အခန်း (၄၉၈)
Vol. 34 Ch. 498
စားဖိုမှုးပြိုင်ပွဲယှဉ်ပြိုင်ရန်အတွက် အချိန်သည် လဝက်ခန့် လိုအပ်နေသေး၏။
ကျွင်းချောင်ရှောင်းသည် လျိုဝမ်ရှစ်ကို ခေါ်၍ ထွက်ခွာသွားလိုက်သည်။
သူသည် တစ်ခြားတပည့်များအား သူနှင့် မခေါ်ဆောင်သွားခဲ့ချေ။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့၏ ကျင့်ကြံခြင်းများကို ဖြစ်နိုင်သမျှ ပိုမိုတိုးတက်စေရန် မျှော်လင့်မိသောကြောင့်ပင် ဖြစ်၏။
အလယ်အလတ်အဆင့် ချီစုစည်းခြင်း ဆေးလုံးတစ်ထောင်ကျော်တို့အား သူသည် ဆေးလုံးဖြန့်ဝေခြင်းစက် ထဲသို့ ထည့်သွင်းပေးခဲ့၏။ တပည့်များအနေနှင့် သတ်မှတ်ထားသော အချိန်ကာလတွင် ထိုဆေးလုံးများကို ရယူနိုင်သည်။
ဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဂိုဏ်းချုပ်ကျွင်းသည် အလုံးစုံတာဝန်ယူထား၏။
တကယ်လို့ သိုလှောင်လက်စွပ်ချင်း ချိတ်ဆက်ပြီး အသုံးပြုနိုင်သော ပစ္စည်းတစ်ခုသာ ရှိမယ်ဆိုရင် ဆေးလုံးတွေ လက်နက်တွေနဲ့ တစ်ခြားသောအရာတွေကို ဖြန့်ဝေပေးနိုင်မှာပဲ။ ကျွင်းချောင်ရှောင်း တွေးလိုက်မိသည်။
စနစ်က ပြောလိုက်သည်။ "ရှိတာပေါ့ ဒါပေမဲ့ ကံတရားပေါ်မူတည်တယ်လေ။"
"တကယ်ရှိတာလား" ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် လင်းလက်သွားသည်။
သူသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် သွားလာနေတုန်း သူ၏ တပည့်များ ဆေးလုံး ပြတ်သွားလျှင် အဘယ်သို့ လုပ်မည်နည်း။
ရိုးရှင်းလှပေသည်။
အကြီးအကဲဝေသည် ဆေးပင်များကို သိုလှောင်လက်စွပ်မှ ပို့ဆောင်ပေးလိမ့်မည်။ သူသည် ထိုအရာများကို ပြန်လည်သန့်စင်၍ ဆေးလုံးဖြန့်ဝေခြင်းစက်ဆီ ပြန်လည်ဖြန့်ဝေပေးလိုက်မည်။
တွေးကြည့်လိုက်သည်နှင့် ကျွင်းချောင်ရှောင်းသည် ထိုအရာအား ရရှိရန် မျှော်လင့်မိနေသည်။
ပြောမည်ဆိုလျှင် သူသည် အဘယ့်ကြောင့် ဆေးလုံးများကို သန့်စင်ရန် ဆေးပညာရှင်များကို မငှားရမ်းသနည်း။
စနစ်၏ ဆေးခန်းမဆောင်သည် ခလုတ်တစ်ချက်နိုပ်ရုံဖြင့် ဆေးလုံးများကို လွယ်လွယ်ကူကူ သန့်စင်နိုင်၏။ ထို့အပြင် စနစ်မှ သန့်စင်ပေးလိုက်သော ဆေးလုံးများသည် အလွန်တရာ အားကောင်းလွန်းလှ၏။ ထို့ကြောင့် သူသည် အဘယ့်ကြောင့် ဆေးပညာရှင်ကို ဌားရမ်းရန် လိုအပ်နေမည်နည်း။
