← Chapters

ငါ ကားမဝယ်ဘူးလို့ ဘယ်သူပြောလဲ

Vol. 106 Ch. 1582

ငါ ကားမဝယ်ဘူးလို့ ဘယ်သူပြောလဲ

Vol. 106 Ch. 1582

အသံကို ကြားတော့ စင်နားဝန်းကျင်ရှိ ဖြတ်သွားဖြတ်လာ လူတို့မှ လမ်းဖယ်ပေးလိုက်ကြသည်။

လင်းရီ ခေါင်းငဲ့၍ တစ်ချက်ကြည့်လိုက်တော့ ထိုသို့ ပြောလိုက်သည့်လူက အတော်လေး ပုအိုက်အိုက် နိုင်လှသည့် အမျိုးသားတစ်ဦး ဖြစ်သည်ကို မြင်တွေ့လိုက်ရသည်။

ခေတ်ဆန်သည့် အဝတ်အစားတို့အား ဝတ်ဆင်ထားရင်း မျက်စိအမြင် ကန်းနေသူပင် ၎င်း၏ ဝတ်စားတန်ဆာတို့က ဈေးမပေါကြောင်းကို ပြောနိုင်လေသည်။ လူတိုင်း မသိစိတ်အလျောက် လမ်းဖယ်ပေးလိုက်ကြ၏။

သူ့ဘေးတွင် အမျိုးသမီးငယ်လေး တစ်ဦး လိုက်ပါလာပြီး အနက်ရောင် စတော်ကင် နှင့် အနီရောင် ပန်းပွင့်ရိုက် စကတ်အား ဝတ်ဆင်ထားလျက် ရှိ၏။

အဆင့်အတန်း မြင့်မားသော်ငြား ချောမောခန့်ညားနေခြင်းမျိုးတော့ မရှိချေ။

ထိုလူငယ် အမျိုးသား၏ နာမည်က တုံးဟန့်ယွီ ဖြစ်ပြီး ချွမ်ရှန်း စီရင်စု၏ အဓိက မိသားစုကြီး သုံးခုအတွင်း ပါဝင်သည့် တုံးမိသားစု၀င် တစ်ယောက်ဖြစ်လေသည်။ ၎င်းတို့၏ ပိုင်ဆိုင်မှုပစ္စည်းက ယွမ် ဘီလီယမ် တစ်ရာလောက်ရှိသည်။

လမ်ဘိုဂီနီ ဗီနီနိုသည် ယနေ့ ကားပြပွဲတွင် ထွက်ပေါ်လာမည်ကို ကြားသိတော့ ကျိုးဟိုင်သို့ အထူးတလှယ် ရောက်လာ၍ ကားကို ယူသွားရန် ရည်ရွယ်ထားသည်။

“ ဒီက ညီကို … မင်းက ကားဝယ်ချင်လို့လား …” တစ်စုံတစ်ယောက်က သိချင်စိတ်ဖြင့် မေးမြန်းလိုက်၏။

“ ကားမဝယ်တော့ ငါက ဒီဘာလာလုပ်ရမှာလဲ…”

“ ဒါပေမယ့် ဒီကားက ဗီနီနိုရဲ့ မိုဒီဖိုင်း ဗားရှင်းနော်… ယွမ် သန်း ၃၀ ကျော်လောက်နဲ့ ပွဲထုတ်မယ်လို့ ခန့်မှန်းထားတာ ဒီပမာဏက အသေးအမွှားလေး မဟုတ်ဘူး …”

“ မင်းတို့က ဒီကားကို အထင်သေးနေကြတာပဲ…” တုံးဟန့်ယွီ ပြောလိုက်ပြီး “ ငါ့ အတွင်းချန်နယ်တွေမှာ လိုက်မေးကြည့်ပြီးပြီ… ဒီကားက အနည်းဆုံး ၄၈ သန်းပဲ … သန်း ၃၀ က ဈေးသိပ်ပေါလွန်းတယ်…”

“ ၄၈ သန်း ….”

