← Chapters

အခန်း (၅၁၆)

Vol. 35 Ch. 516

အခန်း (၅၁၆)

Vol. 35 Ch. 516

ကျွင်းချောင်ရှောင်း၏ အော်ရာများ ထွက်ပေါ်လာချိန်မှာတော့ ပြည်သူ့လုံခြုံရေး ဟောခန်းတွင် ရှိနေသော ရွှေနှင့် ငွေ အစောင့်အရှောက်တို့သည် အာရုံခံမိ၏။ ၎င်းတို့၏ စိတ်ဝိညာဉ်စွမ်းအင်များကို အာရုံဖြန့်ကျက်ပြီးသည့် နောက်မှာတော့ အော်ရာများကို ထုတ်လွှင့်နေသည့်သူအား မြင်လိုက်ရမိ၏။ စိတ်ဓာတ်တကျဖြင့် ပြိုင်တူ ပြောလိုက်မိသည်။

“ဒီကောင် လုပ်ပြန်ပြီလား”

ထိုသူပင်ဖြစ်သည်။ မနေ့ကတုန်းက ထိုသူသည် တစ်စုံတစ်ယောက်ကို ရိုက်နှက်ခဲ့ပြီး ယနေ့မှာတော့ ၎င်း၏ အော်ရာများကို ထပ်မံထုတ်လွှင့်နေခဲ့သည်။

အင်အားကြီးမားလှသော အဖွဲ့အစည်းနှစ်ခု၏ ထောက်ပံ့ခြင်းကို ရရှိ ခဲ့ပြီး ထို့ကြောင့်ပင် မည်သူ့ကိုမှ မစိုးရွံ့ဘဲ လုပ်ချင်တာကို လုပ်နေသည်။ မြို့၏ လုံခြုံရေးစီမံခန့်ခွဲသူများ အနေဖြင့် ရွှေနှင့်ငွေ အစောင့်အရှောက်တို့သည် ကျိန်းသေပေါက် ကျွင်းချောင်ရှောင်းတစ်ယောက် စိတ်တိုင်းကျ ပြုလုပ်နေ သည်ကို ခွင့်ပြုလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သူတို့သည် အလျင်အမြန်ပဲ မတ်တပ်ထရပ်လိုက်ကြသည်။

“ကျွန်မရဲ့ အစောင့်အရှောက်နှစ်ယောက်”

ထိုအချိန်မှာပဲ မင်းသမီးလေး ကြာပန်းနီသည် ပြည်သူ့လုံခြုံရေး ဟောခန်းဆီသို့ ရောက်ရှိလာပြီး ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်းက ဘာတစ်ခုမှ မလှုပ်ရှားသေးဘူး၊ ဒီတော့ မြို့ရဲ့ ဥပဒေတွေကို ဖောက်ဖျက်တယ်လို့ မဆိုနိုင်ဘူး၊ ရှင်တို့ ဂရုစိုက်စရာ မလိုပါဘူး”

“ဒါက”

ရွှေနှင့်ငွေ အစောင့်အရှောက်တို့သည် တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ၎င်းတို့၏ နှုတ်ခမ်းများသည် တုန်ရင်လျက်ရှိနေသည်။ ဓားနှင့်သိုင်းဘုရင်အဆင့် အော်ရာများကို ထုတ်လွှင့်နေသော လူတစ်ယောက်သည် မလှုပ်ရှားသေးဘူးဆိုသော်လည်း တကယ်တမ်း မလှုပ်ရှားသေးဘူးဆိုပါက သူတို့အနေနှင့် တားဆီးရန် နောက်ကျ သွားပေလိမ့်မည်။

သို့ပေမဲ့ မင်းသမီးလေးက ထိုသို့ ပြောနေသည်ဆိုမှတော့ သူတို့အနေနှင့် ထိုင်ကြည့်ရုံသာ တက်နိုင်တော့သည်။ တစ်ခုခုဖြစ်သွားလျှင် သူတို့အား မည်သူမျှ အပြစ်တင်မည်မဟုတ်ချေ။ ထို့ကြောင့် ညီနောင် နှစ်ယောက်လုံးသည် ပြည်သူ့လုံခြုံရေးဟောခန်းတွင် အသာထိုင်လိုက်ပြီး ဇိမ်ကျကျနှင့် လက်ဖက်ရည်ကိုသာ အသာသောက်လျက် ရှိတော့သည်။