ဂိုဏ်းချုပ်ကျွင်းသည် လူတစ်ယောက်တည်းသာ ဖြစ်သည်ဆိုသော်လည်း များပြားလှသော အရာများကို ပြုလုပ်နိုင်သည်။
ဆေးလုံးဖော်စပ်ခြင်း၊ လက်နက်သွန်းလုပ်ခြင်း ၊ အဆောင်ဖန်တီးခြင်းနှင့် စိတ်ဝိညာဉ်လက်နက်များ ဖြစ်တည်အောင် ဖန်တီးခြင်းတို့ကို သူတစ်ယောက်တည်း ပြုလုပ်နိုင်၏။ သူသည် အနှိုင်းမဲ့တည်ရှိသူ နီးပါးပင်။
ပို၍ အံ့အားသင့်စရာကောင်းသည်မှာ သူ့အနေနှင့် ထိုအရာများကို ကိုယ်တိုင်လုပ်ရန် မလိုအပ်ခြင်းပင်။
ဟူး …။
လှပလှသည့် တောနက်တည်နေရာသို့ ရောက်ချန်မှာတော့ ကျွင်းချောင်ရှောင်းသည် လက်နှစ်ဖက်ကို ဖြန့်ကားကာ တိုက်ခိုက်လာသည့် လေပြည်ညှင်းများကို ရှူရှိက်လိုက်၏။ သူ သက်ပြင်းချလိုက်သည်။ "တစ်ခါတစ်လေ အပြင်ဘက်ကို ထွက်လာပြီး စိတ်လက် အပန်းဖြေရတာ မဆိုးဘူးပဲ"
လျိူဝမ်ရှစ်သည် ကျောက်တုံးတစ်ခုပေါ်တွင် ထိုင်၍ လက်နှစ်ဖက်ကို မေးထောက်လျက်ရှိနေသည်။ သူမ၏ မျက်နှာသည် ခန့်မှန်းရ ခက်နေ၏။
"ဘာတွေ စဉ်းစားနေတာလဲ" ကျွင်းချောင်ရှောင်း မေးလိုက်သည်။
"အမ် … ဘာမှ မဟုတ်ပါဘူး" လျိုဝမ်ရှစ်သည် အလန့်တကြားနှင့် ပြန်ဖြေ၏။
ကျွင်းချောင်ရှောင်းသည် အသာထိုင်ချလာကာ ပြောလိုက်၏။ "ဂိုဏ်းက ထွက်ခွာလာကတည်းက မင်း တစ်ချိန်လုံး မျက်မှောင်ကုတ်လာတာ စိတ်ထဲမှာ ဘာတွေ ဖြစ်နေတာတုန်း"
"ဘာမှမဖြစ်ပါဘူး"
လျိုဝမ်ရှစ်သည် ပြောလိုက်သည်။ "ကျွန်မစိတ်ထဲမှာ ဘာမှ မရှိပါဘူး"
ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိ၏။
သူမ၏ စိတ်ခံစားချက်များသည် မျက်နှာပေါ်တွင် ရေးထိုးထားသလို ပေါ်နေပြီဖြစ်သည်။ သူ ထိုအရာကိုမှ မမြင်နိုင်လျှင် မျက်ကန်းတစ်ယောက်လိုပင် ဖြစ်ပေလိမ့်မည်။
"မင်း စိတ်ထဲမှာ ဘာတွေ ဖြစ်နေလဲဆိုတာကို ငါ ခံစားလို့ ရတယ်။"
ကျွင်းချောင်ရှောင်းသည် ခဏလောက်စဉ်းစားလိုက်သည်။ ပြီးနောက် ပြောလိုက်သည်။ "မင်းက အားအင်တိုးတက်စေနိုင်တဲ့ ထမင်းကြော်ကိုတောင် ဖန်တီးနိုင်တယ်ဆိုတော့ သာမန်ထက်ပိုတဲ့ တည်ရှိသူ တစ်ယောက် ဖြစ်လိမ့်မယ်။"
"ကျွန်မက ဘယ်လိုလုပ် သာမန်ထက်ပိုတဲ့ တည်ရှိသူတစ်ယောက် ဖြစ်ရမှာလဲ"
