ငါ အရင် ဝယ်မယ်
Vol. 106 Ch. 1590
“ ခပ်တည်တည် ပြောစမ်း … မင်းရဲ့ အခု ပုံစံကြီးက ငါ့ အခန်းဖော်သူငယ်ချင်းရဲ့ ပုံစံကို ပြန်အမှတ်ရစေတယ်…”
“ ဝတ်စုံအသစ်နဲ့ဆိုတော့ ပိုပြီး ငယ်သွားတဲ့ပုံစံ ပေါက်သွားလို့လား …”
“ မဟုတ်ဘူး… ငါ့ သူငယ်ချင်း အက်ရှင် ဇာတ်ကြမ်းကားတွေ ကြည့်တော့လည်း ဒီလိုမျိုး စိတ်လှုပ်ရှားတဲ့ မျက်နှာအမူအရာနဲ့ … ဘယ်ဘက်လက်က နှစ်ဆ အမြန်နှုန်းတင်ပြီး ညာဘက်လက်က အပေါ်အောက် ရွေ့လျားနေတာ … ပြီးရင် သူ့ကိုယ်သူ နတ်ပြည်ရောက်နေတဲ့ ပုံစံနဲ့ …”
“ အမှန်ပဲ… ကြည့်ရတာ ကျုပ်တို့တွေက စိတ်တူကိုယ်တူတွေ ဖြစ်ကြတယ်ထင်တယ်…”
“ ကောင်းပြီ… လိုရင်းကိုပြော … မင်း အခု လုပ်နေတာကြီးက ပုန်ကန်အစိုးရ မင်းဆက်ဖြုတ်ချနိုင်တော့မယ့် ပုံစံကြီးနဲ့ … “ လင်းရီ သူ့အား ဖြတ်ပြောလိုက်၏။
“ ပြော … ဘာကိစ္စလဲ…”
“ ကျုပ် ပါတီကို ဆယ်လီတော်တော်များများ ဖိတ်ထားပြီး သူတို့အားလုံးလည်း ဟိုတယ်ထဲ ရောက်နေကြပြီ… ဒါပေမယ့် ဆယ်လီ အမျိုးသမီးတွေရဲ့ မန်နေဂျာတွေက ကျွန်တော့်ဆီ ရောက်လာခဲ့ကြတယ် … ဘာဖြစ်မယ်ထင်လဲ ဘော့စ်မှန်းကြည့်ကြည့် …”
“ ငါ မသိဘူး …”
“ သူတို့ ပုံစံကြည့်ရတာ ရည်ရွယ်ချက် တစ်ချို့ ရှိနေတဲ့ပုံပဲ … သူတို့တွေ ဥက္ကဌလင်းအကြောင်း ကျုပ်ဆီကနေ မသိမသာနဲ့ စကားလာနှိုက်နေကြတယ်… ကျုပ်ရဲ့ အတွေ့အကြုံတွေအတိုင်းဆိုရင် အဲ့ဒီ အမျိုးသမီး ဆယ်လီတွေ အကုန်လုံးက ဥက္ကဌလင်းနဲ့ ရင်းနှီးချင်နေတဲ့ပုံပဲ ဟီးဟီးဟီး …..”
ထိုနေရာရောက်တော့ ဝမ်ထျန်းလုံမှာ ဖြတ်ရိုက်ချင်စရာ အမူအရာဖြင့် ရယ်မောပြနေတော့၏။
“ ဘယ်လိုလဲ ဘော့စ်… ဘော့စ်လည်း ကျွန်တော် စဉ်းစားသလို စဉ်းစားနေတာပဲမလား … ကျွန်တော် အားလုံးကို အခန်းတစ်ခန်းတည်း ထည့်ထားပေးရမလား …”
“ ဒီနေ့ပွဲက လင်းယွင်အုပ်စုနဲ့ ချောင်ရန်အုပ်စုရဲ့ ကုမ္ပဏီနှစ်ခု နှစ်ပတ်လည် တွေ့ဆုံပွဲဆိုတာ မင်းသိတယ်… ငါ့ကောင်မလေးကလည်း ဒီနေ့ ဒီကိုလာမှာ… မင်း ငါ့ကို ဒါမျိုး လုပ်ပေးချင်တာ သေချာလား…”
ဝမ်ထျန်းလုံသည် သိနေပါတယ်ဟူသော အမူအရာမျိုးဖြင့် လင်းရီအား ကြည့်လာခဲ့၏။
