အခန်း (၅၀၆)
Vol. 34 Ch. 506
ဘုန်း … ဘုန်း။
ဈေးထဲမှာတော့ အလွန်အားကောင်းလှသော ပေါက်ကွဲမှု အသံများ ထွက်ပေါ်နေသည်။
အကန့်အသတ်မဲ့သော စိတ်ဝိညာဉ်စွမ်းအင်များသည် တည်နေရာတစ်ခုလုံးကို ဖုံးလွှမ်းလျက်ရှိနေ၏။ ပတ်ဝန်းကျင်တစ်ခုလုံးရှိ အဆောက်အဦများဆိုလျှင် တုန်ခါ၍ပင် နေတော့သည်။။
ကောင်းကင်ဘုံမြို့တွင်းမှာရှိသော အဆောက်အဦ များသည် အလွန်တရာ ခိုင်ခံလွန်းလှသည်။
သိုင်းဘုရင်များ၏ တိုက်ခိုက်မှု စွမ်းအင် သက်ရောက်မှုကို ကို ကြံကြံခံနိုင်ဖို့ဆိုသည်မှာ ၎င်းတို့၏ အဆောက်အဦ အခြေခံသည် အလွန်တရာ ကောင်းမွန်သောကြောင့်ပင် ဖြစ်ရမည်။ ချင်းယန်မြို့မှာဆိုပါက အိမ်များအားလုံးသည် ပြိုကျပျက်စီးသွားမှာ ဖြစ်၏။
ကုန်ခြောက်ဆိုင်၏ ရှေ့မှာတော့ ကျွင်းချောင်ရှောင်းနှင့် စောင့်ရှောက်သူ ကျင်းတို့သည် ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်လျက်ရှိသည်။
မည်သူက အထက်စီးမှ တိုက်ခိုက်နေသည်ကိုပင် ပြောပြရန်ခက်ခဲလှ၏။ နှစ်ယောက်သားသည် ပတ်ဝန်းကျင်ရှိ အဆောက်အဦများကို မသက်ရောက်ချင်ပေ။ ထို့ကြောင့် အနီးကပ်တိုက်ခိုက်ခြင်းကိုသာ ပြုလုပ်နေကြ၏။
ခပ်ဝေးဝေးဆီမှ ကျင့်ကြံသူများ ကြည့်ရှုလျက်ရှိသော ကျင့်ကြံသူများအားလုံးသည် အလွန်တရာ စိတ်လှုပ်ရှားမိနေကြ၏။
သူတို့အနေနှင့် သိုင်းဘုရင်နှင့် ဓားဘုရင်တို့၏ တိုက်ခိုက်ပွဲကို မျက်မြင်တွေ့ရသည်မှာ ကြုံတောင့်ကြုံခဲ ကိစ္စပင်ဖြစ်တော့သည်။
ဘုတ် … ဘုတ် … ဘုတ် … ဘုတ် …
များပြားလှသော ကောင်းကင်ဘုံစစ်သည်များသည် ရောက်ရှိလာခဲ့ကြသည်။ ဈေးတစ်ခုလုံးကို ဝိုင်းရံထားတော့သည်။
တစ်ချိန်တည်းမှာပဲ တစ်ခြားသော သိုင်းဘုရင်အဆင့် အစောင့်အရှောက်များလည်း အမြန်ဆုံးနှုန်းဖြင့် ရောက်ရှိလာကြပြီး ကျွင်းချောင်ရှောင်းကို ပိတ်ဆို့ထားကြတော့သည်။ အရာအားလုံးတို့သည် ရှုပ်ထွေး လာတော့၏။
လက်ရှိအခြေအနေကို ကြည့်မည်ဆိုပါက ဂိုဏ်းချုပ်ကျွင်းသည် အလွန်တရာ ဆိုးရွားသော အခြေအနေထဲသို့ ရောက်ရှိနေသည်။ သေလိုက်သည်ကပင် အကောင်းဆုံးနည်းလမ်းဖြစ်သည်ဟု ဆိုရမည်။
ဘုန်း
ထိုအချိန်မှာတော့ နှစ်ယောက်သားသည် တစ်ယောက်နှင့်တစ်ယောက် လက်သီးနှင့် ထိုးနှက်လိုက်ကြတော့သည်။
