အခန်း (၅၁၄)
Vol. 35 Ch. 514
ကျွင်းချောင်ရှောင်းသည် ကျောင်းအုပ်ကြီးနှင့် စကားခဏပြောခဲ့၏။ ပြီးနောက်သူသည် ထွက်ခွာသွားရန် မတ်တပ် ရပ်လိုက်၏။ သူသည် လက်ရှိတွင် အလုပ်အရမ်းများနေသည်။ အဘယ်ကြောင့်ဆိုသော် ဂိုဏ်းအသိအမှတ်ပြုဗဟို ဆီသို့ သွားရန်လည်း ရှိနေသေး၏။ ထို့ပြင် မနေ့ကတည်းက သူ့အား တစ်စုံတစ်ယောက်ကို စေလွှတ်၍ ဖိတ်ခေါ် ခဲ့သည်မဟုတ်လား။ ထို့ပြင် မနက်တုန်းကလည်း အကြီးအကဲကျိုးသည် သူ့အား လာ၍ ကူညီခဲ့သေး၏။
“ကြာပန်းနီ”
ကျွင်းချောင်ရှောင်း ထွက်ခွာသွားသည်ကို ကြည့်ရှုပြီးနောက် စစ်တုဟောင်ယွင်သည် ပြုံးကာ ပြောလိုက်၏။ “ဒီကျွင်းချောင်ရှောင်းက မရိုးရှင်းဘူး”
“ဟုတ်ပါတယ်”
မင်းသမီးလေး ကြာပန်းနီက ပြောလိုက်သည်။
“သူက ဒီလောက်ငယ်ရွယ်တဲ့ အသက်အရွယ်မှာ ဓားနဲ့ သိုင်းဘုရင်တစ်ယောက်ဖြစ်လာခဲ့တယ်။ ပြီးတော့ သိုင်းပညာနဲ့ပတ်သက်တဲ့ တာအိုကလည်း အလွန်တရာ နက်ရှိုင်းလွန်းတယ်၊ ဒီတော့ အနာဂတ်မှာ ဘာတွေ အောင်မြင်မှုရလာမလဲဆိုတာ ခန့်မှန်းဖို့တောင်ခက်တယ်”
“ဒါက မင်းအဖေ စောင့်မျှော်နေတဲ့လူပဲ မဟုတ်ဘူးလား” စစ်တုဟောင်ယွင်သည် ပြုံးလိုက်မိ၏။
မင်းသမီးလေး ကြာပန်းနီသည် ရှက်သွေးဖြာသွား၏။ ပြီးနောက် ပြောလိုက်သည်။ “အတိတ်က ဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး ကျောင်းအုပ်ကြီး ကျွန်မကို စနေပြန်ပြီ”
လွန်ခဲ့သော ဆယ်နှစ်က မြို့တော်ဝန်သည် သူ၏မွေးနေ့ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြပြီး ကောင်းကင်ဘုံမြို့ထဲတွင်ရှိသော အလွန်တရာအားကောင်းသည့်လူများအားလုံးသည် စုစည်းပြီးတော့ မွေးနေ့ပွဲကို တက်ရောက်လာကြသည်။
စားသောက်ပွဲမှာတော့ စစ်တုဟောင်ယွင်သည် ပြုံးကာပြောခဲ့၏။ “မင်းသမီးလေး ကြာပန်းနီက အရမ်းကို ပါရမီရှိတယ်၊ မြို့တော်ဝန်က သူမကို ယောက်ျားတစ်ယောက် ရှာဖွေပေးဖို့ အရမ်းကို အားစိုက်ထုတ်ရပေလိမ့်မယ်”
ဟား ဟား ဟား ဟား
မြို့တော်ဝန်သည် ရယ်ကာ ပြောလိုက်၏။ “ဒီလောကကြီးထဲမှာ ကျုပ်သမီးကို လက်ထပ်ချင်တဲ့လူက လူတွေထဲက နဂါးတစ်ကောင်ပဲ ဖြစ်ရမယ်”
ဟုတ်ပေသည်။ သူသည် အလွန်တရာ မူးရူးနေခဲ့၏။ ထို့ကြောင့် သူသည် စကားကို ပေါ့ပေါ့ပါးပါး ပြောခဲ့ခြင်းပင် ဖြစ်၏။
“မြို့တော်ဝန်ပြောတဲ့ လူတွေထဲက နဂါးဆိုတာ ဘယ်လို စံသတ်မှတ်ချက်မျိုးကို ပြောတာလဲ” တစ်စုံတစ်ယောက်က မေးမြန်းလိုက်၏။