လျိုဝမ်ရှစ်သည် ထိုသို့ ပြောလိုက်ချန်မှာတော့ သူမ၏ မျက်လုံးနှစ်လုံးသည် ပေကလပ် ပေကလပ် နှင့် ဖြစ်နေသည်။
ကျွင်းချောင်ရှောင်းသည် ထိုအရာကို မြင်တော့ ဆက်ပြောလိုက်သည်။ "ငါ သိသလောက်ဆိုရင် အရှေ့တောင်ရန်ကျူးမှာ ချက်ပြုတ်ခြင်းကို အထူးကျွမ်းကျင်တဲ့ မိသားစုတစ်စုရှိတယ်။သူတို့ပြုလုပ်တဲ့ အစားအစာတွေက သိုင်းကျင့်ကြံသူတွေရဲ့ အားအင်ကို ပိုပြီးတော့ တိုးတက်စေတယ်။"
လျိုဝမ်ရှစ် ပြောလိုက်သည်။ "ဂိုဏ်းချုပ်ပြောနေတာ ကောင်းကင်ဘုံမြို့ရဲ့ အိုးရန်မိသားစုလား"
"မဆိုးဘူး။ မှန်တယ်" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
လျိုဝမ်ရှစ်က ပြန်ပြောလိုက်သည်။
"ဂိုဏ်းချုပ်က ကျွန်မကို အိုးရန်မိသားစုကလို့ ထင်နေတာလား"
"သာမန်လူတစ်ယောက်က အားအင်ကို တိုးတက်စေတဲ့ ထမင်းကြော်ကို ဖန်တီးနိုင်တယ်ဆိုတာ ငါယုံကြည်ဖို့ ခက်တယ်။" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
သူဆိုလိုလိုက်ခြင်းမှာ ဤမိန်းကလေးသည် အိုးရန် မိသားစုမှ မိန်းကလေးဖြစ်ကြောင်း သူ ယုံကြည်မိနေ၏။ မဟုတ်ပါက အဘယ့်ကြောင့် ဤကဲ့သို့ မှော်ဆန်သော အစားအစာမျိုးကို ဖန်တီးနိုင်မည်နည်း။
လျိုဝမ်ရှစ်က ပြောလိုက်သည်။ "ကျွန်မအရိုးသားဆုံး ပြောပြမယ်။ကျွန်မက အိုးရန်မိသားစုနဲ့ ပတ်သက်ဆက်နွယ်နေတာ"
ကျွင်းချောင်ရှောင်း အံ့အားမသင့်ပေ။
ဤမိန်းကလေးကို ခေါ်ဆောင်လာကတည်းက လုချင်းချင်းကိုယ်တိုင်ပင် သံသယဝင်နေမိ၏။
သူသည် လေးလေးနက်နက် မထားဘူးဆိုသော်လည်း ပျင်းရိချိန်တိုင်းတွင် ထိုအကြောင်းကို တစ်ခါတစ်ရံ စဉ်းစားမိ၏။ လျိုဝမ်ရှစ် တစ်ယောက်တည်းအတွက်တင် မဟုတ်ပေ။ ဂိုဏ်းချုပ်ကျွင်းသည် သူ၏ များပြားလှသော တပည့်များအတွက် စဉ်းစားစရာများ ရှိနေသည်။
ပထမဦးဆုံး သူတွေးမိခြင်းမှာ လုချင်းချင်းပင် ဖြစ်၏။
သူမသည် တပည့်များထဲတွင် ရိုးရှင်းလှသည့် နောက်ခံနှင့် တပည့်မဟုတ်ကြောင်း သူအလိုလို သိစိတ်က သိရှိနေ၏။ ဤကဲ့သို့ ပါရမီရှိလှသော အမျိုးသမီးသည်သံမဏိအရိုးဂိုဏ်းသို့ ဝင်ရောက်လာသည်မှာ ရန်သူများ လိုက်ပါလာသည်ကို ရှောင်ရှားချင်၍ ဖြစ်ကြောင်း ကျွင်းချောင်ရှောင်း စဉ်းစားမိနေတုန်းပင်။