မည်သူကမှ အပေါ်စီးမှ မရှိသလို မည်သူကမှလည်း အောက်စီးမှ မရှိကြချေ။ နှစ်ယောက်လုံးပြိုင်တူ ခြေလှမ်းအနည်းငယ် နောက်သို့ ဆုတ်သွားကြ၏။
စောင့်ရှောက်သူကျင်း၏ မျက်နှာသည် ပျက်ရွင်းသွားသည်။
ဤကောင်လေးသည် ဓားဘုရင်တစ်ယောက်ဖြစ်သည်။ သို့ပေမဲ့ သိုင်းဘုရင်အဆင့်နှစ် ကျင့်ကြံသူတစ်ယောက်သာ ဖြစ်၏။ သူ့ကဲ့သို့ သိုင်းဘုရင်အဆင့်ကိုး ကျင့်ကြံသူတစ်ယောက်အား အဘယ်ကြောင့် ယှဉ်ပြိုင်တိုက်ခိုက်နေရသနည်း။
သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်းသည် အစောကတည်းကနေ ယခုထိ အားကုန်သုံး၍ မတိုက်ခိုက်သေးသည်ကိုသာ သိရှိမည်ဆိုပါက ထိုသိုင်းဘုရင်ထိပ်ဆုံးအဆင့်သည် သွေးပင် အန်သွားပေလိမ့်မည်။
ဟမ့် …
ပတ်ဝန်းကျင်ရှိ စစ်သည်များကို ကြည့်ပြီးသည့်နောက် ယခုမှ ရောက်ရှိလာခဲ့သော သိုင်းဘုရင်နှစ်ယောက်တို့အား ကြည့်ကာ ကျွင်းချောင်ရှောင်းသည် ထူးမခြားနားသလို ပြောလိုက်သည်။ "လူအင်အားကတော့ တောင့်သားပဲ"
သိုင်းကျင့်ကြံသူများအားလုံးသည် သူ့အား ချီးကျူးမိလိုက်ကြသည်။
ကောင်းကင်ဘုံမြို့မှ သိုင်းဘုရင် ခြောက်ယောက်တို့သည် ထွက်ပေါ်လာခဲ့ကြသည်။ သို့ပေမဲ့ တစ်ဖက်လူသည် အလွန်တရာ တည်ငြိမ်တုန်းပင် ဖြစ်နေ၏။
အဆင့်ခြောက် ကျန်းယန်နိုင်ငံကို ယှဉ်ပြိုင်တိုက်ခိုက်ရဲသည့် လူတစ်ယောက်ပီသလွန်းလှ၏။
သို့ပေမဲ့ ဤနေရာသည် ကျန်းယန်နိုင်ငံမဟုတ်ပေ။ ကောင်းကင်ဘုံမြို့သာ ဖြစ်သည်။
ဂိုဏ်းတစ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် ပြည်သူ့ကာကွယ်ရေးတပ်နှင့် ယှဉ်ပြိုင်တိုက်ခိုက်ရဲသည်ဆိုလျှင် မြို့တော်ဝန်အား ပုန်ကန်ခြင်းနှင့် ပင် ဆင်တူ၏။ ထိုအရာသည် ချွင်းချက်မရှိ အသတ်ဖြတ်ခံရပေလိမ့်မည်။
သံမဏိအရိုးဂိုဏ်းချုပ်သည် လတ်တလောတွင် အလွန်တရာ ကျော်ကြားလွန်းနေ၏။ သို့ပေမဲ့ ကောင်းကင်ဘုံမြို့ထဲတွင် ပြသနာလာရှာရဲသည်ဆိုကတည်းက အသက်ရှင်ရတာ ငြီးငွေ့နေခြင်းကြောင့်ပင် ဖြစ်ပေလိမ့်မည်။
အိုးရန်မိသားစုမှ သိုင်းဘုရင်သည် နှာခေါင်းရှုံ့ကာ တွေးလိုက်၏။ "ဒီကောင်လေးကို လောကမှာ ကယ်နိုင်တဲ့လူ မရှိတော့ဘူး။"