လူတိုင်း အံ့အားတကြီး မြည်တမ်းမိလိုက်ကြ၏။

သူတို့အဖို့ သန်း ၃၀ ဟူသည့် ပမာဏသည်ပင် ဧရာမ များပြားနေပြီ ဖြစ်ရာ ဈေးက ၄၈ သန်း ရှိနေလိမ့်မည်လို့ ထင်မှတ်မထားခဲ့ပါချေ။

တုံးဟန့်ယွီ၏ ပြောဈေးက ခန့်မှန်းရုံ သပ်သပ်မျှ ဖြစ်သော်လည်း လူတော်တော်များက ယုံကြည်နေဆဲပင်။

သူကဲ့သို့ ကျိကျိတက် ချမ်းသာသည့် ဒုတိယမျိုးဆက် သခင်လေးတစ်ယောက်က အတွင်းသတင်းတို့ ကြားသိရသည်မှာ ထူးဆန်းသည်လို့ မဆိုသာချေ။ ထိုသို့သော ကိစ္စမျိုးကို မှားယွင်းပြောဆိုလိမ့်မည် မဟုတ်ချေ။

ကား၏ ကျသင့်သည့် တန်ဖိုးက လူတိုင်း၏ စိတ်အားထက်သန်မှုကို တစ်ဖန် ပြန်နိုးကြွလာစေခဲ့သည်။

မည်သို့ပင်ဆိုစေ ကားဝယ်မည့်လူက သူတို့ကိုယ်၌ မဟုတ်ပါဘဲ ဈေးကြီးကြီးနှင့် ရောင်းချလေလေ ၊ ပွဲကြည့်ရသည်မှာ ပိုပြီး စိတ်လှုပ်ရှားဖို့ ကောင်းလေလေဖြစ်၏။

“ အလှလေး … မင်းဘယ်အချိန် စမလဲ … ငါတို့ ဒီမှာစောင့်နေတာ အတော်လေး ကြာနေပြီ…”

“ ပွဲစဖို့ ငါးမိနစ် လိုပါသေးတယ် ဧည့်သည်တော်တို့ … ကျေးဇူးပြုပြီး စိတ်ရှည်ရှည်ထားပေးကြဦးနော်…”

စင်အောက်ရှိ စိတ်အားထက်သန်နေသည့် လူများကို မြင်တော့ တင်ဆက်သူ အလှလေးက ပြုံးလျက် “ ဒါပေမယ့် အဲ့ဒါမတိုင်ခင် …. ကျွန်မတို့က ပွဲ အသေးစားလေး တစ်ခု ကျင်းပဖို့ စီစဉ်ထားပြီး လူတိုင်းလည်း ပါဝင်ဆင်နွှဲလို့ ရပါတယ်ရှင့် ….”

“ ဘာပွဲလဲ… ငါတို့ကို သိချင်အောင် လာဆွမနေနဲ့ … ပြော မြန်မြန်ပြော….”

လူတိုင်းက ပါဝင်ဆင်နွှဲရန်အတွက် စိတ်အားထက်သန်မှု အပြည့်ဖြင့် ဖြစ်နေကြ၏။ သို့သော် ၎င်းတို့၏ မျက်လုံးတို့ကတော့ တင်ဆက်သူ အလှလေး၏ ပေါင်းရင်းသို့ ရောက်လုရောက်ခင် ခွဲကြောင်းနေရာ၌သာ ကပ်ငြှိနေလျက် ရှိသည်။

“ လူတိုင်းကို ကားနဲ့ အနီးကပ် စူးစမ်းခွင့် ရစေဖို့ အတွက် ကျွန်မတို့ဘက်ကနေပြီး ချက်ချင်းပဲ ကံစပ်တဲ့ ပရိသတ် ဆယ်ယောက်ကို စင်ပေါ် ဖိတ်ခေါ်သွားပါမယ်.. ပြီးရင် ဒီရဲ့ကားနဲ့ အမှတ်တရ ဓာတ်ပုံရိုက်နိုင်ဦးမှာပါ…”

ထိုစကားလုံးများ ပြောပြီးသည်နှင့် လူအုပ်ကြီးအတွင်း လက်ခုပ်လက်ဝါးတီးသံတို့ မြိုင်ဆိုင်သွားခဲ့၏။

