← Chapters

အခန်း (၄၉၄)

Vol. 34 Ch. 494

အခန်း (၄၉၄)

Vol. 34 Ch. 494

လုချင်းချင်းထွက်ခွာသွားပြီးသည့်နောက်မှာတော့ သံမဏိအရိုးဂိုဏ်းတွင် ဖြစ်တည်လျက်ရှိသော အေးစက်သော အော်ရာများသည် အလုံးစုံပျောက်ကွယ်သွားပြီဖြစ်၏။ သို့ပေမဲ့ ဂိုဏ်းထဲတွင်ရှိသော တပည့်များအားလုံးသည် တစ်စုံတစ်ခုလိုအပ်သလို ခံစားမိကြ၏။ သူတို့အားလုံးသည် မနက်ခင်းလေ့ကျင့်ခန်းများလုပ်သည့်အချိန်တွင် တစ်စုံတစ်ခုမှားယွင်းသလို ခံစားမိကြ၏။

ဂိုဏ်းချုပ်ကျွင်းသည်လည်း ထိုအရာနှင့်ပတ်သက်၍ အသားမကျနိုင်ချေ။

မနက်ခင်းလေ့ကျင့်ခန်းများပြုလုပ်ပြီးသည့်နောက်မှာတော့ သူသည်အဓိကဟောခန်းထဲတွင် ထိုင်၍ ရံဖန်ရံခါ ဆိုသလို တံခါးအပြင်ဘက်ဆီသို့ လှမ်း၍ ကြည့်နေမိသည်။ အရင်တုန်းကဆိုလျှင် သူမသည် ထိုနေရာများဆီမှ ပေါ်ပေါ်လာတက်သည်။ တစ်ခါတစ်ရံတွင် တံခါးကိုမှီကာဖြင့် အေးစက်သည့် စကားလုံးများကို ပြောဆိုတတ်၏။

အားလုံးတွင် ခံစားချက်များရှိကြ၏။ သို့ပေမဲ့ ဤခံစားချက်များသည် အချစ်နှင့်ပတ်သက်ခြင်းမရှိဟု ဆိုလျှင် တောင်မှ သူတို့သည် လုချင်းချင်းအပေါ်တွင် အလွန်တရာမှ သံယောဇဉ်တွယ်မိနေကြပြီဖြစ်သည်။

ဂိုဏ်းချုပ်ကျွင်း သည် သူမ မရှိသည့်အချိန်များကို နေထိုင်ပြီးသည့်နောက်မှာတော့ အမှန်တကယ်ပင် တစ်စုံတစ်ခု လိုအပ်နေသည်ကို ခံစားနေမိ၏။

ဟင်း...

ကျွင်းချောင်ရှောင်းသည် သက်ပြင်းရှည်ကြီးကို ချမိလိုက်၏။ ထိုကဲ့သို့သာ စောစောစီးစီး သိမည်ဆိုပါက သူမအား အပြင်ဘက်သို့ထွက်၍ လေ့ကျင့်ရန် ခွင့်ပြုပေးခဲ့လိမ့်မည် မဟုတ်ချေ။

“သူမက အခုမှ ထွက်သွားရုံသာ ရှိသေးတယ်လေ” လီလိုရှုသည် အပြင်ဘက်မှ လျှောက်ဝင်လာပြီး ပြုံးကာ ပြောလိုက်၏။

“ဂိုဏ်းချုပ် လွမ်းနေပြီလား”

သူမ၏ စကားလုံးထဲတွင် တခြားနက်နဲလှသော အဓိပ္ပာယ်များ ပါဝင်နေ၏။ သို့ပေမဲ့ တစ်ယောက်တည်း အထီးကျန် သမားဖြစ်သော ဂိုဏ်းချုပ်ကျွင်းသည် ထိုအရာများကို နားမလည်ချေ။ ထို့ကြောင့် ဝမ်းနည်းစွာဖြင့် ပြောလိုက်၏။ “သူမက အကြီးဆုံးတပည့်ကြီးပဲလေ၊ ဘယ်လိုလုပ်ပြီး မလွမ်းဘဲ နေမှာလဲ”

လီလိုရှုက ပြောလိုက်၏။ “ဒီအကြောင်းကို စဉ်းစားမနေနဲ့၊ ဂိုဏ်းချုပ်ကို သတင်းကောင်းတစ်ခု ပြောပြပေးမယ်”

