတွင်တော့ နိုင်ငံခြားက တင်သွင်းသည့် ကားများ ရှိ၏။ ဧရိယာ စီတွင် စူပါကားများ စုဝေးပြီး ဧရိယာ ဒီတွင်တော့ ဘက်စုံသုံး ကားများ ရှိလေသည်။
ကျိုးဟိုင်တွင်သာ မကဘဲ ကားပြပွဲ တော်တော်များများက ယခုလို အုပ်စုများ ခွဲ၍ ပြသလေ့ရှိပြီး ကွာဟမှု သိပ်မရှိလှချေ။
ကားနှင့် ပတ်သက်၍တော့ ရှောင်ထျန် ထွေထူး ပြုနေခြင်း မရှိပေ။ သူမ ဂရုစိုက်သည်က အရောင်ကာလာပင်။ ကျန်သည်များကိုတော့ လင်းရီ၏ အကူအညီကိုသာ အားကိုးရမည်။
“ ဘယ်လိုကားမျိုး ယူမလဲ… ပြည်တွင်းလား ပြည်ပလား …” လင်းရီ မေးလိုက်၏။
“ ဘာပဲ ဖြစ်ဖြစ် … ငါသုံးမှာက ယွမ် ၆ သိန်း … ဒီဝန်းကျင်မှာ ရနိုင်မယ့် ကားတွေ နင်တစ်ချက်ကြည့်ပေး…”
ရှောင်ထျန် မိသားစု၏ ကျောထောက်နောက်ခံက သိပ်မဆိုးလှသည်ကို လင်းရီ သိရှိပြီး ဖြစ်သည်။ ယွမ် ၆ သိန်းတန် ကားတစ်စင်းက သာမန် ချမ်းသာသည့် အဆင့်အတန်းကို ကျော်လွန်နေလေပြီ။
“ ဒါဆိုလည်း ဧရိယာ အေ ကို အရင်ကြည့်ကြည့်တာပေါ့ …”
“ သဘောလေ…”
နှစ်ယောက်သား ကားပြပွဲအတွင်းသို့ ဝင်လာခဲ့ကြသည်။ ပုံမှန်ဆိုပါက ဤအချိန်၌ လင်ရီ၏ ခေါင်းသည် အင်မတန် မြင့်မားနေလိမ့်မည်။ သို့သော် ဤတစ်ကြိမ်၌ ရှောင်ထျန်လည်း လိုက်ပါလာသည့်အတွက် အခြေအနေက ကွဲပြားသွား၏။
အမျိုးသားဖြစ်စေ ၊ အမျိုးသမီး ဖြစ်စေ၊ ဖြတ်သွားကြသည့်လူတိုင်း မသိစိတ်အလျောက် တစ်ချက်နှစ်ချက်မျှတော့ လည်ပြန်ကြည့်မိကြသည်။
ထိုစဉ် ၎င်းတို့စိတ်ထဲ၌ ထွက်ပေါ်လာသည့် စကားတစ်ခွန်းကတော့ အတူတူပင်။
အမျိုးသားတို့ကတော့ ယခုလို ပြောကြလောက်၏။
‘ အကြီးကြီးပဲ…’
အမျိုးသမီးတို့အတွက်မူ ‘ အဲ့လောက်တောင် ကြီးလား …’
ရှောင်ထျန် NIO ES6 တစ်စင်းကို လက်ညိုးထိုးပြလိုက်ပြီး “ လျှပ်စစ်ကားထင်တယ်… မောင်းရင် ဆီချွေတာလို့ ရတာပေါ့ …”
“ ဒီနည်းပညာရဲ့ စွမ်းအင်သစ်က လုံလောက်အောင် မဖွံ့ဖြိုးသေးဘူး … နောက် နှစ်နည်းနည်းကြာမှ ထပ်ပြောကြတာပေါ့ …”