ထိုမျှ ရက်ရောသည့် အစီအစဉ်မျိုး ကျင်းပ‌ပေးလိမ့်မည်လို့ မည်သူကမျှ မျှော်လင့်မထားခဲ့ကြချေ။

သူတို့က မတတ်နိုင်ဘူးဆိုသော်လည်းပဲ စင်ပေါ်သို့ တက်၍ ကားကို အနီးကပ်ကြည့်ခွင့်ရပြီး ဓာတ်ပုံတချို့ ရိုက်ယူနိုင်မည်ဆိုပါက လာရတာ တန်သည့် ခရီးတစ်ခေါက်အဖြစ် မှတ်ယူ၍ရသည်။

“ ဒါဆို စကြစို့လေ… ငါတို့က ဘယ်လို နာမည်ပေးရမှာ …”

တင်ဆက်သူ အလှလေးမှ လက်ကို ဆန့်တန်း၍ သူမဘေးရှိ ကြော်ငြာဘုတ်ကို လက်ညှိုးထိုးပြလိုက်သည်။

“ လူတိုင်းပဲ … ကိုယ့်ရဲ့ ဖုန်းတွေထုတ်ပြီး ကျွန်မဘေးက QR ကုတ်ကို စကန်တစ်ချက် ပေးကြပါရှင့် … ပြီးရင် ကိုယ့်ရဲ့ နာမည်နဲ့ ဖုန်းနံပါတ်ကို ချန်ထားရစ်ပြီး ဝန်ထမ်းတွေက နာမည်ကို ကျပန်းရွေးချယ်သွားမှာပါ…”

အမည်စာရင်းပေးရမည့် နည်းလမ်းကို သိရှိပြီးနောက် ရောက်ရှိနေကြသည့် လူတိုင်း အမည်စာရင်းပေးရန်အတွက် ဟန်ပြင်ကြတော့၏။ လင်းရီလည်း ခြွင်းချက် မရှိပါချေ။ ရှောင်ထျန်လည်း ထို့အတူပင်။

“ မင်းကရော ဘာလို့ စာရင်းပေးတာ … ငါထင်နေတာ မင်း ဒီလို အရာမျိုးတွေ စိတ်မဝင်စားဘူးလားလို့ …”

“ နင့်ကို ဝင်လို့ရအောင် ကူညီပေးနိုင်မယ့် ဝီချက်အကောင့်နှစ်ခု ငါ့မှာ ရှိတယ်လေ.. အဲ့လိုဆို အနိုင်ရနိုင်မယ့် အခွင့်အရေးလည်း ပိုများသွားပြီ…”

လင်းရီ ပြုံးလိုက်၏။ ထင်မှတ်ထားသည့်အတိုင်း ဤသည်က ရှောင်ထျန်၏ ဂန္တဝင်တွင်မည့် လှုပ်ရှားမှုပင်။

သူမ ဂိမ်းကစားသည့် အခါတိုင်း ဖြတ်လမ်းနည်းကို ရှာဖွေရန် နှစ်သက်၏။ သို့သော် ဖြတ်လမ်းနည်းကို ရှာတွေ့လျှင်ပင် ဆိုးရွားသည့် ယှဉ်ပြိုင်သူ တစ်ယောက် ဖြစ်နေဆဲပါပင်။

ဆယ်မိနစ်ခန့် ကြာပြီးနောက် ကားအသစ်၏ ပိတ်ကားလှစ်ဟာခြင်း အခမ်းအနား စတင်ပြီး စာရင်းပေးသွင်းသည့် အချိန်ကာလသည်လည်း အဆုံးသတ်သို့ ရောက်ရှိလာခဲ့လေသည်။

မကြာမီ ဝန်ထမ်းတစ်ဦးမှ စင်ပေါ်သို့ တက်လာပြီး တင်ဆက်သူ အလှလေးထံ ကတ်လေးတစ်ကတ် ကမ်းပေး၏။

