← Chapters

အခန်း (၅၀၃)

Vol. 34 Ch. 503

အခန်း (၅၀၃)

Vol. 34 Ch. 503

ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် မီးဓာတ်သဘာဝရှိသော ကျင့်ကြံသူဆိုသည်မှာ ရှားပါးလှသည်တော့ မဟုတ်ပေ။ ထို့ကြောင့် အတုခိုးခံကာ ပြုလုပ်ပြဖို့ဆိုသည်မှာ လွယ်ကူလွန်းလှ၏။ ထို့အပြင် လိမ်လည်ဟန်ဆောင်မှုများကို ပြုလုပ်သူအနေဖြင့် ကျွမ်းကျင်ရန်လည်း လိုအပ်နေသေး၏။ ခေါင်းတုံး အဖိုးအိုကဲ့သို့ အရူးမှသာလျှင် သံမဏိအရိုးဂိုဏ်း ဂိုဏ်းချုပ်အဖြစ် ဟန်ဆောင်ပေလိမ့်မည်။

“မင်းသမီး”

တပ်မှူးသည် တီးတိုးပြောလိုက်၏။ “ဒီလူက မီးဓာတ်အမျိုးအစား သိုင်းကျင့်ကြံသူတစ်ယောက်ပဲ၊ ပြီးတော့ အသက်အရွယ်ကလည်း တူညီနေတယ်၊ ဒါက အစစ် ဖြစ်နိုင်လား”

မင်းသမီးလေး ကြာပန်းနီက ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်းက ဓားနဲ့ သိုင်းဘုရင်လေ၊ ဘယ်လိုလုပ်ပြီး ဒီလိုအဆင့်နိမ့်မီးတောက်ကို ပိုင်ဆိုင်မှာလဲ”

တပ်မှူးသည် ငြိမ်သက်သွား၏။

ကျွင်းချောင်ရှောင်းသည် ထိုစကားသံကို ကြားချိန်မှာတော့ ချက်ချင်းဆိုသလိုပဲ နားလည်လိုက်မိ၏။ “သူမက ငါဓားနဲ့သိုင်းဘုရင်ဖြစ်တယ်ဆိုတာတောင် သိတယ်ပေါ့”

စနစ်ကပြောပြလိုက်၏။ “လက်ခံသူအနေနဲ့ ချင်းယန်မြို့မှာ အဆင့်ကျော်ဖြတ်ခဲ့တာက လူတိုင်းသိတယ်လေ”

“ဒါကတော့ ဟုတ်တယ်”

ကျွင်းချောင်ရှောင်းသည် စိတ် သက်သာရာ ရသွားသည်။ နာမည်က အတုခိုးဟန်ဆောင်၍ ရသည်။ မီးတောက်များ ကိုလည်း အတုခိုး ဟန်ဆောင်၍ရသည်။ သို့ပေမဲ့ ဓားနှင့်သိုင်းဘုရင်ဆိုသည့် သူ၏ ကျင့်ကြံခြင်းအား ဟန်ဆောင် အတုလုပ်၍ မရနိုင်ချေ။ သူ့အနေနှင့် မိမိကိုယ်ကို သက်သေပြချင်သည်ဆိုလျှင် သိပ်အချိန် မကြာလှပေ။

မင်းသမီး လေး ကြာပန်းနီက ပြောလိုက်၏။ “သံမဏိအရိုးဂိုဏ်းမှာ များပြားလှတဲ့ အထူးသိုင်းကျင့်ကြံခြင်းနည်းစနစ်တွေရှိတယ်၊ ရှင်က ဂိုဏ်းချုပ်ကျွင်းဆိုရင် ဒီသိုင်းနည်းစနစ်တွေကို ထုတ်သုံးပြနိုင်မလား”

“…...”

