အခန်း (၅၁၂)
Vol. 35 Ch. 512
ချူရှိုးနန်သည် သံမဏိအရိုးဂိုဏ်းတပည့်တစ်ယောက်အား စိန်ခေါ်ချင်နေ၏။
ကံဆိုးစွာဖြင့် ဂိုဏ်းချုပ်ကျွင်းသည် လီချင်းယန်နှင့် တစ်ခြားသူများကို ခေါ်ဆောင်မလာခဲ့ပေ။ မဟုတ်ပါက သူ့အနေနှင့် ကောင်းကောင်း သင်ခန်းစာ ပေးခဲ့နိုင်သည်။
ကျူးရင်ဟောခန်းတွင် ရှိသော ကျောင်းသားများ၏ ပါရမီမှာ မဆိုးလှပေ။ သို့ပေမဲ့ ကျင့်ကြံခြင်းအဆင့်မှာတော့ မကောင်းမွန်ကြပေ။ ပျမ်းမျှအဆင့်များမှာ သိုင်းဆရာအဆင့်ငါးမှ အဆင့်ခြောက်လောက်သာရှိကြ၏။
သံမဏိအရိုးဂိုဏ်း၏ အတွင်းစည်းတပည့်များကို မဆိုနှင့် အပြင်စည်းတပည့်များသည်ပင် ၎င်းတို့အား ချီးထွက်အောင် ရိုက်နှက်နိုင်စွမ်းရှိသည်။
"ဂိုဏ်းချုပ်"
ထိုအချိန်မှာပဲ အဓိကဟောခန်း၏ အပြင်ဘက်တွင် မတ်တပ်ရပ်လျက်ရှိသော လျိုဝမ်ရှစ်က ပြောလိုက်သည်။ "ကျွန်မ သူနဲ့ ယှဉ်ချင်ပါတယ်"
"ကောင်းပြီ ….တုတုရှိနေသေးတာပဲ"
တုတုသည် သံမဏိအရိုးဂိုဏ်း၏ စားဖိုမှူးတစ်ယောက်ဖြစ်သော်လည်း တပည့်တစ်ယောက်လည်း ဖြစ်၏။
"ကောင်လေး"
ကျွင်းချောင်ရှောင်း ပြောလိုက်၏။ "ငါ မင်းကို သံမဏိအရိုးဂိုဏ်းတပည့်နဲ့ စိန်ခေါ်ဖို့ အခွင့်အရေးပေးလိုက်မယ်။"
အသက်ဆယ့်တစ်နှစ် ၊ ဆယ့်နှစ်နှစ်လောက်သာ ရှိသော မိန်းကလေးတစ်ယောက်အား ကြည့်ရှု၍ ချူရှိုးနန်သည် သူ့အား အရှက်ခွဲသလို ခံစားလိုက်ရ၏။ ထို့ကြောင့် ဒေါသတကြီး ပြောလိုက်၏။ "ဆရာကျွင်း ကျုပ် ချူရှိုးနန်က ဒီမိန်းကလေးကို စိန်ခေါ်ပြီး တိုက်ခိုက်ရမယ်လို့ ပြောနေတာလား"
ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ "မင်း သူ့ကို မနိုင်ပါဘူး"
"သူ့ကို မနိုင်ဘူး ဟုတ်လား"
ချူရှိုးနန်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး အံကိုကြိတ်လိုက်သည်။ "ဆရာကျွင်း ကျုပ်ကို အထင်မသေးပါနဲ့"
သူသည် ချူမိသားစု၏ တိုက်ရိုက်မျိုးဆက်တစ်ယောက်ဖြစ်သည်။
ချူမိသားစုဆိုသည်မှာ ကောင်းကင်ဘုံမြို့၏ ကလန်ကြီးရှစ်ခုထဲမှ ခေါင်းကိုင် ကလန်တစ်ခုလည်း ဖြစ်သည်။ ထို့အပြင် သူသည် ကောင်းမွန်သော ပင်ကိုယ်စွမ်းရည် စိတ်ဝိညာဉ် အမြစ်ကို ပိုင်ဆိုင်၏။ ဤမိန်းကလေးကိုမှ မနိုင်ပါက ကျင့်ကြံသူတစ်ယောက်အဖြစ် ဖြစ်ရန်ပင်မထိုက်တန်တော့ချေ။
"မင်း မယုံဘူးလား"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ဒါဆိုရင် ငါ့တပည့်နဲ့ တိုက်ခိုက်လိုက်။ဒါဆိုရင် မင်း ယုံသွားလိမ့်မယ်။"
"ကောင်းပြီ"
ချူရှိုးနန်သည် မတ်တပ်ထရပ်ကာ ဒေါသတကြီးပြောလိုက်သည်။
သူ့အနေနှင့် ဤမိန်းကလေးနှင့် တိုက်ခိုက်ရသည်မှာ အရှက်ရစရာဖြစ်သည်ကို သိသော်လည်း သံမဏိအရိုးဂိုဏ်းချုပ်၏ အထင်သေးသည့် အကြည့်များကို မခံစားတော့ပေ။
ယောကျာ်းဆိုသည်မှာ ရှိသင့်ရှိထိုက်သော ဂုဏ်သိက္ခာတရားကို ပိုင်ဆိုင်သင့်သေးသည် မဟုတ်လား.။
…....