“ ဘော့စ်ကလည်း စကားပုံတွေအတိုင်းပဲလေ… အိမ်မှာ အလံနီ လွင့်တဲ့အချိန် အပြင်မှာ တခြား အရောင်စုံတဲ့ အလံတွေ လွင့်နေလိမ့်မယ်… အောင်မြင်နေတဲ့ လူတစ်ယောက်အနေနဲ့ အခွင့်အရေး ရှိတဲ့အခါတိုင်း အမိအရ ဖမ်းဆုပ်မှပေါ့ … တကယ်လို့ အခွင့်အရေး မရှိဘူးဆိုလည်း ကိုယ်က ဖန်တီးပြီး မဖြစ်မနေ ဆုပ်ကိုင်ရမယ်…”
လင်းရီ ဝမ်ထျန်းလုံ၏ ပခုံးကို ပုတ်လိုက်ပြီး လေးလေးနက်နက် အမူအရာဖြင့် “ ကုမ္ပဏီမှာ အထွေထွေမန်နေဂျာ ရာထူးလွတ်နေတယ်… ငါ မင်းဖို့ အဆိုပြုပေးမယ်… မင်းဖို့ ဟိုတယ်မှာ မန်နေဂျာလုပ်ရတာ တော်တော်လေး ခက်ခဲမှာပေါ့ …”
ဝမ်ထျန်းလုံမှာ ယခုကဲ့သို့ ပါရမီမျိုးဖြင့် မွေးဖွားလာသည်ဟုတောင် လင်းရီ ထင်မိသည်။
အခြားသူများ သူ့ထံလာ၍ ဖိနပ်လျက်ရန် ကြိုးပမ်းမည် ဆိုပါက ဂရုပင်စိုက်မနေဘဲ အားလုံးကို လျစ်လျူရှုပစ်လိုက်မည်။
သို့သော် ဝမ်ထျန်းလုံမှာမူ မတူညီချေ။ သူ၏ ဝဖိုင့်ဖိုင့်ပုံစံ၊ ခင်ဖို့ကောင်းသည့် မျက်နှာ အမူအရာ ၊ သက်တောင့်သက်သာ ရှိသည့် လေထုနှင့် သူ၏ မြှောက်ပင့်သည့် စကားလုံးတို့အား နားထောင်ရသည်က နှိပ်နယ်ခံရပြီးနောက် ရရှိလာသည့် အားရ ပျော်ရွှင်မှုကဲ့သို့ပင်။ လူ၏ စိတ်အခြေအနေကို အများအပြား တိုးတက်လာစေသည်။
“ ခုလို ကြင်နာပေးတဲ့အတွက် ကျေးဇူးပါဘော့စ်… ဘော့စ်ရဲ့ လက်အောက်မှာ အလုပ်လုပ်ရတာက ကျွန်တော့်ဖို့ ဂုဏ်ယူစရာပါပဲ.. ဒီတိုင်း ထမင်းတစ်နပ် ဝယ်ကျွေးရင်ကို ရပါပြီ… ကျန်တာ ဘာမှ မတောင်းဆိုလိုပါဘူး …”
“ အမျိုးသမီး ဆယ်လီတွေကိုတော့ မေ့ထားလိုက် .. သူတို့တွေ မင်းနား တွယ်ကပ်နေရင် ကိုင်တွယ်ရ ခက်လိမ့်မယ်…” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် မင်းကို လင်းယွင်အုပ်စုရဲ့ ဥက္ကဌဆိုတဲ့ နာမည်ကိုတော့ ငှားပေးလို့ရတယ်… ဒါနဲ့ သူများတွေကို အရူးလုပ်လို့ရတာပေါ့ … ရလဒ်ကတော့ မင်းရဲ့ ကိုယ်ပိုင် အစွမ်းအစပေါ်မှာပဲ မူတည်တယ်…”
“ မလုပ်ပါနဲ့ မလုပ်ပါနဲ့ ဘော့စ်… ကျွန်တော့်ရဲ့ ဒီပုံစံကြီးနဲ့ အဲ့တာက တကယ်ကို မသင့်လို့ပါ….”
