← Chapters

အခန်း (၅၁၅)

Vol. 35 Ch. 515

အခန်း (၅၁၅)

Vol. 35 Ch. 515

ဂိုဏ်းအသိအမှတ်ပြုဗဟိုကို သွားရောက်လည်ပတ်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် လျှိုဝမ်ရှစ်ကို ခေါ်ဆောင်၍ စားသောက်ခန်းဆီသို့ ပြန်လာခဲ့တော့သည်။

နောက်တစ်ရက်ကို ရောက်ရှိခဲ့၏။

စားဖိုမှူးပြိုင်ပွဲ ကျင်းပရန် သုံးရက် လိုအပ်နေသေး၏။ ပထမတုန်းက လျှိုဝမ်ရှစ်သည် လာမည့်ပြိုင်ပွဲအတွက် သူ့တည်းခိုခန်း စားသောက်ဆိုင်ထဲတွင် တရုတ်ဟင်းလျာများနှင့်ပတ်သက်၍ လေ့လာရန် စီစဉ်ထားခဲ့သည်။ သို့ပေမဲ့ သူမသည် ကျွင်းချောင်းရှောင်းနှင့် အပြင်ဘက်ဆီသို့ ခေါ်ဆောင်ခြင်း ခံခဲ့ရသည်။

“ဂိုဏ်းချုပ်”

လမ်းမပေါ်ကို လျှောက်ပြီးသည့်နောက်မှာတော့ သူမသည် ဂိုဏ်းချုပ်အနေဖြင့် ကျောင်းသို့ သွားသည်မဟုတ်သလို ဂိုဏ်းအသိအမှတ်ပြုဗဟိုဆီသို့ သွားရောက်ခြင်း မဟုတ်မှန်းလည်း နားလည်လိုက်မိ၏။ ထို့ကြောင့် ဇဝေဇဝါဖြင့် မေးလိုက်သည်။ “ဘယ်ကို သွားနေတာလဲ”

“အိုးရန်မိသားစုဆီလေ” ကျွင်းချောင်ရှောင်း ပြောလိုက်၏။

လျှိုဝမ်ရှစ်သည် အလောတကြီးဖြင့် ပြောလိုက်သည်။ “ဂိုဏ်းချုပ် …. ထားလိုက်ပါတော့”

သူမသည် အိုးရန်မိသားစုတွင် ကြီးမားသည့် ခံစားချက်များကို ခံစားခဲ့ရသည်ဆိုသော်လည်း တစ်ဖက်လူများနှင့် သွား၍ ရှုပ်ရှုပ်ယှက်ယှက် မလုပ်ချင်ပေ။ ဤမိသားစုနှင့်ပတ်သက်၍ ဘာတစ်ခုမှ မသက်ဆိုင်တော့သည့် အခြေအနေမျိုးအထိ ရောက်ရှိရန်သာ သူမ မျှော်လင့်မိတော့၏။

ဤမိန်းကလေးသည် သည်းခံနိုင်ခဲ့သည်။ ကျွင်းချောင်ရှောင်းမှာတော့ သည်းခံနိုင်လိမ့်မည် မဟုတ်ချေ။

အိုးရန်မိသားစု၏ တိုက်ရိုက်မျိုးဆက်များသည် လျှိုဝမ်ရှစ်အား သောက်ရူးဟု ခေါ်ဆိုခဲ့၏။ ဤအရာမှာ အလွန်တရာ များလွန်းလှသည်။

“ဂိုဏ်းချုပ်ကျွင်းက အိုးရန်မိသားစုကို သွားမှာလား၊ ဒါဆိုရင် စိတ်ဝင်စားစရာကောင်းတဲ့ဟာတွေ ဖြစ်ကုန်ပြီ၊ သွားကြစို့၊ သူ့နောက်ကို လိုက်ကြည့်မယ်”