အစောင့်အရှောက်နှစ်ယောက်တို့၏ ပုံပန်းသွင်ပြင်ကို ကြည့်ရှုပြီးသည့်နောက် မင်းသမီးလေး ကြာပန်းနီသည် အိုးရန်မိသားစုရှိရာ နေရာသို့လှမ်းကြည့်ကာ တွေးလိုက်မိ၏။ ဂိုဏ်းချုပ်ကျွင်း... မြို့ထဲမှာ ထပ်ပြီးတော့ ရှုပ်ရှုပ်ထွေးထွေးတွေ မလုပ်တော့ဖို့ မျှော်လင့်မိတယ်။

ဟူး …. ဟူး

အိုးရန်မိသားစုထဲမှာတော့ ဂိုဏ်းချုပ်ကျွင်းသည် အော်ရာများကို နောက်ဆုံးမှာတော့ အင်ပြည့်အားပြည့်ဖြင့် ထုတ်ဖော်လာတော့သည်။ ၎င်းသည် အိုးရန်မိသားစု တစ်ခုလုံးကို ဖိနှိပ်ထားပြီး ဖော်ပြ၍ မရနိုင်အောင် ပြင်းထန်သော ဖိအားများကို ဖြစ်ပေါ်စေ၏။ ကောင်းကင်ဘုံမြို့ထဲတွင် ၎င်း၏ အော်ရာများကို ထုတ်လွှင့်ရဲနေ၏။ ထိုအရာမှာ အလွန်တရာ ကြမ်းတမ်းလွန်းလှသည်။

တံခါးထိပ်တွင် ရပ်လျက်ရှိသော အိုးရန်မိသားစုမှ ကျွမ်းကျင်သူများသည် ဖိအား၏ဒဏ်ကြောင့် အသက်ကိုပင် မနည်း ရှူနေရ၏။ ၎င်းတို့၏ အမူအရာများအားလုံးသည် ပျက်ယွင်းလျက်ရှိနေသည်။ ထိုအချိန်မှာတော့ သူတို့သည် ပြည်သူ့လုံခြုံရေးဟောခန်းမှ လူများ ရောက်ရှိလာစေဖို့ တိတ်တဆိတ်ကြိတ်ကာ ဆုတောင်းနေမိ၏။ မဟုတ်ပါက ဤလူ့အမှိုက်ကောင်သည် တကယ်တမ်းလှုပ်ရှားတိုက်ခိုက်မည်ဆိုပါက သူတို့မိသားစု ပိုဒုက္ခရောက်ပေလိမ့်မည်။

“ညီနောင် လဖက်ရည်က တော်တော်မွှေးတာပဲ”

“မဆိုးဘူး၊ မဆိုးဘူး”

သူတို့ အားကိုးမျှော်လင့်လျက် ရှိနေသော ရွှေနှင့်ငွေ အစောင့်အရှောက်တို့သည် ပြည်သူ့လုံခြုံရေးဗဟိုဟောခန်းထဲတွင် အသာထိုင်ပြီး လဖက်ရည်ကို သောက်လျက်ရှိနေကြတော့သည်။

ကျွင်းချောင်ရှောင်းသည် အေးစက်စက်ဖြင့် ပြောလိုက်သည်။ “ခင်ဗျားတို့ကို သုံးစက္ကန့်စဉ်းစားဖို့ အချိန်ပေးမယ်၊ ထွက်မလာဘူးဆိုရင်တော့ ကျုပ်ကို အဆိုးမဆိုနဲ့။ တစ် …..”

