အခန်း (၄၉၇)
Vol. 34 Ch. 497
လူသားတို့သည် သံနှင့် ပြုလုပ်ထားသော အရာများ မဟုတ်ကြပေ။
ထို့ကြောင့် အစားအစာ စားသောက်ခြင်းကို မပြုလုပ်ပါက ကျိန်းသေပေါက် ဆာလောင်ငတ်မွတ်နေလိမ့်မည်။ ထို့အပြင် အားအင်လည်း ပြတ်လတ်နေမှာ သေချာသည်။
အစားခြောက်ရက်၊ ခုနစ်ရက်လောက် မစားခဲ့ရသော ဂိုဏ်းချုပ်ကျွင်းသည် သူ၏ တပည့်များ အရှေ့တွင် သိုင်းကွက်ထုတ်ပြန် ပြင်ဆင်နေချိန်မှာပဲ ခန္ဓာကိုယ်သည် စိတ်စေရာနောက်သို့ မလိုက်နိုင်ဘဲ အဓိက ခန်းမဆောင်ပေါ်မှ ပြုတ်ကျသွားတော့သည်။
……....
စားသောက်ခန်းထဲမှာတော့ ခေါင်းပေါ်တွင် ကြီးမားလှသော ဘုကြီးတစ်လုံးဖြစ်လျက်ရှိသော ကျွင်းချောင်ရှောင်းသည် အစားအသောက်များကို အငမ်းမရစားသောက်နေသည်။
သူ၏ ဘေးနားမှာတော့ ပန်းကန်လွတ်အများအပြား တည်ရှိနေသည်။
"ဂိုဏ်းချုပ် ဖြည်းဖြည်းစားပါ နင်သွားလိမ့်မယ်" လျိုဝမ်ရှစ်သည် စိတ်ပူပန်စွာဖြင့် ပြောလိုက်သည်။
နောက်ထပ် ဟင်းတော်တော်များများကို စာသုံးပြီးသည့်နောက်မှာတော့ ထမင်းတစ်ပန်းကန် ထပ်ကုန်သွားခဲ့သည်။
ကျွင်းချောင်ရှောင်းသည် သူ၏ တူအား ဘေးသို ချ၍ ပါးစပ်အား သုတ်လိုက်သည်။ "တုတု …. မင်းရဲ့ ချက်ပြုတ်ခြင်းစွမ်းရည်က ပိုပြီးတော့ ကောင်းလာတယ်"
တကယ်တမ်းမှာတော့ ချက်ပြုတ်ခြင်းစွမ်းရည်သည် ပိုမိုကောင်းလာခြင်းမဟုတ်ပေ။
အချိန်အတော်ကြာမစားခဲ့ရသောကြောင့် ဆာလောင်နေခြင်းသာဖြစ်တော့သည်။ လက်ရှိအချိန်တွင် ဂေါ်ဖီထုပ်အစိမ်းများကို ကျွေးလျှင်ပင် အတော်အရသာရှိသည်ဟု ပြောဆိုမှာ သေချာ၏။
"ဂိုဏ်းချုပ်"
လျိုဝမ်ရှစ်သည် မျက်လုံးများကို ပေကလပ် ပေကလပ် လုပ်ကာ ပြောလိုက်သည်။ "အရှေ့တောင်ရန်ကျူးမှာ ကျင်းပမယ့် စားဖိုမှုးပြိုင်ပွဲက တစ်လအတွင်းမှာ စတော့မယ်"
ဟမ်
ကျွင်းချောင်ရှောင်းသည် ခေါင်းကိုကုတ်ကာ ကြောင်အအဖြင့် ပြောလိုက်သည်။ "မင်းငါ့ကို မပြောလို့ရှိရင် ငါ မေ့ကို နေတာပဲ"
သူ့အနေနှင့် လက်ရှိတွင် များပြားလှသော ကိစ္စရပ်များကို ပြုလုပ်ခဲ့ရသည်။ ထို့ကြောင့် သူသည် ဤကိစ္စအား မေ့လို့နေ၏။
လျိုဝမ်ရှစ်သည် အလိုမကျသလို ပြောလိုက်၏။ "ဂိုဏ်းချုပ် ဒီကိစ္စကို လေးလေးနက်နက် မထားဘူးဆိုတာ ကျွန်မ သိသားပဲ"
"စိတ်မပူနဲ့"