"ဂိုဏ်းချုပ်ကျွင်းက သခင်လေးချူနဲ့ မိန်းကလေးတစ်ယောက်ကို ရွေးချယ်တယ်ဟုတ်လား။ဒါက အရိုက်ခံခိုင်းတာနဲ့ အတူတူပဲ မဟုတ်လား။”
“သံမဏိအရိုးဂိုဏ်းတပည့်တွေက အရမ်းအားကောင်းတယ်လို့ ကြားတယ်။ဒါပေမဲ့ ဒီမိန်းကလေးသာ သခင်းလေးချူကို နိုင်မယ်ဆိုရင်တော့ ထူးဆန်တာပဲ။”
“ကျုပ်အထင်အရဆိုရင် ဆရာကျွင်းက သခင်လေးချူကို သက်သက် စိတ်ဒုက္ခဖြစ်အောင်လုပ်နေတာ ဖြစ်လိမ့်မယ်။"
ကျူးရင်ဟောခန်း၏ အပြင်ဘက်ရှိ သေးငယ်သော သိုင်းလေ့ကျင့်ရေးကွင်းပြင်မှာတော့ ဟုန့်လင် နှင့် တစ်ခြားသူများသည် ဘေးတစ်ဖက်တွင် ရပ်ရင်း တီးတိုး ပြောနေကြသည်။
၎င်းတို့၏ စကားများအရဆိုလျှင် လျိုဝမ်ရှစ်အား ကြီးကြီးမားမား အထင်ကြီးသည့်စိတ် တစ်ယောက်မှ မရှိကြခေျ။
ထိုအရာသည်မှာလည်း မှန်ကန်၏။ ငယ်ရွယ်ပြီး သေးငယ်လှသော ကလေးမလေးအား မည်သူက အထင်ကြီးမည်နည်း။
ထို့အပြင် တိုက်ခိုက်မည့်လူမှာ ချူမိသားစု၏ အထူးချွန်ဆုံးသော တိုက်ရိုက်မျိုးဆက် ချူရှိုးနန်ဖြစ်နေသည်။
“တုတု”
ကျွင်းချောင်ရှောင်းသည် အသံပို့ လွှတ်လိုက်၏။ "သူက သိုင်းဆရာအဆင့်ခြောက် သူ့ကို အနိုင်ယူဖို့ မင်းဆီမှာ ယုံကြည်ချက်ရှိရဲ့လား။"
"ယုံကြည်ချက်ရှိပါတယ်"
လျိုဝမ်ရှစ်သည် သိုင်းဆရာ အဆင့်လေး ကျင့်ကြံသူတစ်ယောက်ဖြစ်သော်လည်း ဂိုဏ်း၏ များပြားလှသော အရင်းအမြစ်များကို မှီခိုပြီး သူမ၏ ကျင့်ကြံခြင်းအဆင့်ကို တိုးတက်အောင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ပို၍ အရေးကြီးသည်မှာ လုချင်းချင်းသည် ဂိုဏ်းထဲမှာ ရှိနေစဉ်က သူမအား သိုင်းပညာနှင့် ပတ်သက်၍ တော်တော်များများ သင်ပြပေးခဲ့၏။
ကံဆိုးစွာဖြင့် လျိုဝမ်ရှစ်သည် တစ်နေကုန် တစ်နေကန်း အစားအသောက်များနှင့်သာ အချိန်ကုန်ခဲ့ရသူဖြစ်သောကြောင့် တိုက်ခိုက်လေ့တိုက်ခိုက်ထ မရှိကြချေ။ ထို့ကြောင့် သူမသည် ကျင့်ကြံသူတစ်ယောက်ဖြစ်သည်ကိုပင် တော်တော်များများက မေ့၍နေကြသည်။
ဟူး
လျိုဝမ်ရှစ်သည် အသက်ကို ပြင်းပြင်းရူလိုက်၏။
ပြီးနောက် သူမ၏ ခေါင်းအား ကောင်းကင်ပေါ်သို့ မော့ကာ ပြောလိုက်သည်။ "စီနီယာအစ်ကိုတို့ ဒီတစ်ကြိမ်က တစ်စုံတစ်ယောက်နဲ့ တိုက်ခိုက်တာ တုတုအတွက် ပထမဆုံးပဲ။ကောင်းကင်ပေါ်ကနေ ကာကွယ်ပေးကြပါ"
