← Chapters

အခန်း (၅၀၉)

Vol. 35 Ch. 509

အခန်း (၅၀၉)

Vol. 35 Ch. 509

ကြယ်ကြွေကုန်းမြေတိုက်ကြီးသည် သိုင်းပညာရှင်များသည်သာ လေးစားခြင်းခံရ၏။ သူတို့နှင့် အသက်အရွယ် တူညီလုနီးပါးရှိသော သံမဏိအရိုးဂိုဏ်းခေါင်းဆောင်သည် အလွန်တရာအားကောင်းပြီး များပြားလှသော ကိစ္စရပ်များကို ပြုလုပ်နိုင်၏။ သဘာဝအားဖြင့် ကောင်းကင်ဘုံကျောင်းသားများအားလုံးသည် သူ့အား ချီးကျူးနေ ကြ၏။

သို့ပေမဲ့ ကျွင်းချောင်ရှောင်းအား ချီးကျူးကြသော လူတော်တော်များများသည် သာမန်ကျောင်းသား များသာဖြစ်ကြ၏။ အစစ်အမှန် ပါရမီရှင်များမှာ ပေါ်မလာကြချေ။ ထိုအစား ခပ်ဝေးဝေးတည်နေရာမှာ ရပ်ကာ လှမ်းကြည့်လျက်ရှိနေကြ၏။ သူတို့၏ မျက်နှာ အမူအရာများသည်လည်း ပျက်ယွင်း နေကြ၏။

ကျောင်း၏အကြီးအကဲများသည် ကျွင်းချောင်ရှောင်းအား ဖိတ်ခေါ်ခဲ့၏။ ထိုအကြောင်းအား သူတို့သည် များပြား လှသော သတင်းလမ်းကြောင်းများမှတစ်ဆင့် သိရှိခဲ့ကြပြီး ၎င်းတို့တော်တော်များများသည် မောက်မာ၍ ကြီးကျယ်ကြသူများလည်းဖြစ်သည်။ ထို့ကြောင့် သံမဏိအရိုးဂိုဏ်းခေါင်းဆောင် ရောက်ရှိလာမည်ကို စောင့်မျှော် နေကြ၏။ တွေ့သည်ဆိုသည်နှင့် ကောလဟလများမှ ကြားထားသော သတင်းများအတိုင်း အားကောင်းသလား ဆိုသည်ကို တိုက်ခိုက်ကြည့်ချင်မိနေကြသည်။

ကျောင်းသို့ရောက်လာသော ဂိုဏ်းချုပ်သည် များပြားလှသော ပါရမီရှင်များ၏ ပစ်မှတ်ထားခြင်းကို ခံရပေလိမ့် မည်။ ဤအရာသည် သာမန်ပင်ဖြစ်တော့သည်။

သို့ပေမဲ့ ကျောင်း၏ ပါရမီရှင်များကို အံ့အားသင့်စေသည်မှာ ကျောင်းသို့ ဝင်ဝင်ချင်းမှာပဲ ကျောင်းမှ သိုင်းဘုရင်အဆင့် ထိပ်ဆုံးကျင့်ကြံသူတစ်ယောက်သည် တစ်ဖက်လူအား ပညာ စမ်းသပ်ခဲ့၏။ ထို့အပြင် သူတော်စင်အဆင့် သိုင်းနည်းစနစ်ဖြစ်သော လေဟာနယ်လက်ဝါးကိုပင် ထုတ်သုံးခဲ့သေး ၏။ ဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ်ဖြစ်ရုံနှင့် အဘယ်ကြောင့် ဤမျှအထင်ကြီးနေရသနည်း။

ကျွင်းချောင်ရှောင်းသည် သူ၏ မီးဓာတ်သဘာဝများကို ထုတ်လွှတ်လိုက်ပြီးသည်နောက် ပထမဦးဆုံး လေဟာနယ်လက်ဝါးရိုက်ချက်ကို ချိုးဖြတ် လိုက်၏။ ထိုအချင်းအရာကိုမြင်တော့ များပြားလှသော ပါရမီရှင်များသည် မျက်လုံးပြူးသွားကြ၏။