“ အဲ့တာဆိုလည်း လခွီးမို့လို့ ပေါက်တတ်ကရတွေ လာပြောနေတာလား … သွားမြန်မြန် … ခဏကျရင် မင်းတို့အားလုံး စင်ပေါ်တက်ရမှာ…”
“ ဟုတ်ကဲ့ပါ ဘော့စ်…”
ဝမ်ထျန်းလုံ ထွက်ခွာသွားပြီးသည့်နောက် လင်းရီတွင် ဘာလုပ်စရာမျှ မရှိတော့ဘဲ ပွဲကျင်းပသည့် နေရာသို့ ဝင်ရန် ဟန်ပြင်လိုက်သည်။
သို့သော် သူ ခြေလှမ်း ဘယ်နှလှမ်းမျှ မလှမ်းနိုင်သေးခင်မှာပဲ ရန်စီသည် ဓာတ်လှေကားထဲက ထွက်လာသည်ကို မြင်တွေ့လိုက်ရ၏။
ရာသီဥတုက နွေးထွေးနေသဖြင့် ရန်စီ၏ အဝတ်အစားတို့မှာ အတော်လေး လျော့တိလျော့ရဲ နိုင်လှသည်။
Cinched waist ဒီဇိုင်းနှင့် အနက်ရောင် တေးလ်ကုတ် စကတ်က သူမ၏ ထက်မြက်သည့် ကိုယ်နှုတ်အမူအရာကို ပေါ်လွင်စေပြီး စေ့စေ့စပ်စပ် ကြည့်မည်ဆိုပါက သိမ်မွေ့နူးညံ့သည့် အလှကို မြင်တွေ့ရလိမ့်မည်။
တစ်ချိန်တည်းတွင် ရန်စီလည်း လင်းရီအား မြင်တွေ့သွားခဲ့ပြီး မျက်နှာတွင် အပြုံးပန်းတို့ ပွင့်လန်း ဝေဆာလာခဲ့တော့၏။
“ နင်က အလုပ်အရမ်းများတဲ့လူ မဟုတ်ဘူးလား … ဘယ်လိုလုပ် ဒီရောက်လာတာလဲ…”
“ ဘာပဲပြောပြော ကုမ္ပဏီရဲ့ နှစ်ပတ်လည် တွေ့ဆုံပွဲပဲလေ… ကိုယ်က စင်ပေါ် မတက်ဘူးဆိုရင်တောင် ပွဲကိုတော့ လာတက်သင့်တာပေါ့….”
ရန်စီ လင်းရီအား ဆန်းကြည်စွာ ကြည့်လိုက်ရင်း “ ဒီနေ့ နှစ်ပတ်လည် တွေ့ဆုံပွဲကို နင်တို့ လင်းယွင်အုပ်စုနဲ့ ချောင်ရန်အုပ်စုက ပူးတွဲကျင်းပတာဆိုတော့ ငါ မှတ်မိတာ မမှားဘူးဆိုရင် ချောင်ရင်အုပ်စုရဲ့ သူဌေးက နင့်ကောင်မလေး ဟုတ်တယ်မလား …”
“ တော်တယ်…”
“ အဟွတ် အဟွတ် အဟွတ်…..”
ရန်စီ သုံးလေးကြိမ်ခန့် ချောင်းဟန့်၍ တည်ငြိမ်ချင်ယောင် ဆောင်လိုက်၏။ “ ဒါဆို ငါနင်နဲ့ ဝေးဝေးနေမှနဲ့ တူတယ်… တကယ်လို့ အကြီးဆုံးဇနီးက ငါတို့ အတူ ရှိနေတာကို မြင်ရင် ကောင်းမှာ မဟုတ်ဘူး …”
“ အရေးမပါတာတွေ လာပြောမနေနဲ့..” လင်းရီ ငိုရ၊ ရယ်ရ အခက် ဖြစ်နေပြီး “ သူက အခု အလုပ်တောင် ဆင်းသေးတာမဟုတ်ဘူး… ရောက်ဖို့ တော်တော်လေး လိုသေးတယ်…”
“ အဲ့တာဆိုလည်း ကြိုပြောလေ… ငါ့မှာ ခုနတုန်းက ရင်ထဲကို ဒိတ်ကနဲ ဖြစ်သွားတာပဲ သိရဲ့လား …”
“ မင်းကော အခု ဘယ်လဲသွားမလို့ … ဒီည ပွဲရဲ့ စီစဉ်သူ မဟုတ်ဘူးလား …”