လီချင်းယန်နှင့် တစ်ခြားသူများသည် ထိုအချင်းအရာကိုသာ ကြားမည်ဆိုပါက ချက်ချင်းဆိုသလိုပဲ မြေပြင်ပေါ်သို့ လဲကျသွားလိမ့်မည်။
ကောင်မလေး ငါတို့ အသက်ရှိနေသေးတယ်လေ။ဘာလို့ ကောင်းကင်ပေါ်ကို မော့ကြည့်ပြီးတော့ ပြောဆိုတိုင်တည်နေရတာလဲ။
"စကြတာပေါ့"
လေ့ကျင့်ရေးကွင်းပြင်ထဲမှာတော့ ချူရှိုးနန်သည် အစောကတည်းက ပြင်ဆင်ပြီးဖြစ်၏။ သူ၏ မျက်နှာပေါ်မှာတော့ စိတ်မရှည်ခြင်း အမူအရာများနှင့် ပြည့်နက်နေသည်။
"နေအုံး"
လျိုဝမ်ရှစ်ကပြောလိုက်သည်။ "မတိုက်ခိုက်ခင် တစ်ခုခု စားလိုက်အုံးမယ်"
ပြောပြီးသည့်နောက် သူမသည် သူမ၏ သိုလှောင်လက်စွပ်ထဲမှ ထမင်းကြော်တစ်ပန်းကန်အား ထုတ်ယူ၍ စားတော့သည်။
ကျူးရင်ဟောခန်းတွင် ရှိသော ကျောင်းသားများအားလုံးသည် ဆွံ့အသွားကြ၏။ မတိုက်ခင်မှာ အစားအသောက်များကို စားသုံးသည်ဆိုသည်မှာ ဘာအဓိပ္ပာယ်နည်း။
သို့ပေမဲ့ အားလုံးသည် ထမင်းကြော်ဆီမှ ထွက်ပေါ်လာသောမေွှးပျံ့သည့် ရနံ့ကိုရလိုက်ချိန်မှာတော့ ဗိုက်ထဲမှပင် တဂွီဂွီ ဖြင့် အသံတွေထွက်လာကြသည်။ သူတို့သည် ကြိတ်ကာ ပြောလိုက်သည်။ "မွှေးလိုက်တာ ဗိုက်တောင် ဆာလာပြီ"
ထမင်းကြော်ကို စားပြီးသည့်နောက်မှာတော့ လျိုဝမ်ရှစ်၏ ခန္ဓာကိုယ်သည် အားအင်များနှင့် ပြည့်နက်သွားသည်။ သူမသည် သူမ၏ သေးငယ်သော လက်ကလေးကို ယမ်းခါပြီး တိုက်ခိုက်လိုစိတ်အပြည့်ဖြင့် ပြောလိုက်၏။ "စလိုက်ကြရအောင်"
ရွှီ
သူမပြောပြောပြီးချင်းမှာပဲ ချူရှိုးနန်သည် သူ၏ လှုပ်ရှားမှု နည်းစနစ်ကို အသုံးပြု၍ ရှေ့သို့ တိုးလာခဲ့၏။ သူ၏ လက်ဝါးထဲတွင်တော့ စိတ်ဝိညာဉ်စွမ်းအင်များ စုစည်းလာခဲ့သည်။ စွမ်းအင်လှိုင်းများသည် တည်နေရာထဲတွင် ဖြစ်တည်လာသည်။
"လခြမ်းဓားကွက်"
လျိုဝမ်ရှစ်သည် သူမ၏ လက်ကို မြှောက်ကာ ခုတ်ပိုင်းလိုက်တော့သည်။
လခြမ်းပုံသဏ္ဍာန် အလင်းတန်းများသည် ရုတ်တရက်ဆိုသလို လှိုင်းအဟုန်များနှင့် ဖြစ်ပေါ်ကာ ချုရှိုးနန် ဆီသို့ တိုးဝင်သွားတော့၏။
ဟမ်။
ချူရှိုးနန်သည် အံ့အားသင့်မိသွားသည်။
ဤမိန်းကလေးသည် အမှန်တကယ်ပဲ စိတ်ဝိညာဉ်အမျိုးအစား တိုက်ခိုက်ရေး နည်းစနစ်ကို ကျွမ်းကျင်စွာဖြင့် ထုတ်ဖော်အသုံးပြုနေသည်။ ကြည့်ရသည်မှာ သူမသည် စွမ်းဆောင်ရည်တစ်ချို့တော့ ရှိနေလိမ့်မည်။