ပြီးနောက် သူတို့သည် ကျွင်းချောင်ရှောင်းတစ်ယောက် နောက်ထပ်တိုက်ခိုက်ချက်နှစ်ချက်ကို ထုတ်ဖော်ပြီး လေဟာနယ် လက်ဝါးရိုက်ချက်များကို ဖယ်ရှားနိုင်ခဲ့သည်ကို မြင်တော့ အလုံးစုံ ဆွံ့အသွားမိ၏။ ဤလူသည် အစစ်အမှန် အားကောင်းလွန်းလှသည်။

အကြီးအကဲများသည်သာ အားအင်စမ်းသပ်သည့်အနေဖြင့် လှုပ်ရှားတိုက်ခိုက်ခဲ့ခြင်း မရှိခဲ့လျှင် သူတို့သည် အထင်သေးစွာ သွားရောက်စိန်ခေါ်မိပေလိမ့်မည်။

“သခင်လေးချူ… မင်းပြောတော့ ဂိုဏ်းချုပ်ကျွင်းကို သွားပြီးတော့စိန်ခေါ်ချင်တယ်ဆို” ရေကန်လေးတစ်ခု၏ဘေးတွင်ရှိသော ခန်းမဆောင်ထဲမှာတော့ ကျောင်းသားတစ်ယောက်သည် ပျင်းရိစွာဖြင့် ပြောလိုက်၏။

“…” သခင်လေးချူဟုခေါ်သောလူ၏ နှုတ်ခမ်းများသည် တဆတ်ဆတ်နှင့် တုန်ရင်သွား၏။

ဤနေရာတွင် ကျောင်းရှိ တခြားသော ကျောင်းသားများသည်လည်း စုဝေးရောက်ရှိနေ၏။ ၎င်းတို့အားလုံးသည် သာမန်ထက်ပိုသော အစွမ်းအစများကို ပိုင်ဆိုင်ကြသူများဖြစ်၏။ ကောင်းကင်ဘုံကျောင်း တည်ထောင်ပြီးသည့်နောက်မှာတော့ ကျောင်းအတွက် သူရဲကောင်းစာရင်းဆိုသည်ကို ထုတ်ပြန်ထားသည်။ ထိုသူများအားလုံးသည် ထိုစာရင်းတွင် ဝင်နိုင်သော ပါရမီရှင်များပင် ဖြစ်ကြသည်။

ထိုသူရဲကောင်းစာရင်းတွင် ပါဝင်ကြသော ပါရမီရှင်များအားလုံးသည် အလွန်တရာ မောက်မာလွန်းလှပြီး မိမိ ကိုယ်ကိုလည်း အထင်ကြီးလွန်းလှ၏။ ကျောင်း၏ သိုင်းဘုရင်ထိပ်ဆုံးအဆင့် ကျင့်ကြံသူသည်သာ ကျွင်းချောင်ရှောင်း ၏ အားအင်ကို စမ်းသပ်ခြင်းမပြုခဲ့ပါက သူတို့သည် ဂိုဏ်းချုပ်ကျွင်းကို သွားရောက်၍ တိုက်ခိုက်ကောင်း တိုက်ခိုက်နိုင်၏။

ပါရမီရှင်ကျောင်းသားတစ်ယောက်သည် နာနာကျင်ကျင်ဖြင့် ပြောလိုက်၏။ “ဒီလူက အဲလောက်အားကောင်းနေမယ်လို့ ငါမထင်မိဘူး၊ ငါတို့က သူ့ရှေ့မှာတော့ အားနည်းတဲ့ ပုရွက်ဆိတ်လေး တစ်ကောင်လိုပဲ”

ပျင်းရိနေဟန်တူသော လူငယ်သည် သွားဖြီးကာ ပြောလိုက်၏။ “ငါအစောကတည်းက ပြောသားပဲ၊ သံမဏိအရိုးဂိုဏ်းချုပ်က ဒီလောက်များပြားတဲ့ကိစ္စရပ်တွေကို လုပ်နိုင်ခဲ့တာ မရိုးရှင်းလောက်ဘူးလို့၊ မင်းတို့က ငါ့ကိုမှ မယုံတာ၊ အခုတော့သိပြီမဟုတ်လား”

ဟမ့်

သခင်လေးချူဟုခေါ်သောလူသည် နှာခေါင်းရှုံကာဖြင့် ထွက်ခွာသွားတော့သည်။

သူရဲကောင်းစာရင်းတွင် ပါဝင်သော အခြားသော ပါရမီရှင်များသည်လည်း အသီးသီး ထွက်ခွာသွားကြ၏။

