ဘဝက အိုင်ဗိုရီ တာဝါ မဟုတ်ဘူး
Vol. 106 Ch. 1586
တစ်ချိန်တည်းတွင် ကျန်းထျန်ရှုသည် ဝံ့ကြွားနေသည့် ဟန်အမူအရာဖြင့် စပီကာအား ဖွင့်လိုက်၏။
HR ဌာန၏ ဒါရိုက်တာ ဘာကြောင့် ဖုန်းဆက်လာရသလဲဆိုတာကို သူမ ကောင်းကောင်းကြီးသိသည်။ ပုံမှန် ဆိုပါက သူမတို့နှစ်ဦးကြားတွင် ဆက်သွယ်ထိတွေ့ခြင်းက သိပ်မရှိလှပေ။ ထို့ကြောင့် ရာထူးတိုးသည့် ကိစ္စ အသိပေးရန်အတွက် ဖြစ်လောက်၏။
ဖုန်းဝင်လာသည့်အချိန်ကလည်း အချိန်ကိုက် ဖြစ်လို့နေသည်။
“ ဒါရိုက်တာကျန်း … ကျွန်မကို ခေါ်တာ ဘာကိစ္စရှိလို့လဲ…” ကျန်းထျန်ရှု အပြုံးလေးဖြင့် ပြောလိုက်၏။
“ စစချင်းတုန်းကတော့ မနက်ဖြန် ကျောင်းကိစ္စတွေ အတွက် ထရိန်နင် ပေးမှာကို တက်ရမယ့်လူက မင်းပဲ … ဒါပေမယ့် အခြေအနေက နည်းနည်းလေး ပြောင်းသွားခဲ့တယ်… မင်း မနက်ဖြန် လာစရာ မလိုတော့ဘူး … အခု ဖုန်းဆက်လိုက်တာက မင်း မနက်ဖြန် ပြင်ဆင်ထားရင် အလဟဿ ဖြစ်မှာစိုးလို့ပဲ…”
“ လာစရာ မလိုတော့ဘူး ဟုတ်လား …”
ကျန်းထျန်ရှု ရှော့ခ်ရသွားခဲ့ပြီး သူမ၏ အမူအရာသည်လည်း အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
ဤသည်က သူမ ရာထူးတိုးမှု မပြုမီ လုပ်ကို လုပ်ရမည့် လုပ်ငန်းစဉ် တစ်ခု ဖြစ်လေသည်။
တစ်နည်းဆိုရပါက ရာထူးတိုးခံရမည့် မည်သူမဆို ထရိန်နင်ဆင်း၍ ဤလုပ်ငန်းစဉ်အား ဖြတ်ကျော်ရ၏။
သို့သော် ယခုမူကား …. သူမ သွားစရာ မလိုတော့ချေ။
ဤသည်က မည်သို့ အဓိပ္ပာယ်ရပါသနည်း။
“ ဒါရိုက်တာကျန်း ဘာတွေဖြစ်နေတာလဲ… ကျွန်မတို့ သဘောတူထားပြီးသား မဟုတ်ဘူးလား … ဘာလို့ စိတ်ပြောင်းလိုက်တာ ….”
“ အဲ့တာက…….”
HR ဌာန၏ ဒါရိုက်တာသည် စက္ကန့်အနည်းငယ်မျှ ကြာအောင် တုံ့ဆိုင်းသွားခဲ့ပြီး “ အဲ့အကြောင်း မမေးနဲ့ … လိုရင်းတိုရှင်းပဲ ပြောမယ်… မင်း မနက်ဖြန် လာစရာ မလိုဘူး …”
“ ဒါရိုက်တာကျန်း … ကျွန်မ ထရိန်နင်မှာ မပါရလဲ အဆင်ပြေတယ်… ဒါပေမယ့် အနည်းဆုံး ဘာတွေ ဖြစ်နေလဲဆိုတာကိုတော့ ကျွန်မကို ရှင်းပြပေးသင့်တယ်လေ…” ကျန်းထျန်ရှု မလိုလားစွာ ပြောလိုက်၏။
နောင်အနာဂတ်တွင် ရှောင်ထျန်အား နှိပ်ကွပ်နိုင်ရန်အတွက် ဤရာထူးအပေါ် မှီခိုရမည်ဖြစ်သည်။ အကယ်၍ သူမကသာ ရွေးချယ်ခြင်း မခံရဘူးဆိုပါက သူမတွင် မည်သည့် အားသာချက်မျှ ရှိတော့မည် မဟုတ်ချေ။
“ ကောင်းပြီ…. ဒါပေမယ့် မင်း ဒီအကြောင်း ဘယ်သူ့မှတော့ သွားမပြောပြနဲ့နော်…” ဒါရိုက်တာကျန်းက ပြောလာပြီး “ ခုလေးတင်ပဲ ကျောင်းအုပ် ငါ့ဆီ ဖုန်းခေါ်လာပြီး ကျောင်းကော်မတီက ဒါရိုက်တာထျန်ကို ကိုယ်တိုင်ကိုယ်ကျ အဆိုပြုလာတယ်… ငါ တခြား ထပ်မပြောတော့ဘူး … မင်း ဒီလောက်ဆို နားလည်ပြီမလား … ဘာပဲဖြစ်ဖြစ် မင်း မနက်ဖြန် လာသာ မလာခဲ့နဲ့ …… မင်းရဲ့ အချိန်တွေ ဖြုန်းစရာ မလိုဘူး … ငါတခြား လုပ်စရာလေးတွေ ရှိလို့ ဖုန်းအရင် ချလိုက်တော့မယ်….”