အားလုံး ငြိမ်သက်သွားကြ၏။ တကယ်တမ်းမှာတော့ သူတို့သည် လက်ရှိရောက်ရှိနေသော အခန်းထဲသို့ ရောက်ရှိ ပြီးကတည်းက အပြစ်ရှိသလို ခံစားနှင့်နေပြီး ပြောလိုက်၏။

ကျွင်းချောင်ရှောင်း က ပြောလိုက်သည်။ “မင်းသမီးလေး ဘယ်သိုင်းကျင့်ကြံခြင်းနည်းစနစ်ကို သိချင်တာလဲ”

မင်းသမီးလေးကြာပန်းနီက ပြောလိုက်၏။ “စိတ်ဝိညာဉ်စမ်းချောင်း တောင်ပေါ်မှာ သံမဏိအရိုးဂိုဏ်းတပည့် လီချင်းယန်က အထူးစိတ်ဝိညာဉ်အမျိုးအစား ကျင့်ကြံခြင်း နည်းစနစ်ကို ထုတ်သုံးပြီး နတ်စမ်းချောင်းဂိုဏ်းရဲ့ အတွင်းတပည့်ကို အနိုင်ယူခဲ့တယ်လေ၊ အဲ့တိုက်ခိုက်ရေး နည်းစနစ်ကို ရှင်ထုတ်ဖော်ပြသနိုင်မလား”

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ “ဘယ်သူက ဘယ်နေရာမှာ အသုံးပြုခဲ့တယ်ဆိုတာတောင် သေသေချာချာ မှတ်မိနေတာပဲ၊ မင်းသမီးလေးက သံမဏိအရိုးဂိုဏ်းအကြောင်းကို သေသေချာချာ လေ့လာထားပုံပေါ်တယ်”

မင်းသမီးလေး ကြာပန်းနီသည် သူ၏ ဆံပင်များကို သပ်တင်ကာ ပြုံးကာ ပြောလိုက်၏။ “နာမည်မရှိတဲ့ ဂိုဏ်းတစ်ခုက ချင်းယန်နိုင်ငံတစ်ခုလုံးမှာ ဟိုးဟိုးကျော်သွားတဲ့အထိ ထင်ပေါ်ကျော်ကြားလာခဲ့ တယ်၊ ဒါကြောင့် ဒီဂိုဏ်းအကြောင်း သိရှိတယ်ဆိုတာ သာမန်ပါပဲ”

သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်ရှုလိုက်ကြ၏။

ခဏလောက် ကြာပြီးသည့်နောက် မှာတော့ ကျွင်းချောင်ရှောင်း သည် သူ၏ အကြည့်များကို ပြန်လည်ရုတ်သိမ်းကာ ပြောလိုက်၏။ “ဒီနေရာက သေးလွန်းအားကြီးတယ်၊ သိုင်းနည်းစနစ်တွေကို ထုတ်ဖော်ဖို့ မသင့်လျော်ဘူး”

မင်းသမီးလေး ကြာပန်းနီက ပြောလိုက်၏။

“တပ်မှူးစုန့်... ဒီလူ ဆယ့်ခုနှစ်ယောက်ကို ပြန်ခေါ်သွားပြီး ချုပ်ထားလိုက်တော့”

“ကောင်းပါပြီ”

တပ်မှူးသည် အယောင်ဆောင်သောသူ ဆယ့်ခုနှစ်ယောက်တို့အား ပြန်လည်ကာ ခေါ်ဆောင်သွားတော့သည်။

“ဂိုဏ်းချုပ်ကျွင်း”

မင်းသမီးလေး ကြာပန်းနီသည် ပြုံးကာ ပြောလိုက်၏။ “ကျွန်မရဲ့ လက်အောက်ငယ်သားတွေက သူတို့အလုပ်ကို သူတို့လုပ်တာပါ၊ ရှင့်ကို အပြစ်တစ်ခုခု ပြုလုပ်မိတယ် ဆိုရင်တောင် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”

“ကျုပ်ကို တကယ့်အစစ်လို့ ထင်နေတာလား”

ကျွင်းချောင်ရှောင်း မေးလိုက်၏။ မင်းသမီးလေး ကြာပန်းနီက ပြောလိုက်သည်။ “တကယ်တော့ ဂိုဏ်းချုပ်ကျွင်းနဲ့ တွေ့တဲ့အချိန်ကတည်းက ရှင်က အစစ်ဖြစ်တယ်ဆိုတာ သိရှိပြီးသားပါ၊ ဓားနဲ့ သိုင်းဘုရင်ဆိုတာကို ဘယ်သူမှ အတုပြုလုပ်လို့ မရဘူးလေ”

