← Chapters

အခန်း (၅၁၇)

Vol. 35 Ch. 517

အခန်း (၅၁၇)

Vol. 35 Ch. 517

ကောင်းကင်ဘုံခရိုင်လေးခုတွင် တိုက်ခိုက်ရေးတည်နေရာ အများအပြားရှိသည်။ ထိုနေရာသည် ချင်းယန်မြို့ရှိ သေခြင်းရှင်ခြင်း စင်မြင့်နှင့်ပင် ဆင်တူ၏။ ဥပမာအားဖြင့် ကျင့်ကြံသူများကြားရှိ မကျေနပ်ချက်များကို အဓိက ထားပြီး ဖြေရှင်းရသည့်နေရာလည်းဖြစ်သည်။ လက်ရှိအခြေအနေမှာတော့ သိုင်းကျင့်ကြံသူတစ်သောင်းနီးပါးခန့် သည် တိုက်ခိုက်ရေးစင်မြင့်တွင် စုစည်းလျက်ရှိပြီး အိုးရန်မိသားစုနှင့် အနီးကပ်ဆုံးနေရာတွင် ရပ်လျက်ရှိနေ ကြသည်။ ၎င်းသိုင်းကျင့်ကြံသူများ အားလုံးသည် လမ်းအသီးသီးမှ အပြေးအလွှား လာရောက်၍ ရောက်ရှိလာကြ သူများပင်ဖြစ်သည်။

အိုးရန်မိသားစု၏ ဘိုးဘေးဖြစ်သည့် အိုးရန်လီသည် သံမဏိအရိုးဂိုဏ်းချုပ် ကျွင်းချောင်ရှောင်းနှင့် ယှဉ်ပြိုင် တိုက်ခိုက်တော့မည်ဖြစ်သည်။

ဖြစ်ပေါ်လာမည့်တိုက်ပွဲသည် အားလုံး၏ အာရုံများကို ဆွဲဆောင်လျက်ရှိနေသည်။ သိုင်းဘုရင်အဆင့်တွင် ရှိနေကြသော အားကောင်းပါသည်ဆိုသည့် ကျင့်ကြံသူများအားလုံးသည် ထိုသတင်းကို ကြား၍ အပြေးအလွှား ရောက်ရှိလာကြသည်။ သိုင်းဘုရင်ထိပ်ဆုံးအဆင့် တိုက်ခိုက်သည်မှာ အလွန်တရာ ရှားပါး လွန်း၏။

ဓားနှင့်သိုင်းဘုရင် တိုက်ခိုက်သည်ဆိုသည်မှာ ပို၍ပင် ရှားပါးသေး၏။ ထိုကဲ့သို့သော ရှားပါလှသည့် ကျင့်ကြံသူ နှစ်ယောက်၏ တိုက်ခိုက်မှုကို ယနေ့တွင် ကြည့်ရှုရမည်ဖြစ်သောကြောင့် ကောင်းချီးရရှိသကဲ့သို့ပင် ဖြစ်ပေလိမ့် မည်။

ကျင့်ကြံသူများ ပိုမို၍ များပြားလာပြီးသည့်နောက်မှာတော့ တိုက်ခိုက်ရေး တည်နေရာတစ်ခုလုံး အလွန်တရာ စည်ကားလျက်ရှိနေသည်။

“လူတွေအများကြီးပါလား”

ရွှေနှင့်ငွေ အစောင့်အရှောက်တို့သည် ပြည်သူ့လုံခြုံရေးဟောခန်းထဲတွင် ထိုင်လျက်ရှိပြီး ဇိမ်ကျကျနှင့် လက်ဖက်ရည် ကို သောက်လျက်ရှိကြသည်။ ညီနောင်နှစ်ယောက်လုံးသည် လက်ရှိအချိန်တွင် အလုံးစုံ စိတ်သက်သာရာ ရသွားပြီ ဖြစ်ပြီး ဤကောင်လေးသည် အိုးရန်မိသားစု၏ အားအကောင်းဆုံးကျင့်ကြံသူတစ်ယောက်နှင့် တိုက်ခိုက်တော့ မည်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ ကြမ်းကြမ်းတမ်းတမ်းတိုက်ခိုက်သည်ဆိုလျှင်တောင်မှ ဥပဒေကို ချိုးဖြတ်သည့် အလုပ်မျိုး မဟုတ်တော့ချေ။