“ဓားနဲ့သိုင်းဘုရင်တစ်ယောက် ဖြစ်ရမယ်၊ ပြီးတော့ သိုင်းပညာနဲ့ပတ်သက်တဲ့ တာအိုကလည်း နက်နက်နဲနဲ ကျွမ်းကျင်နေရမယ်၊ ဒါမှသာလျှင် ငါ့ရဲ့တန်ဖိုးရှိတဲ့ သမီးနဲ့ ထိုက်တန်မှာ” မြို့တော်ဝန်သည် ကျယ်လောင်စွာ ပြောဆိုလိုက်၏။
အားလုံးသည် ငြိမ်သက်သွား၏။ လူတွေထဲမှ နဂါးတစ်ကောင် အား မည်ကဲ့သို့ ရှာဖွေရမည်နည်း။
မြို့တော်ဝန် မူးမူးနှင့် ပြောခဲ့သောစကားသည် မြို့တစ်ခုလုံးကို ပျံ့နှံ့သွားပြီး သည့်နောက် ဤအချက်အလက် သည် မင်းသမီးလေး ကြာပန်းနီအား ပိုင်ဆိုင်ရန်အတွက် စံသတ်မှတ်ချက်တစ်ခု ဖြစ်လာခဲ့ တော့သည်။
“ဓားနဲ့ သိုင်းဘုရင်”
ဤအချက်နှစ်ခုသည် မင်းသမီးလေးအား လိုချင်လျက်ရှိသော လူငယ်ပါရမီရှင်များအတွက် အဟန့်အတားကြီး တစ်ခု ဖြစ်နေတော့သည်။
လက်ရှိအခြေအနေမှာတော့ မြို့တော်ဝန်သည် စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချရန် သာ တတ်နိုင်ခဲ့၏။ အဘယ်ကြောင့်ဆိုသော သူမူးမူးရူးရူးနှင့် ပြောခဲ့သောစကားကြောင့် သူ့သမီးသည် အသက် ဆယ့်ရှစ်နှစ်အထိ ရောက်လာခဲ့သည်ဆိုသော်လည်း မည်သူကမှ အောင်သွယ်တော် လာ၍ မလုပ်ရဲချေ။
အနာဂတ်တွင် သူမအား လက်ထပ်မည့်သူ ရှိပါ့မလားဟု သူစိုးရိမ်ပူပန်လာမိသည်။ စကားပြောင်း၍ ပြောဆိုရမည် လား၊ စံသတ်မှတ်ချက်ကို နှိမ့်ချပေးရမည်လား။ မြို့တော်ဝန်တစ်ယောက်အနေဖြင့် သူသည် သူ၏စကားကို ပြန်လည် ရုတ်သိမ်း၍ မဖြစ်နိုင်ချေ။ ကောင်းကင်ဘုံမြို့၏ မြို့တော်ဝန်တစ်ယောက်သည် အရက်မူး၍ ပြောဆိုခဲ့ သည်ဆိုလျှင်တောင်မှ ထိုစကားကို တည်တံ့မှ ဖြစ်ပေလိမ့်မည်။
သို့ပေမဲ့ မည်သူထင်မည်နည်း။ ကျွင်းချောင်ရှောင်း ဆိုသူသည် ဘယ်ကမှန်းမသိဘဲ ပေါ်ပေါက်လာတော့သည်။ သူသည် ဓားနှင့်သိုင်းဘုရင်ဖြစ်သည့်အပြင် သိုင်းပညာနှင့်ပတ်သက်သည့် တာအိုမှာလည်း အလွန်တရာ နက်နက် ရှိုင်းရှိုင်း သိရှိနားလည်နေသည်။
ကံကောင်းစွာနှင့် မြို့တော်ဝန်သည် တံခါးပိတ် ကျင့်ကြံနေ၏။ အကယ်၍သာ ဂိုဏ်းချုပ်ကျွင်းအကြောင်း သိမည်ဆိုပါက ချက်ချင်း သူကိုယ်တိုင်ထ၍ ကြိုဆိုနှုတ်ဆက်ပေလိမ့်မည်။ မင်းအချိန်မီ ရောက်လာတာပဲကွာဟုပင် ပြောဆိုနေမည်လား မသိပေ။
“ကြာပန်းနီ”
စစ်တုဟောင်ယွင်က ပြောချင်သည့်အကြောင်းအရာဆီသို့ ပြန်ဆွဲခေါ်ကာ ပြောတော့၏။ “ဂိုဏ်းချုပ်ကျွင်းရဲ့ ခေါင်းမာတဲ့ အကျင့်စရိုက်က နဲနဲလေး ပြဿနာရှိတယ်ဆိုပေမဲ့ သူက မင်းကို သူ့ဂိုဏ်းထဲ ဝင်ဖို့အတွက် လေးလေးနက်နက် ဖိတ်ခေါ်နေတာလေ၊ မင်းသေချာစဉ်းစားသင့်တယ်”
“ကောင်းပါပြီ”
မင်းသမီးလေး ကြာပန်းနီသည် မျက်လုံးထဲမှာတော့ ရှုပ်ထွေးလှသော စိတ်ခံစားချက်များ ဖြစ်တည်လျက် ရှိနေသည်။
……....
