အခန်း (၅၀၄)
Vol. 34 Ch. 504
“ဂိုဏ်းချုပ်ကျွင်း”
ဧည့်ခန်းမဆောင်မှာတော့ သက်လတ်ပိုင်းလူသည် လက်သီးကိုဆုပ်ကာ ပြောလိုက်၏။ “ကောင်းကင်ဘုံကျောင်းကို ဘယ်အချိန်လောက် လာပြီးတော့ လည်မလဲ”
ကျွင်းချောင်ရှောင်းသည် အနည်းငယ် ဇဝေဇဝါဖြစ်သွား၏။ သူသည် ယခုမှ ကောင်းကင်ဘုံမြို့ထဲသို့ ရောက်ရှိလာ ခြင်းဖြစ်၏။ သို့ပေမဲ့ ကောင်းကင်ဘုံကျောင်းမှ လူများလာရောက်၍ ဖိတ်ခေါ်နေ၏။ ဘာတွေဖြစ်နေသနည်း။
“မနက်ဖြန်ပေါ့” ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ ရက်ပေါင်းများစွာ ခရီးနှင်လာပြီးသည့်နောက် သူသည် အနည်းငယ် ပင်ပန်း သလိုခံစားနေရ၏။ ထို့ကြောင့် ယနေ့ညတွင် သူကောင်းကောင်း အနားယူရန် စိတ်ဆုံးဖြတ်ထားသည်။
သက်လတ် ပိုင်းလူက ပြောလိုက်၏။ “ဒီလိုဆိုရင် ကျုပ်အရင်ဆုံးထွက်သွားပါတော့မယ်”
အခန်းထဲမှ ထွက်ခွာသွားပြီးသည့်နောက်မှာတော့ သူသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “ကျောင်းရဲ့ ဖိတ်ခေါ်မှုကို ခံရတဲ့လူတွေက အကြီးအကျယ် ဂုဏ်ယူပြီး ချက်ချင်းထလာခဲ့ကြတယ်၊ ဒါပေမဲ့ သူက တော့ မနက်ဖြန်အထိ စောင့်ခိုင်းနေတယ်”
ကောင်းကင်ဘုံကျောင်းမှလူများ ထွက်ခွာသွားပြီးသည့်နောက်မှာတော့ ဂိုဏ်းအသိအမှတ်ပြုဗဟိုမှ အကြီးအကဲ ကျိုး သည် ရောက်ရှိလာခဲ့၏။
“ဂိုဏ်းချုပ်ကျွင်း”
သူသည် လက်သီးကိုဆုပ်ကာ ပြုံး၍ ပြောလိုက်၏။ “ဂိုဏ်းအသိအမှတ်ပြုဗဟိုဆီကို ဘယ်အချိန်လောက် လာလည်နိုင်မလဲ”
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် တုန်ရင်သွား၏။ ထိုသူများသည် သူ့အား စောင့်ကြည့်နေလေသည် လား။ ကောင်းကင်ဘုံမြို့ထဲသို့ ဝင်ဝင်ချင်းမှာပဲ ဤနေရာသို့ ရောက်ရှိလာကြသည်။
“အကြီးအကဲကျိုး”
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ “မနက်ဖြန်လောက်ပါ”
“ဒါဆိုလည်း ကောင်းပြီ”
အကြီးအကဲကျိုးသည် ဆက်လက်၍ မနှောက်ယှက်တော့ပေ။ ပြန်ကာထွက်ခွာသွားတော့သည်။
“ချီးတဲ့မှ၊ ဒါကအကြီးအကဲကျိုးမဟုတ်လား၊ ဘယ်လိုဖြစ်လို့ ဒီဧည့်ခန်းမထဲကနေ ထွက်လာရတာလဲ၊ အဲမှာ ဆရာကြီးတစ်ယောက်ယောက် ရှိနေလို့လား”