ရွှီ … ရွှီ။
လျိုဝမ်ရှစ်သည် လက်နှစ်ဖက်ကို ယမ်းခါပြီး လခြမ်းတိုက်ကွက်အား အသုံးပြုလျက်ရှိနေသည်။
"ကောင်းကင်ဘုံ"
ကျူးရင်ဟောခန်းရှိ ကျောင်းသားများအားလုံးသည် မျက်လုံးပြူးသွားကြသည်။
အသက်ဆယ့်နှစ်နှစ်အရွယ်သော မိန်းကလေးငယ်တစ်ယောက်သည် စိတ်ဝိညာဉ်အမျိုးအစား တိုက်ခိုက်ရေး နည်းစနစ်ကို ဟာကွက်မရှိဘဲ တရစပ် ထုတ်ဖော်အသုံးပြုနေသည်။ သူမ၏ လက်နှစ်ဖက်ထဲတွင် မည်မျှများပြားသော စိတ်ဝိညာဉ်စွမ်းအင် အမျိုးအစားများ ရှိနေသနည်း။
"မကောင်းတော့ဘူး"
ချူရှိုးနန်သည် မျက်မှောင်ကုတ်လိုက်မိ၏။ ပြီးနောက် သူ၏ လှုပ်ရှားမှု နည်းစနစ်ကို အသုံးပြုကာ ရှောင်ရှားလိုက်တော့သည်။
ဖောင်း ဖောင်း ဖောင်း
လခြမ်းဓားကွက်မှ အလင်းတန်းများသည် အနီးနားမှ ဖြတ်သန်းသွားပြီး အောက်ရှိ ကျောက်ပြားပေါ်သို့ ထိမှန်သွားတော့သည်။
ချူရှိုးနန်သည် သူ၏ခန္ဓာကိုယ်ဟန်ချက်ကို ထိန်းသိမ်းပြီးနောက် ပြောလိုက်သည်။ "ဒီလောက် ငယ်ရွယ်ပေမဲ့ စွမ်းဆောင်ရည်တစ်ချိုတော့ ရှိနေတာပဲ မဆိုးဘူး"
ရွှီ
လျိုဝမ်ရှစ်သည် တိမ်ခြေလှမ်းကို အသုံးပြု၍ ရှေ့သို့ ပြေးထွက်လာတော့သည်။ တစ်ချိန်တည်းမှာပဲ သူမသည် တောင်ဖြိုလက်သီးကို အသုံးပြုလိုက်၏။
ဘုန်း
ချူရှိုးနန်သည် ရှောင်ရှားလိုက်နိုင်သည် ဆိုသော်လည်း သူ့အား ဖြတ်သန်းသွားသော ခံစားချက်များကို ခံစားမိလိုက်ချိန်မှာတော့ ထိတ်လန့်တုန်လှုပ်မိသွားသည်။
"လခြမ်းဓားကွက်"
ဘုန်း
လျိုဝမ်ရှစ်သည် အခွင့်အရေးကို အသုံးချပြီး စိတ်ဝိညာဉ်အမျိုးအစား တိုက်ခိုက်ရေး နည်းစနစ်ကို ထပ်မံ အသုံးပြုလိုက်တော့သည်။ သူမသည် ဤတစ်ကြိမ်မှာတော့ ချူရှိုးနန်၏ နောက်ကျောဘက်အား ထိမှန်အောင် တိုက်ခိုက်နိုင်ခဲ့သည်။
ချူရှိုးနန်သည် နောက်ဘက်သို့ ဆုတ်ခွာသွားခဲ့ရ၏။
"ချီးတဲ့မှ။"
သခင်လေး ချသည် ဒေါသထွက်သွားသည်။
သို့ပေမဲ့ သူသည် ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းသိမ်းပြီးနောက်မှာတော့ အလင်းတန်းများသည် သူ့ဆီသို့ ထပ်မံတိုးဝင်လာသည်ကို ခံစားမိလိုက်တော့သည်။
ဖောင်း ဖောင်း ….