မင်းသမီးလေး ကြာပန်းနီသည်လည်း လက်ရှိအခြေအနေကို မြင်ရသည့်အချိန်ကျမှ စိတ်သက်သာရာ ရသလို သက်ပြင်းချ မိသည်။

ကျွင်းချောင်ရှောင်းသည် အိုးရန်မိသားစုထဲကို ဝင်ရောက်တိုက်ခိုက်မည်ကို သူမ အလွန်တရာ စိတ်ပူမိသည်။ ထိုသို့ဆိုလျှင် သူမအား အရှက်ရစေမှာ သေချာ၏။

သို့ပေမဲ့ သေချာစဉ်းစားရမည်ဆိုလျှင် ဓားနှင့် သိုင်းဘုရင်အဆင့်ကို မကြာသေးခင်ကမှ ချိုးဖြတ်ထားသော လူတစ်ယောက်သည် သိုင်းဘုရင်ထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်ကို တကယ်ပဲ ယှဉ်ပြိုင်တိုက်ခိုက် မည်လား။

ကောင်းကင်ဘုံကျောင်းထဲမှာတော့ ကျွင်းချောင်ရှောင်းသည် ကျောင်း၏ အဆင့်မြင့်ကျင့်ကြံသူ တစ်ယောက် ထုတ်ဖော်တိုက်ခိုက်ခဲ့သည့် လေဟာနယ်လက်ဝါးချက်ကို ချိုးဖြတ်နိုင်ခဲ့သည်။ ထိုအရာသည် မင်းသမီးလေး ကြာပန်းနီအား အလွန်ပဲ စိတ်ဝင်စားစေ၏။ သို့ပေမဲ့ ထိုတိုက်ခိုက်ခြင်းသည် စမ်းသပ်ခြင်းသာ ဖြစ်ခဲ့သည်။

တကယ်တမ်းတိုက်ခိုက်မည်ဆိုပါက ကျောင်း၏ အားအကောင်းဆုံးသော ကျင့်ကြံသူတစ်ယောက် တိုက်ခိုက်သည့် တိုက်ခိုက်ရေးနည်းစနစ်တစ်ခုဖြစ်သောကြောင့် ဓားနှင့်သိုင်းဘုရင်တစ်ယောက်ဖြစ်သည် ဆိုလျှင်တောင်မှ ခုခံနိုင်ရန် မလွယ်ချေ။

တိုက်ခိုက်ရေးစင်မြင့်ပေါ်မှာတော့ ကျွင်းချောင်ရှောင်းနှင့် အိုးရန်လီတို့သည် အလယ်ဗဟိုရှိ တည်နေရာကြီးတွင် နှစ်ယောက်သား ဆယ်မီတာစီခြား၍ ရပ်လျက် ရှိနေကြသည်။ တိုက်ပွဲသည် မစတင်သေး သော်လည်း နှစ်ယောက်စလုံး၏ ခန္ဓာကိုယ်ဆီမှ အားကောင်းလှသော အရှိန်အဝါများသည် ဆက်တိုက်ထွက်ပေါ် လျက်ရှိနေ၏။

“သိုင်းဘုရင်ထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်နဲ့ ဓားနဲ့သိုင်းဘုရင်ထိပ်ဆုံးအဆင့် ကျင့်ကြံသူ၊ ဒါက တကယ့်ကို ရှားပါးတဲ့ တိုက်ပွဲတစ်ခုပဲ၊ ဒါမျိုးကို မြင်ရတာ တကယ့်ကို ကံကောင်းလို့ပဲ၊ တိုက်ပွဲက တကယ့်ကို စိတ်လှုပ်ရှားစရာ ကောင်းလိမ့်မယ်”

ကျွင်းချောင်ရှောင်းနှင့် အိုးရန်လီတို့သည် မတိုက်ခိုက်သေးပေ။ သို့ပေမဲ့ စင်မြင့်အောက်ရှိ ကျင့်ကြံသူများမှာတော့ အစောကတည်းက တိုင်ပင်ဆွေးနွေးလျက် ရှိနေကြပြီဖြစ်သည်။ သူတို့သည် နှစ်ယောက်သားတိုက်ခိုက်မည်ကို ကြည့်ရှုရန် မစောင့်နိုင်တော့ချေ။