ထိုသို့ဆိုလျှင် သူ့အား အဘယ်ကြောင့် အချုပ်ထောင်ထဲသို့ ပို့ဆောင်ခဲ့ရသနည်း။ စနောက်ချင်၍ပဲလား။

ချက်ချင်း ဆိုသလိုပဲ ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှ တွေးတောမိလိုက်၏။ ဒီအမျိုးသမီးက မရိုးရှင်းလှဘူး။

လျှိုဝမ်ရှစ်သည် မင်းသမီးလေး ကြာပန်းနီအား အလွန်တရာ စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေ၏။ သူမသည် မှတ်စု စာအုပ်ကိုပင် ထုတ်ယူ၍ လက်မှတ်ရေးထိုးခိုင်းချင်စိတ်ပင် ပေါက်မိနေသည်။

........

ကျွင်းချောင်ရှောင်းသည် ကောင်းကင်ဘုံမြို့ဆီသို့ ဝင်ရောက်ချိန်၌ အဓိက ဂိတ်တံခါးဆီမှ ဝံ့ဝံ့ကြွားကြွား ဝင်ရမည် ဟု ထင်မှတ်မိသည်။ သို့ပေမဲ့ မထင်မှတ်ထားလောက်အောင်ပင် သူသည် အကျဉ်းထောင်ထဲသို့ ရောက်ရှိသွား တော့သည်။

“ဂိုဏ်းချုပ်ကျွင်း”

မင်းသမီးလေးကြာပန်းနီက ပြောလိုက်သည်။ “ရှင်က သိုင်းပညာနဲ့ပတ်သက်ပြီး နက်နဲတဲ့ အသိအမြင်တွေ ရှိတယ်လို့လည်း ကြားခဲ့တယ်၊ ပြီးတော့ ဟွာတောင်တန်းမှာ များပြားလှတဲ့ဂိုဏ်းတွေကို လမ်းညွှန်ပြသခဲ့သေးတယ်ဆို”

ဤအမျိုးသမီးသည် သူ့အကြောင်းကို ခရေစေ့တွင်းကျ သိရှိလို့နေ၏။ သူမပိုမို၍ သိရှိလေ၊ သူ့အနေဖြင့် ပိုမို၍ သတိ ထားလာမိလေလေဖြစ်သည်။ ထို့ကြောင့် သူသည် သတိအပြည့်ဖြင့် ပြောလိုက်၏။

“ဒါက တိုက်ဆိုင်တာပါ”

မင်းသမီးလေး ကြာပန်းနီသည် ခဏရပ်တန့်လိုက်ပြီး ပြုံးကာ ပြောလိုက်၏။ “ကျွန်မက ကျောင်းကို ပြန်တော့မယ်၊ တကယ်လို့ ဂိုဏ်းချုပ်ကျွင်းဆီမှာ အချိန်ရှိတယ်ဆိုရင် ကောင်းကင်ဘုံ ကျောင်းဆီကို လာလည်ပါအုံး၊ ကျွန်မတို့ ဂျူနီယာတွေက ရှင့်ကို ချီးကျူးနေကြတာ ကြာပြီလေ”

“ဒီလိုလား”

ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ ဘဝင်ခိုက်သွားမိ၏။ ဟုတ်ပေသည်။ သူ့အနေဖြင့် မဖြစ်မနေ သွားရောက်၍ လည်ပတ်ရပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဘုံကျောင်းမှ ကျောင်းသားများအား သူ၏ ဂိုဏ်းတပည့်အဖြစ်သို့ ခေါ်ယူရန် စဉ်းစားနေခဲ့သည် မဟုတ်ပါလား။

ကောင်းကင်ဘုံကျောင်းသည် အလွန်တရာ အားကောင်းလှသော အဖွဲ့အစည်းတစ်ခုဖြစ်သော်လည်း ကျင့်ကြံနေကြသော ကျောင်းသားများသည် ဂိုဏ်းတစ်ခုခုစီမှ ကျောင်းသားများ မဟုတ်ကြပေ။ ထို့ကြောင့် တပည့်အဖြစ် ခေါ်ယူခြင်းသည် ဥပဒေအရ လွယ်ကူသည်ဟု ဆိုရပေမည်။

