← Chapters

အမေ

Vol. 12 Ch. 3

အမေ

Vol. 12 Ch. 3

“မမလေး နိုးလာပါပြီလား။”

မက်ဒါနာ မျက်လုံးဖွင့်လိုက်တော့ သူ့ကိုစောင့်ကြည့်နေတဲ့ အနီရောင်မျက်လုံးတွေနဲ့ ရင်ဆိုင်လိုက်ရတယ်။ သူ့ခန္ဓာကိုယ် တစ်ခုလုံးက နုံးချိနေပြီး ချွေးတွေနဲ့စိုရွဲနေတယ်။ အိပ်မက်ဆိုးတစ်ခုကို မက်ထားတဲ့ကလေးတစ်ယောက်လိုပဲ။

“အင်း... အခုတော့ အဆင်ပြေသွားပါပြီ အေမီ။” မက်ဒါနာက အသားကပ်ဝတ်စုံဝတ်ထားတဲ့ ​ညိုချော မိန်းကလေးကို ပြုံးပြလိုက်ရင်း အိပ်ရာပေါ်ကနေပြီး ဆင်းလိုက်ပါတယ်။ သူ့ခါးမှာတော့ မနေ့ကဝတ်ထားတဲ့ ခါးပတ်ရှိနေဆဲပဲ။ ခါးပတ်မှာ မန်မိုရီစတစ်တစ်ခု ထိုးထားပြီး သူက အဲဒီမန်မိုရီစတစ်ကို ဖြုတ်ယူလိုက်တယ်။

“တည်ရှိမှုတစ်ခုကိုစုပ်ယူတိုင်း အဲဒီတည်ရှိမှုရဲ့ မှတ်ဉာဏ်တွေကို အစအဆုံးပြန်ခံစားရတာ တော်တော် ခက်ခဲတာပဲ။”

မက်ဒါနာက ခေါင်းကိုခါယမ်းလိုက်ရင်း ပြောလိုက်တယ်။ အဲဒီနောက်​တော့ သူ့ရဲ့နုနယ်လှတဲ့ ကြွေလိုခြေဖဝါးတွေကို ပြန်ငုံကြည့်ရင်း...

“ငါသူမွေးစကနေစပြီး သူစုပ်ယူခံရတဲ့အထိ ဖြစ်ရပ်တွေကို တစ်ခုချင်းစီမြင်ခဲ့ရတာ။ စုပ်ယူခံရသူတိုင်းက တော်တော် နာနာကျင်ကျင်ခံစားရတာပဲ။ ဒီလိုလုပ်တာ မှန်ရဲ့လားလို့ သံသယဖြစ်မိတယ်။”

အေမီကတော့ ပြုံးနေဆဲဖြစ်ပြီး “တစ်ခုခုကိုလိုချင်ရင် တစ်ခုကို ပေးဆပ်ရတာတော့ သဘာဝပါပဲ။ မမလေးက မမလေးရသင့်ရထိုက်တဲ့ အခွင့်အရေးအတွက် တိုက်ခိုက် နေတာပဲမဟုတ်လား။ မမလေးရဲ့ရည်မှန်းချက်တွေ အောင်မြင်သွားရင် အားလုံးအဆင်ပြေသွားပါလိမ့်မယ်။”

အေမီရဲ့ချက်ကျလက်ကျရှင်းပြမှုကို နားထောင်ပြီးတဲ့ အချိန်မှာတော့ မက်ဒါနာရဲ့ခေါင်းထဲမှာရှိနေတဲ့ ဝေဝါးတဲ့ အတွေးတွေ ပျောက်ဆုံးသွားတယ်။

“ဒါဆိုရင် မမလေး မနက်စာစားဖို့ သွားပြီးပြင်ဆင်လိုက်ပါဦးမယ်။” အေမီက မက်ဒါနာကို ဦးညွှတ်ပြီး အိပ်ခန်းထဲကနေ ထွက်သွားတယ်။ မက်ဒါနာ ကိုယ်တိုင်ကတော့ ကိုယ်တိုင်ကိုယ်ကျ အင်္ကျီလဲလိုက်ပြီး အခန်းထဲကနေ ထွက်လာခဲ့တယ်။