ယခု လုချင်းချင်းသည် အတွေ့အကြုံရှာရန်အတွက် လောကကြီးဆီသို့ ခြေဆန့်ခဲ့၏။
မည်သည့် အန္တရာယ်မှ မတွေ့ကြုံနိုင်ဟု သူမ ပြောဆိုခဲ့သော်လည်း ဂိုဏ်းအနေနှင့် သူမ၏ အားအကောင်းဆုံးသော နောက်ခံတစ်ခု ဖြစ်ပေးရလိမ့်မည်။
မည်သို့သော ရန်သူပဲ ဖြစ်ဖြစ် ၊ မည်မျှအားကောင်းသော ရန်သူပဲ ဖြစ်ဖြစ် သူသည် ဂရုမစိုက်ချေ။ သူ၏ တပည့်များကို ထိခိုက်နာကျင်အောင် ပြုလုပ်ရဲသည်ဆိုလျှင် သူသည် ဂိုဏ်း၏ အားအင်အားလုံးကို ထုတ်ဖော်အသုံးပြု၍ သတ်ဖြတ်ပစ်မှာ သေချာသည်။
ကျွင်းချောင်ရှောင်း၏ အမူအကျင့်သည် တပည့်များကို ကာကွယ်ရန်ပင်ဖြစ်၏။
သေမင်းတောင်ကြားထဲတွင် ဟွာယန်နိုင်ငံမှ မိစ္ဆာဂိုဏ်းများ သူ၏ တပည့်များကို ရန်ရှာခဲ့စဉ်က သူ အားလုံးကိုသတ်ဖြတ်ပစ်ခဲ့သေးသည်။
"ပတ်သက်ဆက်နွယ်နေတာ ဟုတ်လား" ကျွင်းချောင်ရှောင်း မေးလိုက်၏။
လျိုဝမ်ရှစ်သည် ခေါင်းကို ငုံကာဖြင့် သူမ၏ လက်သေးသေးလေးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ ပြောလိုက်သည်။ "ဂိုဏ်းချုပ် … ကျွန်မ …ကျွန်မက အိုးရန်မိသားစုရဲ့ တရားမဝင် သမီးတစ်ယောက်ပါ။"
သူမသည် ထိုစကားကို ပြောဖိုအတွက် အလွန်သတ္တိမွေးခဲ့ရပုံပေါ်သည်။ သူမ၏ ခန္ဓာကိုယ်လေးတောင်မှ တုန်လျက်ရှိနေ၏။
"ဟုတ်လား" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
လျိုဝမ်ရှစ်သည် အိုးရန်မိသားစုနှင့် ပတ်သက်နေသည်ဟု သူ ခံစားမိပြီးသားဖြစ်၏။ သို့ပေမဲ့ တရားမဝင် သမီးတစ်ယောက် ဖြစ်လိမ့်မည်ဟုတော့ သူ မမျှော်လင့်ခဲ့ချေ။
သူ၏ အရင်ကမ္ဘာမှာတုန်းက တရားမဝင်သားသမီးများသည် ပတ်ဝန်းကျင်နှင့် သဟဇာတမဖြစ်ဘဲ အနိုင်ကျင့်ခြင်းကို ခံခဲ့ရသည်။ ယခုလို ကမ္ဘာမျိုးတွင်ဆိုလျှင် ပိုမို၍ ဆိုးရွားပေလိမ့်မည်။
"ကျွန်မရဲ့ အမေက သာမန်လူတစ်ယောက်ပါ"
လျိုဝမ်ရှစ်က ပြောလိုက်သည်။ "သူမက အဲဒီလူယုတ်မာ နဲ့တွေ့ပြီးတော့ ကျွန်မကို မွေးဖွားလာခဲ့တာ"
ဤလူယုတ်မာဆိုသည်မှာ သူမ၏ အဖေပင် ကျိန်းသေပေါက် ဖြစ်ရပေမည်။
"ပြီးတော့ ကျွန်မရဲ့ အမေက အပြင်းအထန် ဖျားနာပြီးတော့ သေဆုံးခဲ့တယ်။ ကျွန်မကို တစ်ယောက်တည်းထားခဲ့တယ်။အဲဒီလူယုတ်မာက ကျွန်မကို အိုးရန်မိသားစုဆီကို ခေါ်သွားခဲ့တယ်"
