အခန်း (၅၁၉)
Vol. 35 Ch. 519
အိုးရန်မိသားစု၏ တိုက်ရိုက်မျိုးဆက်တစ်ရာကျော်တို့သည် အားလုံး၏ ရှေ့မှာပဲ တန်းစီကာ တောင်းပန်ခြင်းကို ပြုလုပ်ရတော့သည်။
ဤမြင်ကွင်းသည် တစ်ခြားသော သူများအားလုံးကို ကြက်သေသေနေစေ၏။
လျိုဝမ်ရှစ်အား အနိုင်ကျင့်ခဲ့သော သူအား မည်ကဲ့သို့ ခွဲခြမ်းသိရှိနိုင်မည်နည်း။
ဤအရာမှာ ရိုးရှင်းလွန်းလှသည်။ ကျွင်းချောင်ရှောင်းသည် အိုးရန်မိသားစု၏ တိုက်ရိုက်မျိုးဆက်မှ လူငယ်မျိုးဆက်များအားလုံးကို ခေါ်ထုတ်ကာ တောင်းပန်စေခဲ့ခြင်းပင်ဖြစ်သည်။
ထိုသူများသည် လျိုဝမ်ရှစ်အား အနိုင်ကျင့်ခဲ့သည် ဖြစ်စေ မကျင့်ခဲ့သည်ဖြစ်စေ ကိစ္စမရှိပေ။ အားလုံးသည် တောင်းပန်ခြင်းကို ပြုလုပ်ရပေလိမ့်မည်။
လျိုဝမ်ရှစ်မှာတော့ သူ့အား ခေါင်းပင် မော့မကြည့်ရဲဘဲ လာရောက်တောင်းပန်နေကြသော အိုးရန်မိသားစုမှ တိုက်ရိုက်မျိုးဆက်များကို ကြည့်ရင်း ဂုဏ်ယူစွာ မတ်မတ်ရပ်လျက်ရှိသည်။
ပထမတုန်းက သူမသည် အိုးရန်မိသားစုနှင့် ရှုပ်ရှုပ်ရှက်ရှက်တွေ မလုပ်ဘဲ သီးသန့်ပင် နေထိုင်ချင်ခဲ့သူ ဖြစ်သည်။ လက်ရှိအခြေအနေမှာတော့ သူမအား အနိုင်ကျင့်ခဲ့ကြသော လူများအားလုံး၏ ဦးညွှတ်ကာ တောင်းပန်ခြင်းကို ခံရပြီးသည့်နောက်မှာတော့ အလွန်တရာ စိတ်ကျေနပ်မှုကို ခံစားနေရ၏။
"ဂိုဏ်းချုပ်"
လျိုဝမ်ရှစ်သည် အသံပို့ လွှတ်လိုက်၏။ "ကျေးဇူးပါပဲ"
ဂိုဏ်းချုပ်သည်သာ သူမအား အိုးရန်မိသားစုဆီသို့ ခေါ်ဆောင်၍ တရားမျှတမှုကို လာ၍မတောင်းဆိုပါက သူမ၏ ရင်ထဲတွင် ရှိသော အကြိတ်အခဲသည် ထာဝရ ပျောက်ပျက်မည် မဟုတ်ချေ။
"ကောင်မလေး"
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "မင်းက ငါ့ကို အပြင်လူတစ်ယောက်လို ဆက်ဆံနေတာပဲ"
လျိုဝမ်ရှစ်သည် တောက်ပစွာ ပြုံးလိုက်သည်။ "ဂိုဏ်းချုပ်က တုတုအတွက် အရင်းနှီးဆုံးလူပဲ။တုတု တစ်ဘဝလုံး ထမင်းချက်ကျွေးဖို့ စိတ်ကူးထားပါတယ်။"
"ဒါဆိုရင် သဘောတူညီမှု ရပြီ။ မင်း တစ်လတစ်ရက် နာရီအပိုင်းအခြားတောင် မပျက်ကွက်စေနဲ့" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
အင်း
လျိုဝမ်ရှစ်သည် ခေါင်းညိတ်လိုက်တော့၏။