“ဂိုဏ်းချုပ်ကျွင်း”

အိမ်တော်ထဲဆီမှ သက်လတ်ပိုင်းအရွယ် လူတစ်ယောက်ထွက်လာပြီး အလျင်အမြန် လက်သီးဆုပ်ကာ ပြောလိုက်၏။ “ကျေးဇူးပြုပြီး အိုးရန်မိသားစုကို ခက်ခဲအောင် မလုပ်ပါနဲ့လို့ တောင်းပန်ချင်ပါတယ်”

“ကျုပ်က ဝမ်ရှစ်ရဲ့ အဖေပါ”

“အိုးရန်ကျွင်း”

လျှိုဝမ်ရှစ်ရဲ့ အဖေတစ်ယောက်ဖြစ်သည်။ သူတို့နှစ်ယောက်သည် ရုပ်ရည်ချင်းလည်း အနည်းငယ်ဆင်တူလျက် ရှိနေသည်။ သို့ပေမဲ့ သူပေါ်လာချိန်မှာတော့ ကျွင်းချောင်ရှောင်း၏ နောက်တွင် ပုန်းကွယ်လျက်ရှိသော လျှိုဝမ်ရှစ် သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ သူမ၏ လှပလွန်းသော မျက်လုံးများထဲတွင် အမုန်းတရားများ ထင်ဟပ်လာသည်။

ထိုလူသည် သူ့အမေအား နေ့ရောညပါ လွမ်းဆွတ်၍ စိတ်ဓာတ်တကျဖြင့် သေဆုံးအောင် ပြုလုပ်ခဲ့သူဖြစ်သည်။ ဤလူသည်သာ သူမအား အိုးရန်မိသားစုဆီသို့ ခေါ်ဆောင်မသွားပါက တခြားသူများ၏ အနိုင်ကျင့် ဗိုလ်ကျခြင်းကို ခံခဲ့ရလိမ့်မည်မဟုတ်ချေ။

လျှိုဝမ်ရှစ် လက်ရှိအခြေအနေတွင် မည်သို့ခံစားနေရကြောင်း ကျွင်းချောင်ရှောင်း မသိဘူး ဆိုသော်လည်း သူမ၏ မျက်လုံးများဆီမှ ဖြစ်ပေါ်နေသော ခံစားချက်များကို ကောင်းကောင်းသိ၏။ ထို့ကြောင့်သူ အေးစက်စက်ပြောလိုက်သည်။ “ခင်ဗျားရဲ့သမီးက မိသားစုထဲမှာ အနိုင်ကျင့်ဗိုလ်ကျ ခံနေရတယ်၊ ဒါပေမဲ့ သူမကိုတောင် မကာကွယ်နိုင်ခဲ့ဘူး၊ သူမရဲ့ အဖေလို့ ပြောဖို့အတွက် ခင်ဗျားဆီမှာ ဘာအရည်အချင်း ရှိလို့လဲ”

အိုးရန်ကျွင်းသည် ရှက်ရွံ့စွာဖြင့် ခေါင်းကို ငုံ့ထားလိုက်မိ၏။ လျှိုဝမ်ရှစ်၏အမေ သေဆုံးခြင်းအတွက် သူ့ကိုယ်သူ အပြစ်တင်ခဲ့မိ၏။ ထို့ကြောင့် သူသည် သူ၏သမီးအား ရှာဖွေပြီးသည့်နောက် အိုးရန်မိသားစုကို ပြန်လည် ခေါ်ဆောင်လာခဲ့သည်။ ထိုမှသာလျှင် သူငယ်ရွယ်စဉ်က ပြုလုပ်ခဲ့သော အမှားများကို ပြုပြင်နိုင်မည်ဟု ယုံကြည်လျက် ရှိနေ၏။

သို့ပေမဲ့ သူသည် အလွန်တရာ ရက်စက်လှသော ပြဿနာတစ်ခုအား မေ့လျော့နေခဲ့၏။ မည်သည့်ဂုဏ်ဒြပ်မှ မရှိသောလျှိုဝမ်ရှစ်သည် ကြီးမားလှသောမိသားစုထဲကို ရောက်ရှိချိန်မှာတော့ မမျှမတ ဆက်ဆံခံခဲ့ရသည်။ အိုးရန်ကျွင်း ထိုပြဿနာကို သိရှိပြီးသည့်အချိန်မှာတော့ သူ့သမီးသည် မည်သို့မျှ မခံစားနိုင် တော့ဘဲ တစ်ချက်ကလေးမှ နှုတ်မဆက်ဘဲ ထွက်ခွာသွားတော့၏။ သူသည် သူမကို အချိန်အတော်ကြာ ရှာဖွေခဲ့ သည်ဆိုသော်လည်း မည်သည့်သတင်းမှ မကြားရချေ။

