အခန်း (၅၁၀)
Vol. 35 Ch. 510
ကျွင်းချောင်ရှောင်း ကောင်းကင်ဘုံကျောင်းဆီသို့ လာရခြင်း ရည်ရွယ်ချက်သည် ကျောင်းသားများအား တပည့်အဖြစ် ခေါ်ယူနိုင်မလားဆိုသည့် ရည်ရွယ်ချက်ပင်ဖြစ်သည်။ သို့ပေမဲ့ ကျောင်းအုပ်ကြီးသည် သူ့အား ဆရာအဖြစ် ပြန်လည်ခေါ်ယူရန် စဉ်းစားနေသည်။ အခြေအနေမှာ ဘာမှန်းမသိသော ကြောင်တောင်တောင် အခြေအနေဟုပင် ခေါ်ဆိုရမည်။
ကောင်းကင်ဘုံကျောင်း၏ အားအင်အဆင့်နှင့် အရင်းအမြစ်များသည် ကျိန်းသေပေါက် သံမဏိအရိုးဂိုဏ်းထက် ပိုမို၍ အားကောင်းနေပေလိမ့်မည်။ ကျွင်းချောင်ရှောင်းသည်သာ ကျောင်း၏နည်းပြတစ်ယောက်ဖြစ်လာမည် ဆိုလျှင် အကျိုးအမြတ်များ ရရှိမှာသေချာသည်။
သို့ပေမဲ့ သူ့အနေနှင့် ငြင်းပယ်ရလိမ့်မည်။ တခြားနည်းလမ်းလည်း မရှိပေ။ သိုလှောင်လက်စွပ်ထဲတွင် ရှိသော ချိန်ကိုက်ဗုံးသည် သူ့အား ဂိုဏ်းတည်ထောင်ခြင်းမှ လက်လျော့လိုက်ရန် အခွင့်အရေး မပေးချေ။
ထို့ပြင် ကျောင်းတစ်ကျောင်း၏ နည်းပြ ပြုလုပ်ခြင်းဆိုသည်မှာ ကျောင်းထဲတွင် ချုပ်နှောင်ခံထားရခြင်းနှင့်တူ၏။ ဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ်လုပ်သည်ကမှ အပြင်ဘက်သို့ လွတ်လွတ်လပ်လပ် လျှောက်ကာ သွားလာနိုင်သေး၏။
“ကျောင်းအုပ်ကြီး”
ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက်ပြောလိုက်၏။ “ဒီကျွင်းက ဂိုဏ်းအတွက် လုပ်စရာတွေ အများကြီး ရှိပါသေးတယ်၊ ကောင်းကင်ဘုံကျောင်းရဲ့ နည်းပြလုပ်ဖို့ အချိန် မရှိသေးပါဘူး”
စစ်တုဟောင်ယွင်က ပြောလိုက်သည်။ “မစဉ်းစားတော့ဘူးလား”
“မစဉ်းစားတော့ပါဘူး” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
“ဟင်း”
စစ်တုဟောင်ယွင်သည် သက်ပြင်းချကာပြောလိုက်၏။ “ကောင်းကင်ဘုံကျောင်းနဲ့ အရှေ့တောင်ရန်ကျူးအတွက်တော့ ဆုံးရှုံးမှုတစ်ခုပဲ”
ဂိုဏ်းချုပ်ကျွင်း၏ နှုတ်ခမ်းထောင့်များသည် တုန်ရင်သွား၏။
“ကျောင်းအုပ်ကြီး”
သူသည် လက်သီးကိုဆုပ်ကာ ပြောလိုက်၏။ “ပြောရမယ်ဆိုလျှင် ကျောင်းက ကျောင်းသားတွေကို သင်ကြားပြသတဲ့နေရာမှာ ဘယ်နေရာမှာပဲ သင်ကြား ပြသ … ပြသ တူတူပဲမဟုတ်လား”
စစ်တုဟောင်ယွင်က မေးလိုက်၏။ “ဘာကို ဆိုလိုတာလဲ”
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ “ကျောင်းမှာရှိတဲ့ ကျောင်းသားတွေရဲ့ ပင်ကိုယ်စွမ်းရည်က အရမ်းကောင်းတယ်လေ၊ တကယ်လို့ သူတို့သာ သံမဏိ အရိုးဂိုဏ်းထဲကို ဝင်ပြီး ကျင့်ကြံမယ်ဆိုရင် ထိပ်တန်းကျင့်ကြံသူတွေ ဖြစ်လာလိမ့်မယ်”