ပထမတုန်းက ကောင်းကင်ဘုံကျောင်းမှာ လူများ ရောက်ရှိလာခဲ့ပြီး ဒုတိယအချီမှာတော့ ဂိုဏ်းအသိအမှတ်ပြုဗဟိုမှလူများ ရောက်ရှိလာသည်။ ၎င်းတို့ နှစ်ယောက်လုံးသည် တူညီသည့် ဧည့်ခန်းမဆောင်ထဲသို့ ဝင်ရောက် သွားခဲ့ကြသည်။ ထို့ကြောင့် စားသောက်ဆိုင်ထဲတွင် ရှိနေကြသော ကျင့်ကြံသူများသည် ထိုအချင်းအရာနှင့် ပတ်သက်၍ ပြောဆိုဆွေးနွေးမိနေကြ၏။
“ဆိုင်ရှင်ထျန်း”
ကျင့်ကြံသူတစ်ယောက်သည် ကောင်တာစားပွဲဆီသို့ အသာလျှောက်လာပြီး ပြောလိုက်၏။ “ဒုတိယထပ်မှာ ဘယ်သူနေတာလဲ”
ဆိုင်ရှင်က ပြောလိုက်၏။ “ပြောလို့မရဘူး”
စားသောက်ဆိုင်၏ ပိုင်ရှင်တစ်ယောက်အနေဖြင့် သူသည် လာရောက်တည်းခိုသောလူများ၏ သတင်းအချက် အလက်များနှင့်ပတ်သက်၍ ထိန်းသိမ်းထားရမည် မဟုတ်လား။
တစ်ဖက်မှ ပို၍ နှုတ်ဆိတ်လေလေ၊ ကျင့်ကြံသူ များသည် ပို၍ သိချင်လာလေလေဖြစ်၏။ ဤဧည့်ခန်းမထဲတွင် မည်သူနေထိုင်နေသနည်း။
..........
နောက်တစ်ရက်မှာတော့ ကျွင်းချောင်ရှောင်းသည် အားပြည့်မာန်ပြည့်ဖြင့် အပြင်ဘက်သို့ လျှောက်ထွက်လာ၏။ သို့ပေမဲ့ သူတံခါးကို ဖွင့်ပြီး လျှောက်လမ်းဆီသို့ မတ်တပ်ရပ်လိုက်ချိန်မှာတော့ ရေတွက်၍ မရနိုင်သော မျက်လုံး အကြည့်များအားလုံးသည် သူ့ဆီသို့ ရောက်ရှိလာတော့သည်။
“သူ့ကို မရင်းနှီးပါဘူး၊ ဒါက ဂျူနီယာလေးတစ်ယောက်ပဲ၊ ဘယ်လိုဖြစ်ပြီး ကောင်းကင်ဘုံကျောင်းနှင့် ဂိုဏ်းအသိ အမှတ်ပြုဗဟိုက လူတွေက လာတွေ့ရတာလဲ” အားလုံးတီးတိုး ပြောဆိုနေကြ၏။ သူတို့၏ မျက်လုံးထဲမှာတော့ စိတ်ပျက်ခြင်း အရိပ်အယောင်များနှင့် ပြည့်နှက် သွားရတော့သည်။
ကျွင်းချောင်ရှောင်း သည် ထိုသူများအားလုံးကို လျစ်လျှူရှုပြီး လျှိုဝမ်ရှစ်၏ အခန်းကို သွားခေါက်လိုက်၏။ ပြီးနောက် ပြောလိုက်တော့သည်။ “ကလေးမလေး... အပြင်သွားပြီး စားကြရအောင်”
“ကောင်းပါပြီ”
လျှိုဝမ်ရှစ်သည် ရေမိုးချိုးပြီးသည့်နောက်မှာတော့ သူမ၏ ဂိုဏ်းချုပ်နောက်သို့ လိုက်ပါလာခဲ့တော့သည်။ နှစ်ယောက်သားသည် ပထမထပ်ရှိ စားသောက်ဆိုင်ထဲတွင် ကြုံသည့်အစားအစာများကို မှာယူ၍ စားသောက် ပြီးသည့်နောက်မှာတော့ အပြင်ဘက်သို့ ထွက်ခွာလာကြသည်။