"ဂိုဏ်းချုပ်ကျွင်း"
အစောင့်အရှောက် ကျင်းသည် လေးလေးနက်နက် ပြောလိုက်သည်။ "အညံ့ခံပါတော့"
တိုက်ခိုက်ချက်အနည်းငယ်ကို ထုတ်ဖော်တိုက်ခိုက်ပြီးနောက်မှာတော့ ဒီကောင်လေး၏ အားအင်အဆင့်သည် အလွန်တရာ အားကောင်းလွန်းလှပြီး သူ့အနေနှင့် တစ်ယောက်တည်း အနိုင်ယူရန် မဖြစ်နိုင်ကြောင့် နားလည်သွား၏။
ကျွင်းချောင်ရှောင်းသည် ထူးမခြားနားသလို ပြောလိုက်၏။ "နိုင်အောင်တိုက်လေ။နိုင်အောင်တိုက်ရင်တော့ အညံ့ခံရမှာပေါ့"
သူ၏ စိတ်ပိုင်းဆိုင်ရာသည် သံမဏိကဲ့သို့ မာကြောလွန်းလှ၏။
ငါ့ကို အညံ့ခံဖို့ ဆိုလိုချင်တာလား။အားကုန်ထုတ်ပြီး လာတိုက်ခိုက်လိုက်ပါ။
စောင့်ရှောက်သူ ကျင်း၏ မျက်လုံးများသည် အေးစက်သွား၏။ သူ ပြောလိုက်သည်။ "အစောင့်အရှောက်ရင် … အတူတူပေါင်းပြီးတော့ ဒီကောင်လေးကို ဖမ်းရအောင်"
"ကောင်းပြီ" ငွေအစောင့်အရှောက်သည် ရှေ့သို့ လှမ်းတက်လာသည်။
သိုင်းဘုရင် ထိပ်ဆုံးတစ်ယောက်၏ အော်ရာများသည် ချက်ချင်းဆိုသလိုပဲ ထွက်ပေါ်လာတော့၏။
ဝမ် …
လေဟာနယ်ထဲတွင် အအေးအလင်းဓားတစ်ခု ပေါ်ပေါက်လာသည်။ ကျွင်းချောင်ရှောင်းသည် ဓားအား ဆုပ်ကိုင်ပြီးသည့်နောက် ရုတ်တရက် ဆွဲထုတ်လိုက်တော့သည်။ သူ၏ အကြည့်များသည် အေးစက်သွားသည်။ "ခင်ဗျားတို့က အရေအတွက်နဲ့ တိုက်ခိုက်ပြီဆိုမှတော့ ကျူပ်ကလည်း ညှာတာတော့မှာ မဟုတ်ဘူး"
ချက်ချင်းဆိုသလိုပဲ ဓား၏ထက်တွင် အလွန်တရာ ပူပြင်းလှသော မီးတောက်များ ဖြစ်တည်လာတော့သည်။
"အားကောင်းလိုက်တဲ့ မီးတောက်တွေ"
အစောင့်အရှောက်ကျင်းနဲ့ အစောင့်အရှောက်ရင်တို့၏ အမူအရာများသည် အနည်းငယ် ပြောင်းလဲသွားသည်။
သံမဏိအရိုးဂိုဏ်းချုပ်သည် မီးဓာတ်သဘာဝကျင့်ကြံသူဖြစ်ကြောင်း သူတို့သိထားသည်။ သို့ပေမဲ့ ဤမျှအားကောင်းလှပြီး သန့်စင်သော မီးတောက်များကို ပိုင်ဆိုင်လိမ့်မည်ဟု သူတို့ မထင်မှတ်မိချေ။
"သူတို့ လက်နက်သုံးကုန်ပြီ။ ဒီနေရာမှာတော့ သွေးတွေ စွန်းနေတော့မှာပဲ။သံမဏိအရိုးဂိုဏ်းချုပ်က တကယ့်ကို အဆင်အခြင်မဲ့လွန်းတယ်။"
အားလုံးသည် တီးတိုး ဆွေးနွေးနေကြသည်။