ဤတစ်ကြိမ် နှုတ်ခမ်းတွေ တုန်ရင်သွားသည်မှာ စစ်တုဟောင်ယွင်၏ အလှည့်ပင်ဖြစ်သည်။ ငါက မင်းကိုနည်းပြအဖြစ်ခေါ်ခဲ့တာလေ၊ ဒါပေမဲ့မင်းက ငါ့ကျောင်းသားတွေကို ဂိုဏ်းသားအဖြစ်ခေါ်ဖို့ စဉ်းစားနေတယ် ဟုတ်လား။
“ပြီးတော့”
ကျွင်းချောင်ရှောင်းသည် ယုံကြည်ချက်ရှိရှိဖြင့် ပြောလိုက်၏။ “ကျောင်းသားတွေက တကယ်လို့ ကျောင်းပြီးသွားခဲ့ရင်လည်း လူမှုအသိုင်းအဝိုင်းထဲကို ဝင်ရမှာ မဟုတ်လား၊ ကျုပ်ရဲ့ သံမဏိအရိုးဂိုဏ်းက အကန့်အသတ်မဲ့တဲ့ အလားအလာကို ပိုင်ဆိုင်တယ်ဆိုတော့ သူတို့ ဝင်ရောက်ရကျိုးနပ်မှာပါ”
ကောင်းပြီ … ဘယ်သူကပိုပြီး လျှာစောင်းထက်မလဲဆိုတာ ကြည့်ကြတာပေါ့။
စစ်တုဟောင်ယွင်က ပြုံးကာပြောလိုက်၏။ “ကျောင်းသားတွေဆီမှာ သူတို့ရဲ့ ကိုယ်ပိုင်ရွေးချယ်ခွင့် ရှိတယ်လေ၊ သံမဏိအရိုးဂိုဏ်းကို ဝင်မလား၊ မဝင်ဘူးလား ဆိုတာ ဆုံးဖြတ်ပေးလို့မရဘူး”
ကောင်းကင်ဘုံကျောင်းသည် ကျောင်းသားများကို သိုင်းပညာနှင့်ပတ်သက်၍ သင်ပြပေးခြင်းကိုသာ ပြုလုပ်ခဲ့၏။ တခြားသောကိစ္စများကို ဝင်ရောက်စွက်ဖက်ခြင်း မရှိချေ။
“ကျောင်းအုပ်ကြီး”
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ “ဒီကျွင်းက ကျောင်းရဲ့ ကျောင်းသားတွေကို တပည့်အဖြစ် ခေါ်ယူချင်နေတယ်၊ ကျေးဇူးပြုပြီးတော့ လက်ခံပေးပါ”
“ရတာပေါ့”
စစ်တုယောင်ယွင်က ပြောလိုက်သည်။ “ဒါပေမဲ့ ကျုပ်ဆီမှာ တောင်းဆိုစရာတစ်ခု ရှိတယ်”
“ဘာပါလဲ”
ကျွင်းချောင်ရှောင်းမေးလိုက်သည်။
စစ်တုဟောင်ယွင် ပြုံးကာပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်းက ကောင်းကင်ဘုံကျောင်းနဲ့အတူ ပူးပေါင်းဖို့ ရည်ရွယ်ချက် မရှိဘူးဆိုပေမဲ့ ကျောင်းအတွက် ဂုဏ်ပြုခံဆရာတစ်ယောက်ဖြစ်လာဖို့တော့ မစဉ်းစားပေးနိုင်ဘူးလား”
ဟင်
ကျွင်းချောင်ရှောင်းကြောင်သွားမိ၏။
စစ်တုယောင်ယွင် ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်းက တစ်ချိန်လုံး ကျောင်းမှာ နေစရာမလိုဘူး၊ ရံဖန်ရံခါ ဆိုသလိုလာပြီး ကျောင်းသားတွေကို သင်ပြ ပေးရင်ရပြီ”
“ဒါက” ကျွင်းချောင်ရှောင်းသည် စဉ်းစားလိုက်မိ၏။
“ပြီးတော့”
စစ်တုယောင်ယွင်က ဆက်ပြောလိုက်သည်။ “ဒီလိုမျိုး ဂုဏ်ပြုခံဆရာတစ်ယောက်အဖြစ် လာရောက်သင်ကြားတဲ့အချိန်မှာ လစဉ်လတိုင်း စိတ်ဝိညာဉ် ကျောက်တုံးတွေကို သတ်မှတ်ထားတဲ့ ပမာဏအထိ ရရှိလိမ့်မယ်”
“ကောင်းပြီ”
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
စနစ် “...”