လျှိုဝမ်ရှစ်သည်မှာလည်း အလွန်အမင်း ကြောက်လန့်လျက် ရှိနေသည်။ ဘိုးဘေး အကြီးအကဲကြီးသည် အိုးရန်မိသားစုထဲတွင် သိုင်းအုပ်စိုးသူအဆင့်ကို ချိုးဖြတ်နိုင်သော တစ်ဦးတည်းသော လူတစ်ယောက်ဖြစ်သည်။ ဂိုဏ်းချုပ်သည် ထိုသူနှင့်တိုက်ခိုက်မည်ဆိုပါက…

“ငါဆက်မစဉ်းစားတာပဲ ကောင်းမယ်”

လျှိုဝမ်ရှစ်သည် ခေါင်းကိုခါယမ်းလိုက်ပြီးနောက် သူမ၏ စိတ်ထဲတွင်ရှိသော မကောင်းသည် အတွေးများ အားလုံးကို ဖယ်ရှားလိုက်တော့သည်။ ပြီးနောက် စိတ်ထဲမှာ ကြိတ်ကာ ပြောလိုက်သည်။ “ဂိုဏ်းချုပ်က အားအကောင်းဆုံးပဲ၊ ရန်သူတွေအားလုံးကို ကျိန်းသေပေါက် အနိုင်ယူနိုင်လိမ့်မယ်”

“ဂိုဏ်းချုပ်ကျွင်း”

အိုးရန်လီသည် ထူးမခြားနားသလို ပြောလိုက်သည်။ “မင်းနဲ့ငါနဲ့ တိုက်ပွဲကို ဘယ်လိုအဆုံးသတ်မှာလဲ”

“ကြိုက်သလိုလုပ်လေ” ကျွင်းချောင်ရှောင်းပြောလိုက်သည်။

အိုးရန်လီသည် သူ၏လက်ကို မြှောက်လိုက်ချိန်မှာတော့ သုံးမီတာခန့် ရှည်သော ဓားတစ်ခုသည် လေထုထဲတွင် ပေါ်လာ၏။ သူပြောလိုက်သည်။ “လက်နက်နဲ့တိုက်ခိုက်ကြရအောင်”

“ဒါက ဆရာဖန်းထုလုပ်ထားတဲ့ တိမ်ဖုံးဓားမဟုတ်လား”

တစ်ယောက်က ထအော်လိုက်၏။

“ဘာ”

ပတ်ဝန်းကျင်ရှိ သိုင်းကျင့်ကြံသူများအားလုံးသည် မျက်လုံးပြူးသွားကြ၏။ ဆရာဖန်းဆိုသည့်နာမည်သည် ကြယ်ကြွေတိုက်ကြီးတစ်ခုလုံးတွင် အလွန်တရာ ကျော်ကြားလှသူဖြစ်သည်။ သူသည် သူ၏ဘဝတွင် ရေတွက်၍ မရအောင်များပြားသော လက်နက်များကို သွန်းလုပ်ခဲ့၏။ သို့ပေမဲ့ တကယ့်အထူးအဆင့်သို့ ရောက်ရှိခဲ့သည့် ဓားအရေအတွက်မှာတော့ အခုနှစ်ဆယ်မပြည့်ပေ။

ထိုအခုနှစ်ဆယ်မပြည့်သော ဓားထဲတွင် တိမ်ဖုံးဓားလည်း ပါဝင်လျက်ရှိနေ၏။ ထိုဓားကို သွန်းလုပ်လိုက်သည့် အချိန်တွင် ကြည်လင်ရှင်းလင်းနေသော ကောင်းကင်ကြီးသည် ရုတ်တရက် တိမ်တွေဖုံးလွှမ်းလာပြီး နေလုံးကြီး ကိုပင် ဖုံးကွယ်ခဲ့၏။ ထို့ကြောင့် တိမ်ဖုံးဓားဟု အမည်တွင်ခဲ့ခြင်းပင်ဖြစ်သည်။ တိမ်ဖုံးဓားသည် ဆရာဖန်း သွန်းလုပ်ခဲ့သော ဓားများထဲတွင် ထိပ်ဆုံးအဆင့် ဓားတစ်ခုမဟုတ်ဟု ဆိုလျှင်တောင်မှ အထူးအဆင့် ဓားများ ထဲမှာတော့ အကောင်းဆုံးထဲမှ တစ်ခုဖြစ်သည်။