“ဘာသတင်းကောင်းလဲ” ကျွင်းချောင်ရှောင်းမေးလိုက်၏။

လီလိုရှုသည် ပြုံးကာပြောလိုက်၏။ “ကျန်းယန်နိုင်ငံနဲ့ အဆင့်ခြောက်နိုင်ငံတစ်ခုတို့က စစ်ပွဲစတင်နေကြပြီ၊ နှစ်ဘက်လုံးက စစ်သည်ငါးသိန်း လောက်ကို ထုတ်ပြီးတော့ တိုက်ခိုက်နေကြတယ်”

ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် လင်းလက်သွား၏။ “ဒါကတကယ့်ကို သတင်းကောင်းပဲ”

ကျန်းယန်နိုင်ငံသည် အဆင့်ခြောက်နိုင်ငံတစ်ခုနှင့် တိုက်ခိုက်လျက်ရှိနေ၏။ ထိုသို့ဆိုလျှင် ချင်းယန်နိုင်ငံအား ပစ်မှတ်ထားရန်အတွက် အချိန်ရှိလိမ့်မည် မဟုတ်ချေ။ သူ့အနေနှင့် ငြိမ်းငြိမ်းချမ်းချမ်း ဂိုဏ်းအားပိုမို ဖွံ့ဖြိုးတိုးတက်စေရန် ပြုလုပ်နိုင်စွမ်းရှိနေ၏။

........

“စီနီယာအစ်ကို”

ဂိုဏ်းလေ့ကျင့်ရေးကွင်းထဲမှာတော့ စုရှောင်မိုသည် တီးတိုးပြောလိုက်၏ “စီနီယာအစ်မကြီး မရှိတော့ အားလုံးကို ကြည့်ရတာ ငူငူငေါင်ငေါင်နဲ့နော်”

“ဒီအရာနဲ့ပတ်သက်ပြီး ငါတို့အသားကျအောင် ကြိုးစားရဦးမယ်”

လီချင်းယန်က ပြောလိုက်၏။ ပြီးနောက် သူသည် မတ်တပ်ရပ်ကာ လက်ခုပ်တီးလိုက်၏။ “အဲမှာ ရပ်မနေကြနဲ့၊ မင်းတို့ရဲ့တာဝန်တွေ လုပ်စရာရှိတာလုပ်ကြ၊ ပြီးရင် သွားပြီး လေ့ကျင့်ကြတော့”

အကြီးဆုံးစီနီယာအစ်မကြီး မရှိဘူးဆိုမှတော့ ဒုတိယတပည့်တစ်ယောက်အနေနှင့် တာဝန်ဝတ္တရားများ အားလုံးသည် သူ၏ ပခုံးပေါ်သို့ ရောက်ရှိလာ၏။

“ကောင်းပါပြီ”

တပည့်များအားလုံးသည် သူတို့၏ စိတ်ကိုပြင်ဆင်လိုက်ကြပြီးနောက် ကျင့်ကြံခြင်းကို အာရုံစိုက်ရန် ကြိုးစား ကြတော့သည်။

.......

ဂိုဏ်းချုပ်ကျွင်းသည်လည်း မကောင်းသည့်ခံစားချက်များကို ပြင်ပဆီသို့ မောင်းထုတ်လိုက်ပြီး နောက်မှာတော့ ဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် စတင်ကာ လုပ်ဆောင်တော့သည်။ ပထမဦးအနေဖြင့် ဂိုဏ်း၏ တည်နေရာအား ချဲ့ထွင်ရပေလိမ့်မည်။ တပည့်ငါးထောင်ပြည့်အောင် ခေါ်ယူပြီးသည့်နောက်မှာတော့ အတွင်းခြံဝန်းနှင့် အပြင်ခြံဝန်း တို့သည် ပြည့်နှက်သွားခဲ့၏။

ထို့ကြောင့် ဂိုဏ်း၏ တည်နေရာအား ချဲ့ထွင်ရန် လိုအပ်နေပြီဖြစ်သည်။ အမိန့်ကို လက်ခံရရှိပြီးသည့်နောက် မှာတော့ လီချင်းယန်သည် များပြားလှသော အဆောက်အဦ ဒီဇိုင်းပုံစံများ အားလုံးကို ယူဆောင်လာခဲ့၏။ အလွန်တရာ အသေးစိတ်လှသော အဆောက်အဦပုံစံများကို ကြည့်ရှုပြီးသည့်နောက် ဂိုဏ်းချုပ်ကျွင်းသည် အံ့အား တသင့်ဖြင့် မေးလိုက်၏။