လက်ခံသူသည် စိတ်ဝိညာဉ်ကျောက်တုံးဆိုသည့်အသံကြားသည်နှင့် တပြိုင်နက်တည်း ဆုံးဖြတ်ချက်ချကာ သဘောတူညီခဲ့လေသည်။
ချီးတဲ့မှ
မင်းက သံမဏိအရိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်လေ၊ ဘယ်လိုဖြစ်ပြီး စိတ်ဝိညာဉ်ကျောက်တုံးဆိုတဲ့ အသံကိုကြားတာနဲ့ ကိုယ်ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်ကို ချိုးဖောက်ခဲ့ရတာလဲ။
ဂိုဏ်းချုပ်ကျွင်းသည် ဂုဏ်ပြုခံဆရာတစ်ယောက်အဖြစ် သဘောတူခဲ့သည်။ သို့ပေမဲ့ သူသည် လုံလောက်သည့် အချိန်မရှိကြောင်းကို ရှင်းရှင်းလင်းလင်း ပြောကြားထားဖို့ လိုအပ်နေ၏။ ကျောင်းသို့ လအနည်းငယ် (သို့မဟုတ်) နှစ်အနည်းငယ်တွင် လာနိုင်လိမ့်မည် မဟုတ်ချေ။
“ပြဿနာမရှိဘူး” စစ်တုယောင်ယွင်က ပြောလိုက်၏။
ဒါလည်းသဘောတူတယ်လား၊ ငါ့ကို ဘာလို့ ဒီလောက်ခေါ်ချင်နေရတာလဲ။
ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှာ တွေးနေတုန်းမှာပဲ စစ်တုယောင်ယွင်က ပြုံးကာ ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်း... အခု ကျောင်းသားတွေကို တချို့တလေ ညွှန်ကြားပြသပေးဖို့ အချိန်တော့ရှိတယ်မို့လား”
“ဒါက”
သူ့တွင် တကယ်အချိန်ရှိနေ၏။
“ကြာပန်းနီ”
စစ်တုယောင်ယွင်က ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်းကို ကျူးရင် ဟောခန်းဆီ ခေါ်သွားလိုက်”
“ကောင်းပါပြီ”
မင်းသမီးလေး ကြာပန်းနီသည် ပြုံးကာပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်း... ကျေးဇူးပြုပြီးကြွပါ”
........