“အကြီးအကဲအိုးရန်က အနိုင်ရရှိဖို့အတွက် လက်နက်ကို ထုတ်သုံးချင်တာ အံ့အားသင့်စရာတော့ မဟုတ်ဘူး၊ သူ့ဆီမှာ ဒီလိုလက်နက်မျိုး ရှိနေတာပဲ”

အိုးရန်လီသည် တိမ်ဖုံးဓားကို ထုတ်ကိုင်လိုက်သည်နှင့် တစ်ပြိုင်နက် တည်နေရာတစ်ခုလုံးကို ကျွက်ကျွက်ညံ သွား၏။

ကျွင်းချောင်ရှောင်းသည် နှာခေါင်းရှုံ့လိုက်သည်။ “ဒီလိုဓားမျိုးကို ဘယ်လိုလုပ်ပြီး နတ်ဘုရားဓားလို့ ခေါ်ဆိုနိုင်ရတာလဲ၊ ဒီဟာကသာ နတ်ဘုရားဓားဆိုရင် ငါ့ရဲ့ နဂါးစိမ်းလခြမ်းဓားမော့နဲ့ စည်းဓားမော့ နှစ်ခုလုံးက ရှေးခေတ်နတ်ဒေဝါတွေဆီက ဆင်းသက်လာတဲ့ လက်နက်မျိုးတောင်ဖြစ်နေနိုင်တယ်”

“ဂိုဏ်းချုပ်ကျွင်း”

အိုးရန်လီသည် ဝံ့ကြွားစွာဖြင့် ပြောလိုက်၏။ “မင်းရဲ့လက်နက်ကို ထုတ်လိုက်”

ကျွင်းချောင်ရှောင်းသည် ဓားဘုရင်တစ်ယောက်ဖြစ်ကြောင်း သူသိ၏။ သို့ပေမဲ့ သူသည် လက်နက်ချင်း ယှဉ်ပြိုင် တိုက်ခိုက်ရန် စိန်ခေါ်ခဲ့၏။ အဘယ်ကြောင့်ဆိုသော် သူ၏ ကျင့်ကြံခြင်းအဆင့်သည် မြင့်မားသည့်အပြင် အဆင့်မြင့်လက်နက်လည်း ရှိလို့နေ၏။ ထို့ကြောင့် လွယ်လွယ်ကူကူနှင့် ကျိန်းသေပေါက် အနိုင်ယူနိုင်စွမ်း ရှိသည်။

ရွှီး

ကျွင်းချောင်ရှောင်းသည် လက်ကိုမြှောက်လိုက်ချိန်မှာတော့ အလယ်အလတ်အဆင့် အအေးဓားသည် လေထုထဲတွင် ပေါ်လာ၏။ သူပြောလိုက်သည်။ “ဓားဘုရင်တစ်ယောက်ရဲ့ အရှေ့မှာ ဓားကိုထုတ်ပြီး သုံးရဲတယ်ဆိုတော့ ခင်ဗျားရဲ့သတ္တိကို ကျုပ်ချီးကျူးမိတယ်”

“…”

ကြည့်ရှုနေကြသော လူအားလုံး၏ နှုတ်ခမ်းများသည် တုန်ရင်သွား၏။ မင်းက ဓားဘုရင်လေ၊ တဖက်လူက သိုင်းဘုရင် ထိပ်ဆုံးအဆင့်ကွ၊ သတ္တိရှိတယ်လို့ ပြောရမှာက ဟိုက မင်းကို ပြောရမှာ မဟုတ်ဘူးလား။

အကယ်၍ အဆင့်နိမ့်သိုင်းဘုရင်တစ်ယောက်သည်သာ ဓားဘုရင်အား ရင်ဆိုင်နေသည်ဆိုလျှင် တစ်ဖက်လူသည် ကျိန်းသေပေါက် အသားနာခံချင်၍ ဖြစ်မည်ဟု ထင်မှတ်လိမ့်မည်။ သို့ပေမဲ့ သိုင်းဘုရင်အဆင့်တွင် အဆင့် အမြင့်ဆုံးရောက်ရှိနေသည့် လူတစ်ယောက်အနေနှင့်တော့ အခြေအနေမှာ ကွာခြားလွန်းလှသည်။