“ဒါတွေကို မင်းလုပ်လာတာလား”

“ဟုတ်တယ်” လီချင်းယန်ပြောလိုက်၏။

ကျွင်းချောင်ရှောင်း ချီးကျူးလိုက်မိသည်။ “ဒီအဆောက်အဦတွေကို မင်းဖန်တီးခဲ့တယ်ဆိုရင် တကယ့်ကို တော်တဲ့လူပဲ၊ ရော့ ဒီမှာ ဆယ်သန်းယူသွား၊ မလောက်ရင် ထပ်လာယူအုံး”

လီချင်းယန်၏ နှုတ်ခမ်းများသည် တုန်ရင်သွား၏။ ဂိုဏ်း၏ အဆောက်အဦများနှင့် တည်နေရာကို ချဲ့ထွင်ရန် အတွက် ငွေဆယ်သန်းအသုံးပြုသည်ဆိုခြင်းမှာ အလွန်တရာ ကြီးကျယ်ခမ်းနားလှ၏။ သို့ပေမဲ့ တခြားနည်းလမ်း လည်းမရှိချေ။ ဂိုဏ်းချုပ်ကျွင်းသည် ကျင့်ကြံခြင်းအဆင့် နှင့် ပါရမီရှိလှသည့် တပည့်များကို လိုအပ်နေသည်ဆိုသော်လည်း သူ မလိုအပ်သည်မှာ ပိုက်ဆံပင်ဖြစ်တော့သည်။ သူ့တွင် အပေါဆုံးမှာ ပိုက်ဆံပင်ဖြစ်၏။

.............

နောက်တစ်ရက်မှာတော့ လီချင်းယန်၏ ညွှန်ကြားမှုအောက်မှာပဲ သံမဏိအရိုးဂိုဏ်း၏ အတွင်းခြံဝန်းများသည် ပြန်လည်၍ ချဲ့ထွင်ကာ ပြင်ဆင်ကြတော့သည်။ တခြားသောတပည့်များမှာတော့ ထုံးစံအတိုင်း ကျင့်ကြံနေကြ သည်။

တခြားတစ်ဖက်တွင်ရှိသော ဂိုဏ်းချုပ်ကျွင်းမှာတော့ မနက်ခင်း လေ့ကျင့်ခန်းများကို ပြုလုပ်ပြီးသည့်နောက် ဟူရန်မြို့ဆီသို့ ခရီးထွက်ခွာလာ၏။

သူသည်အလယ်အလတ်အဆင့် စိတ်ဝိညာဉ်စုစည်းခြင်း ဆေးလုံးဖော်မြူလာအား ယူဆောင်လာခဲ့၏။ သူ့အနေနှင့် ပါဝင်ပစ္စည်းများနှင့် မျိုးစေ့များကို လိုအပ်နေသည် မဟုတ်လား။

“ဂိုဏ်းချုပ်ကျွင်း”

ဆေးဆိုင်ထဲသို့ ဝင်ရောက်ပြီးသည့်နောက်မှာတော့ အိုက်ရှန်းရီသည် အလောတကြီးနှင့် ထွက်လာပြီး ကျေးဇူး တင်စွာဖြင့် ပြောလိုက်၏။ “ချင်းယန်မြို့ကို ကူညီပြီး ကာကွယ်ပေးတဲ့အတွက် တကယ့်ကို ကျေးဇူးတင်လို့ မဆုံးပါဘူး”

“ဒါက ကိစ္စသေးသေးလေးပါ၊ ထုတ်ဖော်ပြောဖို့တောင် မတန်ဘူး” ကျွင်းချောင်ရှောင်း ပြောလိုက်၏။

အိုက်ရှန်းရီ၏ နှုတ်ခမ်းတစ်ခုလုံးသည် တုန်ရင်သွားခဲ့၏။ ကျန်းယန်မြို့မှ လာရောက်တိုက်ခိုက်ကြသော စစ်သည်ပေါင်း သုံးသိန်းကျော်အား ထိပ်တိုက်ရင်ဆိုင်ပြီး တစ်ဖက်မှ စစ်သူကြီး ပိုင်ယွေ့ကွေကိုပင် သတ်ဖြတ်နိုင်ခဲ့သည်။