ကျွင်းချောင်ရှောင်းသည် သူမ၏ ခေါင်းအား အသာပုတ်ကာ ပြောလိုက်သည်။ "ငါမင်းကို ပြိုင်ပွဲဝင်ဖို့ ခေါ်သွားမယ်။ချက်ပြုတ်ခြင်း နတ်ဘုရားဆိုတဲ့ နာမည်ကို တစ်လောကလုံးကို သိစေရမယ်"
သူသည် မကြာသေးခင်ကပင် လျိုဝမ်ရှစ်ကို ခေါ်ဆောင်သွားရန် ကတိပေးခဲ့၏။
လက်ရှိအချိန်တွင် ကျန်းယန်နိုင်ငံ၏ ကိစ္စသည်လည်း ဖြေရှင်းပြီးဖြစ်သောကြောင့် တစ်ခြား လုပ်စရာလည်း မရှိပေ။ ထို့ကြောင့် အချိန်ပိုရှိတုန်း ပြင်ပလောကဆီသို့ လျှောက်သွားပေရလိမ့်မည်။
အခါအခွင့်သင့်လျှင် သိုင်းဘုရင် ၄၉၈၈ယောက်လောက်ကို ဂိုဏ်းအတွင်းသို ထပ်မံ ခေါ်ယူရန် အခွင့်အရေးရလျှင် ရလာပေလိမ့်မည်။
ကျွင်းချောင်ရှောင်း စိတ်ကူးယဉ်နေတုန်းမှာပဲ လျိုဝမ်ရှစ်သည် စားပွဲပေါ်သို့ ထမင်းနောက်တစ်ပန်းကန်ကို တင်ကာ ပြောလိုက်သည်။ "ဒါက လက်ရှိမှာ သုတေသန လုပ်ထားတဲ့ ထမင်းကြော်လေ။ဒါကို စားပြီးရင် ကျင့်ကြံခြင်း အဆင့်တွေ ပိုပြီးတော့ တိုးလာလိမ့်မယ်။ ဂိုဏ်းချုပ် စားကြည့်ပါအုံး"
ကျွင်းချောင်ရှောင်းသည် ချက်ချင်းဆိုသလိုပဲ သတိအနေနှင့် ဖြစ်သွား၏။
သူသည် ဤမိန်းကလေး ဖန်တီးခဲ့သော အားအင်တိုးတက်ခြင်း အစားအစာအား တစ်ကြိမ်စားခဲ့ဖူး၏။ နောက်ဆုံးမှာတော့ ဆေးကုသဆောင်သို့ ခေါ်ယူ၍ အရေးပေါ်ကုသမှုကိုပင် ပြုလုပ်ခဲ့ရဖူးသည်။
ထိုကိစ္စသည် သူ၏ နှလုံးသားထဲတွင် အရိပ်မဲကြီး တစ်ခုလို စိုးမိုးထား၏။
လျိုဝမ်ရှစ်သည် လေးလေးနက်နက် ပြောလိုက်၏။ "ဂိုဏ်းချုပ် ကျွန်မက ဆေးပင်တွေ အကြောင်းကို အတော်သိသွားပြီလေ။ ဒီတစ်ကြိမ် အစားအစာတွေကို ပိုမိုကောင်းမွန်အောင် လုပ်တဲ့ နေရာမှာ အဆိပ်မဖြစ်တော့ပါဘူး။ကျေးဇူးပြုပြီး စိတ်မပူဘဲ လွတ်လွတ်လပ်လပ် စားပါ"
ကျွင်းချောင်ရှောင်းသည် စိတ်ပူနေတုန်းပင်ဖြစ်သည်။
သို့ပေမဲ့ ဤမိန်းကလေး၏ မျက်နှာပေါ်တွင် ရှိသော မျှော်လင့်တကြီးအရိပ်အယောင်များကို မြင်ရချိန်မှာတော့ သူ မငြင်းပယ်နိုင်တော့ချေ။။
ထို့ကြောင့် သူသည် ထမင်းပန်းကန်အား ကောက်ကိုင်လိုက်၏။ ပြီးနောက် စားသောက်ခန်းပြင်ပဆီသို့ ထွက်သွားသည်။
ဂိုဏ်းချုပ်ကျွင်းသည် အပြင်ဘက်တွင် ဘောလုံးကစားလျက်ရှိသော စုရှောင်မိုအား လှမ်းခေါ်ကာ ပြောလိုက်၏။ "ရော့ … ဒီထမင်းကြော်စားအုံး"
သူကိုယ်တိုင်မစားရဲဘူးဆိုမှတော့ သူတပည့်အား စားခိုင်းမှ ဖြစ်ပေလိမ့်မည်။
"ဂိုဏ်းချုပ် "
စုရှောင်မို ပြောလိုက်သည်။ "တပည့် အခုလေးတင် စားလာတာ မဆာသေးပါဘူး"