ထို့အပြင် အိုးရန်မိသားစု၏ ဘိုးဘေးကြီးလက်ထဲတွင် တိမ်ဖုံးဓားလည်း ရှိနေသေး၏။ တကယ်တမ်း တိုက်ခိုက်မည်ဆိုလျှင် သံမဏိအရိုးဂိုဏ်းချုပ်သည်အနိုင်ရရှိရန် အလွန်တရာ ခက်ခဲလိမ့်မည်။

“ဂိုဏ်းချုပ်ကျွင်း”

အိုးရန်လီက ပြောလိုက်သည်။ “ကျုပ်တို့စကြတော့မလား”

“စကြတာပေါ့”

ချလွမ်

ပြောပြီးပြီးချင်းမှာပဲ တိမ်ဖုံးဓားသည် ဓားအိမ်ထဲမှ ထွက်ပေါ်လာ၏။ အလွန်တရာ စူးရှ၍ တောက်ပသော ဓားအလင်းတန်းများ ဖြတ်ပြေးသွားသည်။ အိုးရန်လီသည် ဓားသမားတစ်ယောက် မဟုတ်သော်လည်း ဓားပညာ ရပ်များကို သေသေချာချာ လေ့ကျင့်ခဲ့၏။ ထို့ကြောင့် လက်ကောက်ဝတ်တစ်ချက် လှုပ်ရှားလိုက်ချိန်မှာပဲ ဓား၏ ကိုယ်ထည်၌ စိတ်ဝိညာဉ်စွမ်းအင်များ စုစည်းလာတော့သည်။ ပြီးနောက် ဓားစွမ်းအင်လှိုင်းများသည် ကျွင်းချောင်ရှောင်းဆီသို့ စုစည်းရောက်ရှိလာသည်။ “မုန်တိုင်း ဓားလှိုင်းနည်းစနစ်”

“ချီးတဲ့မှ ဒါက အထူးအဆင့် ဓားနည်းစနစ်တစ်ခု မဟုတ်လား”

“ဘိုးဘေးအိုးရန်က ဓားသမားတစ်ယောက်မဟုတ်ဘူးဆိုပေမဲ့ သူကအရမ်းအားကောင်းတယ်၊ ပြီးတော့ ထုတ်ဖော် တိုက်ခိုက်လိုက်တဲ့ ဓားနည်းစနစ်အရည်အသွေးကြောင့် အားအင်က ပိုပြီး ကြမ်းတမ်းနေမှာပဲ”

အားလုံးအလန့်တကြား ဖြစ်သွားမိကြ၏။ အိုး

ရန်လီသည် ဂုဏ်ယူစွာဖြင့် မျက်ခုံးအားပင့်ထားလိုက်မိ၏။

ဓားချီလှိုင်းများအားလုံးနှင့် ရင်ဆိုင်လိုက်ချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ထူးမခြားနားသလို ပြောလိုက်၏။ “အမှိုက်ပဲ”

“အမှိုက် ဟုတ်လား” အိုးရန်လီသည် မျက်မှောင်ကုတ်သွားမိသည်။

ထိုအချိန်မှာပဲ ကျွင်းချောင်ရှောင်းသည် ရှေ့သို့လှမ်းတက်လိုက်ပြီး နောက် လင်းကျန့်ဓားသိုင်းကို ထုတ်ဖော်လိုက်တော့သည်။ ချက်ချင်းဆိုသလိုပဲ ကောင်းကင်ယံထက်မှာတော့ ကြီးမားလှသော လေပိုက်ကွန်ကြီးတစ်ခုလို ဓားချီများသည် ဖုံးလွှမ်းသွားတော့သည်။ တည်နေရာပတ်ဝန်းကျင် တစ်ခုလုံး ဓားချီများ လွှမ်းခြုံသွားခဲ့ပြီး ကြည့်ရှုနေကြသော ကျင့်ကြံသူများအားလုံးသည် ပါးစပ်အဟောင်းသားဖြင့် ဖြစ်မိ နေကြ၏။ အိုးရန်လီသည်လည်း ပါးစပ်အဟောင်းသား ဖြစ်မိနေသည်။ သူသည် စိတ်ဝိညာဉ်စွမ်းအင်များအား ထုတ်ဖော်၍ အာရုံဖြန့်ကျက်လိုက်သည် ဆိုသော်လည်း တစ်ဖက်လူတိုက်ခိုက်လိုက်သော ဓားချက်သည် မည်မျှ ရှိသည်ဖြစ်ကြောင်း သူမရေတွက်နိုင်ခဲ့ချေ။ ပြောရမည်ဆိုလျှင် အလွန်တရာ များပြားလွန်းနေ၏။