သိုပေမဲ့ အိုးရန်မိသားစု၏ တိုက်ရိုက်မျိုးဆက်ထဲမှ မိန်းကလေးတစ်ယောက် ရောက်ရှိလာချိန်မှာတော့ သူမ၏ အပြုံးများသည် အေးခဲသွားသည်။ သူမ၏ ကြီးမားသည့် မျက်လုံးကြီးနှစ်လုံးထဲတွင် အေးစက်သည့် အရိပ်အယောင်များ ဖြစ်တည်လာတော့သည်။
အိုးရန်လဲ့။
အိုးရန်မိသားစု၏ လူငယ်မျိုးဆက်ထဲမှ အကြီးဆုံးသော မျိုးဆက်ဖြစ်သည်။
သူမ မိသားစုအထဲတွင် နေထိုင်ခဲ့သည့် အတော်အတွင်း ဤအမျိုးသမီးသည် လျိုဝမ်ရှစ်အား အများဆုံး အနိုင်ကျင့်ခဲ့သူလည်း ဖြစ်၏။ သောက်ရှုးဆိုသည့် စကားလုံးအား အစောဆုံး စတင်ခေါ်ယူခဲ့သည်မှာ ထိုသူပင် ဖြစ်တော့၏။
အိုးရန်မိသားစု၏ လက်ရှိ ခေါင်းဆောင်သည် အိုးရန်လဲ့၏ အဖေပင် ဖြစ်သည်။
သူ၏ အမေသည် မြို့ရှိ တစ်ခြားအားကောင်းလှသော မိသားစုထဲမှ မွေးဖွားလာခဲ့သူဖြစ်သည်။ မိသားစုထဲမှာတော့ အိုးရန်လဲ့သည် အချစ်တော်သမီးတော်တစ်ယောက်ဖြစ်ပြီး သူမ၏ ဂုဏ်အရှိန်အဝါသည် သာမန်ထက်ပိုသော ပါရမီရှင် ဝမ်းကွဲများနှင့် နှိုင်းယှဉ်၍ ရနိုင်၏။
လျိုဝမ်ရှစ်သည် ထိုသူများအားလုံး၏ရှေ့မှာတော့ စင်ဒရဲလားတစ်ယောက်လိုပင် ဖြစ်သည်။ အားလုံး၏ အနိုင်ကျင့် နှိက်စက်ခြင်းကိုခံခဲ့ရသည်မှာ စိတ်နာဖွယ်ရာပင်။
အိုးရန်လဲ့သည် လျိုဝမ်ရှစ်ကို အမြင်မကြည်ခဲ့ပေ။
သူမ၏ မိသားစုထဲတွင် ဤသို့သော တရားမဝင်သားသမီးတစ်ယောက် ရောက်ရှိလာမည်ကို မနှစ်ခြိုက်။ ထို့ကြောင့် စိတ်ပျက်၍ ထွက်ခွာသွားရန်ကို အမျိုးမျိုး ပြုလုပ်ခဲ့သူပင်ဖြစ်သည်။
သူမ၏ သန့်စင်လှသော သွေးမျိုးဆက်ကို ဝံ့ကြွားလျက်ရှိသော အိုးရန်လဲ့သည် နေ့စဉ်နေ့တိုင်း မောက်လှသည့် ငန်းတစ်ကောင်ကဲ့သို့ပင် အိုးရန်လဲ့ကို လာရောက်၍ စကားလုံးများဖြင့် အနိုင့်ကျင့် နှိပ်စက်ခြင်းကို ပြုလုပ်တတ်သူလည်း ဖြစ်၏။
တိုက်ဆိုင်စွာဖြင့် ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်စွမ်းအင်များထဲတွင် အာရုံဖြန့်ကျက်ကြည့်လိုက်စဉ် လျိုဝမ်ရှစ်အား နစ်နစ်နာနာ ပြောဆိုနေသူမှာလည်း ထိုသူမပင် ဖြစ်တော့သည်။
ကျွင်းချောင်ရှောင်း ပြောလိုက်၏။ "ရိုက်"
ဖောင်း။
လျိုဝမ်ရှစ်သည် သူမ၏ လက်ဝါးကို လွှဲယမ်းကာ ပါးကို ပိတ်ရိုက်လိုက်၏။
"နင်"
အိုးရန်လဲ့သည် သူမ၏ နီရဲနေသော ပါးအား အသာအုပ်ကိုင်လိုက်၏။ မျက်လုံးထဲမှာတော့ ဒေါသတရားများနှင့် ပြည့်နက်နေသည်။