“နှစ်”

ကျွင်းချောင်ရှောင်းသည် ထပ်မံအော်ဟစ်လိုက်၏။ တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ်ထဲတွင် ရှိသော ဓားကျင့်ကြံသူတစ်ယောက်၏ အားအင်များသည် ပို၍ သိပ်သည်းလာ၏။

“ဝမ်ရှစ်၊ ဝမ်ရှစ်”

အိုးရန်ကျွင်းသည် သူ၏ သမီးကို လှမ်းကြည့်ကာ ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်းကို ရပ်တန့်ဖို့ တောင်းဆိုပေးပါအုံး၊ တစ်စုံတစ်ခုဖြစ်ခဲ့ရင် ငါတို့က မိသားစုတွေဆိုတော့ ဖြည်းဖြည်း ဆွေးနွေးလို့ရတယ်လေ”

လျှိုဝမ်ရှစ်၏ သေးငယ်လှသော လက်သီးကလေးသည် ကျစ်ကျစ်ပါအောင် ဆုပ်ထား၏။ သူမ၏ မျက်လုံးထဲတွင် တော့ အလွန်တရာ နာကျင်နေသောခံစားချက်များ ထင်ဟပ်နေပြီး သူမသည် ထိုသူအား အလွန်တရာ မုန်းတီး၏။ သို့ပေမဲ့ နောက်ဆုံးမှာတော့ ထိုသူသည် သူမ၏ အဖေအဖြစ်သာ ရှိနေသေးသည်။

ကျွင်းချောင်ရှောင်းက အသံပို့လွှတ်လိုက်၏။ “ကောင်မလေး... ဘယ်လိုလုပ်ချင်လဲ”

ဤနေရာသို့ ရောက်ရှိလာသည့် ခရီးစဉ်သည် သူ၏တပည့်အတွက် မားမားမတ်မတ်ရပ်တည်ပေးရန် ဖြစ်သည်။ တကယ်သို့သူမသည်သာ ထိုကိစ္စအား ရှေ့ဆက်မသွားချင်ဘဲ ရပ်တန့်ချင်သည်ဆိုပါက သူသည်လည်း ကျိန်းသေပေါက် ရပ်တန့်ရပေလိမ့်မည်။

“အီး .. အီး …”

လျှိုဝမ်ရှစ်သည် အော်ငိုလိုက်၏။ ပြီးနောက် သူမသည် ရှေ့သို့တစ်လှမ်း လှမ်းတက်ပြီး ခေါင်းကိုမော့ကာ ကျယ်လောင်စွာ အော်လိုက်၏။ “တပည့်က အိုးရန်မိသားစုရဲ့ အနိုင်ကျင့်ခြင်း၊ စော်ကားခြင်း၊ ဖိနှိပ်ဆက်ဆံခြင်းကို ခံခဲ့ရတယ်၊ ဂိုဏ်းချုပ်... ကျေးဇူးပြုပြီး ကျွန်မကို ကူညီပါ”

အားနည်းလှသော အသွင်အပြင်ရှိနေသော်လည်း သူမ၏အသံသည် ကောင်းကင်ဘုံမြို့တစ်ခုလုံးသို့ ပဲ့တင်ထပ် သွားတော့သည်။ သူမပြောဆိုလိုက်သော စကားလုံးထဲတွင် အလွန်တရာ နာကြည်းလှသော စိတ်ခံစားချက်များ ပါဝင်လျက်ရှိနေသည်။ ထိုအရာကို သူမ ဖိနှိပ်မျိုသိပ်ထားခဲ့သည်မှာ နှစ်အတော်ကြာမြင့်ခဲ့ပြီဖြစ်သည်။