လျှိုဝမ်ရှစ်သည် မနေ့တုန်းက ဟင်းပွဲအနည်းငယ်ကို လေ့လာခဲ့သည်။ သို့ပေမဲ့ ပါဝင်သည့် ကုန်ကြမ်းပစ္စည်းများ မရှိပေ။ သူမအနေနှင့် ကုန်ခြောက်ဆိုင်ဆီသို့ သွားကာ ဝယ်သင့်သည်များကို ဝယ်ယူရပေမည်။ ကျွင်းချောင်ရှောင်း မှာတော့ အလွန်တရာကြီးမားလှသည့် ကောင်းကင်ဘုံမြို့၏ ဈေးအား လှည့်ပတ်ကြည့်ရှုချင်နေမိ၏။ ထို့ကြောင့် လိုက်ပါလာခဲ့ခြင်းပင်ဖြစ်တော့သည်။
ကောင်းကင်ဘုံမြို့၏ ဈေးသည် အလွန်တရာ ကြီးမားလွန်းလှ၏။ ဆေးပစ္စည်းဆိုင်များ၊ ဆေးပင်နှင့် မျိုးစေ့ဆိုင်များ၊ လက်နက်ရောင်းချသည့်ဆိုင်များ၊ သလင်းအမြူတေ ရောင်းချသည့်ဆိုင်များနှင့် စိတ်ဝိညာဉ် ကျောက်တုံး ရောင်းချသော ဆိုင်များအားလုံးသည် ရေတွက်၍ မရအောင် များပြားလွန်းလှ၏။ လမ်းပေါ်မှာတော့ အမျိုးအစားစုံလင်လှသော အရင်းအမြစ်များကို ဝယ်ယူနေကြသော ကျင့်ကြံသူများလည်း များပြားစွာ တည်ရှိ နေသည်။
ခဏလောက် လမ်းလျှောက်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်း သည် သိုင်းစစ်သူကြီးအဆင့် ကျင့်ကြံသူတော်တော်များများကို မြင်လိုက်ရ၏။ ထိုအထဲတွင် သိုင်းဘုရင်ကျင့်ကြံသူတချို့တောင် ပါဝင်နေသေး၏။ မြို့ကြီးပီသစွာဖြင့် ကျွမ်းကျင်သူများ အားလုံးသည် တိမ်တွေလို ပေါများလွန်းနေ၏။
လျှိုဝမ်ရှစ် သည် ကုန်ခြောက်ဆိုင်ထဲသို့ ဝင်ရောက်သွားပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းမှာတော့ ကြုံရာနေရာကို လျှောက်ကာ လှည့်ပတ်ကြည့်ရှုလျက်ရှိနေတော့သည်။
“ဆေးပင်နဲ့ မျိုးစေ့တွေက ဒီမှာတော်တော်ကို အရည်အသွေးကောင်းတာပဲ”
ထိုအရာကို တွေးမိသည့်နောက်မှာတော့ ဆေးပင်ဆိုင်တစ်ခုထဲသို့ ဝင်ရောက်လိုက်၏။ ဤမြို့တွင်ရှိသော ဆေးပင် ဆိုင်များမှ ဆေးပင်နှင့်မျိုးစေ့များအားလုံးသည် အိုက်ကလန်မှ ဝယ်ယူပေးပို့နေသော ပစ္စည်းများထက် ပိုမို၍ အရည်အသွေးကောင်းမွန်နေ၏။ ထို့အတူ အရေအတွက်လည်း များများစားစား ရှိလို့နေ၏။
ကျွင်းချောင်ရှောင်း သည် အရေအတွက်များများကို တစ်ခါတည်းဝယ်ယူပြီးသည့်နောက် သူ၏ သိုလှောင် လက်စွပ် ထဲသို့ သိမ်းဆည်းလိုက်သည်။ ဤဆေးပင်နှင့် မျိုးစေ့များအတွက် ကုန်ကျငွေမှာ ဆယ်သန်းနီးပါးခန့်ပင်ရှိသည်။