အလှလေးမှ ပြုံးလိုက်ပြီး “ အခု … ကံကောင်းတဲ့ ဧည့်သည်တော် ဆယ်ဦးရဲ့ အမည်စာရင်းက ကျွန်မလက်ထဲ ရောက်နေပါပြီရှင့် … ဒီရဲ့ ကံကောင်းတဲ့ လူကြီးမင်းတွေက ဘယ်သူတွေလဲဆိုတာ ကြည့်လိုက်ရအောင်လားနော်…”

“ ပထမ တစ်ယောက်ကတော့ နောက်ဆုံးပိတ် ဂဏန်းလေးလုံး 2833 နဲ့ လူကြီးမင်း လီကျစ်ပါရှင့် …. ဂုဏ်ယူပါတယ် လူကြီးမင်းရှင် …”

“ ဒုတိယ တစ်ယောက်ကတော့ နောက်ဆုံးပိတ် ဂဏန်းလေးလုံး 8514 နဲ့ လူကြီးမင်း မောင်ဟွိုက်ဟိုင်မောင်ပါရှင့် ….”

“ တတိယ တစ်ယောက်ကတော့ …… “

“ ဒသမမြောက်ကတော့ အမျိုးသမီးပါရှင့် .. နောက်ဆုံးပိတ် ဂဏန်းလေးလုံး 2233 နဲ့ ကျန်းချိန်ရှီးပါ….”

မကြာမီ လူဆယ်ဦးလုံးအား ရွေးချယ်၍ ပြီးသွားခဲ့၏။ ကံဆိုးစွာဖြင့် လင်းရီနှင့် ရှောင်ထျန်တို့၏ နံမည်မှာ မပါလာခဲ့ချေ။

“ ချီးလိုပဲ … ငါ့ကံက အဲ့လောက်တောင် ဆိုးရလားဟာ…” ရှောင်ထျန် စောဒကတက်လိုက်သည်။

“ ငါတို့ အကောင်းသုံးကောင့်နဲ့ စာရင်းပေးတာတေင် တစ်ယောက်မှ ပါမလာဘူးဆိုတော့ ငါတို့ကံကိုက တအားဆိုးရွားနေလို့ ဖြစ်မယ်…”

“ သာမန်ပါပဲ… စာရင်းပေးတဲ့လူတွေ ဒီလောက်များသာ အရွေးခံရနိုင်ချေကလည်း နည်းတာ ပုံမှန်ပဲလေ…”

“ ဒါပေမယ့် နင် စင်ပေါ်တက်နိုင်မယ့် အခွင့်အရေးမှ မရှိတော့တာ …”

“ အသေးအမွှားလေးကို … ပိုက်ဆံနဲ့ ဖြေရှင်းနိုင်တဲ့ ပြဿနာက ငါ့အတွက် ပြဿနာ မဟုတ်ဘူး …”

ပြောပြီးနောက် လင်းရီသည် ဘေးဘီဝဲယာသို့ လှည့်ပတ်ကြည့်၍ နောက်ဆုံး ရွေးချယ်ခံလိုက်ရသည့် မိန်းကလေးအား မြင်တွေ့လိုက်ရသည်။

“ အလှလေး …” လင်းရီ ဖော်ရွေသည့် အပြုံးလေးဖြင့် စကားစ နှုတ်ဆက်လိုက်၏။

ကျန်းချိန်ရှီးဆိုသည့် အမျိုးသမီးက ငယ်ရွယ်ပြီး ရှောင်ထျန်နှင့် အသက်ချင်း အတူတူလောက်ပင်။ လင်းရီက သူမကို ဖော်ရွေချိုသာသည့် အပြုံးလေးဖြင့် လာနှုတ်ဆက်သည်ကို မြင်တော့ ရင်ထဲ တဒိတ်ဒိတ် ဖြစ်သွားခဲ့လေသည်။

ဒီအစ်ကိုလေးက သိပ်ချောတာပဲ …

‘ သူ ငါ့ကို စကားပြောချင်နေတာလား …’