ကျွင်းချောင်ရှောင်းသည် လျှိုဝမ်ရှစ်၏ ဦးခေါင်းလေးအပေါ် အသာလက်တင်၍ လေးလေးနက်နက် ပြောလိုက်သည်။ “သုံး”

ဝှစ် ဝှစ်

အသံထွက်ပေါ်ပေါ်လာခြင်းမှာပဲ သူ၏ ခန္ဓာကိုယ်ဆီမှ အလွန်တရာပူပြင်းလှသော မီးတောက်များ ထွက်ပေါ်လာ သည်။ ရှည်လျား၍ ကြီးမားလှသော မီးဓာတ်အမျိုးအစား သားရဲတစ်ကောင် ဟိန်းဟောက်လိုက်သကဲ့သို့ပင် ထိုမီးတောက်သည် အလွန်တရာ ကြမ်းတမ်းလှသော အားအင်များ ပါလာသည်သာမက အဆုံးမဲ့သော ဒေါသ တရားများလည်း ပါဝင်လျက်ရှိနေ၏။ ကျွင်းချောင်ရှောင်း၏ ဒေါသသည် မည်သည့်နေရာကို မြစ်ဖျားခံသည် ဆိုသော် လျှိုဝမ်ရှစ်ကို မြစ်ဖျားခံ၍ ဖြစ်တည် လာခဲ့ခြင်းပင်ဖြစ်သည်။

“ကျုပ်တပည့်ကို အနိုင်ကျင့်ဗိုလ်ကျခဲ့တဲ့လူတွေ ထွက်မလာသေးဘူးလား”

ဂိုဏ်းချုပ်ကျွင်းသည် သူ၏လက်ကိုမြှောက်ကာ ခံစားချက်မဲ့စွာဖြင့် ပြောလိုက်၏။ “ဒါဆိုလည်း အိုးရန်မိသားစုရဲ့ တံခါးကို အရင်ဆုံးဖျက်ဆီးတာပေါ့”

ဝှစ် ဝှစ်

ခန္ဓာကိုယ်ဆီမှ ဖြစ်ပေါ်လျက်ရှိသော မီးတောက်များသည် ဆယ်မီတာနီးပါး မြင့်တက်သွားခဲ့သည်။ သူသည် ချက်ချင်းဆိုသလိုပဲ ကောင်းကင်နီ ဓားကွက်ကို ထုတ်ဖော်လိုက်တော့သည်။ အလွန်တရာ ဒေါသထွက်လျက်ရှိသော ကျွင်းချောင်ရှောင်းသည် ကောင်းကင်နီဓားကွက်ကို ထုတ်ဖော်လိုက်သည့် အချိန်မှာတော့ မနေ့က ကောင်းကင်ဘုံကျောင်းတွင် ထုတ်ဖော် ခဲ့သည်ထက် ပို၍ အားကောင်းနေခဲ့၏။

ကျောင်းထဲတွင်ရှိနေသော ကျွမ်းကျင်သူများသည် ၎င်းတို့၏ စိတ်ဝိညာဉ် အာရုံကို ဖြန့်ကျက်၍ ကြည့်ရှုနေကြခြင်းဖြစ်သည်။ အလွန်တရာ ကြမ်းတမ်းပြင်းထန်လှသော အားအင်ကို ခံစား လိုက်မိချိန်မှာတော့ သူတို့သည် ကြိတ်ကာ တုန်လှုပ်သွားမိသည်။

“မနေ့ကသာ ဒီအတိုင်း တိုက်ခိုက်မည်ဆိုလျှင် အကြီးအကဲကတော့ အတွင်းဒဏ်ရာပါ ရသွားနိုင်တယ်”

ဝှစ် ဝှစ်

အလွန်တရာ တောက်ပလျက်ရှိသော မီးတောက်များသည် အိုးရန်မိသားစု၏ တံခါးအပြင်ဘက်တွင် ရူးရူးမူးမူးနှင့် တောက်လောင်လျက် ရှိနေတော့သည်။ ပတ်ဝန်းကျင်ရှိ အပူချိန်များသည်လည်း ချက်ချင်းဆိုသလိုပဲ မြင့်တက် လာ၏။