ဝှစ် ဝှစ် ဝှစ်

အားကောင်းလွန်းသော ဓားမော့ချီများသည် ဟာကွက်ဟူ၍ မရှိဘဲ ကောင်းကင်ပေါ်မှ ပြုတ်ကျလာတော့သည်။

ဝှစ် ဝှစ်

ကောင်းကင်တွင် ဓားရိပ်များနှင့် ပြည့်နှက်လျက်ရှိပြီး ရေတွက်၍ မရအောင် များပြားတော့ ဓားမော့ချီများကလည်း လှိုင်းများကဲ့သို့ပင် တစ်လှိုင်းပြီး တစ်လှိုင်း ကျဆင်းလာကြသည်။ ဓားချီများ၏ အမြန်နှုန်းမှာ အလွန်တရာ မြန်ဆန်လွန်းသောကြောင့် အိုးရန်လီသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် မျက်နှာတစ်ခုလုံး ဖြူလျော်သွားတော့သည်။ သူသည် အလောတကြီးဖြင့် ဓားအားမြှောက်၍ ကာကွယ်လိုက်၏။

ဒင်

ဓားချီများသည် တိမ်ဖုံးဓားအား ကြမ်းကြမ်းတမ်းတမ်းပဲ ပိုင်းဖြတ်သွား၏။ အိုးရန်လီ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အနောက်ဘက်သို့ လွင့်စင်သွား၏။ ကျွင်းချောင်ရှောင်းသည် ချက်ချင်းဆိုသလိုပဲ အရှေ့သို့ လှမ်းတက်လာတော့ သည်။ တိုက်ခိုက်ရေးစင်မြင့်တစ်ခုလုံးမှာတော့ ဓားအော်ရာများ ပြည့်နှက်လျက်ရှိနေတော့သည်။

ဂလန် … ဂလန်

များပြားလှသော ကျင့်ကြံသူများ၏ ခါးထဲတွင် ချိတ်လျက်ရှိသော ဓားများအားလုံးသည် ဓားအိမ်ထဲမှ ထွက်ပေါ် လာခဲ့ပြီး ကျွင်းချောင်ရှောင်းဆီသို့ ဦးတည်ပျံသန်းလာကြသည်။ ဓားစွမ်းရည်များ၏ လွှမ်းမိုးမှုအောက်မှာတော့ ဓားများသည် အတူတကွ စုစည်းပြီး အလွန်တရာကြီးမားလှသော ဓားကြီးတစ်စင်းအဖြစ် ဖြစ်တည်လာတော့သည်။

“ဒါက”

အားလုံးဆွံ့အသွားကြသည်။

“ဓားတစ်သောင်းမှသည် တစ်ခုတည်းအဖြစ်သို့”

ကျွင်းချောင်ရှောင်းသည် အေးစက်စွာဖြင့် အော်ပြီးသည့်နောက် သူ၏ လက်ထဲရှိ အအေးဓားဖြင့် ခုတ်ပိုင်းလိုက် တော့သည်။ ကောင်းကင်ယံထက်တွင်ရှိသော ကြီးမားလှသောဓားကြီးကလည်း အောက်သို့ ကျဆင်းလာတော့ သည်။ အလွန်တရာ အားကောင်းလွန်းလှသော ဓားစွမ်းအားများသည် ဖြစ်တည်လာပြီးသည့်နောက်မှာတော့ နောက်သို့ယိုင်ကာ လွှင့်စင်သွားခဲ့သော အိုးရန်လီ၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာ၏။