မြို့ထဲတွင် တိုက်ခိုက်ခြင်းကပင် ရာဇဝတ်မှု မြောက်နေပြီဖြစ်သည်။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် လက်နက်ကိုပင် ထုတ်ကာ တိုက်ခိုက်နေသေး၏။ ဤအရာသည် ထပ်တိုး ရာဇဝတ်မှုပင် ဖြစ်တော့၏။
"ကျွင်းချောင်ရှောင်း"
အစောင့်အရှောက်ကျင်းသည် လေးလေးနက်နက် ပြောလိုက်၏။ "မင်းက ချောက်ထဲကို တစ်လှမ်းချင်း ဆင်းနေတာလား"
ဤနေရာသည် တိုက်ခိုက်မည်ဆိုလျှင်ပင် ပြဿနာရှိနိုင်၏။ သို့ပေမဲ့ တစ်ဖက်လူသည် တိုက်ခိုက်ရာတွင် လက်နက်ကိုပါ ထုတ်ဖော်အသုံးပြုနေသေးသည်။ ခွင့်လွတ်နိုင်စရာ ကိစ္စမျိုး မဟုတ်ပေ။
ကျွင်းချောင်ရှောင်း၏ မျက်လုံးထဲမှာတော့ တိုက်ခိုက်လိုခြင်း ဆန္ဒတွေနှင့် ပြည့်နက်သွား၏။ "လာလေ"
စောင့်ရှောက်သူ အကြီးအကဲကျင်း၏ မျက်လုံးများသည် အေးစက်သွား၏။ "ဒီကောင်လေးက မြို့ရဲ့ ဥပဒေကို ဖောက်ဖျက်နေတာ။ကျုပ်တို့ ဒီနေ့ သူ့ကို တိုက်ခိုက်ကြရအောင်"
"ကောင်းပြီ" အစောင့်အရှောက်ရင်က သဘောတူလိုက်သည်။
သူတို့သည် ပူးပေါင်း၍ ဤမောက်မာလှသော ဂျူနီယာလေးကိုသတ်ဖြတ်မှ ဖြစ်ပေလိမ့်မည်။ မဟုတ်ပါက သူတို့သည် မြို့ထဲတွင် ငပေါကြီးများအဖြစ် နာမည်ပျက်ပေလိမ့်မည်။
ဝှစ်။
သိုင်းဘုရင်တစ်ယောက်၏ အော်ရာများ ထွက်ပေါ်လာပြီးသည့်နောက်မှာတော့ ကောင်းကင်တစ်ခုလုံးသည် သတ်ဖြတ်လိုခြင်း ဆန္ဒများနှင့် ပြည့်နက်သွားကြသည်။
အစောင့်အရှောက်ကျင်း နှင့် အစောင့်အရှောင်ရင်တို့သည် ပူးပေါင်းတိုက်ခိုက်ရန် ပြင်လိုက်ကြ၏။
ထိုအချိန်မှာပဲ အဝေးတစ်နေရာဆီမှ အသံတစ်ခု ထွက်ပေါ်လာသည်။ "ရပ်ကြ"
အားလုံးလှည့်ကြည့်လိုက်သည့် အချိန်မှာတော့ ရောက်ရှိလာသော မင်းသမီးလေး ကြာပန်းနီအား မြင်လိုက်ကြရသည်။
"ဂါဝရပြုပါတယ် မင်းသမီးလေး" အစောင့်အရှောက်ကျင်းနှင့် ကျန်သည့် လူများအားလုံးသည် ဦးညွှတ်ကာ ဂါဝရပြုလိုက်ကြသည်။
မင်းသမီးလေး ကြာပန်းနီသည် ကျွင်းချောင်ရှောင်းအား လှည့်ကြည့်ကာ ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်း ကျေးဇူးပြုပြီး ရှင့်လက်ထဲက ဓားကို အရင်ချပါ။ကျန်တာတွေ နောက်မှ ပြောကြတာပေါ့"
ကျွင်းချောင်ရှောင်းသည် ချက်ချင်းဆိုသလိုပဲ လက်သီးဆုပ်ကာ ပြောလိုက်၏။ "ကျုပ်က မင်းသမီးလေးကို မျက်နှာသာ ပေးရမှာပေါ့..."