“ဘယ်လိုပဲဖြစ်ဖြစ် ငါလည်း အသိအမှတ်ပြုမှု တစ်ချို့ ရနေပြီလေ… ပြီးတော့ ငါတို့ ကုမ္ပဏီကလည်း အဲ့လို ကိစ္စတွေအတွက် ဝန်ထမ်းသီးသန့် ခန့်ထားပြီးသား …” ရန်စီ ပြောလိုက်ပြီ “ တကယ်လို့ နင့်ကုမ္ပဏီသာ မဟုတ်ဘူးဆိုရင် ငါလာမှာတောင် မဟုတ်ဘူး…”
“ ဒါဆို ဥက္ကဌရန်ကို ကျွန်တော်က ကျေးဇူးအများကြီး တင်ပါတယ်… “ လင်းရီ အပြုံးဖြင့် ပြောလိုက်ပြီး “ ခုက ပြန်တော့မလို့လား …”
“ ဟင့်အင်း …” ရန်စီ တုံ့ပြန်လိုက်ပြီး “ ငါ သူများဆီကကြားတာ ဒီနားလေးမှာ အရသာရှိတဲ့ ဆန်ကိတ်ရောင်းတဲ့ ဆိုင် ရှိတယ် ပြောသံကြားလို့ အဲ့တာ နည်းနည်းလောက် သွားဝယ်မလို့ … ဘယ်နေရာမှာလဲ နင်သိလား … ငါနဲ့ လိုက်ခဲ့ချင်လည်း လိုက်ခဲ့လေ…”
“ အတူသွားကြတာပေါ့…”
ကျီချင်းရန်လည်း ယခုလို ဆန်ကောက်ညှင်းနှင့် ပြုလုပ်သည့် မုန့်ပဲသရေစာတို့အား ကြိုက်နှစ်သက်၏။ လင်းရီ သူမအတွက် အကြိမ်မနည်းအောင် ဝယ်ပေးဖူးသဖြင့် ထိုဆိုင်နှင့် ရင်းနှီးနေကာ မိနစ်အနည်းငယ်အတွင်း ရောက်ရှိလာသည်။
ဆိုင်က လမ်းကြားလေး၏ နောက်ကျောဘက်တွင် ရှိပြီး လူအို စုံတွဲ တစ်တွဲက ဦးစီးကာ ဆိုင်လေးမှာ ကြီးသည်လို့ မဆိုသာချေ။
“ ကောင်လေး … မင်း ရောက်လာပြန်ပြီပဲ…”
ဤနေရာသို့ မကြာခဏ လာဝယ်လေ့ ရှိသဖြင့် လင်းရီသည် ဤဆိုင်၏ အမာခံ ဖောက်သည်လိုကို ဖြစ်နေကာ ဆိုင်ရှင် စုံတွဲနှင့်လည်း ရင်းနှီးနေပြီ ဖြစ်၏။
လင်းရီ ပြုံးလျက် ခေါင်းညိမ့်ကာ ခင်းကျင်းပြသထားသည့် ပြတင်းပေါက်သို့ လှမ်းကြည့်လိုက်၏။
“ ဟင် … နည်းနည်းလေးပဲ ကျန်တော့တယ်ပေါ့….”
လူအိုကြီး စုံတွဲက အရသာငါးမျိုး ဆန်ကိတ်များကို ရောင်းချကာ ယခုတော့ စတော်ဘယ်ရီနှင့် သကြားလုံးပျော့ အရသာတို့သာလျှင် ကျန်ရစ်တော့၏။ ထို့ပြင် များများစားစားလည်း သိပ်မကျန်တော့ချေ။
“ မင်းက လာတာ နောက်ကျတာကိုး …” အဘိုးကြီးက ပြောလိုက်ပြီး “ မင်းမှာ ငါ့ဖုန်းနံပါတ် ရှိတယ် မဟုတ်လား … နောက်တစ်ခါ စားချင်တယ်ဆို ကြိုပြီး ဖုန်းဆက်ထားလိုက် … ငါမင်းဖို့ ချန်ထားပေးမယ်…”
“ ကောင်းပြီလေ… ကျေးဇူးပါ အဘိုး …”
လင်းရီ ဟိုကြည့်ဒီကြည့်လုပ်ရင်း ကိတ်က သိပ်မကျန်တော့ချေ။ သူ အားလုံး ဝယ်ရန် စိတ်ကူးထား၏။ လူအိုကြီးစုံတွဲလည်း ဆိုင်တစ်ခါတည်း သိမ်းလိုက်၍ ရလေသည်။
“ ကျွန်တော် အားလုံး . . . . . .”