“ ဒါပေမယ့် နင် လမ်းပေါ်ကိုလည်း ထွက်ကြည့်ဦးလေ… နေရာတိုင်းမှာ လျှပ်စစ်ကားတွေချည်းပဲ …”
“ မောင်းရလည်း တစ်နှစ်ကျော်လောက်ပေါ့ … ပြီးရင် ဘက်ထရီလစ်ပြီ… ငါ ရင်းနှီးမြုပ်နှံတဲ့ ကုမ္ပဏီတစ်ချို့က ဒါတွေလုပ်တော့ ဒီအကြောင်းတွေ နည်းနည်းပါးပါးသိတယ်…”
“ အဲ့လိုလား … ဒါဆို မဝယ်တော့ဘူး .. တခြားဥစ္စာတွေ လိုက်ကြည့်ကြတာပေါ့ …”
“ ရှောင်ထျန် .. ဒီ စွမ်းအင်သစ်ကားတွေ ဘယ်လိုနေလဲ…”
နှစ်ယောက်သား ထွက်ခွာတော့မည့် အချိန်မှာပဲ ကျန်းထျန်းရှုနှင့် သူ့ကောင်လေးက ရောက်လို့လာသည်။
“ ဒီကားက စွမ်းအင်သစ်ကားလေ… ဆီချွေတာရာလည်း ရောက်တယ်… နင်တို့လို့ working class ( အလုပ်သမား လူတန်းစား) တွေအတွက် ပိုပြီးမှ သင့်လျော်တယ်…”
“ ငါနဲ့ မလိုက်ဖက်ဘူး …” ရှောင်ထျန် ပြောလိုက်ပြီး “ ငါတို့ နိုင်ငံခြားက တင်သွင်းတဲ့ ကားတွေ သွားကြည့်မလို့ … နင်တို့ အချိန်ယူပြီး ဖြည်းဖြည်းကြည့်ကြနော်…”
“ ဖြစ်ချင်တော့ ငါတို့လည်း နိုင်ငံခြားက တင်သွင်းတဲ့ ကားတွေ ကြည့်ကြမလို့ပဲ… အတူသွားကြည့်ကြတာပေါ့…”
ရှောင်ထျန် နှာမှုတ်လိုက်ပြီး ကျန်းထျန်းရှုအား လျစ်လျူရှု၍ လင်းရီနှင့်အတူ ဧရိယာဘီသို့ ရောက်လာခဲ့သည်။
“ ချစ်ကလည်း … သူ့မှာ ခက်ခဲနေတာကို… အဲ့လို တမင်တကာကြီး သူများကို သွားမစနဲ့လေ…” ကျန်းထျန်းရှု၏ ကောင်လေး ကျိုးကျစ်ချန်က ပြောလိုက်သည်။
“ ကိုယ့်အဖေပြောတာတော့ သူ ချစ်အတွက် အားလုံး စီစဉ်ပေးထားပြီတဲ့ … အဲ့ဒီရာထူးက ချစ်အတွက်ပဲ … သူ့ကို အရေးတယူ လုပ်မနေနဲ့…”
“ အဲ့လိုလည်း မရဘူး … ဒီကိစ္စက တစ်လလောက်ရှိနေပြီ… တခြား ယှဉ်ပြိုင်တဲ့သူတွေ အကုန်လုံး အသီးသီး ထွက်သွားကြပြီကို သူပဲ အမြင်တွေ ကန်းနေတာ … ချစ်နဲ့ ယှဉ်ပြိုင်ချင်တယ်တဲ့ … အဲ့တာကြောင့် ကို့ရဲ့ အဖေကို ဝင်စွက်ဖက်စေလောက်တဲ့အထိ ဖြစ်သွားခဲ့တာ … ဒီနေ့ သူ့မျက်နှာကို ဖြတ်ရိုက်နိုင်မှပဲ ကျေနပ်နိုင်မယ်…”