“ဒါက ကျွင်းချောင်ရှောင်းပဲ၊ ကောင်းကင်ဘုံကျောင်းရဲ့ ဒုတိယကျောင်းအုပ်ကိုယ်တိုင် လာပြီးဖိတ်ခေါ်ရတာတော့ ငါ မြင်ဖူးတာ ပထမဦးဆုံးပဲ”
“ခုနက ဈေးထဲမှာလည်း သူက အစောင့်အရှောက်ကျန်းနဲ့ တစ်ပွဲတစ်လမ်း အကဲစမ်းခဲ့သေးတယ်”
“ဒီလိုလူမျိုးကို ကျောင်းက ဖိတ်ခေါ်တယ်ဆိုတာ သဘာဝပဲမဟုတ်လား”
“ပြောရမယ်ဆိုရင် ဒီလူက တကယ်မလွယ်ဘူး”
“ဒါနဲ့ ဒီလူက အစစ်ဆိုရင် တောင်ပိုင်းခရိုင်ထဲမှာ လျှောက်သွားနေတဲ့ ကျွင်းချောင်ရှောင်းဆိုတာ ဘယ်သူတုန်း”
“အဲတာ အတုနေမှာပေါ့။ ပြည်သူ့လုံခြုံရေးဌာနက စစ်သားတွေက မြို့အနှံ့ အဲလူကို လိုက်ရှာနေတယ်”
လမ်းပေါ်တွင် ဖြတ်သွားနေကြသော လူများအားလုံးသည် တီးတိုးဆွေးနွေးလျက်ရှိသည်။
လျှိုဝမ်ရှစ်နှင့်အတူ လမ်းလျှောက်လျက်ရှိသော ကျွင်းချောင်ရှောင်းသည် မျက်မှောင်ကုတ်ကာ ပြောလိုက်၏။ “ဒီအယောင်ဆောင်တဲ့လူအကြောင်းကို ငါမေ့သွားတာပဲ”
သူ၏ ဂုဏ်သိက္ခာ ကြီးမားလာသည်နှင့်အမျှ လူတော်တော်များများတို့သည် သူ၏အယောင်ဆောင်လာကြတော့ သည်။ သူ၏အယောင်ဆောင်၍ မကောင်းတာတစ်ခုခုလုပ်မည်ဆိုလျှင် ပြဿနာမတက်ပေနိုင်ဘူးလား၊ မဖြစ်သေးပေ။ သူရအောင်ဖမ်းမှ ဖြစ်ပေလိမ့်မည်။
“မင်းသမီးလေး”
သူသည် အသံပို့လွှတ်လိုက်သည်။ “တကယ်လို့ ကျုပ်အစား အယောင်ဆောင်တဲ့သူကို ဖမ်းမိမယ်ဆိုရင် ချက်ချင်းပဲ အကြောင်းကြားပေးလို့ ရမလား”
ကောင်းကင်ဘုံကျောင်းထဲတွင်ရှိသော မင်းသမီးလေးသည် ကျွင်းချောင်ရှောင်း၏ အသံပို့ချက်ကို ရရှိခဲ့၏။ သူမ သည်ပြောလိုက်၏။ “ကျောင်းအုပ်ကြီး... ဂိုဏ်းချုပ်ကျွင်းက အခုပဲ သတင်းပို့တယ်၊ သူ့အယောင်ဆောင်တဲ့လူကို ဖမ်းဆီးပေးဖို့ တောင်းဆိုတာပဲ၊ အယောင်ဆောင်လူကို လွှတ်ပေးလိုက်လို့ မဖြစ်ဘူး”
စစ်တုဟောင်ယွင်သည် ခေါင်းညိတ်လိုက်၏။