"ငါက စားလို့ ပြောရင် စားသာ စားလိုက်စမ်းပါ။ပေါက်ကရတွေ ပြောမနေနဲ့"
အင်း
စုရှောင်မိုသည် ထမင်းပန်းကန်အား အသာယူလိုက်၏။
ပြီးနောက် တူကို ကောက်ကိုင်ကာ စားသုံးရန် ပြင်လိုက်ချိန်မှာပဲ လျိုဝမ်ရှစ်သည် ပြုံး၍ အားရပါးရ ပြောလိုက်သံသည် နားထဲသို့ တိုးဝင်လာသည်။ "စီနီယာအစ်ကို ဒါက ကျွန်မ ဖန်တီးထားတဲ့ အားအင်တိုးတက်ခြင်း အစားအစာပဲ။ ဒါကို စားပြီးရင် စီနီယာအစ်ကိုရဲ့ အားအင်တွေ ပိုပြီးတော့ တိုးလာလိမ့်မယ်။"
ဟမ်
စုရှောင်မို ကြောင်သွား၏။
သူသည် ဂိုဏ်းချုပ်တစ်ယောက် ပါးစပ်ထဲမှ အမြုပ်တွေ ထွက်၍ တစ်ကိုယ်လုံး တွန့်လိမ်နေသည့် မြင်ကွင်းကို ပြန်လည်၍ မြင်ယောင်လာမိသည်။
"ဂိုဏ်းချုပ်"
သူသည် ငိုတော့မလို ပြောမိ၏။ "ဒါကို တပည့် မစားလို့ မရဘူးလား"
"စားကို စားရမယ်"
ကျွင်းချောင်ရှောင်းသည် ဆေးလုံးတစ်လုံးကို ထုတ်ယူကာ ပြောလိုက်သည်။ "ဒါက အဆိပ်ဖြေဆေးပဲ။တစ်စုံတစ်ခု မှားယွင်းသွားတယ်ဆိုရင် မင်းချက်ချင်း သောက်လိုက်လို့ ရတယ်"
အဆိပ်ဖြေဆေးကိုပါ အစောကတည်းက ပြင်ဆင်နေပြီးဖြစ်သည်။
ယနေ့တွင် သူသည် သေဆုံးရမည် ဆိုလျှင်တောင် ထိုက်ထိုက်တန်တန် သေဆုံးရတော့မည် ဖြစ်သည်။ ဂိုဏ်းချုပ်သည် စေတနာကြီးလှစွာဖြင့် သူ့အတွက် အဆိပ်ဖြေဆေးကိုပင် ထုတ်ပေးနေသည် မဟုတ်လား။
"ဂိုဏ်းချုပ်"
စုရှောင်မိုသည် ထမင်းကြော်ပန်းကန်လုံးလေးအား ကောက်ကိုင်ကာ စိတ်ဆုံးဖြတ်ထားသော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်၏။ "တပည့်က နောက်ဘဝမှာဆိုရင်လည်း သံမဏိအရိုးဂိုဏ်းသားပဲ ဖြစ်ရမယ်"
ပြောပြီးသည့်နောက် သူသည် ထမင်းကြော်အား ပါးစပ်နှင့် အပြည့် ဝါးကာ မြိုချလိုက်တော့သည်။
စုရှောင်မို၏ အမူအရာသည် ပြောင်းလဲသွား၏။ သူ၏ မျက်နှာပေါ်ရှိ ကြွက်သားများသည် တုန်ရင်သွားသည်။ အဆိပ်မိသွားသည်ဟု အားလုံးက ထင်မှတ်မိကြသည်။
ဂိုဏ်းချုပ်ကျွင်းသည် မြန်မြန်ဆန်ဆန်ဆိုသလိုပဲ အဆိပ်ဖြေဆေးကိုယူကာ ၎င်း၏ ပါးစပ်ထဲထည့်ရန် ပြင်လိုက်၏။
သို့ပေမဲ့ စုရှောင်မိုသည် ထမင်းကြော်များ ပါးစပ်ထဲရောက်ပြီးသည့် နောက်မှာတော့ ပျော်ရွင်စွာဖြင့် ပြောလိုက်သည်။ "ဂိုဏ်းချုပ် ဒီထမင်းကြော်က အရသာရှိရုံတင်မဟုတ်ဘူး အားအင်တွေကိုလည်း တိုးတက်စေနိုင်တယ်"
ဟမ်
ကျွင်းချောင်ရှောင်း ဆွံ့အသွားမိ၏။
……...