ဤမျှ ချောမောခန့်ညားသည့် ကောင်လေး တစ်ဦးက သူမထံ အရင်ဦးစွာ စကားစပြောလာလိမ့်မည်လို့ ကျန်းချိန်ရှီး အိပ်မက်ပင် မမက်ခဲ့ဖူးချေ။

၎င်းကြောင့်ပဲ ချက်ချင်းဆိုသလို အပိုင်း ရာချီလောက်ပါသည့် ရိုမန့်ဒရာမာ အပိုင်းတစ်ရာခန့်လောက်ကို စိတ်ကူးယဉ်ပြီးဖြစ်၏။

သို့ပေမယ့် သူမက လက်ထပ်မှတ်ပုံ တင်ထားပြီး ဖြစ်နေသည်။

တကယ်လို့ ခုနေ စေ့စပ်ပွဲကို ဖျက်လိုက်ရင်ကော မှီပါဦးမလား… အိုက်ယား ငါ ဒီအစ်ကိုလေးနဲ့ တကယ်ကြီး အတူတူရှိချင်လိုက်တာ …

“ ငါ မေးချင်တာ မင်းရဲ့ နေရာကို ငါ့ဆီ ရောင်းပေးနိုင်မလားလို့ပါ…” လင်းရီ ပြောလိုက်ပြီး “ ငါ ယွမ်ငါးရာ ပေးပါ့မယ်…”

စင်ပေါ်တက်ခွင့် နေရာကို တစ်စုံတစ်ယောက်က ဝယ်ချင်နေသည်ကို မြင်တော့ ရှိနေကြသည့် လူတိုင်း အံ့အားသင့်သွားခဲ့ကြသည်။ ဆုကို ယခုလို ဝယ်ရောင်း လုပ်၍ ရမှန်း မည်သူမျှ မျှော်လင့်မထားခဲ့ချေ။

“ ဒါပေမယ့်. . . . . .”

“ နေဦး …”

ကျန်းချိန်ရှီး စကားမဆုံးနိုင်သေးခင်မှာပဲ တုံးဟန့်ယွီ ကြားဖြတ်ပြောလာသည်။

“ ငါ တစ်ထောင်ပေးမယ်… ငါ့ကို ရောင်း …”

တစ်ထောင် ……

လူတိုင်း အာမေဋိတ်အသံဖြင့် မြည်တမ်းမိသွားကြပြန်သည်။ ဤသည်က အနီးကပ် ဓာတ်ပုံရိုက်နိုင်သည့် အခွင့်အရေးလေး တစ်ရပ်သာ ဖြစ်သည်။ ဤမျှ အပြင်းအထန် တိုက်ခိုက်ရန် လိုအပ်၏လော။

လင်းရီ တုံးဟန့်ယွီအား တည်ငြိမ်စွာ တစ်ချက်ကြည့်၍ “ ငါ ၂,၀၀၀ ပေးမယ်…”

တုံးဟန့်ယွီ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ လင်းရီက သူနှင့် လာယှဉ်ပြိုင်နေလိမ့်မည်လို့ မျှော်လင့်မထားခဲ့ပါချေ။

“ ညီကို … မင်း ဒါ တမင်လုပ်နေတာလား …” တုံးဟန့်ယွီ ပြောလိုက်ပြီး “ မင်းလည်း ဒီကားကို မဝယ်နိုင်မယ့်အတူတူ စင်ပေါ်တက်ပြီး ကားနဲ့ ဓာတ်ပုံရိုက်နိုင်တာက မင်းကို ချမ်းသာသွားစေမှာ မဟုတ်ဘူး … နောက်ဆုံးကျရင် ဒီကားက ငါ့အပိုင် ဖြစ်လာမှာ… မင်း ပိုက်ဆံတွေကို အလကား ဖြုန်းတီးမနေနဲ့ … ခုခေတ်မှာ ပိုက်ဆံရှာရတာ လွယ်တာ မဟုတ်ဘူး … ငါဝယ်ပြီးရင် မင်းကို အနီးကပ် ပေးကြည့်မယ်…”