လမ်းပေါ်တွင်ရှိနေကြသော လူများအားလုံးသည် ကျွင်းချောင်ရှောင်းတို့ ပြောဆိုနေကြသော စကားလုံးများကို ကြားချိန်မှာတော့ အလျင်အမြန်ဖြင့် နောက်မှ လိုက်ပါလာကြသည်။ ခဏလောက်ကြာပြီးသည့်နောက်မှာတော့ ဂိုဏ်းချုပ်ကျွင်းအနောက်တွင် လိုက်ပါလာသော သိုင်းပညာရှင်များမှာ တစ်ထောင်နီးပါးခန့် ရှိနေသည်။ အနောက်မှာ စီတန်းနေသည့်လူများသည် အလွန်ပင် များပြားနေ၏။

“ကျောင်းအုပ်ကြီး”

ကောင်းကင်ဘုံကျောင်း၏ ဒုတိယကျောင်းအုပ်က သူ၏ စိတ်ဝိညာဉ်များကို ဖြန့်ကျက်ပြီးသည့်နောက်မှာတော့ ၎င်း၏ နှုတ်ခမ်းထောင့်များသည် တုန်ရင်သွားမိ၏။ “ဒီကောင်လေးက အိုးရန်မိသားစုဆီသွားပြီး ပြဿနာရှာမှာနဲ့တူတယ်”

“လူငယ်လေ”

စစ်တုဟောင်ယွင်သည် တည်ငြိမ်စွာဖြင့်‌ ပြောလိုက်သည်။ “ငယ်ရွယ်တုန်းဆိုတော့ သွေးပူတယ်ဆိုတာ မဆန်းဘူးလေ”

ဒုကျောင်းအုပ်သည် ဆွံ့အသွားမိ၏။

ကျွင်းချောင်ရှောင်းသည် တစ်ဖက်မှ တိုက်ရိုက်မျိုးဆက်များနှင့် အကြီးအကဲ များကို မနေ့ကလေးတင် ရိုက်နှက်ခဲ့သေး၏။ ယနေ့မှာတော့ အိုးရန်မိသားစုဆီသွား၍ ပြဿနာသွားရှာနေသေး သည်။ ဤအရာသည် သွေးပူသည်ဆိုသည်ထက် ပို၍ သာလွန်နေသေးသည် မဟုတ်လား။

ဂိုဏ်းအသိအမှတ်ပြုဗဟိုတွင်ရှိနေသော ရီထျန်းချန်သည်လည်း ဂိုဏ်းချုပ်ကျွင်း၏ လှုပ်ရှားမှုများကို သတိပြုမိ၏။ ထို့ကြောင့် အကူအညီမဲ့စွာဖြင့် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “ဒီကောင်လေးက တကယ့်ကို အဆင်ခြင်မဲ့ ကြမ်းတမ်းတဲ့လူတစ်ယောက်ပဲ”

………..

ကျွင်းချောင်ရှောင်း၏ လှုပ်ရှားမှုသည် အဓိက အဖွဲ့အစည်းကြီးနှစ်ခု၏ မျက်စိအောက်မှ မလွတ်မြောက်သွားသလို မြို့ထဲတွင်ရှိသော တခြားမိသားစုကြီးများသည်လည်း သတိပြုမိလိုက်ကြသည်။ သူအိုးရန်မိသားစုဆီသို့ သွားချိန်မှာတော့ တစ်မြို့လုံးသည် ဝရုန်းသုံးကားနှင့် ဖြစ်လို့နေ၏။

မိသားစုခေါင်းဆောင်တစ်ယောက်က ပြောလိုက်သည်။ “အိုးရန်မိသားစုက ဓားနဲ့သိုင်းဘုရင်တစ်ယောက်ကို သွားပြီးတော့ ရန်ရှာခဲ့တာ၊ အခုတော့ ပြဿနာတက်နေပြီ”

“ခေါင်းဆောင်… ကျုပ်တို့အနေနဲ့လည်း သတိထားရမယ်၊ တိုက်ရိုက်တပည့်တွေ အပြင်ဘက်သို့ ထွက်ချင်တဲ့အချိန်မှာ သိုသိုသိပ်သိပ်နေပြီးတော့ ဘာပြဿနာမှ မရှာဖို့ အားလုံးကို မှာထားရမယ်” အကြီးအကဲတစ်ယောက်သည် တည်ငြိမ်စွာဖြင့် ပြောလိုက်၏။