“………..” အားလုံးသော လူများသည် မူးနောက်နောက်ဖြစ်သွားကြသည်။
တော်ဝင်ထိပ်တန်း မင်းသမီးလေး ဆိုမှတော့ မည်သူမဆို မျက်နှာသာ ပေးရပေလိမ့်မည်။ တစ်ဖက်လူမှာတော့ အားနာနာနှင့် မျက်နှာသာပေးရသည့်ပုံစံနှင့် ပြောဆိုလျက်ရှိနေ၏။
"မင်းသမီးလေး"
အစောင့်အရှောက်ကျင်းက ပြောလိုက်သည်။ "ဒီကောင်လေးက မြို့ထဲမှာ တိုက်ခိုက်တယ်။ဒါက ဥပဒေကို ချိုးဖောက်တာပဲ။သူ့ရဲ့ အပြုအမူက ခွင့်လွတ်ပေးလို့ မရဘူး"
"ကျွန်မ နားလည်တယ်"
မင်းသမီးလေး ကြာပန်းနီက ဖြတ်ပြောလိုက်သည်။ ပြီးနောက် ကျွင်းချောင်ရှောင်းကို ကြည့်ကာ ခေါင်းခါယမ်းလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်း ဒီနေရာက ကောင်းကင်ဘုံမြို့လေ။သံမဏိအရိုးဂိုဏ်းမဟုတ်ဘူး။ ဒီတော့ အဆင်အခြင်မဲ့ တိုက်ခိုက်တာက လက်လွတ်စပယ် နိုင်လွန်းတယ်လို့ထင်တယ်"
"ကျုပ်သာ အဆင်ခြင်မဲ့သာ လျှောက်လုပ်မယ်ဆိုရင် ကျုပ်ရဲ့ ဓားသွားအောက်မှာစောင့်ရှောက်သူကျင်း သေနေတာကြာပြီပေါ့" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
သူသည် ဟိတ်ဟန်ထုတ်ကာ ကြွားဝါ ပြောဆို နေခြင်းမဟုတ်ပေ။ သူ့တွင် ထိုကဲ့သို့ ပြုလုပ်နိုင်ရန် အားအင်အဆင့်ရှိလို့နေ၏။
ဂိုဏ်းချုပ်ကျွင်း၏ လက်ရှိ အခြေအနေအရဆိုလျှင် သိုင်းဘုရင် ထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်ပင်လျှင် သူ့အား အန္တရာယ်ပေးနိုင်မည် မဟုတ်ချေ။
မင်းသမီးလေး ကြာပန်းနီက ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်းရဲ့ အားအင်က ချီးကျူးဖို့ ကောင်းလွန်းတယ်။ ဒါပေမဲ့ မြို့ထဲမှာ မတိုက်ခိုက်သင့်ဘူး။ဒီတော့ ခုခံဖို့ကို မလုပ်ဘဲနဲ့ အချုပ်ထဲကို သွားပါ..."