“ကြောက်စရာပဲ”

အဝေးတစ်နေရာရှိ သိုင်းကျင့်ကြံသူများအားလုံးသည် ဆွံ့အနေ၏။ ပစ်မှတ်ထားခံနေရသော အိုးရန်မိသားစု၏ ကျွမ်းကျင်သူများသည် နဖူးမှ ချွေးများပင် ကျလာတော့သည်။

“ကျွင်းချောင်ရှောင်း”

ထိုအချိန်မှာပဲ အိုးရန်မိသားစု၏ အတွင်းဘက်ဆီမှ အသံတစ်ခု ထွက်ပေါ်လာသည်။ “ဒီလောက်ကြီး လွန်မလာနဲ့”

ဝှစ်

ဆံဖြူအဖြူရောင်သမ်းနေသည့် အဘိုးအိုတစ်ယောက်သည် အိမ်တော်၏ အရှေ့သို့ ရောက်ရှိလာ၏။ ထိုသူ၏ မျက်လုံးထဲတွင်တော့ ဒေါသတရားများနှင့် ပြည့်နှက်နေ၏။

“နှုတ်ဆက်ပါတယ် ဘိုးဘေးအကြီးအကဲ”

များပြားလှသော အိုးရန်မိသားစု အကြီးအကဲများသည် အလောတကြီးဖြင့် ဦးညွတ်ဂါရဝပြုလိုက်ကြသည်။

“ဒါက အိုးရန်မိသားစုရဲ့ တစ်ဦးတည်းကျန်နေတဲ့ ဘိုးဘေးအကြီးအကဲမလား”

“သူ့ကို ကြည့်ရတာ အချိန်အတော်ကြာ တံခါးပိတ် ကျင့်ကြံတဲ့ပုံပဲ၊ သူက သိုင်းအုပ်စိုးသူအဆင့်ကိုတောင် ချိုးဖြတ် ရောက်ရှိသွားပြီလား မသိဘူး”

“လက်ရှိသူ့ရဲ့အော်ရာတွေကို ကြည့်ရတာ သိုင်းဘုရင်ထိပ်ဆုံးအဆင့်မှာ တစ်နေတာ ဖြစ်ရမယ်”

“သိုင်းဘုရင်ထိပ်ဆုံးအဆင့် ဟုတ်လား”

ကျွင်းချောင်ရှောင်းသည် နှာခေါင်းရှုံ့ကာ ပြောလိုက်၏။ “အဘိုးကြီး… ကျုပ်တပည့်ကို အနိုင်ကျင့်ခဲ့တဲ့ တိုက်ရိုက်မျိုးဆက်တွေ ထွက်လာပြီးတော့ သေသေချာချာ တောင်းပန်လိုက်မယ်ဆိုရင် ကျုပ်က ဒီကိစ္စကို ဒီနေရာမှာ ရပ်တန့်ပေးမယ်”

အိုးရန်မိသားစု၏ ဘိုးဘေးအကြီးအကဲသည် လက်နှစ်ဖက်ကို နောက်ပစ်၍ အေးစက်စက်ဖြင့် ပြောလိုက်၏။ “ကျွင်းချောင်ရှောင်း… အိုးရန်မိသားစုရဲ့ကိုယ်စား ငါက မင်းရဲ့စိန်ခေါ်မှုကို လက်ခံတယ်”

တိုက်ရိုက်မျိုးဆက်များအား ထွက်လာ၍ လူသိရှင်ကြား တောင်းပန်ခိုင်းသည်ဆိုခြင်းမှာ အိုးရန်မိသားစု၏ ဂုဏ်သိက္ခာကို ချနင်းခြင်းနှင့်ပင် ဆင်တူ၏။ ထို့ကြောင့် သူသည် တိုက်ခိုက်ချင်စိတ်သာပိုရှိ၏။