သိုင်းဘုရင်များဖြစ်သည်မှာ အလွန်တရာ ကောင်းမွန်သော အကျိုး ကျေးဇူးရှိသည်။ ၎င်းတို့သည် တစ်ယောက်နှင့်တစ်ယောက် အသံပို့လွှတ်၍ စကားပြောဆိုနိုင်စွမ်း ရှိကြ၏။ သံမဏိ အရိုးဂိုဏ်း၏ အသံပို့လွှတ်ခြင်း နည်းစနစ်သည်လည်း ထိုကဲ့သို့သော အရာမျိုးကို ပြုလုပ်နိုင်၏။ သို့ပေမဲ့ အသံ ပို့လွှတ်ချင်သည်ဆိုပါက တစ်ဖက်လူသည်လည်း ဤအသံပို့လွှတ်သည့် နည်းစနစ်ကို တတ်ကျွမ်းထားရန် လိုအပ် နေ၏။
ဂိုဏ်းအသိအမှတ်ပြုဗဟိုရှေ့တွင် စစ်သည်များ စုဝေးလျက်ရှိနေကြသည်။ အဘယ်ကြောင့်ဆိုသော ၎င်းတို့သည် ကျွင်းချောင်ရှောင်းအား ကိုယ်တိုင်လာရောက်ကြိုဆိုသောသူများပင် ဖြစ်ကြသည်။
ပထမဦးဆုံး ဒုကျောင်းအုပ် ကိုယ်တိုင် လာရောက်ဖိတ်ခေါ်ခဲ့၏။ လက်ရှိအခြေအနေမှတော့ ဂိုဏ်းအသိအမှတ်ပြုဗဟို၏ အကြီးပိုင်းလူကြီးများ အားလုံးက ကိုယ်တိုင်ကိုယ်ကျထွက်၍ ကြိုဆိုနေကြသည်။ ဂိုဏ်းချုပ်ကျွင်း မည်မျှအားကောင်းလာသည်ကို အားလုံးက အံ့အားတသင့်ဖြင့် ကြည့်ရှုနေကြ၏။
“အိုးရန်မိသားစုက ပက်ပက်စက်စက် ရိုက်နှက်ခံခဲ့ရတယ်၊ ဒါပေမဲ့ သူတို့က ငြိမ်ငြိမ်လေး ခံစားသွားရတယ်လေ”
“ငြိမ်ငြိမ်လေး ခံစားသွားရတာမဟုတ်ဘူး၊ ဂိုဏ်းချုပ်ကျွင်းက အိုးရန်မိသားစုဆီကို သွားပြီးလည်မယ်လို့ ပြောခဲ့ သေးတယ်၊ ဒီကိစ္စက ဒီတိုင်း ပြီးသွားမယ့်ပုံမှာ မရှိဘူး”
“ငါကြားထားတာတော့ အိုးရန်မိသားစုရဲ့ တိုက်ရိုက်မျိုးဆက်က သံမဏိအရိုးဂိုဏ်းတပည့်ကို သောက်ရူးဆိုပြီး အရင်ဆုံး စဆဲတာတဲ့၊ ဒါကြောင့် ရန်ဖြစ်ကြတာပဲ”
“သေမင်းတောင်ကြားမှာတုန်းက သံမဏိအရိုးဂိုဏ်းတပည့်တွေကို အနိုင်ကျင့်ခဲ့တဲ့ မိစ္ဆာဂိုဏ်းတွေ အကုန်လုံးက သတ်ဖြတ်ခံခဲ့ရတယ်၊ ဒါကြောင့် ဂိုဏ်းချုပ်ကျွင်းက သူ့ရဲ့တပည့်တွေကို ဘယ်လောက်တန်ဖိုးထားလဲဆိုတာ သိသာနိုင်တယ်၊ အိုးရန်မိသားစုက ပြဿနာတတ်ပြီထင်တယ်”
ကြီးမားလှသည့်အဖွဲ့အစည်းနှစ်ခု၏ ထောက်ခံမှုကို ရရှိထားသည်ဖြစ်သောကြောင့် ကျွင်းချောင်ရှောင်း၏ အခြေအနေသည် ပြောင်းလဲသွားသည်။ လူတော်တော်များများသည် အိုးရန်မိသားစု ဒုက္ခရောက်မည်ဟု ယုံကြည် ထားလျက်ရှိနေ၏။
..........