“မင်းသမီး”

ကျွင်းချောင်ရှောင်း ပြောလိုက်၏။ “ခင်ဗျားရော သံမဏိအရိုးဂိုဏ်းထဲကို ဝင်ဖို့ စိတ်ဝင်စားလား”

တိုက်ရိုက်နှင့် တည့်တိုးဆန်လှသော စကားပင်ဖြစ်သည်။

ဘေးတစ်ဖက်တွင် ရပ်တန့်နေသည် လျှိုဝမ်ရှစ်သည်ပင် ပါးစပ်အဟောင်းသား ဖြစ်သွားမိ၏။ သူမ၏ လေးစားအားကျရသော မင်းသမီးလေးသည်သာ သံမဏိအရိုးဂိုဏ်းသို့ ဝင်ရောက်လာမည်ဆိုသည်မှာ စဉ်းစားလိုက်ရုံနှင့်ပင် စိတ်လှုပ်ရှားစရာကောင်းသည့်ဖြစ်ရပ် အဖြစ်ခံစားနေမိသည်။

ဟုတ်ပေသည်။ ထိုသို့ဆိုလျှင်တောင် တွေးတောနေခြင်းအဆင့်သာ ရှိသေး၏။

မင်းသမီးလေး ကြာပန်းနီသည် အလွန် တရာ ကြီးကျယ်မြင့်မြတ်လှသော ဂုဏ်ဒြပ်ကို ပိုင်ဆိုင်သူဖြစ်၏။ သူမသည် အဘယ်ကြောင့် ဂိုဏ်းတစ်ခုထဲသို့ ဝင်ရောက်မည်နည်း။

“ဂိုဏ်းချုပ်ကျွင်း... ရှင်က ကျွန်မကို ဂိုဏ်းထဲကို ခေါ်ချင်တာလား” မင်းသမီးလေး ကြာပန်းနီသည် ပြုံးကာ ပြောလိုက်၏။

ကျွင်းချောင်ရှောင်း ကပြောလိုက်သည်။ “သံမဏိအရိုးဂိုဏ်းက ခင်ဗျားလိုမျိုး ပါရမီရှိတဲ့ အမျိုးသမီးတွေကို လိုအပ်နေတယ်လေ၊ ကျုပ်တို့ အိမ်မက်တွေကို တူတူ ဖန်တီးကြရအောင်”

မင်းသမီးလေး ကြာပန်းနီက ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်း... ကျွန်မကို ခေါ်ယူချင်နေတဲ့ ဂိုဏ်းတွေ အများကြီးရှိတယ်ဆိုတာကို သိတယ်မဟုတ်လား၊ အဲထဲမှာ အဆင့်တစ်နဲ့ အဆင့်နှစ်ဂိုဏ်းတွေတောင် ပါသေးတယ်”

“အဆင့်တစ်နဲ့ အဆင့်နှစ် ဂိုဏ်းတွေက အရမ်းအားကောင်းတယ်ဆိုပေမဲ့ သူတို့ရဲ့ အလားအလာက အကန့် အသတ် ရှိနေတယ်”

ဂိုဏ်းချုပ်ကျွင်းသည် ပြုံးကာ ပြောလိုက်၏။ “ခင်ဗျားလို မင်းသမီးလေးတစ်ယောက်အတွက် ကျုပ်တို့သံမဏိအရိုးဂိုဏ်းကို ဝင်လိုက်မယ်ဆိုရင် ကောင်းကင်မှာ တလက်လက် ထွန်းလင်းနေတဲ့ ကြယ်တစ်ပွင့်လိုပဲ အားလုံးက မော့ကြည့်ရတဲ့ အခြေအနေတစ်ခုကို ရောက်သွား လိမ့်မယ်”

စနစ်သည် ဆွံ့အသွားမိ၏။ တပည့်ခေါ်ဆောင်ခြင်းနှင့်ပတ်သက်လျှင် ဂိုဏ်းချုပ်ကျွင်းသည် အမှန်တကယ် ပါးစပ်မှ ကရားရေလွှတ် ပြောဆိုနိုင်သောလူတစ်ယောက်ဖြစ်၏။ ထိုကဲ့သို့သောစွမ်းရည်ကို မိန်းကလေးများအား ဖွန်ကြောင် သည့်နေရာတွင် အသုံးပြုမည်ဆိုပါက အကြီးအကဲဝေကဲ့သို့ပင် များပြားလှသော ရည်းစားများ ရှိနေမှာ သေချာသည်။