ပြီးနောက် ဖုန်းကျသွားခဲ့၏။ ကျန်းထျန်ရှု၏ မျက်လုံးတို့ ပြူးကျယ်နေပြီး ပါးစပ်မှာလည်း ပွင့်အာလို့နေသည်။ သူမ အထိတ်အထိတ် အလန့်လန့် ဖြစ်နေမိ၏။
ရှောင်ထျန်လည်း အနည်းငယ် အံ့အားသင့်သွားခဲ့လေသည်။ ကျောင်းအုပ်ကျောက်က ဒီကိစ္စကို မိနစ်ပိုင်းအတွင်း ဖြေရှင်းပေးရလောက်အောင် လင်းရီက ဘာတွေများ သွားပြောလိုက်လို့ပါလိမ့်….။
“ နင် ငါ့ရာထူးကို လုဖို့ ဘယ်လို ရွံဖို့ ကောင်းတဲ့ နည်းလမ်းတွေ သုံးလိုက်တာလဲ ပြောစမ်း …”
ကျန်းထျန်ရှု ကယောင်ချောက်ချား ဖြစ်စွာဖြင့် ပြောလိုက်ပြီး သူမ၏ သွင်ပြင်က တစ်စုံတစ်ယောက်ကို အစိမ်းလတ်လတ် ဝါးစားချင်နေသည့်ပုံပေါ်သည်။
“ ဒါက ငါနဲ့ ဘာမှမဆိုင်ဘူး … ကျောင်းအုပ်ကျောက် နင့်ကို နေရာကနေ ဖယ်ထုတ်လိုက်တာလေ… နင် မကျေနပ်ဘူးဆို သူ့ကို သွားမေးပေါ့…. “ ရှောင်ထျန် လုံးဝ မကြောက်ရွံ့ချေ။ “ ဒါပေမယ့် နင့်ကိုယ်နင် အကြောင်းပြချက် ရှာဖို့လည်း အရင်ဆုံး အကြံပေးချင်တယ်….”
“ နင် ပေါက်တတ်ကရတွေ ပြောနေတာပဲ … ဒီရာထူးက ငါ့အပိုင်ဖြစ်နေပြီးသား … နင် ရွံဖို့ ကောင်းတဲ့ နည်းလမ်းတွေ သုံးခဲ့တာပဲ ဖြစ်ရမယ်….”
“ ကဲပါ… ရှုရှု … သူတို့နဲ့ စိတ်အနှောင့်အယှက် ဖြစ်နေစရာ မလိုပါဘူး …” ကျိုးကျစ်ချန် ပြောလိုက်ပြီး “ ကျောင်းမှာ တခြား ရာထူးနေရာတွေ အများကြီး ရှိပါသေးတယ်… ကိုယ်မင်းကို အဲ့တာတွေ ရအောင် လုပ်ပေးမယ်… ဒါလေးကို ဂရုစိုက်မနေနဲ့ …”
ပြောပြီးနောက် ကျိုးကျစ်ချန်သည် လင်းရီနှင့် ရှောင်ထျန်ကို ကြည့်၍ “ ငါတို့ကြားမှာ အခု ရန်ငြိုးရန်စ ရှိသွားပြီ… ဘာဖြစ်မလဲ ဆက်စောင့်ကြည့်ကြတာပေါ့….”
“ မင်းက ဘာတွေ ဆက်စောင့်ကြည့်ချင်နေတာ…” လင်းရီ ပြုံးလိုက်ပြီး “ မင်းရဲ့ ကောင်မလေးလည်း ကျောင်းမှာ ကြာကြာနေနိုင်မှာ မဟုတ်ဘူး … မင်း သိတတ်ရင် သူ့ဖို့ အလုပ်အသစ်သာ အမြန်ရှာပေးလိုက်….”