ဂိုဏ်းအသိအမှတ်ပြုဗဟို၏ အဓိကဟောခန်းထဲမှာတော့ ရီထျန်းချန်သည် ပြုံးကာ ကျွင်းချောင်ရှောင်းကို ကြည့်လိုက်၏။
“ဂိုဏ်းချုပ်ကျွင်းက တကယ့်ကို ပါရမီရှင်ပဲ”
“မြှောက်ပေးနေပြန်ပြီ”
ကျွင်းချောင်ရှောင်းသည် နှိမ့်ချစွာပြောလိုက်၏။ ဤကဲ့သို့သော အပြုအမူကို ကြည့်မည်ဆိုလျှင် သူ၏တပည့်ကို ပြဿနာရှာသည့်အတွက် ဒေါသတကြီးဖြင့် အိုးရန်မိသားစု၏ တိုက်ရိုက်မျိုးဆက်ကို ရိုက်နှက်ခဲ့သည်လူဟူ၍ ပင် ယုံကြည်ရန် ခက်ခဲလှချေ၏။
တကယ့် တကယ်တမ်းမှာလည်း ဂိုဏ်းချုပ်ကျွင်းသည် မောက်မာလှသူတစ်ယောက်မဟုတ်ပေ။ များပြားလှသော အရာကိစ္စများ ဖြစ်ပြီးသည့်နောက်မှာတော့ သူသည် လူတိုင်းကို ပြဿနာရှာ၍ ခွန်းတုန့်ပြန် ရန်ဖြစ်နေဖို့ မဖြစ်နိုင် ဆိုသည်ကိုသိရှိ၏။
“ဂိုဏ်းချုပ်ကျွင်း”
ရီထျန်းချန်သည် ပြုံးကာ ပြောလိုက်၏။ “ခင်ဗျားရဲ့ဂိုဏ်းက တစ်နှစ်အတွင်းမှာပဲ အဆင့်ကိုးကနေ အဆင့်ခြောက်ဂိုဏ်းတစ်ခု ဖြစ်လာခဲ့တယ်လေ၊ ကြီးထွား တိုးတက်မှုနှုန်းက တကယ့်ကို မြန်တာပဲ”
သူနှင့် အကြီးအကဲများအားလုံးသည် စာရေးကျိုးဆီမှ စာကို လက်ခံရရှိလိုက်ချိန်မှာတော့ သံမဏိအရိုးဂိုဏ်းသည် အဆင့်ခုနှစ်မှ အဆင့်ခြောက်ဆီသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရှိခဲ့ရ၏။ သူတို့သည် အချိန်အတော်ကြာ ဆွံ့အ နေမိ၏။ ဂိုဏ်းအသိအမှတ်ပြုဗဟို စတင်တည်ထောင်ပြီးသည့် အချိန်ကတည်းက ဤကဲ့သို့ မြန်မြန်ဆန်ဆန်နှင့် တိုးတက်လာသည့် ဂိုဏ်းဆိုသည်ကို သူတို့ မမြင်ခဲ့ဘူးချေ။
“ဆရာရီ”
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ “မြှောက်ပေးမနေပါနဲ့တော့”
ဆရာရီ ဟုတ်လား။
ရီထျန်းချန်သည် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားမိ၏။ သို့ပေမဲ့သူသည် ပြုံးလျက်ပင် ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်းကို ကြည့်ရတာ အခုတလော ပြဿနာနည်းနည်း ရှိပုံပဲ”
“ဒါပြောနေစရာတောင် မလိုပါဘူး”
ကျွင်းချောင်ရှောင်းသည် မှုန်ကုတ်ကုတ်နှင့် ပြောလိုက်၏။ “အဆင့်သုံး မိစ္ဆာဂိုဏ်းတွေ လက်ချက်ပေါ့”
ရီထျန်းချန်က ပြောလိုက်သည်။