ထိုသို့သော ကိစ္စသည် ကိစ္စသေးလေး တစ်ခုသာဆိုလျှင် ကိစ္စကြီး ဆိုသည်မှာ မည်သည့်အရာဖြစ်မည်နည်း။

“အိုက်မိသားစုခေါင်းဆောင်”

ကျွင်းချောင်ရှောင်းသည် အဓိကအချက်ကို ပြောလိုက်၏။ “ကျုပ် ဒီဆေးပင်နဲ့ မျိုးစေ့တွေ ဝယ်ယူဖို့ လာခဲ့တာပဲ”

ပြောပြီးသည့်နောက်မှာတော့ သူသည် ပစ္စည်းစာရင်းအား ပြလိုက်၏။

အိုက်ရှန်းရီသည် သေချာကြည့်ရှုပြီးသည့် နောက် ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်း၊ ဒီဆေးပင်တွေနဲ့ပတ်သက်ပြီး လက်ရှိ ပစ္စည်း များများစားစား မရှိဘူးဆိုပေမဲ့ မျိုးစေ့တွေတော့ အများအပြားရှိတယ်”

“ဒါတွေအားလုံးကို ယူသွားမယ်”

ကျွင်းချောင်ရှောင်းသည် လိုရင်းကိုသာ ပြောလိုက်၏။ အကြီးအကဲဝေနှင့် ဆေးခန်းမဆောင်မှ လူများအားလုံးသည် များပြားနေပြီဖြစ်သောကြောင့် မျိုးစေ့များကို ပိုမို၍ စိုက်ပျိုးနိုင်ပေလိမ့်မည်။ ထို့အပြင် သံမဏိအရိုးဂိုဏ်းတွင် စိုက်ပျိုးသော မျိုးစေ့များသည် ပိုမိုကောင်းမွန်သည့် ဆေးပင်များအဖြစ်ကို ရရှိနိုင်လေ၏။

အိုက်ရှန်းရီသည် တစ်နာရီအတွင်းမှာပင် များပြားလှသော မျိုးစေ့များနှင့် ဆေးပင်များကို ယူဆောင်လာခဲ့ပြီ ဖြစ်သည်။

“ဘယ်လောက်ကျလဲ”

“ဂိုဏ်းချုပ်ကျွင်းက ချင်းယန်နိုင်ငံရဲ့ ကပ်ဘေးကြီးကို ဖြေရှင်းပေးခဲ့တယ်၊ ဒီတော့ ကျုပ်က အရမ်းကို ကျေးဇူးတင် တယ်၊ ဒီဆေးပင်တွေကို လက်ဆောင်အဖြစ် ပေးလိုက်ပါ့မယ်”

“ဒါက”

ကျွင်းချောင်ရှောင်းသည် တွန့်ဆုတ်စွာဖြင့် ပြောလိုက်၏။ “ဒါဆိုလည်း ကောင်းပြီ”

သို့ပေမဲ့ သူမထွက်ခွာခင်မှာတော့ အိုက်ရှန်းရီအား ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးနှင့် ခန္ဓာကိုယ်ဖြစ်တည်ခြင်း ဆေးလုံးများကို ပေးအပ်လိုက်၏။

အဓိက လမ်းမပေါ်မှာတော့ ဂိုဏ်းချုပ်ကျွင်းသည် ရှေ့တည့်တည့်သို့ လျှောက်လာ၏။ မြို့ထဲတွင်ရှိသော လူများအားလုံးသည် သူ့အား အလွန်တရာ ကျေးဇူးတင်သည့် အကြည့်ဖြင့် ကြည့်နေကြသည်။

“လီအာ”

သုံးနှစ်အရွယ်ကောင်လေးတစ်ယောက်အား ဖက်၍ လမ်းလျှောက်လာသော အမျိုးသမီးတစ်ယောက်က ပြောလိုက်သည်။ “ဒါက သံမဏိအရိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်လေ၊ သူက ချင်းယန်နိုင်ငံတစ်ခုလုံးရဲ့ ကျေးဇူးရှင်ပဲ”

“အမေ”