“ဈေးကြီးလိုက်တာ” ကျွင်းချောင်ရှောင်း သည် ငွေလွှဲစာချုပ်များကို ထုတ်ယူ၍ ငွေရှင်းလိုက်၏။
ဘေးတစ်ဖက်တွင် ဆေးပင်များ ရွေးချယ်နေကြသော ဝယ်သူများ အားလုံးသည် ဆွံ့အလျက်ရှိနေ၏။
“ဒီလောက်ငွေတွေအများကြီးသုံးပြီး သာမန်ဆေးပင်တွေ ဝယ်ယူနေတယ်ဆိုတော့ သူ့ရဲ့ဦးနှောက်က တစ်ခုခု မှားယွင်းနေတာလား၊ ချမ်းသာတဲ့ အသိုင်းအဝိုင်းတစ်ခုခုက သခင်လေးဖြစ်လိမ့်မယ်၊ ဒါက သူ့ရဲ့ပိုက်ဆံပေါကြောင်း လာကြွားတာပဲနေမယ်”
အားလုံးဆွေးနွေးနေတုန်းမှာပဲ ကျွင်းချောင်ရှောင်း သည် ဆေးဆိုင်ထဲမှ ထွက်ခွာလာခဲ့ပြီဖြစ်သည်။
“ကောင်းပြီ”
ကျွင်းချောင်ရှောင်း တီးတိုးရေရွတ်လိုက်၏။
“ငါသာ ဒီမြို့မှာ တိရစ္ဆာန်အစားအစာ အရောင်းဆိုင်ဖွင့်လှစ်နိုင်ခဲ့မယ်ဆိုရင် အမြတ်တွေ အများကြီး ရနိုင်ခဲ့မှာပဲ ဟုတ်တယ်မို့လား”
စနစ်က ပြောလိုက်၏။ “ကောင်းကင်ဘုံမြို့မှာ တိရစ္ဆာန်အစားအစာ ရောင်းဖို့ဆိုတာ ရှက်ဖို့ကောင်းတယ်လို့ မထင်ဘူးလား”
“ပိုက်ဆံရမယ်ဆိုရင် ရှက်စရာ ဘာမှမရှိဘူး၊ နွားချေးရောင်းရမယ်ဆိုရင်တောင် ငါမရှက်ဘူး” ကျွင်းချောင်ရှောင်း ပြောလိုက်၏။
စနစ် “...”
“ကုန်ခြောက်ဆိုင်ထဲမှာ တစ်စုံတစ်ယောက် တိုက်ခိုက်နေတယ်” ရုတ်တရက် ကျင့်ကြံသူတစ်ယောက် ထအော်လိုက်၏။
“ဈေးထဲမှာ တိုက်ခိုက်နေတယ်ဆိုတော့ သေလမ်းရှာနေတာနဲ့ တူတူပဲမို့လား”
“သွားစို့၊ သွားကြည့်ရကြအောင်”
ဂိုဏ်းချုပ်ကျွင်းသည် မျက်မှောင်ကုတ်မိသွား၏။ အဘယ်ကြောင့်ဆိုသော် တုတုသည် ကုန်ခြောက်ဆိုင်ထဲတွင် ရှိနေသောကြောင့်ဖြစ်၏။
........
ကုန်ခြောက်ဆိုင်ထဲမှာတော့ များပြားလှသော ပစ္စည်းများအားလုံးသည် မြေပေါ်တွင် ပွစာကျဲလျက်ရှိ၏။ ဆိုင်ရှင် သည် ထိတ်လန့်ကြောက်ရွံ့လွန်းသောကြောင့် ကောင်တာစားပွဲအောက်တွင် ပုန်းအောင်းလျက်ရှိသည်။
ပန်းပုံစံ ရွှေချည်ထိုးထားသော ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက်သည် မြေပေါ်တွင် လဲလျောင်းနေပြီး သူ၏ ဝမ်းဗိုက်ကို ဆုပ်ကိုင်ထား၏။ ထိုသူ၏ မျက်နှာသည် အလွန်တရာရှုံ့မဲ့လျက်ရှိပြီး ကြည့်ရသည်မှာ ဒဏ်ရာရရှိသွားပုံပေါ်၏။
သူ့အားမည်သူရိုက်နှက်ခဲ့သနည်း။ လျှိုဝမ်ရှစ်ပင်ဖြစ်တော့၏။