တုံးဟန့်ယွီထံတွင် ကိုယ်က သူတကာထက် သာလွန်သည်ဟူသော စိတ်ဓာတ်က အရိုးစွဲနေပြီး လင်းရီကို ပေါ့တန်တန် သဘောထားကာ အဖတ်မတန်သလို ဆက်ဆံသည်။

သူနှင့် လိုက်ပါလာသည့် မိန်းကလေး အဖော်သည်လည်း ထိုနည်းလည်းကောင်းပင်။ ဒေါင်းမြီးဖြန့်သကဲ့သို့ ရင်ကို တင်းထွက်နေအောင် ကော့လန်ထားသည်။

လင်းရီကတော့ ဤသို့သော အမူအရာမျိုးကို ကြုံရဖန်များသဖြင့် ရိုးအီနေလေပြီ။ သို့သော် ရှောင်ထျန်မူကား သည်းခံနိုင်ခြင်း မရှိချေ။

သူမ ရည်ရွယ်ချက် ရှိရှိ တင်းထွက်နေအောင် ပြုမနေဘဲ သာမန်လျှံကာ ကုတ်အင်္ကျီကို အနည်ငယ် မ,တင်လိုက်ကာ အထင်ကြီးလောက်စရာ ပုံရိပ်အား လှစ်ဟာပြလိုက်၏။

ရှောင်ထျန်၏ ဧရာမ ဆိုဒ်ကြိးကိုမြင်တော့ တုံးဟန့်ယွီ၏ အမျိုးသမီး အဖော်မှာ ချက်ချင်း အဖိနှိပ်ခံလိုက်ရတော့သည်။

သူမကိုယ်သူမ မှောင်မိုက်နေသည့် ဟိုင်းဝေးလမ်းတွင် မီးဖွင့်လိုက်ပြီး အော်ဒီတစ်စင်းကြောင့် မျက်စိကျိန်းစပ်သွားခဲ့ရ၏။

ရွာနီးနားရှိ လင်းကြက်တို့သည်ပင် နေထွက်ပြီ အမှတ်နှင့် တွန်သံ ပြုနေကြတော့၏။

တုံးဟန့်ယွီလည်း အနည်းငယ် မနာလို ဖြစ်မိသွားခဲ့သည်။ ဤမျှ ကောင်းမွန်သည့် ကိုယ်လုံးကိုယ်ပေါက်နှင့် အမျိုးသမီးသာ သူနှင့် အတူ ရှိနိုင်မည် ဆိုပါက သုံးလေးလခန့် ပျော်ပျော်ကြီး ပျော်ပါးနိုင်ပေသည်။

“ ညီကို … မင်းသူ့ကို စိန်ခေါ်နေတာ ရပ်လိုက်ပါတော့ကွာ … သူက တကယ်ကြီး ကားဝယ်မယ့်သူဟ … ဓာတ်ပုံလေး တစ်ပုံ ရိုက်ဖို့အတွက်နဲ့ ဘာလို့ ပိုက်ဆံပေးနေမှာ … မင်းမှာ ချမ်းသာတဲ့ ဒုတိယမျိုးဆက်နဲ့ ပြိုင်နိုင်တဲ့ ကြွယ်ဝမှုမျိုး မင်းမှာ ရှိလို့လား …”

“ ဟုတ်တယ်… မင်းကောင်မလေးက ဘေးမှာ ရှိနေတယ်ဆိုရင်တောင် ဒီလောက်ထိ အလေးအနက် ထားနေစရာ မလိုပါဘူး … ပိုက်ဆံနဲ့ဆို မင်းလုပ်ချင်တာ လုပ်လို့ ရတယ်… ချမ်းသာတဲ့ သူဌေးလေးရဲ့ ပိုက်ဆံနဲ့ ဖိသတ်သာ မခံရအောင်လည်း သတိထားဦးနော်…”

အထင်သေးသည့် အသံတို့က နေရာဘက်ပေါင်းစုံကနေ ပျံ့လွင့်လာခဲ့သည်။ လင်းရီကတော့ ပြုံးရုံမျှသာ ပြုံးပြလိုက်၏။

“ ငါ ကားမဝယ်ပါဘူးလို့ ဘယ်သူပြောလဲ…”

All Chapters