ကလေးသည် အလွန်တရာ စိတ်ဆုံးဖြတ်ပြီးသော မျက်နှာဖြင့် ပြောလိုက်၏။ “သားအရွယ်ရောက်တာနဲ့ သံမဏိအရိုးဂိုဏ်းထဲကို ကျိန်းသေပေါက်ဝင်မယ်”

“ဂိုဏ်းချုပ်ကျွင်း”

အဘိုးအိုတစ်ယောက်သည် ဒူးထောက်ကာ ပြောလိုက်၏။ “ကျေးဇူးပြုပြီး ဒီအဘိုးကြီးရဲ့ ဂါရဝပြုမှုကို လက်ခံပေးပါ”

သူသည် ချင်းယန်နိုင်ငံက မဟုတ်ဘဲ လွန်ခဲ့သည် နှစ်တစ်ရာတုန်းက သူ၏ မိသားစုနှင့်အတူ ဤနိုင်ငံဆီသို့ ရွှေ့ပြောင်းရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ အဘယ်ကြောင့် ရွေ့ပြောင်းလာခဲ့သနည်းဆိုသော် သူ၏ မွေးရပ်မြေသည် စစ်ပွဲကြောင့် ပြာကျခဲ့ရသောကြောင့်ပင်ဖြစ်သည်။ ထိုကဲ့သို့သော အတွေ့အကြုံမျိုးကို ရရှိခဲ့ဖူးသော အဘိုးအိုတစ်ယောက် ဖြစ်သည်မို့ စစ်ပွဲ၏ အနိဠာရုံနှင့် ရက်စက်မှုများ၏ ကြောက်မက်ဖွယ်ရာကောင်းခြင်းကို ကောင်းကောင်း နားလည် ခဲ့ပြီးဖြစ်သည်။

လောကကြီးတွင် ငြိမ်းချမ်းသည့်ဘဝနှင့် နေထိုင်ရခြင်းက အလွန်တရာ အရေးကြီးကြောင်း သူနားလည်ပြီး ဖြစ်သည်။ ထို့ကြောင့်ပင် ဂိုဏ်းချုပ်ကျွင်းအား လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်စွာဖြင့် ဒူးထောက်ဂါရဝပြုနေခြင်း ဖြစ်သည်။

“အဘိုး... ကျေးဇူးပြုပြီးထပါ”

ကျွင်းချောင်ရှောင်းသည် သူ၏ အင်္ကျီလက်ကို ယမ်းခါပြီး စိတ်ဝိညာဉ်စွမ်းအင်များကို စုစည်းကာ ဒူးထောက်လျက် ရှိသော အဘိုးကြီးကို ဖေးမရန် ပြင်ဆင်လိုက်၏။ သို့ပေမဲ့ သူကူညီရန် ပြင်နေတုန်းမှာပဲ လမ်းပေါ်တွင်ရှိသော လူများအားလုံးသည် မြေပေါ်သို့ ဒူးထောက်ထိုင်ချလိုက်ကြသည်။

“ဂိုဏ်းချုပ်ကျွင်း”

အားလုံးသည် ဦးညွတ်ကာ ပြောလိုက်ကြ၏။ “ကျေးဇူးပြုပြီး ကျုပ်တို့ရဲ့ ဂါရဝပြုမှုကို လက်ခံပေးပါ”

“ဒါ …. ဒါက”

ကျွင်းချောင်ရှောင်းသည် အလွန်တရာ ရှက်ရွံ့သွားမိ၏။ ထို့ကြောင့် သူသည် အလောတကြီး ပြန်လည်ထွက်ခွာ လာခဲ့သည်။

သို့ပေမဲ့ သူ လူသူကင်းရှင်းသော တည်နေရာဆီသို့ လျှောက်လာချိန်မှာတော့ အမှောင်ဆီမှ အမဲရောင် အရိပ်နှစ်ခုသည် ရုတ်တရက် ထွက်ပေါ်လာ၏။ ၎င်းတို့၏ ခန္ဓာကိုယ်ဆီမှ စိတ်ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်လာသည်။ အော်ရာများကို ကြည့်ရှုလိုက်မယ်ဆိုလျှင် ကျိန်းသေပေါက် သိုင်းဘုရင်များပင် ဖြစ်လို့နေ၏။