“ဒါအမှန်ပဲ” မိသားစုခေါင်းဆောင်တစ်ယောက်က သဘောတူလိုက်သည်။

လူများအားလုံး၏ စောင့်ကြည့်နေကြသော မျက်လုံးများအောက်မှာတော့ ကျွင်းချောင်ရှောင်းသည် လျှိုဝမ်ရှစ်ကို ခေါ်ဆောင်လာပြီး အိုးရန်မိသားစု၏ အိမ်ရှေ့တည့်တည့်တွင် ရပ်တန့်လိုက်သည်။

ကြီးမားလှသောမြို့ကြီး၏ မိသားစုတစ်ခုဖြစ်သည့်အတိုင်းပင် ၎င်းတို့၏ အိမ်သည် အလွန်တရာ ခမ်းနားပြီး ကြီးကျယ်ထည်ဝါလွန်းလှ၏။

ကျွီ

အိမ်တော်၏ ဂိတ်တံခါး ပွင့်သွားပြီးသည့်နောက်မှာတော့ အလွန်တရာအားကောင်းလှသော အော်ရာများနှင့် အဘိုးအိုနှစ်ယောက်သည် ထွက်လျှောက်လာကြသည်။ အဘိုးအိုများထဲမှ အနည်းငယ်အသက်ကြီးပုံရသော တစ်ယောက်က မှုန်ကုတ်ကုတ် အမူအရာဖြင့် ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်း… ဘာလို့ အိုးရန်မိသားစုဆီ လာရတာလဲ”

ဤလူများသည် အိုးရန်မိသားစု၏ တကယ့်အစစ်အမှန်အားကောင်းလှသော အကြီးအကဲများဖြစ်ကြသည်။

လျှိုဝမ်ရှစ်သည် ကြောက်လန့်လွန်းသောကြောင့် ဂိုဏ်းချုပ်ကျွင်း၏ အနောက်တွင် ပုန်းအောင်းလိုက်တော့၏။

“ကောင်မလေး”

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ “ငါဒီမှာရောက်နေပြီလေ၊ ကြောက်စရာမလိုဘူး”

“အင်း”

လျှိုဝမ်ရှစ်သည် ပြန်လည်တုန့်ပြန်လိုက်၏။ သူမ၏ စိတ်အခြေအနေသည် တည်ငြိမ်သွားခဲ့သည်။ သတ္တိများလည်း ပြန်လည်တိုးတက်လာခဲ့သည်။

ကျွင်းချောင်ရှောင်းသည် ခပ်တည်တည်ဖြင့် ပြောလိုက်သည်။ “ခင်ဗျားတို့ အိုးရန်မိသားစုရဲ့ တိုက်ရိုက်မျိုးဆက်တွေက ကျုပ်ဂိုဏ်းရဲ့ တပည့်ကို မနေ့က ကုန်ခြောက်ဆိုင်ထဲမှာ အနိုင်ကျင့်ခဲ့ကြတယ်၊ ဒီအတွက် ဒီနေ့လာပြီးတော့ တရားမျှတမှုကို တောင်းဆိုတာပဲ”

“…”

အိုးရန်မိသားစု အကြီးအကဲများ၏ မျက်နှာသည် ပျက်ယွင်းသွားကြ၏။

“ဂိုဏ်းချုပ်ကျွင်း”

အလွန်တရာ အဆင့်အတန်းမြင့်မားလှသော ဟိတ်ဟန်ရှိသည့် အကြီးအကဲတစ်ယောက်သည် လေးလေးနက်နက် ပြောလိုက်၏။ “မနေ့က ကိစ္စကို ကျုပ်ကြားခဲ့ပြီးပြီ၊ တိုက်ရိုက်မျိုးဆက်တွေက မှားယွင်းတယ်ဆိုပေမဲ့ ကလေးမကလည်း သူတို့ကို ပြန်ပြီးတော့ ရိုက်နှက်ခဲ့တာပဲ၊ ဒါကိုတောင်မှ တရားမျှတမှုအတွက်ဆိုပြီး လာတောင်းဆိုတာ မများလွန်းဘူးလား၊ ပြီးတော့ …”