ကျောင်း၏ အကြီးအကဲ တစ်ချို့သည် ကျွင်းချောင်ရှောင်းအား ပထမဦးဆုံး အားအင်စမ်းသပ်လိုက်သည်မှာ သူတို့အတွက် ကံကောင်းခြင်း ဖြစ်သည်ဟု လူတော်တော်များများက သတ်မှတ်လိုက်ကြသည်။ မဟုတ်ပါက သူတို့အနေဖြင့် ကျွင်းချောင်ရှောင်း အား သွားရောက်တိုက်ခိုက်မိပြီး မိမိအရှက်ကို မိမိခွဲနေပေလိမ့်မည်။

……….

များပြားလှသော လူများ၏ ဝန်းရံခြင်းကို ခံရပြီးနောက် ကျွင်းချောင်ရှောင်းသည် အသာပင်လျှောက်လှမ်းသွားခဲ့၏။

“ဂိုဏ်းချုပ်ကျွင်း”

ဧည့်ခန်းထဲရောက်ချိန်မှာတော့ ဒုကျောင်းအုပ်က ပြောလိုက်သည်။ “ကျေးဇူးပြုပြီး ခဏစောင့်ပါအုံး”

ပြီးနောက်သူသည် လက်သီးကိုဆုပ်ကာဖြင့် ထွက်ခွာသွားခဲ့သည်။

ကျွင်းချောင်ရှောင်းသည် ဟောခန်းအတွင်းရှိ အပြင်အဆင်များကို ကြည့်ရှုပြီးသည့်နောက် နံရံပေါ်တွင် ပုံတူပန်းချီများ‌ ရေးဆွဲထားသည်ကို မြင်လိုက်ရ၏။

မင်းသမီးလေး ကြာပန်းနီသည် ချီးကျူးသလို ပြောဆိုလိုက်တော့သည်။ “ဒီစီနီယာတွေအားလုံးက ကောင်းကင်ဘုံကျောင်းကနေပြီးတော့ ပြုစုပျိုးထောင်ပေးလိုက်တဲ့ ကျင့်ကြံသူတွေလေ၊ သူတို့ထဲက အားအနည်းဆုံးလူတောင်မှ သိုင်းအုပ်စိုးသူအဆင့်မှာရှိတယ်”

ကျွင်းချောင်ရှောင်းသည် အံ့အားသင့်မိသွား၏။ အနည်းဆုံး နံရံပေါ်တွင် ပုံတူပန်းချီ အခုနှစ်ဆယ်ကျော်ရှိ၏။ ပြောရမည်ဆိုလျှင် ကောင်းကင်ဘုံကျောင်းသည် သိုင်းအုပ်စိုးသူနှစ်ဆယ်ကျော်ကို ပြုစုပျိုးထောင်ခဲ့သည်ဟု ဆိုရ ပေမည်။ အံ့အားသင့်စရာပင်ဖြစ်သည်။

“မင်းသမီးလေး”

ကျွင်းချောင်ရှောင်းသည် စိတ်ဝင်တစားဖြင့် မေးလိုက်၏။ “ကောင်းကင်ဘုံကျောင်းမှာ ကျောင်းသားဘယ်နှစ်ယောက်လောက်ရှိလဲ”

“သောင်းခြောက်ထောင်လောက်ပါ”

မင်းသမီးလေး ကြာပန်းနီက ပြောလိုက်၏။

“သောင်းခြောက်ထောင်တည်းလား”

ဤမျှ သမိုင်းကြောင်းရှည်လျားလှသော ကျောင်းကြီးတစ်ခုအနေနှင့် ကျောင်းသားပေါင်း တစ်သိန်းလောက် ရှိမည်ဟု ကျွင်းချောင်ရှောင်း ထင်ထားမိ၏။

မင်းသမီးလေး ကြာပန်းနီက ပြောလိုက်သည်။ “ကျောင်းကိုဝင်ခွင့်ရဖို့ဆိုတာက အဆင့်မြင့်ပင်ကိုယ်စွမ်းရည် စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်ရုံတင်မကဘူး၊ ကျောင်းရဲ့ ကျောင်းသားသစ်ခေါ်ဆောင်တဲ့ အချိန်ကာလနဲ့လည်း ကိုက်ညီဖို့ လိုအပ်သေးတယ်၊ ဒါကြောင့် ကျောင်းသားအများကြီး မရှိတာ”