“ ဟာ ... ဘာလို့ နည်းနည်းပဲ ကျန်တော့တာလဲ…”
လင်းရီ စကားမဆုံးခင် ဒေါင်ကောင်းကောင်းနှင့် မိန်းကလေးတစ်ဦး ပြေးဝင်လာလေသည်။
သူမက မာ့စ်နှင့် နေကာမျက်မှန် တပ်ထားပြီး လျှာထုပ်ဦးထုပ်လည်း ဆောင်းထားသေးကာ မျက်နှာတစ်ပြင်လုံးကို ပီပီပြင်ပြင် ဖုံးကွယ်ထားသည်။
ဤသည်က လင်းရီအား အနက်ဝတ်နှင့်လူကို ပြေးသတိရစေပြီး ထင်ယောင်ထင်မှား ဖြစ်လာစေတော့၏။
“ ဒါတောင် များတယ်ပြောရမယ် မိန်းကလေး … ပုံမှန်ဆို ဒီအချိန်လောက်ဆို ဘာမှကို မကျန်တော့တာ…” အဘိုးကြီးက ချိုသာစွာ ပြောလိုက်သည်။
“ ခစ်ခစ်… ရှင်တို့ဆိုင်က ကိတ်တွေ အရမ်းအရသာ ရှိတယ် ပြောသံကြားလို့ … တုံယင်းပေါ်မှာလည်း တော်တော် ရေပန်းစားတယ်… ဒါကြောင့်မို့ ဒီနေ့ ကိုယ်တိုင်ကိုယ်ကျ လာဝယ်စားတာ … ကျေးဇူးပြုပြီး ထုပ်ပေးပါဦးနော်… အားလုံးပေါင်း ဘယ်လောက်ကျမလဲ မသိဘူး …” မိန်းကလေးက ပြောပြီးသည်နှင့် ယွမ် ၁၀၀ တန် တစ်ရွက် ကမ်းပေးလိုက်၏။
ယခုလို အချိန်ကာလ၌ ငွေသား အသုံးပြုသူဟူ၍ ခပ်ရှားရှားပင်။ အများစုက ဝီချက်ပေးကို အသုံးပြုကြ၏။
“ အိုး… အဲ့လိုတော့ မရဘူး မိန်းကလေး …” အဘိုးကြီး ပြောလိုက်ပြီး “ ဒီလူငယ်လေးက အရင်ရောက်တာ … ဒီလိုမျိုး လုပ်ပေးလို့ မဖြစ်ဘူး …”
ဒေါင်ကောင်းကောင်းနှင့် မိန်းကလေးမှ လင်းရီအား ကြည့်လိုက်ပြီး “ သူက ဘယ်နှစ်ခုလဲ ယူတာ … ကျန်တာ ကျွန်မ အကုန်ယူမယ်…”
“ ငါက အားလုံးယူမှာ…”
“ဟင်…” မိန်းကလေးမှာ ကြက်သေသေသွားခဲ့၏။
“ နင် တမင်တကာ လာလုပ်နေတာလား .. ဟမ်…”
“ ငါ့ဘာငါ စားချင်လို့ ဝယ်တာကို ဘာဖြစ်လို့လဲ…”
မိန်းကလေးမှာ လင်းရီကို လျစ်လျူရှုထားပြီး အဘိုးကြီးအား ပြောလိုက်၏။
“ ဘိုးဘိုး … သူက အရင်လာတယ်ဆိုပေမယ့် ကျွန်မက ပိုက်ဆံ အရင်ပေးတဲ့သူ … ကျွန်မကို အရင်ရောင်းပေး…”
မိန်းကလေးမှာ ကျင့်ဝတ်များအကြောင်း စကားမပြောလိုတော့ချေ။
ရန်ကျင်းမှနေ၍ ဤနေရာသို့ ဆန်ကိတ်လေး နည်းနည်းရရန် ကြိုးစားပမ်းစားနှင့် ပြေးလာခဲ့ရပြီး တစ်ခုမျှ မရလိုက်ဘူးဆိုပါက ငိုကြွေးမိလိမ့်မည်။
“ ဒါက ……”
အဘိုကြီးမှာ ဘေးကြပ်နံကြပ် ဖြစ်သွားခဲ့ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ဖြစ်သွားခဲ့တော့သည်။
ကြည့်ရသလောက်တော့ အဘိုးကြီးသည်လည်း သူ့လို လူစားမျိုးဖြစ်နေဟန်ပင်။ နုနုလှလှ မိန်းကလေးအား ငြင်းပယ်ရက်သည်အထိ နှလုံးမမာထန်နိုင်ခဲ့ချေ။
“ သူ့ကိုပဲ ပေးလိုက်ပါဟယ်… ငါက နောက်တစ်နေ့မှ ဝယ်စားလဲ ရတယ်…” ရန်စီ ပြောလိုက်၏။
“ ဘာကို နောက်နေ့မှလဲ… “ လင်းရီ ပြောလိုက်ပြီး “ ငါက အရင်လာတဲ့သူလေ… ဒါပေါ့ … ငါပဲ အရင် ဝယ်ခွင့် ရသင့်တာပေါ့ …”
စာစဉ် (၁၀၆ )ပြီး၏။