“ကျုပ်တို့ ဂိုဏ်းအသိအမှတ်ပြုဗဟိုက ဂိုဏ်းတစ်ခုမဟုတ်ဘူးဆိုပေမယ့် ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာ ကြီးမားတဲ့ ဂုဏ်သိက္ခာကို ပိုင်ဆိုင်တယ်၊ ဂိုဏ်းချုပ်ကျွင်းမှာ ပြဿနာတစ်ခုခုရှိတယ်ဆိုရင် ကျုပ်တို့ကို ပြောပါ၊ ကျုပ်တို့ ကျိန်းသေပေါက် ကူညီမယ်”
ဤမျှလောက် ကောင်းမွန်သည့်ကိစ္စရှိသေးလား၊ ထိုသို့ဆိုလျှင် စောစော ပြောခဲ့သင့်သည် မဟုတ်ဘူးလား။
တကယ်တမ်းမှာတော့ ဂိုဏ်းအသိအမှတ်ပြုဗဟိုသည် မသိချင်ယောင် ဆောင်ခဲ့ခြင်း မဟုတ်ပေ။ သူ့အနေနှင့် သိုသို သိပ်သိပ်နေချင်သည် ဆိုသောကြောင့် ဂိုဏ်းအသိအမှတ်ပြုဗဟိုသည် ဝင်ရောက်မစွက်ဖက်ဘဲ ဘာသိဘာသာ နေထိုင်ခဲ့ခြင်းသာ ဖြစ်တော့သည်။
တကယ်တော့ အလားအလာတွင် ထိပ်ဆုံးသုံးခုထဲကို ဝင်သည်ဆိုသည်မှာ အလွန်တရာကြီးမားလှသော ဂိုဏ်းတစ်ခုဖြစ်လာမည်ဆိုသော အဓိပ္ပာယ်ပင်ဖြစ်တော့၏။ ထိုသို့သောဂိုဏ်းမျိုးကို ဂိုဏ်းအသိအမှတ်ပြုဗဟို သည် ကျိန်းသေပေါက် ဂရုစိုက်ရပေမည်။
ဂိုဏ်းအသိအမှတ်ပြုဗဟိုသည်သာ တကယ်တမ်း ၎င်းတို့၏ သုံးသပ်ချက်ကို ထုတ်ဖော်ပြောဆိုမည်ဆိုပါက အဆင့်သုံး မိစ္ဆာဂိုဏ်းနှစ်ခုသည် သံမဏိအရိုးဂိုဏ်းအား လာ၍ အနိုင်ကျင့် ဗိုလ်ကျရဲတော့မည် မဟုတ်ချေ။ ထိုအရာမှာ သေချာလှသည်။
“ဆရာရီ”
ကျွင်းချောင်ရှောင်းသည် လက်သီးဆုပ်ကာဖြင့် ပြောလိုက်၏။ “ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်”
ရီထျန်းချန်က ပြောလိုက်၏။ ဂိုဏ်းချုပ်ကျွင်းက တစ်ယောက်ထဲတည်း တိုက်ခိုက်နေခဲ့ရတာ၊ ဒါပေမဲ့ အဲတာကြောင့်လည်း ပိုပြီးတော့ အားကောင်း လာခဲ့တာပဲ”
ဤစကားမှာ အစစ်အမှန်ပင်ဖြစ်သည်။ ကျွင်းချောင်ရှောင်းသည် သဘောတူညီစွာဖြင့် ပြောလိုက်၏။
“ဒါအမှန်ပါပဲ”
ဤရက်စက်လှသော လောကကြီးသည် အခြားသူများ၏ လေးစားမှုကို ရရှိဖို့ဆိုလျှင် မိမိအားအင်အဆင့်ဖြင့် တိုက်ခိုက်ဖို့လိုအပ်သည်။ တခြားသူအား အားကိုးနေ၍ မဖြစ်ချေ။
ဂိုဏ်းချုပ်ကျွင်းနှင့် ဂိုဏ်းအသိအမှတ်ပြုဗဟို၏ ခေါင်းဆောင် ရီထျန်းချန်တို့သည် အားရပါးရ စကားပြောဆိုနေကြတော့သည်။ ပြီးနောက် နေဝင်သည်အထိ ပြန်လည် မထွက်ခွာသေးချေ။
“ဂိုဏ်းချုပ်”