“ဪ”

ကျွင်းချောင်ရှောင်း တုန့်ပြန်လိုက်၏။ “ဒီကျောင်းသားတွေက ဘယ်ဂိုဏ်းကိုမှ မဝင်ထားဘူးပေါ့”

“သူတို့အားလုံးက ဘယ်ဂိုဏ်းကိုမှ မဝင်ထားပါဘူး”

မင်းသမီးလေး ကြာပန်းနီက ပြောလိုက်၏။ ကောင်းကင်ဘုံကျောင်း၏ ကျောင်းသားများသည် သာမန်လူငယ်နှင့် မိသားစုကြီးများမှ တိုက်ရိုက်မျိုးဆက်များသာ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့အား မည်သည့်ဂိုဏ်းကမှ မဟုတ် ကြပေ။

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ဘယ်ဂိုဏ်းကမှ မဟုတ်ဘူးဆိုရင် ကျုပ်က တပည့်အဖြစ် ခေါ်ယူမယ်ဆိုရင် ကျောင်းက ငြင်းပယ်မှာ မဟုတ်ဘူး မို့လား”

“ငြင်းပယ်မှာမဟုတ်ပါဘူး” မင်းသမီးလေးကြာပန်းနီက ပြောလိုက်၏။

ကျွင်းချောင်ရှောင်းသည် ခဏလောက်စဉ်းစားလိုက်မိ၏။ လူတော်တော်များများက ငါ့ကိုသဘောကျနေကြတယ်၊ ဒါကြောင့် တပည့်အသစ်ခေါ်ဆောင်မယ်ဆိုရင်တော့ လွယ်မယ် ထင်တာပဲ။

“ဒါပေမဲ့”

မင်းသမီးလေး ကြာပန်းနီက ထပ်ပြောလိုက်၏။ “ကျောင်းမှာ တပည့်ခေါ်ချင်တယ်ဆိုရင်တော့ အနည်းဆုံး အထက်အကြီးအကဲတွေရဲ့ ခွင့်ပြုမှုကို ရဖို့ လိုအပ်တယ်”

“နားလည်ပါပြီ” ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

မင်းသမီးလေးကြာပန်းနီသည် အမှတ်မထင် ပြောလိုက်၏။

“ဂိုဏ်းချုပ်ကျွင်းက မီးဓာတ်အမျိုးအစား သိုင်းနည်းစနစ်ကို စောနတုန်းက ထုတ်သုံးခဲ့တာ မဟုတ်လား”

သူမသည် ကျွင်းချောင်ရှောင်းအား ထား၍ ထွက်ခွာသွားနိုင်၏။ သို့ပေမဲ့ ဤနေရာတွင် နေခဲ့သည်ဆိုခြင်းမှာ စောနက အသုံးပြုလိုက်သော ကောင်းကင်နီဓားကွက်အား အလွန်တရာ စိတ်ဝင်စားနေသောကြောင့် ဖြစ်၏။

“အင်း”

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ “ဒီလိုပဲ ပြောလို့ရပါတယ်”

မင်းသမီးလေး ကြာပန်းနီသည် မနာလိုစွာဖြင့် ပြောလိုက်၏။ “လေဟာနယ်လက်ဝါးရိုက်ချက်ကို ချိုးဖြတ်နိုင်ဖို့ဆိုတာ ဂိုဏ်းချုပ်ကျွင်းရဲ့ သိုင်းနည်းစနစ်က တကယ့်ကို အဆင့်မြင့်နည်းစနစ် ဖြစ်ရမယ်”

“အမှန်ပဲ”

ကျွင်းချောင်ရှောင်းသည် တွေးလိုက်မိသည်။ ဒီမိန်းကလေးက ကောင်းကင်နီဓားကွက်ကို စိတ်ဝင်စားနေပုံပဲ။