ကျောင်းမှ ကျောင်းသားများအား တပည့်အဖြစ် ခေါ်ယူခွင့်ရရှိရန်အတွက် ကျွင်းချောင်ရှောင်းသည် ကောင်းကင်ဘုံ ကျောင်း၏ ဂုဏ်ပြုခံဆရာတစ်ယောက်ဖြစ်လာခဲ့သည်။ ထို့အတူ သူသည် ဂုဏ်ပြုခံဆရာတစ်ယောက် ရသင့် ရထိုက်သည့် အကျိုးခံစားခွင့်များကို ရရှိခံစားရပေမည်။
ထိုသို့သော အခွင့်အရေးမျိုးကို လူတိုင်းသည် လိုချင်နေကြ ပေမည်။ ထို့အပြင် ကောင်းကင်ဘုံကျောင်းမှ ဆရာဆိုသူများသည် လောကကြီးတွင် လူအများစု၏ လေးစားခြင်းကို ခံနေရသူများဖြစ်သည်။ ထိုသို့သော ဂုဏ်အရှိန်အဝါသည် အရှေ့တောင်ရန်ကျူး၏ မည်သည့်မြို့တွင်မဆို အထူး ဧည့်သည်တစ်ယောက်အဖြစ် ဖိတ်ကြားခြင်းကို ခံရမည့်သူများ ဖြစ်ပေတော့သည်။
သို့ပေမဲ့ ပြဿနာတစ်ခု ရှိနေသေးသည်။ ဂိုဏ်းချုပ်ကျွင်းသည် ဂုဏ်ပြုခံဆရာတစ်ယောက်အဖြစ် အရည်အသွေး ပြည့်မီရဲ့လား ဆိုသည်ပင် ဖြစ်တော့သည်။ ထို့ကြောင့်ပင် စစ်တုယောင်ယွင်သည် သူ့အား လေ့လာကြည့်ရန် အတွက် ကျူးရင်ဟောခန်းမှ ကျောင်းသားများအား သင်ပြရန် စေခိုင်းခဲ့ခြင်းပင်ဖြစ်တော့သည်။
“ဂိုဏ်းချုပ်ကျွင်း”
မင်းသမီးလေး ကြာပန်းနီသည် ကျွင်းချောင်ရှောင်းနှင့် လျှိုဝမ်ရှစ်တို့အား အရှေ့မှဦးဆောင်ခေါ်သွားရင်း ပြောလိုက်သည်။ “ကျွန်မတို့ အခုသွားနေတာ ကျူးရင်ဟောခန်းဆီလေ”
“အင်း”
ဂိုဏ်းချုပ်ကျွင်းသည် ခေါင်းညိတ်လိုက်၏။
မင်းသမီးလေး ကြာပန်းနီက ပြောလိုက်သည်။ “ကျူးရန်ဟောခန်းဆိုတာ ကောင်းကင်ဘုံကျောင်းတစ်ခုလုံးရဲ့ အဆင့်မြင့်ကျောင်းသားတွေရှိနေတဲ့ ဟောခန်းပဲ၊ သာမန်ထက်ပိုတဲ့ ပါရမီရှင်တွေ နေထိုင်တယ်”
“ဒီလိုလား”
ကျွင်းချောင်ရှောင်း အနည်းငယ်စိတ်ဝင်စားမိသွားသည်။ သူသည်သာ ကျူးရန်ဟောခန်းမှ ပါရမီရှင်များကို တပည့် အဖြစ် လက်ခံနိုင်မည်ဆိုလျှင် အလွန်တရာ ပျော်ရွှင်မိနေလိမ့်မည်။
မင်းသမီးလေး ကြာပန်းနီက ဆက်ပြောလိုက်၏။ “ဒါပေမဲ့ ဒီပါရမီရှင်တွေ အားလုံးက ကြီးကျယ်ပြီးတော့ မောက်မာလွန်းတယ်၊ သာမန်ဆရာတွေကိုတောင်မှ သူတို့က အသိအမှတ်ပြုတာ မဟုတ်ဘူးလေ”
“ဟမ်”
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ “မင်းသမီးလေး ကြာပန်းနီ... ဆိုလိုတာက ကျူးရင်ဟောခန်းမှာရှိတဲ့ ကျောင်းသားတွေအကုန်လုံးက ပြဿနာ ကောင်တွေလို့ ဆိုလိုတာလား”
“ဒီလိုမျိုးစဉ်းစားလို့ရပါတယ်” မင်းသမီးလေး ကြာပန်းနီက ပြောလိုက်၏။
ကျွင်းချောင်ရှောင်းသည် ခပ်ယဲ့ယဲ့ ပြုံးလိုက်မိ၏။ “ကျုပ် ကျွင်းချောင်ရှောင်းက ဆရာတစ်ယောက်ဖြစ်လာပြီဆိုမှတော့ ထိန်းချုပ်လို့ မရနိုင်တဲ့ ကျောင်းသားဆိုတာ မရှိရဘူး”
.............