လျိုဝမ်ရှစ်က ပြောလေသည်။ သူမ၏ မျက်လုံးထဲတွင် ရှိသော အမုန်းတရားများသည် ပိုမို၍ တောက်လောင်လာလေဖြစ်သည်။
အိုးရန်မိသားစုသို့ သွားရောက်ခဲ့ခြင်းသည် သူမအတွက် အိမ်မက်ဆိုးများ စတင်ရာ အချိန်ဖြစ်စေ၏။
ကျွင်းချောင်ရှောင်း ခန့်မှန်းမိလိုက်သည်။
တရားမဝင်သမီးတစ်ယောက်သည် မိသားစုကြီးတစ်ခုထဲသို့ ဝင်ရောက်သွားမည်ဆိုလျှင် တစ်မိသားစုလုံး၏ ပစ်မှတ်ထားခြင်းကို ခံရပေလိမ့်မည်။
ဟုတ်ပေသည်။
လျိုဝမ်ရှစ်သည် အိုးရန်မိသားစု၏ အနိုင်ကျင့် ဗိုလ်ကျခြင်းကို ခံခဲ့ရ၏။ သူ့အား အကုန်လုံးက သောက်ရူးဟုသာ ခေါ်ဆိုကြ၏။
သူမ၏ နောက်ခံအကြောင်းအရာများကြောင့် မိန်းကလေးသည် အတင်းကြိုးစား၍ သည်းခံခဲ့သည်။ သို့ပေမဲ့ သူမသည် ပို၍ သည်းခံလေ အခြေအနေမှာ ပို၍ ဆိုးလေ ဖြစ်သည်။
ထို့ကြောင့် သူမ ဆက်လက် သည်းမခံနိုင်သော တစ်နေ့မှာတော့ အိုးရန် မိသားစုဆီမှ တိတ်တဆိတ်နှင့် ထွက်ပြေးလာခဲ့ခြင်းပင် ဖြစ်တော့သည်။
သူမအား ရှာဖွေမတွေ့ရှိရန်အတွက် လျိုဝမ်ရှစ်သည် လူသူ အရောက်အပေါက် နည်းလှသော ချင်းယန်နိုင်ငံသို့ တစ်ခါတည်း ထွက်ပြေးခဲ့၏။
ဤအချိန်မှာပဲ ချင်းယန်မြို့တွင် ကျွင်းချောင်ရှောင်းနှင့် ဆုံခဲ့ခြင်း ဖြစ်သည်။
သူမသည် သူမအမေ၏ မျိုးရိုးနာမည်ကို ယူဆောင်ခဲ့သည်။
အိုးရန်မိသားစု၏ မျိုးရိုးနာမည်ကို ယူဆောင်ရခြင်းသည်ဂုဏ်ယူစရာတစ်ခု ဖြစ်သော်လည်း သူမသည် လုံးဝ မလိုချင်ပေ။ ရွေးချယ်ခွင့်သာ ရှိမည် ဆိုလျှင် လျိုဝမ်ရှစ်သည် အိုးရန်မိသားစု၏ သွေးကိုပင် ဖော်ထုတ်ပစ်ချင်၏။
သို့ပေမဲ့ သွေးမျိုးဆက်သည် ခန္ဓာကိုယ်ထဲတွင် တည်ရှိနေပြီဖြစ်သောကြောင့် အဘယ်သို့ ပြုလုပ်ရမည်နည်း။
လျိုဝမ်ရှစ်၏ အမေသည် သာမန် အမျိုးသမီးတစ်ယောက်ပင် ဖြစ်သည်။ သို့ပေမဲ့ သူမသည် သူမအဖေ၏ ချက်ပြုတ်ခြင်း ပါရမီကို ရရှိခဲ့သည်။ အိုးရန်မိသားစုတွင် တစ်နှစ်နီးပါးခန့် နေခဲ့ရသည်ဖြစ်သောကြောင့် သာမန်ထက် ပိုသော နားလည်မှုကို ပိုင်ဆိုင်ရသည်။
ဤလောကတွင် သာမန်ထက်ပိုသော ပါရမီများဖြင့် မွေးဖွားခဲ့သော လူများ အမှန်တကယ်ပင် ရှိ၏။ ထိုလူများထဲမှ တစ်ယောက်သည် လျိုဝမ်ရှစ်ပင် ဖြစ်တော့၏။