အခန်းအပြင်ကိုထွက်ထွက်ချင်းမှာပဲ မြင်လိုက်ရတဲ့ ကြမ်းပြင်ကနေ ခေါင်မိုးအထိမြင့်တဲ့ မှန်ချပ် ပြတင်းပေါက်ကြောင့် တအံ့တဩပြုံးလိုက်မိပါတယ်။

“ လူချမ်းသာတွေရဲ့ကွန်ဒိုတိုက်ခန်းက ငါ့ရဲ့တိုက်ခန်းနဲ့ အတော်လေးကွာတာပဲ။”

အဲဒီနောက် မက်ဒါနာရဲ့အကြည့်တွေက ဧည့်ခန်း စားပွဲခုံဆီ ရောက်သွားတယ်။ ထိုင်ခုံနှစ်ခုက ဧည့်ခန်းအလယ်မှာ စားပွဲခုံနဲ့အတူရှိမနေဘဲ သီးခြားစီရှိနေတယ်။ အဲဒီထိုင်ခုံတွေ ထက်မှာတော့ လူနှစ်ယောက်ထိုင်နေပေမဲ့ သူတို့ စိတ်ပါလက်ပါထိုင်နေတာမျိုးတော့မဟုတ်ဘူး။ ကြိုးနဲ့ အတုပ်ခံထားကြရတာ။

“အခန်းခဏငှားတဲ့အတွက် ကျေးဇူးတင်ပါတယ်။” မက်ဒါနာက အဲဒီနှစ်ယောက်ကို​ပြောလိုက်ပြီး ခုံတစ်လုံးမှာ ဝင်ထိုင်ကာ တီဗီကိုဖွင့်လိုက်တယ်။ အချုပ်နှောင်ခံထားရတဲ့ တိုက်ခန်းပိုင်ရှင် သက်လတ်ပိုင်းစုံတွဲကို လုံးဝဂရုမစိုက် သလိုပါပဲ။

“နံနက်ခင်းသတင်းများကို အစီရင်ခံတင်ဆက်ပါမယ်ရှင်။ ယမန်နေ့နေ့လယ်ပိုင်းက ရန်ကုန်မြို့လမ်းလယ်ခေါင်မှာ ဖြစ်ပွားခဲ့တဲ့ ဂျင်းနတ်ဆိုးတိုက်ခိုက်မှုကြောင့် လူတစ်ဒါဇင် ထက်မနည်း ခံစားချက်မဲ့ရောဂါကို ခံစားခဲ့ရပါတယ်။ A list Idolအဖွဲ့ဖြစ်တဲ့ Silver Bandက အချိန်မီရောက်လာခဲ့ပေမဲ့ ထူးဆန်းတဲ့လူတစ်စုရဲ့တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသွားခဲ့ ကြတာပါ။”

သေသေသပ်သပ်ဝတ်ဆင်ထားတဲ့ သတင်းကြေညာသူ အမျိုးသမီးတစ်ယောက်က မနေ့ကဖြစ်ပျက်ခဲ့တဲ့ သတင်း ပုံရိပ်တွေကို ပြန်လည်ပြရင်း သတင်းကိုတင်ဆက်နေတယ်။ ပုံရိပ်တွေထဲမှာ ဒေါက်တာဝတ်စုံကိုဝတ်ထားတဲ့ ဆံဖြူ မိန်းကလေးနဲ့ အသားကပ်ဝတ်စုံဝတ်ဆင်ထားတဲ့ မျက်လုံးနီ အေမီတို့က အိုက်ဒေါလေးယောက်ကို သေနတ်နဲ့ပစ်ခတ်လို့ အိုက်ဒေါတွေ ဒဏ်ရာရသွားတဲ့ ဗီဒီယိုကလစ်တစ်ခုပါတယ်။ ဒါပေမဲ့ နောက်ထပ်ဆံပင်တိုအဖြူနဲ့ အိုက်ဒေါမလေး တစ်ယောက်တော့ အဲဒီပုံရိပ်တွေထဲမှာ ပါဝင်မနေပါဘူး။