ဘုန်း … ဘုန်း

ကျွင်းချောင်ရှောင်းသည် ရုတ်တရက် အနောက်ကိုလှည့်၍ တစ်ဖက်မှ ခြုံခိုတိုက်ခိုက်လာသောသူများကို တိုက်ရိုက် ပင် ပြန်လည်တိုက်ခိုက်လိုက်၏။

အမဲရောင်ဝတ်စုံနှင့် လူနှစ်ယောက်တို့သည် မြေပေါ်သို့ အသာဆင်းသက်လိုက် ပြီးနောက် အနောက်သို့ လန်ထွက်သွားကြ၏။ ၎င်းတို့၏ မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်နေ၏။ သူတို့သည် သေချာပုန်းအောင်းနေပြီး ရုတ်တရက်ထွက်ကာ တိုက်ခိုက်လိုက်ခြင်း ဖြစ်၏။ သို့ပေမဲ့ တစ်ဖက်လူ၏ တန်ပြန်တိုက်ခိုက်မှုမှာ အလွန်တရာ မြန်ဆန်လှ၏။

ကျွင်းချောင်ရှောင်းသည် လက်ဝါးကို အသာရုတ်ကာ နှာခေါင်းရှုံ့လိုက်၏။ “ခင်ဗျားတို့နှစ်ယောက် ကျုပ်အနောက်ကိုလိုက်နေတာ တော်တော်ကြာပြီ မဟုတ်လား”

ဟုတ်ပေသည်။ သူတို့သည် ဟူရန်မြို့မှာကတည်းက ဂိုဏ်းချုပ်ကျွင်းအနောက်ကို လိုက်လံကြည့်ရှုနေကြခြင်း ဖြစ်၏။

“ဂိုဏ်းချုပ်ကျွင်း”

အလွန်တရာ ကြမ်းတမ်းပုံပေါ်ပြီး အသက်သုံးဆယ်နီးပါးခန့် ရှိသော အမဲရောင်ဝတ်စုံနှင့်လူသည် လက်သီးကို ဆုပ်ကာ ပြောလိုက်၏။ “ခင်ဗျားရဲ့အားအင်အဆင့်က တကယ့်ကို အားကောင်းလွန်းတယ်၊ ကျုပ်တို့ ညီအစ်ကို နှစ်ယောက်က ချီးကျူးပါ တယ်”

ကျွင်းချောင်ရှောင်းသည် ထူးမခြားနားသလို ပြောလိုက်၏။ “ခင်ဗျားတို့က ကျန်းယန်နိုင်ငံကလား”

“မဟုတ်ပါဘူး”

“နတ်ဆိုးမိစ္ဆာဂိုဏ်းကလား”

“မဟုတ်ပါဘူး”

“ဒါဆိုရင် သတ်ဖြတ်ခြင်းနတ်ဘုရားကျောင်းကလား”

“ဒါလည်း မဟုတ်ပါဘူး”

ကျွင်းချောင်ရှောင်း ဇဝေဇဝါ ဖြစ်သွား၏။ သူ့အနေနှင့် ဤရန်သူအနည်းငယ်သာရှိ၏။ ထိုအထဲမှ တစ်ယောက်မှ မဟုတ်ဘူးဆိုလျှင် မည်သူ စေလွှတ်လိုက်သနည်း။

“ဂိုဏ်းချုပ်ကျွင်း”

အမဲရောင်ဝတ်စုံနှင့်လူသည် လက်သီးကို ဆုပ်ကာ ပြောလိုက်၏။ “ကျုပ်တို့ ညီအစ်ကိုနှစ်ယောက်က ဂိုဏ်းလည်း မရှိပါဘူး၊ တစ်နှစ်ပတ်လုံး ကျင့်ကြံခြင်းလောကထဲမှာ လျှောက်သွားနေကြတယ်၊ ကျုပ်တို့ သံမဏိအရိုးဂိုဏ်းထဲကိုဝင်ချင်တယ်”

ဟမ်

ကျွင်းချောင်ရှောင်း ကြောင်သွား၏။ သိုင်းဘုရင်နှစ်ယောက်သည် သံမဏိအရိုးဂိုဏ်းထဲသို့ ဝင်ရောက်ရန် စတင်ကာ တောင်းဆိုလျက်ရှိသည်။ ဤအရာမှာ ထူးဆန်းလွန်းလှချေ၏။

All Chapters