သူသည် အနောက်ဘက်တွင်ရှိနေသော လျှိုဝမ်ရှစ်ကို ကြည့်ကာ ထူးမခြားနားသလို ပြောလိုက်၏။ “ဒီကောင်မလေးက ကျုပ်တို့ရဲ့ အိုးရန်ကလန်က လူတစ်ယောက်လေ၊ ဂိုဏ်းချုပ်ကျွင်းက ဒီကိုခေါ်လာပြီး တရား မျှတမှု လာရှာတယ်ဆိုတာက အဓိပ္ပာယ်မရှိဘူး၊ ဟုတ်တယ်မဟုတ်လား”

ဤစကားမှာ အဓိပ္ပာယ် ရှိလွန်းလှ၏။ သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်းက ပြောလိုက်သည်။ “ကျုပ်တပည့်က ခင်ဗျားတို့ အိုးရန်မိသားစုကပဲ၊ ဒါကြောင့်ပဲ တရားမျှတမှုကို ရှာဖွေဖို့ ခေါ်လာရတာပေါ့”

ပတ်ဝန်းကျင်တွင် ရှိနေကြသော သိုင်းကျင့်ကြံသူများ၏ နှုတ်ခမ်းများသည် တုန်ရင်သွားကြသည်။

ဤမိန်းကလေး သည် အိုးရန်မိသားစုမှပင်ဖြစ်၏။ ထို့ကြောင့် ကလန်အတွင်းတွင်ရှိသော လူများအချင်းချင်း အနည်းငယ်သော ပဋိပက္ခဖြစ်ပွားသည်ဆိုသည်မှာ မိသားစုကိစ္စပင် ဖြစ်တော့သည်။ အဘယ်ကြောင့် မိသားစုအပြင်ဘက်မှလူသည် ဝင်ရောက်၍ ရှုပ်ထွေးအောင် ပြုလုပ်နေသနည်း။

အိုးရန်မိသားစု အကြီးအကဲများ၏ မျက်လုံးများသည် ဒေါသ များဖြင့် ပြည့်နှက်သွား၏။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ခင်ဗျားတို့ ကလန်ရဲ့ တိုက်ရိုက်မျိုးဆက်တွေက ကျုပ်ရဲ့ တန်ဖိုးကြီးမားလှတဲ့ တပည့်ကို အကြိမ်ပေါင်းများစွာ ဗိုလ်ကျအနိုင်ကျင့်ခဲ့တယ်၊ သူတို့ကို ထွက်လာပြီးတော့ တစ်ယောက်ချင်းစီ တရားဝင်ဦးညွတ်တောင်းပန်ဖို့ ပြောလိုက်”

“ဦးညွတ်ပြီးတောင်းပန်ရမယ် ဟုတ်လား”

ဤတောင်းဆိုချက်သည် အလွန်တရာ များပြားလွန်း၏။

“ကျွင်းချောင်ရှောင်း”

စိတ်ဆတ်တတ်သော အကြီးအကဲတစ်ယောက်သည် ဒေါသတကြီးဖြင့် ပြောလိုက်၏။ “ကျုပ်တို့ အိုးရန်ကလန်က မင်းစိတ်တိုင်းကျ ပြောချင်တိုင်းပြော၊ လုပ်ချင်တိုင်းလုပ်လို့ရတဲ့ နေရာတစ်ခုလို့ ထင်နေ တာလား”

“ခင်ဗျားကြိုက်သလို စဉ်းစားနိုင်တယ်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

“မင်း… မင်း” အိုးရန်မိသားစု၏ အကြီးအကဲသည် ဒေါသထွက်သွား၏။

“မကျေနပ်ဘူးလား”

ကျွင်းချောင်ရှောင်းသည် မျက်လုံးကိုမှေးကာဖြင့် ပြုံးကာပြောလိုက်သည်။ “ကျုပ်ကိုစိန်ခေါ်လိုက်လေ”

အိုးရန်မိသားစု အကြီးအကဲ၏ မျက်နှာသည် အလွန်တရာ ပျက်ယွင်းသွားတော့သည်။ ဤမောက်မာလှသော သံမဏိအရိုးဂိုဏ်းချုပ်သည် ဓားနှင့်သိုင်းဘုရင်တစ်ယောက်သာ မဖြစ်ပါက သူသည် ကလန်၏ ဂုဏ်သိက္ခာကို ကာကွယ်ရန်အတွက် ကျိန်းသေပေါက် စိန်ခေါ်မိလိမ့်မည်။