ဘုန်း ဘုန်း…
သေးငယ်လှသော လျိုဝမ်ရှစ်သည် သူမတို့ ဂိုဏ်းနည်းစနစ်များကို အသုံးပြုခဲ့ပြီး တစ်ခါတရံ တောင်ဖြိုလက်သီးကို အသုံးပြု၍ တစ်ခါတရံ လခြမ်းဓားကွက်ကို အသုံးပြုလိုက်သည်။
သူမ၏ တိုက်ခိုက်ချက်များသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေလေ၏။ ချူရှိုးနန်သည် ဆိုးဆိုးရွားရွား အခြေအနေသို့ ကျရောက်နေပြီး တန်ပြန်တိုက်ခိုက်မှုကိုပင် မပြုလုပ်နိုင်ချေ။
နောက်ဆုံးမှာတော့ လျိုဝမ်ရှစ်၏ လက်သီးချက်များသည် သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာပြီး တစ်ကိုယ်လုံး ထုံကျဉ်လာတော့သည်။
ရွှီ ယယယ ရွှီ
လျိုဝမ်ရှစ်သည် တိမ်ခြေလှမ်းကို အသုံးပြု၍ ချူရှိုးနန်အား ဝိုင်းပတ်ကာ တောင်ဖြိုလက်သီးကို ဆက်တိုက် ထုတ်ဖော်အသုံးပြုလျက်ရှိနေတော့သည်။
ဖောင်း
ချူရှိုးနန်သည် နောက်သို့ ခြေလှမ်းအနည်းငယ် ပြုတ်ကျပြီး ဖင်ထိုင်လျက်ပင် ပြုတ်ကျလုမတတ်ဖြစ်သွား၏။
ဤမိန်းကလေးသည် အလွန်တရာ အားကောင်းလွန်းလှသည်။
ဟုန့်လင် နှင့် တစ်ခြားသူများသည် မျက်လုံးအပြူးသား ၊ ပါးစပ်အဟောင်းသားနှင့်ပင် ဖြစ်နေကြသည်။
ဤကလေးမလေးတောင်မှ ဤကဲ့သို့သော အားအင်အဆင့်ကို ရှိသည်ဆိုလျှင် သံမဏိအရိုးဂိုဏ်းမှ အရွယ်ရောက်ပြီးသားတပည့်များအားလုံးသည် ပိုမို၍ ကြောက်မက်ဖွယ်ရာ ကောင်းမွန်ပေလိမ့်မည်။
အမှန်တကယ်တွင်လည်း ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ တစ်ယောက်ချင်းစီတိုင်းသည် ကောင်းကင်ဘုံကျောင်းမှ ပါရမီရှင်များဟု ခေါ်သော ကျူးရင်ဟောခန်းမှ ကျောင်းသားများအားလုံးကို အနိုင်ယူနိုင်စွမ်းရှိကြသည်။
အင်း။
လျိုဝမ်ရှစ်သည် တိမ်ခြေလှမ်းကွက်ကို အသုံးပြု၍ ရှေ့သို့ လှမ်းတက်လာသည်။
သူမသည် တောင်ဖြိုလက်သီးကို အသုံးပြုပြီးသည့်နောက် ချူရှိုးနန်အား ထိမှန်အောင် ထိုးနှက်တော့သည်။
လက်သီးချက်နှစ်ချက်ကို ခံယူပြီးသည့်နောက်မှာတော့ သခင်လေး ချူသည် ဘာတစ်ခုမှ ပြန်မလုပ်နိုင်တော့ဘဲ ကလေးမလေး လျိ၏ ဆက်တိုက် တိုက်ခိုက်ခြင်းကိုသာ ခံနေရတော့၏။
ဖောင်း … ဖောင်း။
တိုက်ခိုက်ရေးကွင်းပြင်ထဲမှာတော့ ချူရှိုးနန်သည် လျိုဝမ်ရှစ်၏ တိုက်ခိုက်ခြင်းကို ခံနေရသည်။
ဘေးတစ်ဖက်ရှိ ကြည့်ရှုနေကြသော ကျူးရင်ဟောခန်းမှ တပည့်များ၏ နှုတ်ခမ်းများသည်လည်း တုန်ရင်လျက်ရှိကြသည်။