“အဖွဲ့ဝင်လေးယောက်လုံး ဒဏ်ရာရခဲ့ပေမဲ့ စိုးရိမ်စရာ မရှိတော့ဘူးလို့ ဂရီဂိုရီတေးထုတ်လုပ်ရေးရဲ့အမှုဆောင်ချုပ် တင်မီ ဂရီဂိုရီက ဆိုပါတယ်။”

“ပြီးခဲ့တဲ့လအနည်းငယ်က အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ အိုက်ဒေါဆိုဖီယာ အနားယူပြီးချိန်ကလို့ Silver Band အဖွဲ့ဟာ မစ်ရှင်တွေမှာ အခြေအနေမလှဖြစ်နေခဲ့ပြီး ယနေ့အချိန်အထိ အဓိကအဆိုရှင်နေရာကို အစားထိုးမယ့်သူ ရှာတွေ့ခြင်းမရှိသေးပါဘူး။”

မက်ဒါနာက တီဗီကို ဆက်မကြည့်ချင်တော့ဟန်နဲ့ ပိတ်ချ လိုက်ပါတယ်။ အဲဒီနောက်တော့ သက်ပြင်းချလိုက်ပြီး...

“ကြည့်ရတာ ဒီကမ္ဘာက မက်ဒါနာရဲ့တည်ရှိမှုကို ရှိသမျှ လူတွေအားလုံး မေ့သွားကြပုံပဲ။ တည်ရှိမှုကို စုပ်ယူလိုက်လို့ ဖြစ်သွားတာလား။”

“မမလေးရဲ့ရည်မှန်းချက်တွေ အောင်မြင်ဖို့အတွက် သူတို့က မမလေးရဲ့ခြေနင်းလှေကားထစ်တွေ ဖြစ်လာပေးတာပါ။ ပြီးတော့ သူတို့က အလုံးစုံ ပျောက်ကွယ်သွားတာ မဟုတ်ပါဘူးနော်။ မမလေးရဲ့ ဟောဒီမန်မိုရီစတစ်ထဲမှာရှိနေတာလေ။”

မနက်စာချက်လို့ပြီးသွားပြီဖြစ်ပုံပေါ်တဲ့ ​အေမီက လက်ထဲမှာ အငွေ့တထောင်းထောင်းထနေတဲ့ ပန်းကန်လုံးတစ်ခုကို ကိုင်လာရင်း မက်ဒါနာရှေ့မှာ ချပေးလိုက်တယ်။ ပြီးတော့ မက်ဒါနာရဲ့လက်ထဲမှာ ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့ မန်မိုရီစတစ်အဖြူလေးကို လက်ညိုးထိုးပြလိုက်တယ်။

“အင်း၊ သူတို့က ငါနဲ့အတူရှိနေတာပဲ။” မက်ဒါနာက ခေါင်းညိတ်ပြလိုက်ပြီး ကြွေပန်းကန်ထဲမှာ အသင့်တပ်ထားတဲ့ ကြွေဇွန်းကို ကောက်ကိုင်လိုက်တယ်။

“ကြက်စွပ်ပြုတ်လား... ငါက နေမကောင်းတဲ့သူကျလို့။”

မက်ဒါနာက ဇွန်းနဲ့ပန်းကန်လုံးထဲကို မွှေနှောက်နေရင်း ပြောလိုက်ပါတယ်။ ကော်ရည်ထည့်ထားတဲ့ ဟင်းရည်က ခပ်ပျစ်ပျစ်ဖြစ်နေပြီး ပုလဲလုံးလေးတွေလိုဖြူတဲ့ ထမင်းစေ့ များစွာက ဟင်းရည်ထဲမှာလှည့်လည်နေပါတယ်။ ကြက်သွန်မြိတ်အနည်းငယ်က ဟင်းရည်ပေါ်မှာ ဘောလောပေါ်နေပြီး ညီညာစွာလှီးဖြတ်ထားတဲ့ ကြက်သားမျှင်တွေကလည်း စားချင်စရာ။