“ မင်း ဘာပြောချင်တာလဲ….”
“ ငါ ဘယ်သူလဲဆိုတာတောင် မသိဘဲနဲ့ ငါ့ရှေ့မှာ လာပြီး မောက်မာပြနေတယ်ပေါ့ … မင်းတို့ကောင်တွေ မျက်နှာဖြတ်ရိုက်ခံရဖို့ တန်ပါတယ်….”
ရှောင်ထျန် ဂုဏ်ယူစွာဖြင့် ခေါင်းကို မော့လိုက်၏။ သူမ အတော်လေး ပျော်ရွှင်နေသည်။
“ သူ့နာမည်က လင်းရီ … သူက ငါတို့ ကျိုးဟိုင် ပင်းချန် တက္ကသိုလ်ရဲ့ ဒုကျောင်းအုပ်ကြီးပဲ….” ရှောင်ထျန် ပြောလိုက်ပြီး “ နင့်ကိုယ်နင်သာ အလုပ်အပေါ် ပိုပြီး လေးလေးနက်နက် ရှိမယ်ဆိုရင် ကျောင်းက တခြား အဖွဲ့ဝင်တွေကို သိနေသင့်တယ်… အဲ့တာဆို နင်လည်း သူ့ရှေ့မှာ မောက်မာမိမှာ မဟုတ်ဘူး …”
“ ဒု…. ဒုကျောင်းအုပ်…..”
နှစ်ဦးသားလုံး ကြက်သေသေသွားခဲ့ကြ၏။
သူတို့၏ စိတ်ထဲတွင် မေးခွန်း သင်္ကေတတို့ဖြင့် ပြည့်နှက်သွားခဲ့လေသည်။ ဒီလောက် အသက်ငယ်ငယ်လေးနဲ့ ဘယ်သူက ကျောင်းအုပ် ဖြစ်လာနိုင်မှာလဲ….
ကျန်းထျန်ရှု အလျင်အမြန် ဖုန်းထုတ်၍ ကျောင်း၏ ဖွဲ့စည်းတည်ဆောက်ပုံ နေရာအား သွားရောက် ကြည့်ရှုလိုက်သည်။
ရုတ်တရက်ဆိုသလို သူမရှေ့ရှိ ဤလူက ပင်းချန် တက္ကသိုလ်၏ ဒုကျောင်းအုပ် ဖြစ်နေသည်ကို အမှန်ပင် မြင်တွေ့လိုက်ရလေသည်။
“ နှစ်ယောက်လုံး မြင်ပြီမလား … ငါ ကျန်တာ မပြောတော့ဘူး … ကျောင်းထဲ ဘယ်လောက်ကြာကြာ နေနိုင်ဦးမလဲ ဆိုတာ သေချာလေး စဉ်းစား ..”
ဘိ ဘိ ဘိ …
လင်းရီ ကားသော့ကို နှိပ်လိုက်ပြီး La Voiture Noire ၏ ကားတံခါးတို့ အလိုအလျောက် ပွင့်ဟလာခဲ့၏။
ကျိုးကျစ်ချန်နှင့် ကျန်းထျန်ရှုတို့၏ မျက်လုံးများ မျက်လုံးအိမ်ထဲက ပြုတ်ကျထွက်လုနီးပါးပင်။
“ မင်း … မင်း ဒီလောက် ကားအကောင်းစားကြီး မောင်းတယ်….”
“ မောင်းလို့ မရဘူးလား… ဟိုလို ဈေးကြီးနေတာမျိုးလည်း မဟုတ်ပါဘူး … ဒီတိုင်း ယွမ် သန်း ၁၂၀ကျော်လောက်ပဲ … မင်းတို့လည်း တစ်နေ့ ဒီလိုကားမျိုး ဝယ်နိုင်ပါစေနော်…”
ရှောင်ထျန် ဘဝလေဟပ်စွာဖြင့် ကားထဲသို့ ဝင်လိုက်ပြီး အရှက်ကွဲနေသည့် စုံတွဲကို နောက်တွင် ချန်ထားရစ်ခဲ့လေသည်။
“ သောက်ပဲ … ဘယ်လောက်တောင် ရင်ဖိုစရာ ကောင်းတဲ့ နေ့တစ်နေ့လဲ…”
ရှောင်ထျန် ပျော်ရွှင်မြူးတူးစွာ ကနေပြီး “ ငါနောက်ဆုံးတော့ အဲ့ကောင်မကို အနိုင်ပိုင်းလိုက်နိုင်ပြီ…”
“ အဲ့မိန်းမရဲ့ မာနလည်း တော်တော်လေး ဖောင်းနေလောက်ပြီ..”