ထိုအချိန်မှာပဲ အလွန်တရာ ဟိတ်ဟန်ကောင်းလှသော အဘိုးအိုတစ်ယောက်သည် အပြင်ဘက်ဆီမှ လျှောက်ဝင် လာခဲ့၏။ ၎င်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အော်ရာများမှာ အလွန်တရာ သိပ်သည်းလွန်းလှ၏။

“ကျောင်းအုပ်ကြီး”

မင်းသမီးလေး ကြာပန်းနီသည် အလောတကြီးဖြင့် မတ်တပ်ထရပ်ကာ နှုတ်ဆက်လိုက်၏။ လက်ရှိဝင်ရောက်လာ သူမှာ ကောင်းကင်ဘုံကျောင်းမှ ကျောင်းအုပ်ကြီး စစ်တုဟောင်ယွင်ပင် ဖြစ်တော့၏။

ကျွင်းချောင်ရှောင်း တွေးလိုက် မိသည်။ ဒီလူရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်လဲ။

စနစ်က ပြောလိုက်၏။ “ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားနိုင်တဲ့ စွမ်းရည်တချို့ရှိတယ်၊ ဒါကြောင့် သုံးသပ်လို့မရနိုင်ဘူး”

ကျွင်းချောင်ရှောင်းသည် တိတ်တဆိတ်ကြိတ်ကာ တုန်လှုပ်သွားမိ၏။ စနစ်တောင်မှ ၎င်း၏ ကျင့်ကြံခြင်းအဆင့်ကို သုံးသပ်၍ မရနိုင်ချေ။ ဆိုလိုသည်မှာ ကောင်းကင်ဘုံကျောင်း၏ ကျောင်းအုပ်ကြီးသည် သိုင်းအုပ်စိုးသူတစ်ယောက် ဖြစ်နေသည်လား။

“ဂိုဏ်းချုပ်ကျွင်း”

စစ်တုဟောင်ယွင်သည် ပြုံးကာပြောလိုက်၏။ “မင်းကတကယ့်ကို အလားအလာရှိတဲ့ လူငယ်လေးတစ်ယောက်ပဲ”

ကျွင်းချောင်ရှောင်းသည် မတ်တပ်ရပ်ကာ လက်သီးကိုဆုပ်၍ ပြောလိုက်၏။ “ကျွန်တော်ကျွင်းချောင်ရှောင်းက လောကကြီးထဲမှာ ဆရာတွေကို အလေးစားဆုံးပါပဲ”

“ဒီလိုဆိုမှတော့”

စစ်တုဟောင်ယွင်သည် ပြုံးကာပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်း ဘာလို့ ဒီကျောင်းမှာနေပြီး ဆရာ မလုပ်တာလဲ”

ကျောင်းအုပ်ကြီးသည် အလွန်တရာ တည့်တိုးဆန်လှသည်။

“ဆရာ လုပ်ဖို့ဟုတ်လား”

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ရင်သွား၏။ “ဒီကျွင်းက ဂိုဏ်းကို ပြုစုပျိုးထောင်ရမယ့် အချိန်ရှိပါသေးတယ်၊ ဒါကြောင့် ကျောင်းသားတွေကို သင်ကြားပြသဖို့ အချိန်မရှိပါဘူး”

စစ်တုဟောင်ယွင်က ပြောလိုက်၏။ “ဂိုဏ်းကို တခြားလူတွေ စီမံခန့်ခွဲဖို့ လက်လွှဲပေးထားလိုက်ပေါ့၊ မင်းကတော့ ကျောင်းကိုလာပြီး ကျောင်းသား တွေကို သင်ပေးလိုက်လေ၊ ဒါဆိုရင် ဘယ်လောက်ကောင်းလဲ”

ဘယ်က ကောင်းရမှာလဲ၊ ကျုပ်ဆီမှာ ချိန်ကိုက်ဗုံးကြီး ရှိနေသေးတယ်၊ ဆရာလုပ်မယ်ဆိုရင် တစ်ခါတည်း သေသွားမှာပေါ့။

မင်းသမီးလေး ကြာပန်းနီက ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်းရဲ့ အသိပညာနဲ့ သိုင်းပညာကို နားလည်မှုက အရမ်းကို ကြီးမားတယ်လေ။ တကယ်လို့သာ ကျောင်းမှာ အလုပ်လုပ်မယ်ဆိုရင် အရှေ့တောင်ရန်ကျူးတစ်ခုလုံးအတွက် ကောင်းချီးတစ်ခုပဲ”