ကျူးရင်ဟောခန်းသည် ကျောင်း၏တောင်ဘက်ပိုင်းတွင် တည်ရှိနေ၏။ ဤနေရာသည် ကောင်းကင်ဘုံကျောင်း၏ ထိပ်တန်းပါရမီရှင်များ စုဝေးရာနေရာဟုပင် သတ်မှတ်နိုင်၏။ သူတို့ ဝင်ဝင်လာချင်းမှာပဲ တွေ့ခဲ့ရသော ကျောင်းသားများ အားလုံးသည် သိုင်းဆရာအဆင့်ခုနှစ်နှင့် အဆင့်ရှစ်တို့ပင် ဖြစ်လို့နေ၏။
“မဆိုးဘူး”
ကျွင်းချောင်ရှောင်းပြောလိုက်သည်။ အနောက်မှ လိုက်ပါလာသော လျှိုဝမ်ရှစ်သည်မှာတော့ အလွန်တရာ တည်ငြိမ်သော အမူအရာဖြင့် ရှိနေ၏။ သူမက ကြိတ်ကာပြောလိုက်သည်။ “ဒီကျောင်းသားတွေက စီနီယာအစ်ကိုတွေနဲ့ယှဉ်ရင် တော်တော်ကွာသေးတာပဲ”
မင်းသမီးလေး ကြာပန်းနီသည် သူတို့နှစ်ယောက်ကို ဦးဆောင်ပြီး ကျူးရန်ဟောခန်းရှေ့၌ ရပ်လိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်း... ဒါက ကျူးရင် ဟောခန်းပါပဲ”
“ကောင်းပြီ”
ကျွင်းချောင်ရှောင်းသည် လှမ်းဝင်လိုက်၏။ ကျူးရင်ဟောခန်းသည် မကြီးမားလှချေ။ စတုရန်းမီတာ နှစ်ရာ နီးပါး လောက်သာရှိ၏။ အထဲတွင်တော့ စားပွဲခုံများနှင့် ထိုင်ခုံများသည် ရှုပ်ပွလျက်ရှိနေပြီး ကျောင်းဝတ်စုံကို ဝတ်ဆင်ထားသော ကျောင်းသားတစ်ဒါဇင်ကျော်တို့သည် တစ်ယောက်နှင့်တစ်ယောက် တီးတိုးပြောဆိုလျက် ရှိနေကြသည်။ ထိုသူများထဲတွင် ရေကန်ဘေးရှိ ခန်းမဆောင်တွင် ပေါ်လာကြသော ကျောင်းသားများလည်း ပါဝင် နေ၏။
“ဟမ်”
ကျွင်းချောင်ရှောင်း ဝင်ရောက်လာချိန်မှာတော့ အားလုံးသည် ခေါင်းမော့ကာ ကြည့်လိုက်ကြ၏။ သူတို့၏ မျက်လုံး များသည် အံ့အားသင့်မှုများနှင့်ပြည့်နှက်နေသည်။
“သခင်လေးချူ”
တစ်ယောက်က တီးတိုးပြောလိုက်၏။ “သူဘာလို့ ဒီကိုလာတာလဲ”
ဟမ့်
သခင်လေးချူသည် သူ၏ခြေထောက်အား စားပွဲခုံပေါ်သို့ လှမ်းတင်ပြီး သူ၏ နှုတ်ခမ်းထောင့်များမှာ အထင်အမြင် သေးသည့် အမူအရာများဖြင့် တွန့်ကွေးသွားတော့သည်။
သူ၏ဘေးနားတွင်ထိုင်နေသော ပျင်းရိဟန်ရှိသည့် လူငယ်လေးသည် စပ်ဖြီးဖြီးနှင့်ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်း... ဘာလို့ ကျူးရင်ဟောခန်းထဲကို ရောက်လာတာလဲ”
“မင်းတို့ကို သိုင်းပညာတွေ လမ်းညွှန်ပြသပေးဖို့ပေါ့”