ဘန်း
စုရှောင်မိုသည် အားအင်စမ်းသပ်ခြင်းစက်အား လက်သီးဖြင့် ထိုးလိုက်၏။
သူ၏ အားအင်အဆင့်သည် ဂျင်လေးသိန်းခန့် ရှိနေ၏။ ပုံမှန်အားဖြင့် ၎င်း၏ အားအင်သည် ဂျင်သုံးသိန်း ခုနစ်သောင်းသာဖြစ်သည်။ ပြောရမည်ဆိုလျှင် လျိုဝမ်ရှစ်၏ ထမင်းကြော်ကို စားပြီးသည့်နောက် သူ၏ အားအင်အဆင့်သည် ဂျင်သုံးသောင်းခန့် တိုးလာခြင်းပင်ဖြစ်သည်။။
အချို့သောသူများအတွက် ဤအရာသည် များပြားလှသော အရာမဟုတ်ဟု ပြောစရာရှိ၏။ သို့ပေမဲ့ ထမင်းကြော်တစ်ပန်းကန်ကို စားလိုက်ရုံဖြင့် ဂျင်သုံးသောင်း တိုးသွားခြင်းဖြစ်သည်။ ဆေးလုံးနှင့် အားအင်တိုးတက်ခြင်း အဆောင်များကို အသုံးပြုခဲ့ခြင်း မဟုတ်ပေ။ အစားအစာ စားသုံးပြီးသည့်နောက်မှာတော့ ဤကဲ့သို့ တိုးတက်သွားသည် ဆိုသည်မှာ မယုံကြည်နိုင်ဖွယ်ရာပင်။
"ငါစမ်းကြည့်မယ်"
ကျွင်းချောင်ရှောင်းသည် လျိုဝမ်ရှစ်ဆီမှ ထမင်းကြော်တစ်ပန်းကန်အား လှမ်းယူ၍ အားရပါးရ စားသောက်လိုက်၏။
ပြီးနောက် သူသည် အားအင် စမ်းသပ်ခြင်းစက်အား လက်သီးဖြင့် ထိုးလိုက်သည့် အချိန်မှာတော့ ဂျင် ၄.၄ သန်းဟူသည် ဂဏန်းအား ပြသလျက်ရှိ၏။ ဂျင်လေးသိန်းခန့် တိုးသွားခြင်း ဖြစ်သည်။
စနစ်မှ ပြောလိုက်သည်။ "ဒီမိန်းကလေး လုပ်ထားတဲ့ ထမင်းကြော်ဆီမှာ ပါဝင်တဲ့ ဓာတ်သဘာဝတွေက လက်ခံသူရဲ့ အားအင်ကို တစ်ဆယ်ရာခိုင်နှုန်း ပိုပြီးတော့ တိုးစေတယ်။"
အားအင်တိုးတက်ခြင့် အဆောင်နှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် လျိုဝမ်ရှစ်၏ ထမင်းကြော်သည် အားအင်တိုးတက်မှုတွင် ဘာမှ သိပ်မသိလှချေ။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် အလွန်တရာ ပျော်ရွင်မိ၏။
ထို့အပြင် အစားအသောက်များကို ဖန်တီးရာတွင် မည်သည့် ဆေးပင်မှ ထည့်သွင်းစရာ မလိုချေ။ ထိုသို့သော အစားအစာမျိုးကို စားရုံနှင့် တိုက်ခိုက်ခြင်း အားအင် ဆယ်ရာခိုင်နှုန်း တိုးသွားသည်ဆိုသည်မှာ ကောင်းမွန်သည့် အရာပင် ဖြစ်တော့သည်။
"ဒါက ဘယ်လောက်လောက် ခံနိုင်လဲ" ကျွင်းချောင်ရှောင်း မေးလိုက်၏။
သေသေချာချာ သုံးသပ်ပြီး နောက်မှာတော့ စနစ်က ပြောလိုက်သည်။ "လက်ခံသူရဲ့ အစားအစာ ကုန်ဆုံးမှုကို ကြည့်မယ်ဆိုရင် နှစ်နာရီလောက်ကြာနိုင်တယ်။"
"မဆိုးဘူး"