“ ဖောင်းတာမှ ပေါက်ကွဲလုမတတ်ကို ဖောင်းသွားမှာ…” ရှောင်ထျန် ဆံပင်ကို ဖြီးသပ်၍ ပြောလိုက်ပြီး “ နင်သာ ဒီနေ့ လိုက်မလာခဲ့ရင် ငါ သူ့ကို ဘာမှ လုပ်နိုင်မှာတောင် မဟုတ်ဘူး …”
“ ဘယ်တတ်နိုင်မှာ … လူ့အဖွဲ့အစည်းကြီးက အိုင်ဗီုရီ တာဝါမှ မဟုတ်ဘဲလေ… ကိုယ်ထင်တဲ့အတိုင်း ဖြစ်မလာတဲ့ အရာတွေက အများကြီးပဲ…”
“ အမှန်ပဲ… တကယ်လို့ အရာရာကသာ သာမန်ရိုးကျ ဖြစ်စဉ်အတိုင်း ရှေ့ဆက်နေမယ်ဆိုရင် ငါလည်း ရာထူးတိုးခံရပြီးတာ ကြာပေါ့ … ကျောင်းကော်မတီမှာ တစ်နှစ်ခွဲလောက် ရုန်းကန်နေစရာတောင် မလိုဘူး …” ရှောင်ထျန် ပြောလိုက်သည်။ “ ဒါပေမယ့် ဒီနေ့အတွက်တော့ ငါနင့်ကို ကျေးဇူးတင်ရမယ်… ဒါကြောင့်မို့ ဒီနေ့ကစပြီး နင်ငါ့ကို ဆူငေါက်လည်း ငါ ဘာမှ ပြန်ခံမပြောတော့ဘူး …”
“ ဪ.... မင်းမှာ ပြန်ပြောစရာ အကြောင်းအရင်းကလည်း ရှိတယ်ဆိုတော့ … မင်းကို တွဲဆော့ပေးနေတာ နှစ်နှစ်ကျော်တော့မယ်… ဝက်တောင် ဘုရင်အဆင့် ရောက်နိုင်သေးတယ်… မင်းကတော့ မရောက်နိုင်ရုံတင် မကဘူး ငါ့ရဲ့ ဘုရင် အဆင့်အကောင့်ကိုတောင် မာစတာ အဆင့်အထိ ဆွဲချသွားတယ်… မင်းပြောကြည့်… မင်းမှာ ငါ့ကို ပြန်ပြောစရာ ဘာအကြောင်း ရှိလို့ …”
“ အာ…….” ရှောင်ထျန် ကိုးရို့ကားယား ဖြစ်စွာ ပြုံးလိုက်ပြီး “ ငါလည်း ကြိုးစားနေတာပဲလေ… ဒါပေမယ့် ပါရမီမှ မပါတာ….”
လင်းရီ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါရမ်းမိလိုက်သည်။ ရှောင်ထန်၏ လူသစ်စကေးနှင့် ရွှတ်နောက်နောက် အမူအကျင့်တို့က ပြောင်းလဲဖို့ မဖြစ်နိုင်သလောက်ပင်။
ထို့နောက် လင်းရီသည် ရှောင်ထျန်အား ကျောင်းသို့ ပြန်လိုက်ပို့ပေးလိုက်၏။ သူမ၏ ကားက ထိုနေရာ၌ ရှိနေလေသည်။
သူမကို လိုက်ပို့ပေးပြီးသည့်နောက် ချောင်ရန်အုပ်စုသို့ ထွက်လာ၍ ကျီချင်းရန်အား အလုပ်မှ ကြိုပေးလိုက်သည်။
မနေ့ကကဲ့သို့ သူမသည် စာရွက်စာတမ်း အထပ်လိုက်ကြီးဖြင့် ပြန်လာပြီး ဆံပင်မှာလည်း ရှုပ်ပွနေကာ စည်းဖို့ အချိန်ပင် ရှိမနေချေ။
အိမ်သို့ ပြန်လာပြီးနောက် ကျီချင်းရန်သည် စာကြည့်ခန်းထဲသို့ ပြန်ဝင်သွားပြီး ချက်ရေး ပြုတ်ရေးကိုတော့ လင်းရီနှင့် ပစ်ထားခဲ့၏။
စားသောက်နေစဉ် လင်းရီထံသို့ ဖုန်းကောတစ်ခု ဝင်လာခဲ့သည်။ ကားအရောင်းပြပွဲ မန်နေဂျာထံကပင်။
“ လူကြီးမင်းလင်း … ကျွန်တော်တို့ ကားကို လူကြီးမင်းဆီ အခု ပို့ပေးတော့မလို့ပါ… ကျိုးဟိုင် နိုင်ငံတကာ ကားပြိုင်ပွဲကွင်းကို နှစ်နာရီအတွင်း ပို့ပေးသွားမှာပါခင်ဗျ… လူကြီးမင်း လက်ခံလို့ အဆင်ပြေမလားမသိဘူး …”
“ အဆင်ပြေတယ်… ပို့သာပို့လိုက်…”
“ ဟုတ်ကဲ့ပါ… ကျွန်တော်တို့ သယ်ယူပို့ဆောင်ရေးကို အခု စီစဉ်ပြီး မြန်နိုင်သမျှ မြန်မြန်ရောက်အောင် ပို့ပေးပါ့မယ်….”