သူမသည် အိုးရန်မိသားစု၏ မီးဖိုချောင်ထဲသို့ တစ်ခါမှမဝင်ဖူးဘူးဆိုသော်လည်း တိတ်တဆိတ်ခိုး၍ ကြည့်ရှုခြင်းဖြင့် ချက်ပြုတ်ခြင်း အတတ်ပညာများကို တတ်ကျွမ်းလျက်ရှိသည်။
သူမသည် အလွန်တရာ နက်နဲသော လမ်းညွှန်မှုများကိုသာ ရရှိမည်ဆိုပါက ချက်ပြုတ်ခြင်း စွမ်းရည်သည် ကျိန်းသေပေါက် ပိုမို တိုးတက်သွားပေလိမ့်မည်။ ဆိုးရွားသည်မှာ သူမသည် တရားမဝင် သမီးတစ်ယောက်ဖြစ်သည်မို့ အိုးရန်မိသားစု၏ မျိုးရိုးစဉ်ဆက် ချက်ပြုတ်ခြင်း စွမ်းရည်ကို သင်ယူနိုင်စွမ်းမရှိပေ။
“မသင်ပေးမှတော့ မသင်ရုံပေါ့”
လျိုဝမ်ရှစ်သည် သူမဘာသာ စဉ်းစားသည်။
ထို့နောက် သူမ၏ ကိုယ်ပိုင်ပါရမီနှင့် ပေါင်းစပ်ကာ အားအင်တိုးတက်စေသော ထမင်းကြော်ကိုပင် ဖန်းတီး နိုင်ခဲ့ပြီဖြစ်သည်။
အကယ်၍သာ သူမသာ အိုးရန်မိသားစုမှ ပညာရပ်များကို သင်ယူလေ့လာလိုက်ပြီဆိုပါက အကုန်လုံး ထိတ်လန့်သွားစေနိုင်သော ဟင်းပွဲမျိုးကို ဖန်တီးနိုင်မှာ သေချာ၏။
အတိတ်က အကြောင်းအရာများကို ပြန်လည်စဉ်းစားပြီးသည့်နောက် သူမသည် မည်သို့မှ မခံစားနိုင်တော့ချေ။ မျက်ရည်များပင် ကျမိလာသည်။
သူမသည် လုံကျိရန်ကဲ့သို့ မိသားစုဆီသို့ ပြန်ကာ အနိုင်ကျင့်ခံသည့် လူတစ်ယောက် မဟုတ်မှန်း သက်သေပြချင်သော လူတစ်ယောက်မဟုတ်ပေ။ ဖြစ်နိုင်မည်ဆိုလျှင် အိုးရန်မိသားစုနှင့် ချိတ်ဆက်နေသော သွေးမျိုးဆက် ပတ်သက်နေမှုကို ဖြတ်တောက်ချင်သူဖြစ်သည်။
သို့ပေမဲ့ စားဖိုမှုးပြိုင်ပွဲသည် ကောင်းကင်ဘုံမြို့တွင် ကျင်းပသည်။
အိုးရန်မိသားစုသည်လည်း သူတို့၏ တိုက်ရိုက်တပည့်များကို စေလွှတ်လိမ့်မည်။ ထိုသို့ဆိုလျှင် သူမဘာလုပ်ရမည်နည်း။
ကျွင်းချောင်ရှောင်းသည် သူမ၏ ခေါင်းလေးအား အသာပွတ်သပ်ကာ ပြောလိုက်သည်။ "မင်း ကောင်းကင်ဘုံမြို့ကို သွားတဲ့အချိန်မှာ အိုးရန်မိသားစုက မင်းကို အနိုင်ကျင့်လိမ့်မယ်ဆိုရင် ငါ သူတို့ကို ကျိန်းသေပေါက် နာကျင်စရာကောင်းတဲ့ အရာတွေ ပေးဆပ်ခိုင်းမယ်။"
သူသည် အစောကြီးကတည်းက ကြွေးကြော်ခဲ့ပြီးပြီ ဖြစ်သည်။
ကောင်းကင်ဘုံမြို့သို့ သွားရသည့် ခရီးသည် နောက်ထပ် ပြသနာတစ်ခုကို ရင်ဆိုင်ရတော့မည့်ပုံ ပေါ်နေတော့သည်။