လက်ရှိအခြေအနေမှာတော့ သူမသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ သူမ၏ မျက်လုံးထဲတွင်တော့ ဒေါသတရားများနှင့် ပြည့်နှက်လျက်ရှိသည်။ လျှိုဝမ်ရှစ်သည် အလွန်တရာ သဘောကောင်းပြီး ချစ်ဖို့ကောင်းလှသူတစ်ယောက်ဖြစ်သည်။ ဒေါသထွက်ခြင်း အမှုကို ပြုခဲလှသည်။
လူငယ်အနည်းငယ်တို့သည့် အလောတကြီးဖြင့် ရောက်ရှိလာပြီး လဲကျနေသောလူအား ဖေးမလိုက်၏။ ပြီးနောက် ဒေါသတကြီးဖြင့် ပြောလိုက်၏။ “ သောက်ရူး …. မင်းတကယ်ပဲ ခြောက်ယောက်မြောက် ဝမ်းကွဲအစ်ကိုကို တိုက်ခိုက်ရဲတယ်ပေါ့ဟုတ်လား၊ သူဒဏ်ရာရသွားပြီ”
လျှိုဝမ်ရှစ်သည် အံကိုကြိတ်ပြီး ပြောလိုက်သည်။
“ရှင်ကျွန်မကို သောက်ရူး လို့ ထပ်ခေါ်နေမယ်ဆိုရင် ဒီနေ့တော့ ရှင့်ကို အားရပါးရ ရိုက်ရလိမ့်မယ်”
ဤမိန်းကလေးသည် အမှန်တကယ်ပင် ဒေါသထွက်လွန်းနေ၏။ သူမ၏ အကြည့်များသည် စူးရှလွန်းနေ၏။
ဟမ့်
ထိုသူသည် အေးစက်စက်ပြောလိုက်၏။ “မင်းပြန်လာရဲတယ်ဆိုတာ အံ့အားသင့်စရာ မဟုတ်တော့ဘူး၊ အပြင်ဘက်မှာ ကျင့်ကြံနေတာကို၊ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်ဖြစ်ဖြစ် သောက်ရူးက သောက်ရူးပဲ”
ဤလူများ၏ စကားသည် မနှစ်မြို့ဖွယ်ရာ ကောင်းလွန်းလှ၏။ လျှိုဝမ်ရှစ်သည် မည်သို့မှ ဆက်သည်းမခံနိုင် တော့ဘဲ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်၍ ရှေ့သို့တိုးလာ၏။ လူငယ်သည် ကြောက်ရွံ့သည်ဆိုသော်လည်း ဟန်ကိုယ်ဖို့ မိမိကိုယ်ကို ထိန်းသိမ်းကာ ပြောလိုက်၏။ “ကောင်းကင်ဘုံမြို့ထဲမှာ တိုက်ခိုက်ရဲတယ်ဆိုတော့ မင်းကို စတုတ္ထဦးလေးတောင် လာပြီးကယ်နိုင်မှာ မဟုတ်ဘူးနော်”
ဘုတ်
ရုတ်တရက် လက်တစ်ဖက်သည် သူ၏ပခုံးထက်သို့ ကျဆင်းလာသည်။ လူငယ်သည်ကြောင်သွား၏။ ချက်ချင်း ဆိုသလိုပင် လှည့်ကြည့်လိုက်သည်။ ဘယ်တုန်းကမှန်းမသိဘဲ သူနှင့် အသက်အရွယ်တူနီးပါးခန့်ရှိသော လူငယ် တစ်ယောက်သည် သူ၏ နောက်ဘက်တွင် ရပ်တန့်လျက်ရှိနေသည်ကို အံ့အားသင့်ဖွယ် မြင်လိုက်ရ၏။
“ဂိုဏ်းချုပ်”
လျှိုဝမ်ရှစ်သည် မည်သို့မျှ မနေနိုင်တော့ပဲ မျက်ရည်များ ကျဆင်းလာတော့သည်။
ကျွင်းချောင်ရှောင်းသည် ထိုအချင်းအရာကို မြင်ရချိန်မှာတော့ နှလုံးသားတစ်ခုလုံး နာကျင်သွား၏။ သူလေးလေးနက်နက်ပြောလိုက်သည်။ “ဒီလူတွေက အိုးရန်ကလန် ကလား”