“အခုလောလောဆယ် ကျွန်မတို့က ခရီးထွက်နေတာမလို့ ဒီအိမ်မှာအလွယ်တကူရတဲ့ ပါဝင်ပစ္စည်းတွေနဲ့ပဲ မနက်စာ ချက်လိုက်တာပါ။ မမလေးမကြိုက်ဘူးဆိုရင် အပြင်ထွက်ပြီး တစ်ခုခုစီစဥ်ပေးပါမယ်။”

အေမီက ပြောလိုက်ပေမဲ့ မက်ဒါနာက ခေါင်းခါပြတယ်။ “နေပါစေ၊ သူတို့က ဒီကမ္ဘာက မက်ဒါနာကို မမှတ်မိတော့ဘူး ဆိုပေမဲ့ ငါတို့သူတို့ကိုတိုက်ခိုက်ခဲ့တာကို မှတ်မိနေတုန်းပဲ။ အပြင်ထွက်လို့ Silver Bandထဲက တစ်ယောက်ယောက်နဲ့ တွေ့ရင် တိုက်ပွဲဖြစ်နေဦးမယ်။”

“ဒီတော့ မမလေးက ဘယ်လိုကြံစည်ထားပါသလဲ။”

“မနက်စာစားပြီးတာနဲ့ နောက်ကမ္ဘာကြီးတစ်ခုဆီကို ခရီးထွက်ကြတာပေါ့။”

“နားလည်ပါပြီရှင့်၊ အခုချက်ချင်းပဲ ပြင်ဆင်လိုက်ပါမယ်။” အေမီက မက်ဒါနာကို အခုလိုပြောလိုက်ပြီး နောက်မှာ အသာလေးရပ်နေလိုက်တယ်။ မက်ဒါနာက ဆက်ပြီး အထွန့်တက်မနေတော့ဘဲ ကြက်စွပ်ပြုတ်ကို စသောက်တယ်။

...

သာမန်ဆန်တဲ့ နှစ်ထပ် လုံးချင်းတိုက်အိမ်လေးတစ်လုံး။

ရန်ကုန်မြို့ရဲ့မြို့ပြင်ဘက်မှာရှိပြီး ပေလေးဆယ်ခြောက်ဆယ် လမ်းမတန်း မြေကွက်မှာ ဆောက်ထားတာဖြစ်ပေမဲ့လို့ တခြားဘေးအိမ်တွေနဲ့မတူဘဲ ဥယျာဥ်အတွက်လည်း နေရာချန်ထားတဲ့အတွက် သစ်ပင်ပန်းမန်တွေနဲ့ လှပနေတဲ့ အေးချမ်းတဲ့ မိသားစုနေအိမ်လေးပေါ့။

မနက်အချိန်ကတော့ ခြောက်နာရီ။ နှိုးစက် ပေးမထားပေမဲ့ မေမေသီတာက မျက်လုံးတွေကို အလိုလိုဖွင့်လိုက်တယ်။ မသဲမကွဲနေရောင်ခြည်လေး အခန်းထဲကို ဝင်လာပြီဆိုတာနဲ့ ထဖို့အချိန်တန်ပြီဖြစ်မှန်း သိနေပြီးသား။

ကိုယ်တိုင်အဝတ်အစားလဲ ရေမိုးချိုးပြီးတာနဲ့ အောက်ထပ် ဆင်းသွားပြီး ညက ခလုတ်နှိပ်ပြီးထားခဲ့တဲ့ ထမင်းအိုးရဲ့ အခြေအနေကိုကြည့်တယ်။ ထမင်းတွေကောင်းကောင်း ကျက်​ပြီးအပျော့အမာအဆင်ပြေတယ်ဆိုတာ တွေ့တဲ့အခါကျမှ ခေါင်းညိတ်ပြီး အိုးပေါ်ကချ။