ကျွင်းချောင်ရှောင်းသည် လျိုဝမ်ရှစ်ကို ကြည့်ကာ ပြောလိုက်၏။ "တုတု … ဒီထမင်းကြော်ရဲ့ အစွမ်းက မယုံနိုင်စရာပဲ။"
“ဟဲ ဟဲ”
ဂိုဏ်းချုပ်၏ ချီးကျုးမှုကို ရရှိပြီးသည့်နောက်မှာတော့ လျိုဝမ်ရှစ်သည် တောက်ပစွာ ပြုံးလိုက်၏။
ကျွင်းချောင်ရှောင်း ပြောလိုက်၏။ "ဒါကို နည်းနည်း မဟုတ်ဘဲ များများ ကြော်လို့ ရနိုင်လား။ဒါဆိုရင် ဗိုက်လည်း ဝမယ်၊ အားလည်း တိုးမယ်"
"အိုးကြီးတစ်အိုးလောက် ကြော်ဖို့ အတွက်ကတော့ ပြသနာမဟုတ်ပါဘူး" လျိုဝမ်ရှစ် ပြောလိုက်သည်။
"ဒါဆို ဘာကို စောင့်နေတာတုန်း"
ကျွင်းချောင်ရှောင်း ဆော်ဩလိုက်သည်။ "မြန်မြန်သွားကြော်လေ ကြော်နိုင်သလောက်သာ ကြော်တော့..."
လျိုဝမ်ရှစ်၏ အားအင်တိုးတက်ခြင်း ထမင်းကြော်သည် အလွန်တရာ မှော်ဆန်လွန်းလှ၏။
သူမသည် အကြီးအကဲဝေဆီမှ ဆေးပင်များနှင့် ပတ်သတ်၍ သင်ယူလေ့လာပြီးနောက်မှာတော့ စမ်းသပ်မှုများကို သေသေချာချာ ပြုလုပ်နိုင်စွမ်းရှိလာပြီဖြစ်သည်။
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ကောင်းအောင် ကြိုးစား"
"ကောင်းပါပြီ"
လျိုဝမ်ရှစ်သည် ခေါင်းညိတ်ကာ ပြောလိုက်၏။
ကျွင်းချောင်ရှောင်းသည် ရရှိလာသော ထမင်းကြော်များအား တပည့်များကို ခွဲခြမ်းပေးလိုက်ပြီးသည့်နောက်မှာတော့ ပန်းကန်လုံးကြီးတစ်လုံးကို ယူဆောင်ကာ သူ၏ သိုလှောင် လက်စွပ်ထဲသို့ သိမ်းလိုက်သည်။
တစ်ခြားသော ကျင့်ကြံသူများ သိုလှောင်လက်စွပ်ထဲသို့ သိမ်းဆည်းထားကြသည်မှာ ဆေးလုံးများ သလင်းအမြုတေများ၊ ငွေကြေးများနှင့် များပြားလှသော သိုင်းအရင်းအမြစ်များ ဖြစ်ပေလိမ့်မည်။
သို့ပေမဲ့ သံမဏိအရိုးဂိုဏ်းချုပ်မှာတော့ထမင်းကြော်များကို သိမ်းဆည်းလျက်ရှိနေသည်။ သောက်ကျိုးနည်းလှချေသည်တကား။
အဓိကဟောခန်းထဲမှ ပြုတ်ကျပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ဓားတစ်သောင်းကျမ်းအား ပြသရန် မစဉ်းစားတော့ချေ။
ထို့ကြောင့် နင်ညီအစ်ကို ကို ခေါ်ယူ၍ လွန်ခဲ့သည့်လ အတွင်း တပည့်များအား သင်ကြားပြသမှု အခြေအနေအား ကြည့်ရှု စစ်ဆေးလိုက်သည်။ ၎င်းတို့၏ စွမ်းဆောင်ရည်သည် မဆိုးလှချေ။ကြီးမားသည့် အကျိုးကျေးဇူးကို ရရှိလာကြသည်။
၎င်းတို့၏ စွမ်းဆောင်ရည်ကို ကြည့်ရှု စစ်ဆေး ကြည့်ရှုပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် နင်ညီအစ်ကိုများအား ရာထူးများ ပေးအပ်လိုက်သည်။