“ဟုတ်တယ်”
လူငယ်သည် မျက်လုံးကို ပင့်ကာ ပြန်ဖြေလိုက်၏။ ကျွင်းချောင်ရှောင်းသည် ရုတ်တရက်ဆိုသလိုပဲ ထိုသူအား မြေပေါ်သို့ ပစ်ချလိုက်သည်။ သူ၏ခြေထောက်ကိုမြှောက်ကာဖြင့် ကျောကို နင်းချလိုက်တော့သည်။
ဖောင်း ဖောင်း ဖောင်း
အပြင်ဘက်တွင် စုဝေးနေကြသော ကျင့်ကြံသူများအားလုံးသည် မျက်လုံးအပြူးသားဖြင့် ဖြစ်သွား၏။
လျှိုဝမ်ရှစ် အား သောက်ရူးဟုခေါ်ခဲ့သော အိုးရန်မိသားစု၏ တိုက်ရိုက်မျိုးဆက်သည် ပါးစပ်ထဲမှ အမြှုပ်တွေထွက်၍ မေ့မျော နေပြီဖြစ်သည်။ တခြားသော တိုက်ရိုက်တပည့်များအားလုံးတို့သည် အလွန်တရာ ထိတ်လန့်ကြောက်ရွံ့သွားကြ သောကြောင့် သူတို့၏ ဒဏ်ရာရရှိထားသော ခြောက်ယောက်မြောက်အစ်ကိုအား ကူညီခြင်းပင် မပြုနိုင်ဘဲ လျင်လျင်မြန်မြန်ဖြင့် ထွက်ပြေးတော့သည်။
ဂိုဏ်းချုပ်ကျွင်းသည် အလွန်လျင်မြန်စွာဖြင့် ထိုသူတို့နှစ်ယောက်ကို ဖမ်းဆွဲထား၏။ ထိုသူတို့သည် လျှိုဝမ်ရှစ်အား အနိုင်ကျင့်ခဲ့သည်ဖြစ်စေ၊ မကျင့်ခဲ့သည်ဖြစ်စေ သူ့အနေနှင့် ဂရုမစိုက်ပေ။ ထိုလူနှစ်ယောက်လုံးအား မြေပေါ်သို့ လှဲချလိုက်ပြီးနောက် ကျောကုန်းအား ခြေထောက်ဖြင့် နင်းချလိုက်ပြန်၏။
“ရပ် … ရပ်စမ်း”
ထိုအချိန်မှာပဲ ကုန်ခြောက်ဆိုင်၏ အပြင်ဘက်ဆီမှ အော်သံတစ်ခု ထွက်ပေါ်လာသည်။
“လှည့်ကင်းမှူးပဲ၊ မြို့ထဲမှာ တိုက်ခိုက်ခြင်းက ရာဇဝတ်မှု မြောက်တယ်ဆိုတာ မသိဘူးလား၊ သူက အိုးရန် မိသားစုရဲ့ တိုက်ရိုက်တပည့်ကို ရိုက်နှက်နေတယ်”
လူတွေက မြန်မြန်ဆန်ဆန် လမ်းဖယ်ပေးသည့်နောက်မှာတော့ ချပ်ဝတ်ကို ဝတ်ဆင်ထားသော သက်လတ်ပိုင်း လူတစ်ယောက်သည် စစ်သားနှစ်ဆယ်ကျော်အား ခြံရံ၍ ကုန်ခြောက်ဆိုင်အား ဝိုင်းရံထားလျက်ရှိသည်။
ဘန်း … ဘန်း … ဘန်း။
ကျွင်းချောင်ရှောင်း မှာတော့ ဆက်လက်၍ နင်းချလျက်ရှိနေသေးသည်။
ထိုအချင်းအရာကို မြင်တော့ လှည့်ကင်းမှူး သည် မျက်မှောင်ကုတ်သွားမိသည်။ သူသည် ကုန်ခြောက်ဆိုင်ထဲသို့ ဝင်ရောက်လာပြီးနောက် အော်လိုက်၏။ “မြို့ထဲမှ တိုက်ခိုက်တယ်ဆိုတာကို တားမြစ်ထားတယ်၊ အခုချက်ချင်းရပ်၊ မဟုတ်ရင် …….”