ဝှစ်

ဓားစွမ်းရည်များအားလုံးသည် လေလှိုင်းများပါ တဟူးဟူး အသံထွက်ပေါ်လာသည်အထိ အားကောင်းလွန်းနေ သည်။ အနောက်သို့ ဆုတ်လျက်ရှိသော အိုးရန်လီသည် ထိတ်လန့်တုန်လှုပ်သွား၏။ သူ၏နှလုံးသားထဲတွင်တော့ အလွန်တရာ အားကောင်းလှသော အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်မိသည်။ ဤဓားသည် အရမ်း အားကောင်း လွန်းလှ၏။

“ဘာလုပ်ရမလဲ၊ ဘာလုပ်ရမလဲ”

အိုးရန်လီ၏ စိတ်ထဲတွင်ရှိသော တစ်ခုတည်းသောအရာမှာ ရှောင်တိမ်းချင်ခြင်းပင်ဖြစ်သည်။ သို့ပေမဲ့ ဓားကြီးသည် အလွန်တရာ ကြီးမားလှသောကြောင့် သူ့အပေါ်သို့ ကျဆင်းလာသော ဓားလှိုင်းများသည် သူ့အားဖိနှိပ်ထားနိုင်ခဲ့၏။ တကယ်တမ်းရှောင်တိမ်းချင်သည်ဆိုပါက အနောက်သို့ဆုတ်၍ ရှောင်တိမ်းရန်သာရှိတော့၏။ သို့ပေမဲ့ အနောက်သို့ ဆုတ်လိုက်မည်ဆိုလျှင် တိုက်ခိုက်ရေးစင်မြင့်ပေါ်မှ အောက်သို့ပြုတ်ကျသွားပေမည်။ သူ့အနေနှင့် စဉ်းစားရန် အချိန် လုံလုံလောက်လောက် မရှိပေ။

ထို့ကြောင့် ချက်ချင်းဆိုသလိုပဲ အရှိန်ဖြင့်အားယူ၍ ခန္ဓာကိုယ်ကို တစ်ဖက်သို့လှည့်ကာ တိုက်ခိုက်ရေးစင်မြင့် တစ်ဖက်ဆီသို့ လှမ်းခုန်လိုက်တော့သည်။ ထိုသို့ဆိုလျှင်တောင်မှ ကြီးမားလှသော ဓားကြီး၏ တိုက်ခိုက်ချက်ဧရိယာ အတွင်းမှ လွတ်မြောက်သွားခဲ့သည် ဆိုသော်လည်း ကြီးမားလှသော ဓားကြီး၏ ဓားချီသည် သူ့ဆီသို့ ထပ်မံ၍ ကျဆင်းလာတော့သည်။

အိုးရန်လီသည် ဒေါသတကြီးဖြင့် သူ၏ဓားကိုမြှောက်ကိုင်ကာ ခန္ဓာကိုယ်၏အရှေ့ဘက်သို့ ကာလိုက်၏။ အကန့် အသတ်မဲ့သော စိတ်ဝိညာဉ်များသည် အလွန်များပြားစွာဖြစ်တည်လာပြီးနောက် ဓားထဲသို့ စီးဝင်သွားတော့သည်။ သူ့အနေနှင့် ထိပ်တိုက်ရင်ဆိုင်မှ ရပေတော့မည်။

ဘုန်း

ဓားပေါင်းတစ်သောင်းဖြင့် ဖန်တီးထားသော ကြီးမားလှသည့်ဓားကြီးသည် အောက်သို့ ခုတ်ပိုင်းကျလာသည့် အချိန်မှာတော့ အလွန်တရာ ကြမ်းရမ်းပြီး အားအင်ပြင်းထန်လွန်းသော ဓားစွမ်းရည်များသည် လှိုင်းများကဲ့သို့ ဝုန်းကနဲ တိုးဝင်လာ၏။

ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း

တိုက်ခိုက်ရေးတည်နေရာ၏ ကြမ်းပြင်တစ်ခုလုံးသည် ရုတ်တရက်ဆိုသလိုပဲ တစ်စစီဖြစ်ကုန်၏။ အနီးကပ် ကြည့်ရှုနေကြသော ကျင့်ကြံသူများသည် ဓား၏ အားလှိုင်းများကြောင့် အနောက်ဘက်သို့ ယိုင်ထွက်သွားပြီး မြေပေါ်သို့ပင် ဖင်ထိုက်လျက်ပြုတ်ကျကုန်ကျတော့၏။

All Chapters