“သေချာရဲ့လား” ကျွင်းချောင်‌ရှောင်းမေးလိုက်သည်။

အိုးရန်မိသားစု၏ ဘိုးဘေးအကြီးအကဲသည် ရှေ့တစ်နေရာဆီသို့ လက်ညှိုးညွှန်ကာ ပြောလိုက်သည်။

“မင်းနဲ့ငါ အဲနေရာမှာသွားပြီး တိုက်ကြရအောင်”

“ကောင်းပြီ”

ကျွင်းချောင်ရှောင်းသည် သူ၏ ခန္ဓာကိုယ်ပေါ်ဆီမှ ထွက်ပေါ်နေသော မီးတောက်များကို ပြန်လည်ရုတ်သိမ်း လိုက်၏။

ပြီးနောက် လျှိုဝမ်ရှစ်အား ခေါ်ဆောင်ကာ တိုက်ခိုက်ရေးတည်နေရာဆီသို့ သွားလိုက်တော့သည်။ အလွန်တရာ ပြင်းထန်လှသော ဓားအော်ရာများ ဖိနှိပ်ခြင်းမှ ပျောက်ကွယ်သွားချိန်မှာတော့ အိုးရန်မိသားစု တိုက်ရိုက်မျိုးဆက်များသည် စိတ်သက်သာရာ ရသွားသည်။ ၎င်းတို့သည် မြေပေါ်မှ ထထိုင်လိုက်ကြ၏။ ၎င်းတို့၏ နဖူးထက်တွင်တော့ ချွေးများသီးလျက် ရှိနေတော့သည်။

ဘိုးဘေးအကြီးအကဲကြီးသာ ပေါ်ပေါက်မလာပါက ကျွင်းချောင်ရှောင်းသည် အိုးရန်မိသားစုကို ချိုးဖြတ်ဝင်ရောက်တော့မည်ဖြစ်သည်။ ထိုသို့ဆိုလျှင် ၎င်းတို့အားလုံး ဒုက္ခရောက်ကြမည်ဖြစ်၏။ အိုးရန်မိသားစု၏ တိုက်ရိုက်မျိုးဆက်များသည် လျှိုဝမ်ရှစ်အား အရင်တုန်းက အနိုင် ကျင့်ခဲ့ဖူးသူများပင်ဖြစ်သည်။ သို့ပေမဲ့ ထိုတရားမဝင်ကလေးသည် ပြင်ပသို့ ထွက်ပြေးလွတ်မြောက်သွားပြီးသည့် အခါမှာတော့ အပြင်ဘက်တွင် မသေဆုံးခဲ့သည့်အပြင် သံမဏိအရိုးဂိုဏ်းသို့ပင် ဝင်ရောက်ခဲ့သေး၏။ လက်ရှိတွင် ၎င်း၏ ဂိုဏ်းချုပ်အား ခေါ်ဆောင်လာ၍ အငြိုးးအတေးဟောင်းများကို လာရောက်ဖြေရှင်းနေသည်။

ချီး ….

အိုးရန်မိသားစု၏ တိုက်ရိုက်တပည့်တစ်ယောက်သည် ဒေါသတကြီးဖြင့် ပြောလိုက်၏။

“အပြင်ဘက်မှာ မွေးလာတဲ့ သူတောင်းစားသာသာလူက ဒီမိသားစုထဲကို တခြားသူကို ခေါ်လာပြီး ပြဿနာ လာရှာရဲတယ်၊ ဘိုးဘေးအကြီးအကဲကြီးက လွယ်လွယ်နဲ့ လွှတ်ပေးမှာ မဟုတ်တော့ဘူး”

တိုက်ရိုက်ရေးတည်နေရာဆီသို့ ဦးတည်သွားလျက်ရှိသော ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်စွမ်းအင်များ ဖြန့်ကျက်အာရုံခံ၍ သူမအား ကြည့်ရှုနေသည်ဆိုသည်ကို အားရပါးရ ဆဲဆို၍ ကျိန်ဆဲနေသော အိုးရန်မိသားစု၏ တိုက်ရိုက်မျိုးဖြစ်သော သူမ မသိရှိခဲ့ချေ။

All Chapters