ကျွင်းချောင်ရှောင်းသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ စင်မြင့်တွင် မတ်မတ်ရပ်လိုက်၏။ သူသည် ရှိနေသမျှသော ကျောင်းသားများအားလုံးကို လှမ်းကြည့်လိုက်ချိန်မှာတော့ စားပွဲပေါ်သို့ ခြေထောက်တင်ထားသော သခင်လေးချူအား မြင်လိုက်ရသည်။ သူတွေးလိုက်မိ၏။ ဒီကောင်က ပြဿနာကောင်ဖြစ်နိုင်တယ်။
“သိုင်းပညာကို လမ်းညွှန်ပေးမှာ ဟုတ်လား”
ကျူးရင်ဟောခန်းထဲတွင်ရှိသော ကျောင်းသားများအားလုံးသည် ရယ်မောလိုက်ကြ၏။
“ဂိုဏ်းချုပ်ကျွင်း”
သခင်လေးချူသည် တည်ငြိမ်စွာဖြင့် ပြောလိုက်၏။ “ခင်ဗျားက အရမ်းအားကောင်းတယ်ဆိုပေမဲ့ ကျုပ်တို့ကို သင်ကြားပြသပေးဖို့ အရည်အချင်းမရှိမှာ စိုးရိမ်မိတယ်”
“ကျောင်းသားအနေနဲ့ လောလောဆယ် ခြေထောက်ကိုချပြီး လက်ကို စားပွဲပေါ်တင်ထားလိုက်တာ ကောင်းမယ်” ကျွင်းချောင်ရှောင်းသည် ပြုံးကာ ပြောလိုက်၏။
သခင်လေးချူသည် ခပ်မာမာ ပြန်ပြောလိုက်သည်။
“ဒါက ကျုပ်လုပ်ချင်တာကို ….”
ဝှစ်
ကျွင်းချောင်ရှောင်းသည် ချက်ချင်းဆိုသလိုပဲ သခင်လေးချူ၏ရှေ့၌ ပေါ်လာသည်။ ပြီးနောက် သခင်လေးချူ၏ အင်္ကျီစအားလှမ်းဆွဲပြီး မြေပြင်ပေါ်သို့ ပစ်ချလိုက်တော့သည်။ ဤရုတ်တရက်တိုက်ခိုက်မှုသည် အလွန်တရာ မြန်ဆန်လွန်းလှ၏။
ကျူးရင်ဟောခန်း၏ ကျောင်းသားများအားလုံးသည် နည်းနည်းလေးမှ သတိမပြုလိုက်မိချေ။ သူတို့ သတိဝင်သွားသည့်အချိန်တွင်တော့ သခင်လေးချူသည် မြေပေါ်တွင် မှောက်လျက်ရှိနေပြီဖြစ်သည်။
“ကောင်လေးတို့”
ကျွင်းချောင်ရှောင်းသည် အေးစက်စက် ပြောလိုက်၏။ “ငါဒီနေ့ မင်းတို့ကို သင်ပေးမယ့် ပထမဦးဆုံးသင်ခန်းစာကတော့ မင်းတို့ရဲ့ဆရာကို ဘယ်လိုလေးစားမှုရှိရမယ် ဆိုတာပဲ”
“ခင် … ခင်ဗျား”
သခင်လေးချူ၏ မျက်လုံးများသည် ဒေါသများဖြင့် ပြည့်နှက်နေသည်။
ဝှစ်
ကျွင်းချောင်ရှောင်းသည် သခင်လေးချူအား အသာဆွဲမပြီးသည့်နောက် ကျောင်း၏ အခန်းနံရံဆီသို့ လှမ်းပစ်လိုက် တော့သည်။ ပြီးနောက် ကြောင်အနေကြသော ကျောင်းသားများဘက်သို့လှည့်၍ လေးလေးနက်နက် ပြောလိုက်သည်။ “မှတ်ထား၊ ငါ့ကို စကားပြောတဲ့အချိန်မှာ ပထမဆုံး ငါ့ကို ခေါ်ရမယ့်အရာက ဆရာကျွင်းပဲ”