သယ်ယူပို့ဆောင်ရေး ကိစ္စ ဆွေးနွေးပြီးနောက် လင်းရီ ဖုန်းကို စားပွဲဘေးသို့ ပြန်ချထားလိုက်သည်။
“ နင် တစ်ခုခု ဝယ်ခဲ့တာလား …” ကျီချင်းရန် သာမန်လေသံဖြင့် မေးလိုက်ပြီး “ ကားလား ….”
“ အင်း … မင်း ဘယ်လိုသိတာ….”
လင်းရီ သူမအား အစုန်အဆန် ကြည့်လိုက်၏။ စိတ်ဝင်စားဖို့ကောင်းတာ တစ်စုံတစ်ခုတော့ ဖြစ်ပျက်နေသည့်ဟန်ပင်။
“ ဒီရက်ပိုင်း ကုမ္ပဏီမှာ လူတွေ ကားပြပွဲအကြောင်း ဆွေးနွေးသံတွေ ကြားမိလို့လေ… နင်သွားချင်လားလို့ မေးမလို့ကို အလုပ်တွေ အရမ်းရှုပ်နေတာနဲ့ မေ့သွားတယ်…”
“ ဥက္ကဌကျီက ဂရုတစိုက် သိပ်ရှိတာပဲ….”
အနည်းငယ် ဘဝင်လေဟပ်သွားရင်း ကျီချင်းရန် ဆက်ပြော၏။ “ ကားကို ပို့လာပြီဆိုတော့ နင် သွားမောင်းဦးမှာလား …”
“ အရင်ဆုံး လေ့ကျင့်ပြီး နေသားကျအောင် လုပ်ရမှာပေါ့….”
“ မောင်းရင် ဂရုစိုက်ဦး …”
“ အင်း….”
ညစာစား ပြီးသည့်နောက် လင်းရီသည် သွားကဲရန် အလျင်လိုနေမှန်း သိသောကြောင့် ကျီချင်းရန် သူ့အား မောင်းထုတ်လိုက်ပြီး ပန်းကန်ခွက်ယောက်တို့အား သူမဘာ သူမ ဆေးကြောလိုက်သည်။
……………
အက်စတွန် မာတင် တစ်စီးသည် ကျိုးဟိုင် နိုင်ငံတကာ ကားပြိုင်ပွဲကွင်း၏ ဝင်ပေါက်ဝ၌ ရပ်တန့်ထား၏။
သို့သော် ၎င်းက အထဲသို့ မောင်းဝင်မသွားခဲ့ချေ။ တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းနေသည့်နှယ် ဝင်ပေါက်ဝ တစ်နေရာ၌ ရပ်တန့်ထားလေသည်။
ဆယ်မိနစ်ခန့် ကြာပြီးနောက် BMW 7 စီးရီး တစ်စင်းက အက်စတွန် မာတင်၏ ဘေးတွင် ရပ်တန့်လာခဲ့၏။
အမျိုးသားတစ်ယောက်နှင့် အမျိုးသမီး တစ်ယောက်တို့ ကားပေါ်က ဆင်းလာသည်။
ဤလူနှစ်ယောက်ကတော့ တုံးဟန့်ယွီနှင့် သူ၏ အမျိုးသမီး အဖော်တို့ပင်။
“ ဟင် … ဘာတွေ ဖြစ်နေတာလဲ… မင်းပြောတော့ မင်းပဲ ဗီနိနို ဝယ်မယ်ဆို … ဘာလို့ ဒီကား အစုတ်အပြတ်ကြီး မောင်းလာခဲ့တာတုန်းဟ….”