သူတို့၏ ခန္ဓာကိုယ်နှင့် မျက်နှာပေါ်တွင် ရှိနေကြသော ဟိတ်ဟန်များ အားလုံးသည် လျိုဝမ်ရှစ်၏ လက်သီးချက်များအောက်တွင် ပျောက်ကွယ်သွားခဲ့ရပြီဖြစ်သည်။
ကျွင်းချောင်ရှောင်းသည် လက်ပိုက်ကာ ခေါင်းကို ခါယမ်းလိုက်၏။ မင်း တုတုကိုတောင်မှ မနိုင်တာ ဘယ်လိုဖြစ်ပြီး ငါ့ရှေ့မှာ မောက်မောက်မာမာတွေ လုပ်နေရတာလဲ။
တကယ်တမ်းမှာတော့ ချူရှိုးနန်၏ ပါရမီနှင့် အားအင်မှာ ကောင်းမွန်လှသူဖြစ်သည်။ သို့ပေမဲ့ တိုက်ခိုက်ရေး နည်းစနစ်များကို အလုံးစုံ ပိုင်နိုင်သော လျိုဝမ်ရှစ်၏ အောက်ဘက်တွင်တော့ ရှုံးနိမ့်ခဲ့ရသည်။
မင်းသမီးလေး ကြာပန်းနီက ပြောလိုက်၏။ "ဂိုဏ်းချုပ်ကျွင်းက ဒီလိုမျိုး ထူးချွန်တဲ့တပည့်တွေက်ု မွေးမြူထားနိုင်တာ ချီးကျူးစရာပဲ။"
"ချီးကျူးစရာ ဟုတ်လား"
ထိုလူများသည်သာ သံမဏိအရိုးဂိုဏ်းထဲမှ အတွင်းစည်းတပည့်များ၏ စွမ်းဆောင်ရည်ကိုသာ မြင်သည်ဆိုပါက ချီးကျုးရုံတင် မဟုတ်ဘဲ သင်ကြားပြသပေးခဲ့သော သူ့အား ဒူးထောက်၍ပင် ကန်တော့လောက်ပေသည်။
"တုတု"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "လုံလောက်ပြီ"
အင်း။
လျိုဝမ်ရှစ်၏ ချူရှိုးနန်၏ နောက်ကျောဘက်အား လက်သီးနှင့် တစ်ချက် ထိုးနှက်ပြီးသည့်နောက်မှာတော့ သိုင်းလေ့ကျင့်ရေးကွင်းပြင်၏ အပြင်ဘက်ဆီသို့ ခုန်တက်လာတော့သည်။ "အနိုင်ပေးလိုက်တဲ့အတွက် ကျေးဇူးတင်ပါတယ်"
မိန်းကလေးသည် သူ၏ ဒုတိယအစ်ကိုနှင့် စီနီယာများ၏ ဟန်ပန်အတိုင်း လက်သီးကိုဆုပ်ကာဖြင့် ဝင့်ကြွားစွာ ပြောလိုက်၏။
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ဘယ်သူက သံမဏိအရိုးဂိုဏ်းတပည့်နဲ့ ထပ်ပြီး တိုက်ခိုက်ချင်သေးလဲ"
ဟုန့်လင် နှင့် တစ်ခြားသူများအားလုံးသည် ငြိမ်သက်သွားကြ၏။
"ကျုပ်"
အသံတစ်ခု ပေါ်လာသည်။
တောင်ဘက်ခြံဝန်း၏ အဝင်ဝနားမှာတော့ အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူတစ်ယောက်သည် လျှောက်လှမ်းထွက်လာသည်။
မင်းသမီးလေး ကြာပန်းနီက အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ "သူ ဘာလို့ ရောက်လာတာလဲ"
"ဘယ်သူလဲ"
ကျွင်းချောင်ရှောင်းသည် စိတ်ဝင်တစားဖြင့် မေးလိုက်သည်။
မင်းသမီးလေး ကြာပန်းနီက ပြောလိုက်၏။
"ကျောင်းရဲ့ သူရဲကောင်းစာရင်းထဲမှာ ဆယ်ယောက်မြောက်ချိတ်တဲ့ ကျင်းဝူကူပဲ"