အဲဒီနောက်တော့ ပိုက်ဆံအိတ်ကလေးကိုပိုက်ပြီး စျေးကိုပြေး။ နာရီဝက်လောက်နေတော့ ယနေ့အတွက် ချက်စရာပြုတ်စရာပစ္စည်းအစုံအလင်နဲ့ အိမ်ကို ပြန်ရောက်လာပြီ။ ကန်စွန်းရွက်၊ ကြက်ဥ၊ ဝက်သားနဲ့ ခရမ်းချဥ်သီးအနည်းငယ်။

ကန်စွန်းရွက်တွေကို သေချာရေစင်အောင်ဆေး ခုတ်ပိုင်း ပြီးတဲ့နောက်တော့ ခရမ်းချဥ်သီးကိုစလှီးတယ်။ ပြီးတော့ ဝက်သားကိုင်။ ပြင်ဆင်လို့ပြီးသွားတဲ့အချိန်မှာတော့ လျှပ်စစ်ဒယ်နီအိုးကို ပလက်ထိုးလိုက်ပြီး နှမ်းဆီအနည်းငယ်ကို အိုးထဲလောင်း။ ဆီဆူလာတာစောင့်ရင်းနဲ့ မီးဖိုချောင်နဲ့အိမ်အောက်ထပ်ကို တံမြက်စည်းသိမ်း သန့်ရှင်းရေးလုပ်။

ဆူပေါက်သံကြားတော့ တံမြက်စည်းကို နံရံထောင့်မှာ ထောင်ထားခဲ့ပြီးပြန်ပြေးလာ။ ကြက်သားနဲ့ကန်စွန်းရွက်ကို စကြော်။ ကြော်နေရင်းကနေ အလိုလိုပြုံးမိလိုက်သေး။

“မကြာခင် မိုးဦးကျတော့မယ်။ သမီးလေးက မှိုကန်စွန်းဆို သိပ်ကြိုက်တာ။ အခုတော့ ဝက်သားနဲ့ကန်စွန်းရွက်ပဲ ကြော်ကျွေးရသေးတာပေါ့။

ကန်စွန်းရွက်ကြော်ကျက်တော့ မေမေသီတာက ကြက်ဥ မွှေကြော်ဆက်ကြော်တယ်။ လှီးထားတဲ့ ခရမ်းချဥ်သီးတွေ ကောက်ထည့်ရင်းနဲ့ပေါ့။ ဒါမှ သမီးလေးသဘောကျတဲ့ လမ်းသရဲကြက်ဥမွှေကြော်ဖြစ်မှာလေ။ ငရုပ်သီးလေး တစ်တောင့်နှစ်တောင့်က ပါလိုက်သေးတယ်။

ဟင်းချက်လို့အပြီး နှစ်ယောက်စာအတွက် စားပွဲပေါ်မှာ ထမင်းဟင်းခူးခပ်လို့ပြီးတဲ့နောက်တော့ ပန်းကန်တွေတင်တဲ့ ဗီရိုပေါ်မှာရှိနေတဲ့ မိသားစုဓာတ်ပုံလေးကို လှမ်းပြီးတော့ ကြည့်လိုက်ပါတယ်။ အဖေကြီးနဲ့အမေကြီး နှစ်ယောက်ပဲ ပါတဲ့ဓာတ်ပုံဆိုပေမဲ့....

“သမီးလေးတောင် အရွယ်ရောက်လို့ အိုက်ဒေါဖြစ်လာပြီပဲ။ အချိန်တွေကုန်တာမြန်လိုက်တာ။”

အဲဒီနောက်တော့ မေမေသီတာက တိုင်ကပ်နာရီကို မော့ပြီး ကြည့်။ ခုနစ်နာရီခွဲတာတွေ့တော့ စိုးရိမ်သွားတဲ့ပုံစံမျိုးနဲ့ အပေါ်ထပ်ကိုပြေးတက်။

“သမီးရေ၊ သမီးလေး။ ရှစ်နာရီထိုးတော့မယ်နော်။ သမီး သူငယ်ချင်းတွေနဲ့ အကလေ့ကျင့်ဖို့ ချိန်းထားတယ်မဟုတ်လား။ ခက်တော့တာပါပဲ။”