ဘန်း
သူပြော၍ မပြီးခင်မှာပဲ အပြင်ဘက်ဆီသို့ လွင့်စင်သွားတော့သည်။ ကြည့်ရှုနေကြသော ကျင့်ကြံသူများ အားလုံးသည် ဆွံ့အသွားကြ၏။ ဤလူသည် အမှန်တကယ်ပဲ လှည့်ကင်းမှူးကိုပင် ပြန်လည်၍ တိုက်ခိုက်ရဲနေ သည်။ အသက်ရှင်ရသည်ကို ပျင်းရိငြီးငွေ့နေပေသည်လား။
ဝှစ် ဝှစ်
ချက်ချင်းဆိုသလိုပဲ ကုန်ခြောက်ဆိုင်၏ မနီးမဝေးဆီသို့ သိုင်းကျင့်ကြံသူနှစ်ယောက်သည် ရောက်ရှိလာခဲ့သည်။ ထိုသူတို့၏ အော်ရာများမှာ အလွန်တရာ ကောင်းမွန်လှသည်။ နှစ်ယောက်စလုံးသည် သိုင်းဘုရင်အဆင့် ကျင့်ကြံသူများဖြစ်ကြ၏။
ဆံပင်အဖြူရောင်နှင့် အဘိုးအိုသည် လေးလေးနက်နက်ဖြင့် ပြောလိုက်၏။ “မောက်မာလိုက်တဲ့ ကောင်လေး၊ မင်းက အိုးရန်မိသားစုရဲ့ တိုက်ရိုက်တပည့်ကို ထိခိုက်အောင် လုပ်ရဲတယ်ပေါ့ ဟုတ်လား”
ကျွင်းချောင်ရှောင်းသည် သူ၏ ကိုယ်ထိလက်ရောက်ပြုလုပ်နေသည် လုပ်ရပ်အား ရပ်တန့်ပြီးသည့်နောက်မှာတော့ ခွေးသေကောင်ကဲ့သို့ ရိုက်နှက်ခံလိုက်ရသော လူနှစ်ယောက်ကို အသာဆွဲယူ၍ လွင့်ပစ်လိုက်၏။ ပြီးနောက် သူသည် ခပ်တည်တည်ဖြင့် ပြောလိုက်သည်။ “ကျုပ်က ခင်ဗျားတို့ မိသားစုရဲ့ တိုက်ရိုက်တပည့်ကို ရိုက်ရုံတင်မဟုတ်ဘူး၊ ခင်ဗျားတို့လို အဘိုးကြီးနှစ်ယောက် ကိုလည်း ရိုက်ရဦးမယ်”
“မောက်မာလိုက်တာ”
သိုင်းဘုရင်နှစ်ယောက်တို့သည် အေးစက်စက်ဖြင့် ပြောလိုက်၏။
“လှည့်ကင်းမှူး”
ဆံပင်အဖြူရောင်နဲ့ အဘိုးအိုကပြောလိုက်သည်။ “ဒီကောင်လေးက အိုးရန်မိသားစုရဲ့ တိုက်ရိုက်တပည့်ကို ထိခိုက်နာကျင်အောင် လုပ်ခဲ့တယ်၊ ကျုပ်တို့ ပြန်ပြီး တုံ့ပြန်လို့ ရတယ်မဟုတ်လား”
လှည့်ကင်းမှူးသည် မနည်းရုန်းကန်၍ ထရပ်လိုက်ပြီးသည့်နောက် သူ၏ ရင်ဘတ်ကို အသာဖိကိုင်ကာ ပြောလိုက်၏။ “ရတာပေါ့”
“ကောင်လေး”
ဆံပင်အဖြူနှင့် အဘိုးအိုသည် သိုင်းဘုရင်အဆင့်အော်ရာများကို ထုတ်ဖော်ကာ အေးစက်စက် ပြောလိုက်၏။ “ငါက ဒီနေ့မှာ မင်းရဲ့မိဘတွေအစား မင်းကို သွန်သင်ဆုံးမရလိမ့်မယ်”
သူသည် တိုက်ခိုက်ရန် ပြင်ဆင်လိုက်၏။ သို့ပေမဲ့ ချက်ချင်းဆိုသလိုပဲ လေထုထဲတွင် အလွန်တရာ အေးစက်လှသော အော်ရာများ ဖြစ်တည်လာသည်။
“မကောင်းတော့ဘူး”
ဆံပင်အဖြူနှင့် သိုင်းကျင့်ကြံသူ၏ မျက်နှာသည် ပျက်ယွင်းသွားတော့သည်။ သူသည် လှုပ်ရှား၍ မရနိုင်တော့ချေ။
ကျွင်းချောင်ရှောင်းသည် ရှေ့သို့လှမ်းလျှောက်လာသည်။ အလွန်တရာ အေးစက်သည့်အကြည့်များဖြင့် ကြည့်ကာ ပြောလိုက်သည်။ “ခင်ဗျားက ကျုပ်ကို သွန်သင်ဆုံးမဖို့အတွက် အရည်အချင်း မပြည့်မီဘူး”