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ရင်သွား၏။
သူသည် မကြာသေးခင်ကမှ အချုပ်ထဲက ထွက်လာခြင်းဖြစ်သည်။ ယခု အချုပ်ထဲသို့ ပြန်လည်သွားရပေဦးမည်။ အချုပ်နှင့် တည်းခိုခန်းသည် သူ့အတွက် ထမင်းစားခန်းနှင့် အိမ်သာလိုပင် ဖြစ်နေတော့သည်။
စနစ်က လှောင်ပြောလိုက်၏။ "ဒီနေ့မှာရော ပြသနာထပ်ရှာလိုက်ပြန်ပြီ။ကြည့်ရတာ ထောင်ထဲမှာ အချုပ်ခံထားဖို့ ကံဇာတာပါတယ်ထင်တယ်။ပြဿဒါးပဲ"
"မင်းသမီးလေး"
စောင့်ရှောက်သူကျင်း သည် ဒေါသတကြီးဖြင့် ပြောလိုက်၏။ "ဒီကောင်လေးက ဥပဒေကို လေးစားမှု မရှိဘူး။ သူ့ကို အသက်ချမ်းသာပေးလို့ မဖြစ်ဘူး"
“သူ့ကို အသက်ချမ်းသာပေးလို့မဖြစ်ဘူး”
ပြည့်သူစောင့်ရှောက်ရေး အဖွဲ့ရှိ စစ်သည်များအားလုံးသည်လည်း သံပြိုင်ဆိုသလို အော်ဟစ်လိုက်ကြသည်။
အခြေအနေများကို သုံးသပ်ကြည့်မည်ဆိုလျှင် ဂိုဏ်းချုပ်ကျွင်းသည် ယနေ့တွင် ပြည့်စုံသည့် ရှင်းပြချက်ကို မပေးနိုင်ဘူးဆိုပါက သေဆုံးခြင်းမှ လွတ်မြောက်နိုင်မည့်ဟန် မရှိချေ။
"အစောင့်အရှောက်တို့"
မင်းသမီးလေး ကြာပန်းနီက ပြောလိုက်သည်။ "ဒီကိစ္စကို ကျွန်မလက်ထဲကို ထားလိုက်ပါ"
"ဒါက..."
စောင့်ရှောက်သူကျင်း နှင့် စောင့်ရှောက်သူ ရင်တို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်မိလိုက်ကြ၏။
သူတို့နှစ်ယောက်သည် မြို့၏ လုံခြုံရေးရာကိစ္စများကို တာဝန်ယူထားကြသူများဖြစ်သည်။ ယနေ့တွင် အဘယ့်ကြောင့် မင်းသမီးလေးသည် ဝင်ရောက်စွက်ဖက်နေရသနည်း။
"မင်းသမီးလေး"
စောင့်ရှောက်သူရင်သည် ကြောင်အအနှင့် ပြောလိုက်၏။ "ဒီကိစ္စက အရမ်း အရေးကြီးတယ်။ မြို့တော်ဝန်နဲ့ ကျုပ်တို့ ပြောမှဖြစ်မယ်"
"ဘာ့ကြောင့်လဲ"
မင်းသမီးလေး ကြာပန်းနီသည် မျက်မှောင်ကုတ်ကာ မပျော်မရွှင်နှင့် ပြောလိုက်၏။ "ကျွန်မဆီမှာ ဒီလိုမျိုး လုပ်ဖို့အတွက် အခွင့်အာဏာမရှိဘူးလား"
"ရှိ… ရှိတာပေါ့"
စောင့်ရှောက်သူ နှစ်ယောက်တို့သည် အလောတကြီးဖြင့် ပြောဆိုလိုက်ကြတော့သည်။ မင်းသမီးလေးသည် မြို့တော်ဝန်၏ မျက်လုံးထဲတွင် အလွန်တရာ ချစ်မြတ်နိုးရသော သမီးတော်လေးတစ်ပါးဖြစ်၏။ ထို့ကြောင့် သူတို့ အနေနှင့် ပြသနာမရှာရဲချေ။