လက်ရှိအခြေအနေမှာတော့ သံမဏိအရိုးဂိုဏ်းတွင် အကြီးအကဲ သုံးယောက်ရှိလို့နေ၏။ အားလုံးသည် သိုင်းဘုရင်များ ဖြစ်တော့သည်။ အဆင့်ငါးဂိုဏ်းများပင်လျှင် ၎င်းတို့အား နှိုင်းယှဉ်၍ မရနိုင်ချေ။
စီစဉ်စရာရှိသည်များကို စီစဉ်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ဆေးဟောခန်းထဲသို့ ရောက်ရှိလာပြီး ဆေးပင်များကို လာရောက်သိမ်းဆည်းတော့သည်။
မျိုးစေ့ခန်းထဲတွင် သန့်စင်ပြီးနောက်မှာတော့ အကြီးအကဲဝေကိုယ်တိုင် သေချာစိုင်ပျိုးထားသည်မို့ အသစ်ဖြစ်တည်လာသော ဆေးပင်များသည် စိတ်ဝိညာဉ်စွမ်းအင်များနှင့် အလွန်များပြားလာ၏။
ဒင် ဒင်
အလယ်အလတ်အဆင့် ဆေးလုံးများအား ဆက်တိုက်သန့်စင်လျက်ရှိသည်။
ကျွင်းချောင်ရှောင်းသည် ဆေးလုံးတစ်လုံးကို ကောက်ယူပြီးသည့်နောက်မှာတော့ ယခင် သူဖော်စပ်ခဲ့သော ဆေးလုံးများထက် စိတ်ဝိညာဉ်စွမ်းအင် စုစည်းမှုမှာ ငါးဆယ်ဆသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိလိုက်၏။
"ငါ့ရဲ့ သံမဏိအရိုးဂိုဏ်းက ကျင့်ကြံခြင်း အဆင့်တွေ ပိုပြီးတော့ မြန်လာလိမ့်မယ်။ဒါကိုတောင်မှ မတိုးတက်ဘူးဆိုရင်တော့ အဓိပ္ပာယ် မရှိ ဖြစ်လိမ့်မယ်...."
"ဂိုဏ်းချုပ်"
လဝက်ခန့်ကြာပြီးသည့်နောက်မှာတော့ လျိူဝမ်ရှစ်က ပြောလိုက်၏။
"စားဖိုမှုးပြိုင်ပွဲ စတော့မယ်။ ဘယ်အချိန်သွားကြမလဲ"
"မနက်ဖြန်သွားကြမယ်" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
"ကောင်းပြီ"
နောက်တစ်ရက်မှာတော့ လျိုဝမ်ရှစ်သည် သူမနှင့် ဂိုဏ်းချုပ်အတွက် အရသာရှိလှသော အစားအစာများကို ပြင်ဆင်ပေး၏။ နှစ်ယောက်သား စားသောက်ပြီးသည့်နောက်မှာတော့ စိတ်လွတ်ကိုယ်လွတ်နှင့် နှစ်ယောက်သား အပြင်ဘက်သို့ ထွက်လိုက်ကြ၏။
သူတို့သွားရာနေရာသည် ကောင်းကင်ဘုံမြို့တော်ပင် ဖြစ်သည်။
သူသည် တစ်ခြားကမ္ဘာသို့ ဝိညာဉ်ကူးပြောင်း ရောက်ရှိလာခဲ့သည်မှာ နှစ်နှစ် နီးပါးခန့် ရောက်ရှိတော့မည် ဖြစ်သည်။ အရှေ့တောင်ရန်ကျူး၏ အကြီးမားဆုံးသော မြို့သို့ သွားသည်မှာ ပထမဦးဆုံး အကြိမ်သာ ဖြစ်၏။
ထို့ကြောင့် အလွန်တရာ ကွာခြားသည့်အရာများကို သိချင်နေမိတော့၏။ လောကကြီး မည်မျှကျယ်ပြောသနည်း။