မေမေသီတာက အခန်းတံခါးကို ဆွဲဖွင့်လိုက်ပါတယ်။ အခန်းက ဗလာ။ ဘာဆိုဘာမှမရှိ။ လူနေတဲ့ အရိပ်အယောင်တောင်မရှိ။ ဒါပေမဲ့ သူ့မျက်နှာပေါ်မှာ အပြုံးကရှိနေသေးပြီး တစ်စုံတစ်ယောက်ရှိနေတဲ့အလား ပြောလိုက်တယ်။

“အော်၊ သမီးက နိုးနေပြီးတော့ အဝတ်အစားတောင် လဲပြီးနေပြီလား။ အောက်ဆင်းပြီး နံနက်စာစားတော့လေ။”

နောက်တော့ မေမေသီတာက သူ့စိတ်ကူးထဲက သမီးလေးနဲ့ အတူတူအောက်ထပ်ကို ဆင်းလာပြီး ထမင်းဝိုင်းမှာထိုင်ကာ အတူတူထမင်းစားတယ်။ အဲဒီနောက်တော့ ချိန်းထားတဲ့ နေရာကိုသွားတော့မှာဖြစ်တဲ့ သမီးကိုလက်ပြနှုတ်ဆက်ရင်း အဝတ်တွေကိုစလျှောက်ပါတယ်။

လျှော်လို့ပြီးတော့ ဘယ်သူမှမဝတ်လို့ အသစ်အတိုင်း ဖြစ်နေတဲ့ ဂါဝန်လှလှလေးတွေကို အိမ်အပြင်မှာရှိတဲ့ အဝတ်လှန်းတဲ့တန်းမှာချိတ်ရင်း ပီတိတွေဖြာလို့။

“ငါ့သမီးလေးများ တခြားနိုင်ငံတွေကိုသွားပြီး ဖျော်ဖြေရရင်ဖြင့်တော့ အမေဘယ်လောက်များ လွမ်းနေမိမယ်မသိဘူး။”

...

အိမ်နားက ဖြတ်သွားတဲ့ အဖြူအစိမ်းဝတ်ထားတဲ့ လမ်းသွားလမ်းလာ ကျောင်းသူလေးနှစ်​ယောက်ထဲက တစ်ယောက်ကတော့ မေမေသီတာကိုလှမ်းကြည့်လိုက်ရင်း နားမလည်နိုင်စွာနဲ့ သူ့အဖော်ကို တီးတိုးပြောလိုက်တယ်။

“ဟဲ့၊ အဲဒီအဒေါ်ကြီးက မနက်တိုင်းတစ်ယောက်တည်း စကားတွေပြောနေသလိုပဲနော်။”

“ဟင်၊ နင်မသိဘူးလား ပိန်းဥမရဲ့။ ဒေါ်လေးသီတာက ယဥ်ယဥ်လေး ရူးနေတာလေ။ ငယ်ငယ်တုန်းက ကိုယ်ဝန်ပျက်ကျပြီး မမွေးလိုက်ရတဲ့သမီးလေးကို ရှိနေသေးတယ်လို့ ထင်နေတာ။” တခြားကောင်မလေးက မေးလိုက်တဲ့ကောင်မလေးနားရွက်ကို ဆောင့်ဆွဲရင်းနဲ့ မေမေသီတာမကြားအောင်လို့ တီးတိုးပြောရင်း ခပ်သုတ်သုတ် စလျှောက်တယ်။

“ဟယ်၊ သနားစရာကောင်းလိုက်တာ။ ဒါပေမဲ့ ဘာလို့ တစ်ယောက်တည်းပဲနေနေတာလဲ။” နောက်ကောင်မလေးက ထပ်လေရှည်ပြန်တယ်။

“ယောက်ျားဖြစ်တဲ့သူက နိုင်ငံခြားမှာအလုပ်သွားလုပ်နေတာ နှစ်နှစ်ဆယ်လောက်ရှိပြီတဲ့။ ကိုယ်ဝန်ရှိစကတည်းက ထွက်သွားတာဆိုလား။” ဒီအကြောင်းကိုသိနေပြီးသား ကျောင်းသူလေးကတော့ မသိသေးတဲ့ကျောင်းသူလေးကို အသေးစိတ်ရှင်းပြပါတယ်။

“တခြားဆွေမျိုးတွေဘာတွေလည်း ရှိမယ့်ပုံမပေါ်ဘူးနော်။ တစ်ယောက်တည်း အထီးကျန်နေရှာမှာပဲ။”

...