မင်းသမီးလေး ကြာပန်းနီက ပြောလိုက်၏။ “ကျွန်မစဉ်းစားကြည့်ပါမယ်”

သူမသည် ငြင်းပယ်ခြင်းလည်း မပြုသလို၊ သဘောတူခြင်းလည်း မပြုခဲ့ပေ။

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ဒါက တစ်သက်မှာ တစ်ခါပဲရတဲ့ အခွင့်အရေးနော် မင်းသမီးလေး၊ သေသေချာချာ စဉ်းစားဆုံးဖြတ်ပါ”

မင်းသမီးလေး ကြာပန်းနီသည် ပြုံးကာပြောလိုက်၏။

“ဂိုဏ်းချုပ်ကျွင်း... ကျွန်မ အရင်သွားလိုက်ပါအုံးမယ်”

ပြီးနောက် သူမသည် လှည့်ကာ ထွက်ခွာသွားလေ၏။

ကျွင်းချောင်ရှောင်းသည် မေးစေ့ကို အသာပွတ်သပ်ကာဖြင့် တဖြည်းဖြည်းဝေးကွာကာ ပျောက်ကွယ်သွားပြီဖြစ်သော မင်းသမီးလေးအား ကြည့်ရှုကာ ပြောလိုက်မိ၏။ “ကောင်းကင်ဘုံမြို့ရဲ့ မင်းသမီးလေးသာ ငါတို့ဂိုဏ်းထဲကို ဝင်မယ်ဆိုရင် ကျန်းယန်နိုင်ငံက သတ္တိဆယ်ဆ ရှိတယ် ဆိုရင်တောင်မှ မျက်ကန်းတစ္ဆေမကြောက် လာတိုက်ခိုက်ရဲမှာ မဟုတ်တော့ဘူး”

သူ့အနေနှင့် သူမအား ဂိုဏ်းသားတပည့်အဖြစ် လိုလိုချင်ချင်နှင့် လိုအပ်နေသည်မှာ မထူးဆန်းချေ။ သူမ၏ ကြီးကျယ် ခမ်းနားလှသော ဂုဏ်ပုဒ်ကို အသုံးပြုချင်သောကြောင့်ပင်ဖြစ်သည်။

“ဂိုဏ်းချုပ်”

လျှိုဝမ်ရှစ် ပြောလိုက်၏။ “မင်းသမီးလေး ကြာပန်းနီက ဂိုဏ်းထဲကို ဝင်မှာလား”

“ဝင်မှာပေါ့”

ကျွင်းချောင်ရှောင်းသည် အလွန်ခိုင်မာစွာဖြင့် ပြောလိုက်သည်။

မင်းသမီးလေး ကြာပန်းနီသာ မဟုတ်ပေ။ သူသည် ကောင်းကင်ဘုံကျောင်းမှ တပည့်များအား ဂိုဏ်းသားအဖြစ် ခေါ်ယူချင်နေမိ၏။ အင်ပါယာမြို့သို့ ရောက်လာသော ခရီးစဉ်တွင် အဘယ်ကြောင့် လက်ဗလာနှင့် ပြန်သွားရမည် နည်း။

…....

ကောင်းကင်ဘုံမြို့သည် အလွန်တရာ ကြီးမားလှ၏။ အနောက်မြောက်ဘက်တွင်ရှိသော ချင်းယန်မြို့နှင့် နှိုင်းယှဉ် လျှင် အလွန်တရာ ကွာခြားလွန်းလှ၏။ ကျွင်းချောင်ရှောင်းသည် လျှိုဝမ်ရှစ်နှင့်အတူ လျှောက်ကြည့်လာ၏။ ခမ်းနားလှပစွာ တည်ဆောက်ထားသော အဆောက်အဦကို မြင်ရချိန်မှာတော့ ချီးကျူးလိုက်မိ၏။