ကျိုးကျစ်ချန် ပြုံးလိုက်ပြီး “ ကောင်းပါပြီဗျာ… ဒါဆိုလည်း စိတ်ချထားလိုက် … ကိုယ်မင်းကို အပြည့်အဝ ထောက်ပံ့ပေးနေမယ်…”
“ မွ… ကျေးဇူးနော် ကိုကို …”
“ မင်းက ကိုယ့်ကောင်မလေးပဲဟာ ကိုယ်က ထောက်ပံ့ပေးသင့်တာ ပုံမှန်ပဲ မဟုတ်ဘူးလား …”
“ ခစ်ခစ်… အဲ့သွားပြီး တစ်ချက်ကြည့်ကြစို့ .. အဲ့ကောင်မ ဘယ်လိုကားပဲ ဝယ်ဝယ် သူ့ထက်ပိုကောင်းတဲ့ကားမျိုးကို ဝယ်ရမယ်…”
“ ကောင်းပြီ… ပြဿနာ မရှိဘူး …” ကျိုးကျစ်ချန် ပြောလိုက်ပြီး “ ခုလေးတင် လျှပ်စစ်ကားကို ကြည့်နေတယ်ဆိုတော့ သူ့ ဘတ်ဂျက်က အကန့်အသတ်နဲ့ဆိုတာ အသိသာကြီး … ကိုယ်တို့ ဝယ်မယ့်ကားက သူ့ကားထက် တန်ဖိုး နှစ်ဆ ရှိရမယ်လို့ အာမခံတယ်…”
“ ကောင်းတယ်… ချစ်လည်း သူ့ကို အမှုန့်ကြိတ်ပြီး မျက်နှာဖြတ်ရိုက်ချင်နေတာ… ဒါမှ နောင်ကျရင် ကျောင်းမှာ ခေါင်းမထောင်ဝံ့မှာလေ…”
“ သွားပြီး တစ်ချက်ကြည့်ကြစို့ … မဟုတ်ရင် ခဏဆို သူတို့ သွားကြတော့မှာ …”
တစ်ချိန်တည်းတွင် လင်းရီနှင့် ရှောင်ထျန်တို့က ကားပြပွဲ၏ ဧရိယာ ဘီသို့ ရောက်ရှိနေကြလေသည်။
နှိုင်းယှဉ်ရမည်ဆိုပါက ဧရိယာဘီသည် ဧရိယာအေထက် အနည်းငယ် ပိုကြီးပြီး နည်းနည်းလေးလည်း ပိုမိုက်သည်။
ထိုင်ခုံနေရာတို့သာ ပိုကောင်းသည်မဟုတ်ဘဲ မော်ဒယ်တို့ကလည်း ပို၍ ကြည့်ကောင်းလေသည်။
“ မင်း သုံးမယ့် ဘတ်ဂျက်က ၆ သိန်းဆိုတော့ ရွေးလို့ ရတဲ့ ဘရန်းတွေ အများကြီးပဲ … မင်း လိုချင်တဲ့ ဘရန်းအတိအကျ မရှိဘူးဆိုတာ သေချာတယ်နော်…”
“ ငါမှ ကားအကြောင်း ကောင်းကောင်း နားမလည်တာ… ဒါပေမယ့် အရင် A6 လေးလည်း မောင်းရတာ ဆိုးတော့ မဆိုးဘူး … ငါတို့ နောက်ထပ် အော်ဒီပဲ ဝယ်ရင်ကော…” ရှောင်ထျန် ဘေးဘီဝဲယာကို လိုက်ကြည့်ရင်း ပြောလိုက်ပြီး “ နင် ဘယ်လိုထင်လဲ … တစ်ခုခု ပြောဦးလေ…”
“ မင်းနဲ့ အော်ဒီက လိုက်တယ်လို့ ပြောပြီးပြီပဲ မလား … မင်းတို့နှစ်ယောက်လုံးမှာ မီးလုံး အကြီးကြီးတွေရှိတယ် … ဆိုတော့ ဒါက စဉ်းစားသင့်တဲ့ ကိစ္စပဲလေ…”