ဖျောက်...

အေမီက သူ့လက်ထဲမှာကိုင်ထားတဲ့သေနတ်နဲ့ နံရံတစ်ခုကို လှမ်းပစ်လိုက်တယ်။ နံရံရဲ့တည်ရှိမှုက တွန့်လိမ်သွားပြီး ဝဲကန်တော့တစ်ခုအဖြစ်ကို ပြောင်းသွားပါတယ်။

“ကိုဩဒိနိတ်ညွန်းကိန်းများ မှန်မမှန်တွက်ချက်နေသည်။ ရာနှုန်းကြည့်တိကျမှုရှိ။” အေမီဆီကနေ စက်ရုပ်ဆန်ဆန် အသံတစ်သံထွက်လာပြီးတဲ့နောက် နောက်မှာရပ်နေတဲ့ မက်ဒါနာကို လှည့်ကြည့်လိုက်တယ်။

“နောက်ကမ္ဘာကိုသွားဖို့အတွက် အာကာသတီတွင်း အသင့်ဖြစ်ပါပြီ။”

မက်ဒါနာကိုယ်တိုင်ကတော့ သူဝတ်ထားတဲ့ အသားကပ် အင်္ကျီကို အဆင်ပြေမပြေငုံကြည့်ရင်း ခေါင်းညိတ်ကာ မက်ဒါနာကို မေးလိုက်တယ်။

“ငါတို့နောက်သွားမယ့်ကမ္ဘာက ဘယ်လိုမျိုးလဲဆိုတာ ပြောပြလို့ရမလား။”

အေမီကလည်း ‘မေးမှမေးပါ့မလား'ဆိုတဲ့ပုံစံနဲ့ ပြုံးလိုက်ရင်း “ကျွန်မတို့ရဲ့ဒေတာဘေ့စ်တွေအရတော့ အဲဒီကမ္ဘာကို တိုက်တန်စက်ရုပ်ကမ္ဘာလို့ခေါ်ပါတယ်။ မီတာ သုံးရာလောက်မြင့်တဲ့စက်ရုပ်ကြီးတွေကိုတည်ဆောက်မိုင်တဲ့ နည်းပညာမျိုးပိုင်ဆိုင်ထားတဲ့နေရာပါ။ မမလေးရဲ့မက်ဒါနာ မူကွဲကလည်း အဲဒီနေရာမှာ အရေးပါတဲ့သူတစ်ယောက် ဖြစ်နေမှာသေချာပါတယ်။”

“ကြားရသလောက်တော့ တကယ်အသုံးဝင်မယ့် မန်မိုရီစတစ်မျိုးရတော့မယ့်ပုံပဲ။ အခုငါ့မှာရှိနေတဲ့ နှစ်ခုလုံးက ဒီလောက်အစွမ်းမထက်ဘူးလေ။”

မက်ဒါနာက သူ့ခါးမှာချိတ်ထားတဲ့ ဒေါက်တာ မန်မိုရီစတစ်နဲ့ အိုက်ဒေါ မက်မိုရီစတစ်ကို ကြည့်ရင်းနဲ့ပြောလိုက်တယ်။

“မမလေး၊ တီတွင်းပွင့်နေတုန်း အချိန်မဖြုန်းဘဲ သွားကြရအောင်။” အေမီက သတိပေးလိုက်တယ်။

“အင်း...” မက်ဒါနာကလည်း ပြန်ဖြေလိုက်ပြီး နှစ်ယောက်အတူ ပွင့်နေတဲ့ အာကာသတီတွင်းပေါ်တယ်ထဲကို ပြိုင်တူဝင်သွားကြပါတော့တယ်။

All Chapters