တစ်နာရီလောက် ကြာပြီးသည့်နောက်မှာတော့ သူတို့သည် ကြယ်ငါးပွင့်ဟိုတယ်နှင့် နှိုင်းယှဉ်၍ ရနိုင်သော စားသောက်ဆိုင်ကြီး တစ်ခုကို ရွေးချယ်လိုက်၏။ ထိုစားသောက်ဆိုင်ရှိ အခန်းများသည် တန်ဖိုးကြီးမားလှသော ပရိဘောဂများနှင့် ဖန်တီးတည်ဆောက်ထားသည်ကို မြင်ရနိုင်သည်။

ဝိုး

အခန်းထဲသို့ ဝင်ပြီးသည့်နောက်မှာတော့ လျှိုဝမ်ရှစ်သည် အံ့အားတသင့်ဖြင့် ပြောလိုက်၏။ “ဒီအခန်းကြီးက ကြီးလိုက်တာ”

“အံ့အားသင့်မနေနဲ့”

ကျွင်းချောင်ရှောင်းသည် သူမအား သတိပေးလိုက်၏။ “စားဖိုမှူးပြိုင်ပွဲက ငါးရက်နေရင် ကျင်းပတော့မှာ၊ မြန်မြန် ဟင်းပွဲတွေကို လေ့လာတော့”

“ကောင်းပါပြီ”

မိန်းကလေးသည် ထိုင်ခုံပေါ်မှာထိုင်ပြီး တရုတ်ဟင်းလျာစာအုပ်ကို ထုတ်ယူကာ စတင်ဖတ်ရှုတော့သည်။

ကျွင်းချောင်ရှောင်းသည် လမ်းဘက်ရှိ ပြတင်းပေါက်တစ်ခုတွင် မတ်တပ်ရပ်ပြီး ပျားပန်းခတ်မျှ လှုပ်ရှားသွားလာ နေသော သူများကို ငုံ့ကြည့်လိုက်၏။ သူသည် တီးတိုးရေရွတ်လိုက်မိ၏။ ကောင်းကင်ဘုံမြို့ထဲမှာ ဖုံးကွယ်ထားတဲ့ ပါရမီရှင်တွေ အများကြီးပဲ ရှိနိုင်တယ်။

..........

ကောင်းကင်ဘုံမြို့၏ ကျော်ကြားလှသော ကောင်းကင်ဘုံကျောင်းသည် အရှေ့ဘက်ခရိုင်တွင် တည်ရှိ၏။ ကြီးမား လှသော ကွင်းပြင်ကြီးတွင်တော့ ရေတွက်၍ မရအောင် များပြားလှသော ပါရမီရှင်များသည် ကျင့်ကြံလျက်ရှိနေသည်။

အလွန်တရာမြင့်မားလှသော အဆောက်အဦ၏ ထိပ်မှာတော့ ဆံပင်များ ဆွတ်ဆွတ်ဖြူလျက်ရှိသော အဘိုးအို တစ်ယောက်သည် မတ်မတ်ရပ်လျက်ရှိနေ၏။ ထိုသူ၏ ပုံပန်းသွင်ပြင်သည် သူတော်စင်တစ်ယောက်နှင့်ပင် ဆင်တူနေ၏။

“ကျောင်းအုပ်ကြီး”

သက်လတ်ပိုင်း လူတစ်ယောက်သည် လမ်းလျှောက်လာကာ ပြောလိုက်၏။

“သံမဏိအရိုးဂိုဏ်းချုပ်က ကောင်းကင်ဘုံမြို့ကို လာလည်ပါတယ်”

“ငါသိတယ်” အဘိုးအိုက ပြန်ပြောလိုက်၏။ သူ၏အသံသည် အိုမင်းရင့်ရော်နေသော်လည်း အလွန်တရာ အားကောင်းလှသော အော်ရာများ ထွက်ပေါ်လျက်ရှိသည်။ ၎င်း၏ ကျင့်ကြံခြင်းသည် သာမန်ထက်ပိုသည်မှာ ပြောနေစရာပင် မလိုချေ။