မင်းသမီးလေး ကြာပန်းနီက ပြောလိုက်သည်။ "အကျဉ်းထောင် ဘယ်မှာ ရှိတယ်ဆိုတာကို ဂိုဏ်းချုပ်ကျွင်းသိတယ်မို့လား။ ကျေးဇူးပြုပြီး ကိုယ့်ဘာသာကိုယ် သွားပါတော့"
ကျွင်းချောင်ရှောင်းသည် သူ၏ လက်များကို ဖြန့်ကား၍ ပုခုံးကို တွန့်လိုက်၏။ ပြီးနောက် လှည့်ကာ ထွက်သွားလိုက်သည်။
သူသည် အိုးရန်မိသားစုမှ လူများကို ရိုက်နှက်ခြင်းဖြင့် သူ၏ တပည့်၏ ဒေါသကို ဖြေလျော့ပေးခဲ့သည်။
ယခု မင်းသမီးလေး ကြာပန်းနီ အနေဖြင့် သူ့အတွက် ကယ်ပေါက်တစ်ခုကို ဖန်တီးပေးသည်ဆိုမှတော့ သူသည် ထိုလမ်းမှ ထွက်မှ ဖြစ်မည်။
"မင်းသမီးလေး"
ထိုအချိန်မှာပဲ အိုးရန်မိသားစုက သိုင်းဘုရင်သည် ပြောလိုက်၏။ "ဒီကောင်လေးက ကျုပ်တို့ အိုးရန်မိသားစုကို ထိခိုက်နာကျင်အောင် လုပ်ခဲ့တယ်။ကျေးဇူးပြုပြီး တရားမျှတမှုကို ရှာဖွေပေးပါ။"
"တရားမျှတမှု ဟုတ်လား"
ကျွင်းချောင်ရှောင်းသည် အသာလှည့်ကာ အေးစက်စက်ဖြင့် ပြောလိုက်၏။ "ကျူပ်တို့ သံမဏိအရိုးဂိုဏ်းတပည့် က သောက်ရူးလို့ ခဏခဏ ခေါ်ခံရတာလေ။ဒါကြောင့် ကျုပ်က တရားမျှတမှုကို လာပြီးတော့ ရှာတာ။"
အိုးရန်မိသားစုမှ သိုင်းဘုရင်သည် နှာခေါင်းရှုံ့လိုက်၏။ "ကောင်းလေး မင်းက လက်ရှိအခြေအနေမှာ ဘယ်လိုလုပ် ငါတို့ဆီလာပြီးတော့ တရာမျှတမှုကို ရှာမှာလဲ"
"ဂိုဏ်းချုပ်ကျွင်း"
မင်းသမီးလေးကြာပန်းနီက ပြောလိုက်သည်။ "သွားကြစို့"
"နေပါအုံး"
ထိုအချိန်မှာပဲ ဂိုဏ်းအသိအမှတ်ပြုမှု ဗဟိုမှ အကြီးအကဲတစ်ယောက်သည် အလောတကြီး ရောက်ရှိလာကာ ပြောလိုက်သည်။ "မင်းသမီးလေး ဒီနေရာမှာ နားလည်မှု လွဲနေတာရှိမယ်လို့ ထင်တယ်"
"ဂိုဏ်းအသိအမှတ်ပြု ဗဟိုက အကြီးအကဲကျိုးပါ့လား။ ဘယ်လိုလုပ်ပြီးရောက်လာတာလဲ"
အားလုံးသည် တိုင်ပင် ဆွေးနွေးနေတုန်းမှာပဲ သတ်လတ်ပိုင်းလူတစ်ယောက်သည် အလောတကြီးဖြင့် ရောက်ရှိလာကာ ပြောလိုက်၏။
"ကြာပန်းနီ ….. ဂိုဏ်းချုပ်ကျွင်းက ကျောင်းရဲ့ အရေးကြီးတဲ့ ဧည့်သည်လေ။ မင်းသူ့ကို လတ်လွတ်စပယ် ဖမ်းလို့မဖြစ်ဘူး"
ဟမ်။
တည်နေရာတစ်ခုလုံး ငြိမ်သက်သွား၏။
ပထမဆုံး ဂိုဏ်းအသိအမှတ်ပြု ဗဟိုမှ ရောက်ရှိလာပြီး နားလည်မှု လွဲနေသည်ဟု ပြောဆိုခဲ့၏။ ပြီးနောက် ကောင်းကင်ဘုံကျောင်းမှလူ ရောက်ရှိလာပြီးနောက် အရေးကြီးသည့် ဧည့်သည်တစ်ယောက်ဖြစ်ကြောင်း ပြောဆိုခဲ့ပြန်သည်။ ဘာတွေ ဖြစ်ပျက်နေသနည်း။