“မောက်မာလိုက်တာ”

အဝေးတွင် ရှိနေသော သိုင်းကျင့်ကြံသူများ အားလုံးသည် တီးတိုးပြောဆိုလိုက်ကြသည်။ အိုးရန်မိသားစုသည် ကောင်းကင်ဘုံမြို့တွင် ထိပ်တန်းကလန်တစ်ခု မဟုတ်သော်လည်း ကြီးမားလှသော ဂုဏ်ကျက်သရေကို ပိုင်ဆိုင် သည်။

ဂိုဏ်းချုပ်ကျွင်း၏ မောက်မာစွာဖြင့် ရန်ပြုစကားသည် တစ်ဖက်လူအား အရှိုက်သို့ ထိစေခဲ့၏။

သို့ပေမဲ့ ဤဝေဖန်နေကြသော သိုင်းကျင့်ကြံသူများသည် လျှိုဝမ်ရှစ်တစ်ယောက် အိုးရန်ကလန်ထဲတွင် ခံစားခဲ့ရသော နစ်နာမှုများနှင့် အတိတ်မှဖြစ်ရပ်များကို သိရှိမည်ဆိုပါက ကျွင်းချောင်ရှောင်း မလွန်ကြောင်းကို နားလည်ပေးနိုင်ပေလိမ့်မည်။ ရိုက်နှက်ခံရခြင်းသည် ခန္ဓာကိုယ်ကို နာကျင်စေ၏။ သို့ပေမဲ့ သွေးမျိုးဆက်ချင်း တူညီသည့်လူများဆီမှ နေ့စဉ်နေ့တိုင်း သောက်ရူးဟု ခေါ်ဆိုခံနေရသည့် ခံစားချက်မှာတော့ နှလုံးသားအား နာကျင်စေ၏။

ဂိုဏ်းချုပ်ကျွင်းသည် အိုးရန်မိသားစုထဲတွင် လျှိုဝမ်ရှစ်တစ်ယောက် နေထိုင်ဖြတ်သန်းခဲ့ရသည့်အချိန်များကို ကောင်းကောင်းပြန်လည်စဉ်းစားနိုင်၏။ သူမသည် အကူအညီမဲ့စွာဖြင့် ချောင်တစ်ချောင်တွင် ထိုင်၍ အားရပါးရ ငိုနေသည့်မြင်ကွင်းကို သူမြင်ယောင်လာမိသည်။

သံမဏိအရိုးဂိုဏ်း၏ တပည့်များသည် သူ သေချာ အမြတ်တနိုးဖြင့် ပျိုးထောင်ခဲ့ရသော လူများပင်ဖြစ်ကြသည်။ ထိုသို့သော သူများကို အနိုင်ကျင့်ရန် စဉ်းစားသည်လား။ ငရဲပြည်သို့ပါ အရောက်ပို့ပေးမည်။

ဒီနေ့မှာ ငါက ကျိန်းသေပေါက် အိုးရန်မိသားစုကို ဖျက်ဆီးပစ်မယ်၊ ကောင်းကင်ဘုံက နတ်ဘုရားတွေ ဆင်းလာရင်တောင် မကယ်တင်နိုင်ဘူး။

ဝှစ် … ဝှစ်

ထိုအခိုက်မှာပဲ ဓားနှင့်သိုင်းဘုရင်အော်ရာများသည် အပြင်ဘက်ဆီသို့ ထွက်ပေါ်လာပြီးသည့်နောက် အလွန်တရာ ကြမ်းတမ်းလှသော လှိုင်းလေများနှင့်အတူ တည်နေရာပတ်ဝန်းကျင် တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။

ဝမ် …. ဝမ်

တည်နေရာတစ်ခုလုံးထဲမှာတော့ ဓားဆန္ဒများသည် ပြည့်နှက်သွားခဲ့ပြီး သိုင်းကျင့်ကြံသူများ၏ ခါးတွင် ရှိနေကြ သော ဓားများအားလုံးသည် ကြမ်းကြမ်းတမ်းတမ်း တုန်ခါလာ၏။ ၎င်းဓားများသည် အချိန်မရွေး ဓားအိမ်ထဲမှ ထွက်ကာ ပျံသန်းသွားမည့်ပုံပေါ်နေ၏။