သက်လတ်ပိုင်းလူက ပြောလိုက်၏။ “ဒီအချိန်မှာ သံမဏိအရိုးဂိုဏ်းက အဆင့်ခြောက်ဂိုဏ်းတစ်ခုအဖြစ် တိုးတက်လာခဲ့ပြီ၊ သံမဏိအရိုးဂိုဏ်းက တကယ့်ကို ကြီးမားတဲ့ အလားအလာတွေ ပိုင်ဆိုင်နေတာပဲ”

အဘိုးအိုက ပြောလိုက်၏။ “သံမဏိအရိုးဂိုဏ်းက အလားအလာရှိလား၊ မရှိလားဆိုတာကို ပြောဖို့ခက်တယ်၊ ဒါပေမဲ့ ကျွင်းချောင်ရှောင်းက တော့ ဓားနဲ့သိုင်းဘုရင်အဆင့်ကို ရောက်ရှိသွားခဲ့တော့ သူ့ရဲ့အနာဂတ်က ကြီးမားတဲ့ အောင်မြင်မှုတွေ တစ်ပွေ့ တစ်ပိုက်နဲ့ ဖြစ်နေမှာ သေချာတယ်”

“ဒါကတော့အမှန်ပဲ” သက်လတ်ပိုင်းလူက သဘောတူညီလိုက်သည်။

“ပြီးတော့”

အဘိုးအိုက ပြောလိုက်သည်။ “ဒီကောင်လေးက သိုင်းပညာနဲ့ပတ်သက်ပြီးတော့ နက်နဲတဲ့ နားလည်မှုတွေ ရှိနေတယ်၊ သူ့ကိုသာ ဂိုဏ်းကနေ ထွက်ပြီး ကောင်းကင်ဘုံကျောင်းမှာ ဆရာတစ်ယောက်အဖြစ် ဆွဲဆောင်နိုင်မယ်ဆိုရင် ဒီမှာရှိတဲ့ ကျောင်းသားတွေ အကုန်လုံးက တရှိန်ထိုး တိုးတက်သွားမှာပဲ”

“ဒီကောင်လေးက မောက်မာလွန်းပြီးတော့ ပြဿနာရှာလွန်းတယ်၊ သူက ဆရာတစ်ယောက်အနေနဲ့ သင့်တော်မှာ မဟုတ်တာကို စိုးရိမ်မိတယ်” သက်လတ်ပိုင်းလူက ပြောလိုက်၏။

အဘိုးအိုသည် ခဏလောက် ငြိမ်သက်သွားပြီးနောက် အမိန့်ပေးလိုက်သည်။ “ကျောင်းရဲ့နာမည်နဲ့ သူ့ကို သွားပြီးတော့ ဖိတ်ခေါ်လိုက်”

“ကောင်းပါပြီ”

သက်လတ်ပိုင်းလူသည် ထွက်ခွာသွားတော့သည်။ ကောင်းကင်ဘုံကျောင်းတစ်ခုသာ ဂိုဏ်းချုပ်ကျွင်းအား ဖိတ်ခေါ်ရန် တွေးတောနေသည် မဟုတ်ပေ။ အရှေ့တောင်ရန်ကျူး၏ ဂိုဏ်းအသိအမှတ်ပြုဗဟိုသည်လည်း ထိုကဲ့သို့သော အတွေးမျိုးကို စဉ်းစားလျက်ရှိ၏။

အသိအမှတ်ပြုဗဟို၏ ခေါင်းဆောင် ရီထျန်းချန်သည် ကျွင်းချောင်ရှောင်း ရောက်ရှိနေသည်ဆိုသော သတင်းကို ကြားရချိန်မှာတော့ များပြားလှသော အကြီးအကဲများနှင့် ဆွေးနွေးလျက်ရှိနေသည်။ ကျွင်းချောင်ရှောင်းသည် ကောင်းကင်ဘုံမြို့ထဲသို့ ယခုမှ ဝင်ရောက်လာခြင်းပင်ဖြစ်သည်။ သို့ပေမဲ့ အလွန်တရာအားကောင်းလှသော အင်အားကြီး အဖွဲ့အစည်းနှစ်ခုသည် ကျွင်းချောင်ရှောင်းနှင့် ပတ်သက်၍ ဆွေးနွေးနေကြရပြီဖြစ်သည်။ ထိုအချင်း အရာသည် အခြားသော လူများမနာလိုဝင်တိုစရာပင်။

All Chapters