“…” ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ရင်သွား၏။

ထိုအချိန်မှာတော့ ကောင်းကင်ဘုံကျောင်း၏ သူ့အား ဖိတ်ခေါ်သည်မှာ ဆရာတစ်ယောက်အဖြစ် ခေါ်ယူရန်ဖြစ်ကြောင်း နားလည်သွားခဲ့ပြီဖြစ်သည်။ သူ့အနေနှင့် တစ်ဖက်ကျောင်းသားများအား ဂိုဏ်းထဲသို့ ခေါ်ဆောင်ရန် စဉ်းစားခဲ့သည်ဆိုသော်လည်း တကယ့် တကယ်တမ်းမှာတော့ တစ်ဖက်လူများသည် သူ့အား ဂိုဏ်းချုပ်ရာထူးမှ ဖယ်ရှား၍ ဆရာတစ်ယောက် လုပ်စေချင်နေသည်။

“ဂိုဏ်းချုပ်ကျွင်း”

စစ်တုဟောင်ယွင်က ပြောလိုက်သည်။ “ကောင်းကင်ဘုံကျောင်းက ခင်ဗျားကို ကြိုဆိုပါတယ်”

“အားနာပါတယ်”

ကျွင်းချောင်ရှောင်း ငြင်းပယ်လိုက်၏။ “ဒီကျွင်းက ဂိုဏ်းအတွက် လုပ်စရာတွေ အများကြီး ရှိပါသေးတယ်၊ ဆရာတစ်ယောက်ပြုလုပ်ဖို့အတွက် ရည်ရွယ်ချက် မရှိသေးပါဘူး”

စစ်တုဟောင်ယွင်သည် အတင်းကြီး မတိုက်တွန်းချေ။ “တကယ်လို့ ဂိုဏ်းချုပ်ကျွင်းကသာ ကျောင်းမှာနေမယ်ဆိုရင် ကျိန်းသေပေါက် ရွှေအဆင့်ဆရာတစ်ယောက် ဖြစ်လိမ့်မယ်”

“ဂိုဏ်းချုပ်ကျွင်း”

မင်းသမီးလေး ကြာပန်းနီက ပြောလိုက်သည်။ “ကောင်းကင်ဘုံကျောင်းဆိုတာ ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာ ဂုဏ်သိက္ခာကြီးမားတဲ့ ကျောင်းတစ်ခုပဲလေ၊ ရွှေအဆင့်ဆရာတစ်ယောက်ဆိုတာ တတိယအဆင့် ဂိုဏ်းတစ်ခုရဲ့ ဂိုဏ်းချုပ်ထက် ဘယ်လိုမှ ဂုဏ်မငယ်ဘူး၊ ပြီးတော့ ….”

သူမသည် ခဏရပ်တန့်ကာ ပြောလိုက်၏။ “ကျောင်းထဲမှာ ရှိတဲ့ သိုင်းပညာအရင်းအမြစ်တွေ အားလုံးကလည်း ပထမအဆင့် ဂိုဏ်းတွေနဲ့ နှိုင်းယှဉ်လို့ရတယ်”

သူမသည် ကောင်းကင်ဘုံကျောင်းမှ ကျောင်းသားတစ်ယောက်ဖြစ်ရုံမျှမက ကောင်းကင်ဘုံမြို့၏ မင်းသမီး တစ်ပါးလည်း ဖြစ်နေသည်။ ထို့ကြောင့် ဓားနှင့် သိုင်းဘုရင်တစ်ယောက်အား ကျောင်း၏ ဆရာတစ်ယောက်အဖြစ် ထိန်းသိမ်းထားချင်မိ၏။

ကျွင်းချောင်ရှောင်း၏ အမူအရာသည် ပိုမို၍ စိတ်ညစ်သွားတော့သည်။ လာစမ်း၊ ငါကပဲ တစ်ဖက်လူရဲ့ သွေးဆောင်ခြင်းကို ခံရမလား၊ တစ်ဖက်လူရဲ့ ကျောင်းသားတွေကို ငါ့ဂိုဏ်းထဲ ရောက်အောင် ဆွဲဆောင်နိုင်မလား ကြည့်ကြသေးတာပေါ့။

All Chapters