“အိုးရန်ကလန်၊ သေချာနားထောင်”

ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် အေးစက်သွား၏။ သူအော်လိုက်၏။ “လျှိုဝမ်ရှစ်ကို အနိုင်ကျင့်ခဲ့တဲ့ လူတွေအားလုံး အခုချက်ချင်း ထွက်ခဲ့ကြ”

ဓားနှင့်သိုင်းဘုရင်တစ်ယောက်၏ အော်ရာများသည် အလွန်တရာ စူးရှပြီး ကြောက်မက်ဖွယ်ရာ ကောင်းလွန်း၏။ အိုးရန်မိသားစုထဲတွင် ရှိနေကြသော များပြားလှသည့် သိုင်းဘုရင်အဆင့် အကြီးအကဲများအားလုံးသည် ဓားနှင့် သိုင်းဘုရင်တစ်ယောက်၏ အရှိန်အဝါများ သက်ရောက်ခြင်းကို ခံခဲ့ရ၏။ သူတို့သည် အလွန်တရာ ထိတ်လန့် တုန်လှုပ်သွားပြီး မျက်နှာအမူအရာများသည်လည်း ပြောင်းလဲသွားကြ၏။

အိုးရန်ကလန်ရှိ လျှိုဝမ်ရှစ်အား အနိုင်ကျင့်ခဲ့သည့် တိုက်ရိုက်မျိုးဆက်များအားလုံးသည် ထိတ်လန့် တုန်လှုပ်သွား မိ၏။ သူတို့သည် အေးစက်လွန်းသည့်အော်ရာများကို ခံစားလိုက်ရချိန်မှာတော့ မြေပေါ်သို့ လဲကျလုမတတ် ထိတ်လန့်တုန်လှုပ်သွားကြသည်။ ဓားနှင့်သိုင်းဘုရင်တစ်ယောက်ဆီမှ ဖြစ်တည်လာသော ဒေါသအရှိန်အဝါများ အားလုံးသည် သိုင်းတပည့်၊ သိုင်းဆရာများအနေဖြင့် ခုခံထားနိုင်လောက်သည့် အရာမျိုး မဟုတ်ချေ။

“ဒီအော်ရာတွေက ကြောက်ဖို့ကောင်းလိုက်တာ”

များပြားလှသော သိုင်းကျင့်ကြံသူများသည် အဝေးဆီမှ လှမ်း၍ ကြည့်ရှုနေကြသည်ဆိုသော်လည်း ဓားနှင့်သိုင်းဘုရင် တစ်ယောက်၏ အရှိန်အဝါများကို ခံစားနေရ၏။ ထို့ကြောင့် သူတို့သည်တောင် ထိတ်လန့် တုန်လှုပ်နေသည်။

လက်ရှိအခြေအနေမှာတော့ ဂိုဏ်းချုပ်ကျွင်းသည် မနေ့က ဈေးထဲတွင် လုပ်ချင်ရာကို ပြုလုပ် နိုင်ခဲ့သည်ဆိုသည်မှာ သံသယ မရှိတော့ပေ။

“ဓားနှင့်သိုင်းဘုရင်ဆိုတာ တကယ့်ကို သာမန်ထက်ပိုတဲ့ ပါရမီရှင်ပဲ”

ကောင်းကင်ဘုံကျောင်း၏ အဆောက်အဦအပေါ်ထပ်တွင် မတ်တပ်ရပ်လျက်ရှိသော စစ်တုဟောင်ယွင်သည် ရုတ်တရက်ပြောလိုက်သည်။

ဒုကျောင်းအုပ်သည် စိတ်ဓာတ်တကျဖြင့် ပြောလိုက်၏။ “သူအခု လုပ်ချင်တာတွေ လျှောက်လုပ်ပြန်ပြီ။ ပြည်သူ့လုံခြုံရေးဌာနက လူတွေကတော့ အလုပ်များတော့မှာပဲ”

All Chapters