လျှိုဝမ်ရှစ်သည် ပြုံးကာပြောလိုက်၏။ “ဂိုဏ်းချုပ်က အခု တကယ့်ဆရာကြီးဖြစ်နေပြီ၊ ကောင်းကင်ဘုံကျောင်းက ကျောင်းအုပ်ကြီးနဲ့ ဂိုဏ်းအသိအမှတ်ပြု ဗဟိုက ခေါင်းဆောင်တို့တောင်မှ ဂိုဏ်းချုပ်ကို ယဉ်ယဉ်ကျေးကျေးနဲ့ ဆက်ဆံနေရတယ်”
“ကောင်မလေး”
ကျွင်းချောင်ရှောင်းသည် အသံပို့လွှတ်လိုက်၏။
အသွင်အပြင်ကို ကြည့်ပြီးတော့ သုံးသပ်နေလို့ မဖြစ်ဘူး၊ တကယ်တော့ ဒီအဘိုးကြီးတွေက အကြံဆိုးနဲ့လူတွေ၊ သူတို့က ငါ့ကို ဒီလိုဆက်ဆံနေတယ်ဆိုတာ ရည်ရွယ်ချက်တစ်ခုခုတော့ ရှိရမယ်။
“ဘာရည်ရွယ်ချက်လဲ” လျှိုဝမ်ရှစ် မေးလိုက်၏။
ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “ဘယ်သူသိမှာလဲ”
လက်ရှိအခြေအနေတွင် စစ်တုဟောင်ယွင်သည် သူ့အား ရင်းရင်းနှီးနှီးဖြင့် ဖိတ်ခေါ်ခဲ့သည်ဆိုခြင်းမှာ ဆရာ တစ်ယောက်အဖြစ် ခန့်အပ်ချင်၍ ဖြစ်ကြောင်း သူသိရှိခဲ့ပြီးဖြစ်သည်။
ရီထျန်းချန်နှင့်ပတ်သက်လျှင်တော့ ခန့်မှန်းရန် ခက်ခဲလှ၏။ သို့ပေမဲ့ သူ့အား ထိခိုက်နာကျင်အောင် ပြုလုပ်မည့် ရည်ရွယ်ချက်မရှိလျှင် သူသည် သက်တောင့်သက်သာဖြင့် နေထိုင်နိုင်သည်။ သို့ပေမဲ့ သတိတော့ ထားရပေလိမ့်မည်။ လောကကြီးတွင် နေထိုင်ရသည်ဆိုခြင်းမှာ သတိအမြဲမပြတ်ဖို့ လိုအပ်နေသည်မဟုတ်လား။
“ခေါင်းဆောင်”
အကြီးအကဲကျိုးက ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်းနဲ့ သူ့ဂိုဏ်းက တကယ့်ကို တည်တည်ငြိမ်ငြိမ်နဲ့ ဖွံ့ဖြိုးလာတယ်ဆိုရင် ကျိန်းသေပေါက် အရှေ့တောင်ရန်ကျူးမှာ နေရာတစ်ခုရလာမှာပဲ”
ရီထျန်းချန်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ပြောလိုက်၏။ “အရှေ့တောင်ရန်ကျူးရဲ့ ဂိုဏ်းအသိအမှတ်ပြုဗဟိုက တခြားကုန်းမြေတိုက်ကြီးတွေရဲ့ ဖိနှိပ်မှုကို ခံခဲ့ရတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ၊ နောက်ဆုံးမှာတော့ အရမ်းကို တောက်ပတဲ့အနာဂတ်ကို ပိုင်ဆိုင်တဲ့ ဂိုဏ်းတစ်ခု ပေါ်လာခဲ့ပြီ၊ ငါတို့ သူတို့နဲ့ ထိပ်တိုက်တွေ့လို့ရပြီကွ”
အကြီးအကဲကျိုးသည် ကြောင်အသွား၏။ ပြီးနောက် အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ “ခေါင်းဆောင်... သံမဏိအရိုးဂိုဏ်းကို နဂါးကျားတိုက်ပွဲကို သွားပြီး ယှဉ်ပြိုင်စေချင်တာလား”