လျိုဝမ်ရှစ်သည် အေးစက်စက် ပြောလိုက်၏။ "ကျွန်မ လျိုဝမ်ရှစ်က တစ်နေ့မှာ ဒီလိုပုံစံမျိုးနဲ့ ပြန်လာလိမ့်မယ်လို့ ရှင်တို့ မထင်ဘူးမဟုတ်လား။"
အိုးရန်လဲ့၏ မျက်လုံးထဲတွင် ဒေါသတရားများနှင့် ပြည့်နက်သွား၏။
"ဆက်ရိုက်" ကျွင်းချောင်ရှောင်း ပြောလိုက်၏။
ဖောင်း ဖောင်း ဖောင်း
လျိုဝမ်ရှစ်သည် သူမ၏ လက်ကို ဆက်တိုက်ဆိုသလိုပဲ လွှဲယမ်းနေသည်။
အိုးရန်လဲ့၏ မျက်နှာသည် ဘယ်ကိုယိမ်းလိုက်၊ ညာကိုယိမ်းလိုက်နှင့် ချက်ချင်းဆိုသလိုပဲ နီ၍ ယောင်ကိုင်း တက်လာတော့၏။
အိုးရန်မိသားစုခေါင်းဆောင်သည် ထိုဖြစ်စဉ်ကို ကြည့်ရှုနေရ၏။
သူသည် ဒေါသထွက်လွန်းသောကြောင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်ဆိုသော်လည်း စကားလုံးတစ်လုံးမှ ဝင်ရောက်၍ မပြောရဲချေ။
အဘယ့်ကြောင့်ဆိုသော် လျိုဝမ်ရှစ်သည် အိုးရန်လဲ့အား ပါးရိုက်နေစဉ်အတွင်းမှာပဲ ကျွင်းချောင်ရှောင်းသည် အစောကတည်းက ကြောက်မတ်ဖွယ်ရာ ကောင်းသော ဓားချီများအား ဖြန့်ကျက်ထားပြီးဖြစ်နေသည်။
အိုးရန်မိသားစုမှ တစ်စုံတစ်ယောက်သည်သာ လှုပ်ရှားလာမည်ဆိုပါက ကျိန်းသေပေါက် တိုက်ခိုက်တော့မှာ ဖြစ်၏။
အိုးရန်မိသားစု ဂိတ်တံခါး အပြင်ဘက်မှာတော့ လျိုဝမ်ရှစ်သည် အိုးရန်မိသားစု ခေါင်းဆောင်၏ သမီးအား ဘယ်ပြန်ညာပြန်ပါးရိုက်လျက် ရှိနေ၏။
"တုတု"
အိုးရန်မိသားစု၏ တိုက်ရိုက်လူငယ် မျိုးဆက်များ အားလုံးသည် ဦးညွှတ်ကာ တောင်းပန်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ပြန်ကြစို့"
အင်း
လျိုဝမ်ရှစ်သည် အနောက်မှလိုက်ပါလာတော့သည်။ သို့ပေမဲ့ ခြေလှမ်းနှစ်လှမ်း လှမ်းပြီးသည့်နောက်မှာတော့ သူမသည် ရပ်တန့်ကာ ပြောလိုက်၏။ “သုံးရက်ကြာရင် ကျင်းပမယ့် စာဖိုမှူးပြိုင်ပွဲမှာ ကျွန်မက အိုးရန်မိသားစုရဲ့ တိုက်ရိုက်မျိုးဆက်တွေအားလုံးကို အနိုင်ယူပြမယ်"
အိုးရန်မိသားစုသည် အစားအစာများ ချက်ပြုတ်ခြင်းတွင် အမြဲ အာရုံစိုက်ထားကြသူများ ဖြစ်သည်။ သိုင်းပညာဆိုသည်မှာ သူတို့အတွက် ဒုတိယသာဖြစ်၏။
အစားအသောက်ချက်ပြုတ်ခြင်းစွမ်းရည်ဖြင့် အနိုင်ယူနိုင်ခဲ့မည်ဆိုပါက ၎င်းတို့၏ ဂုဏ်သိက္ခာအား နှစ်ထပ်ကွမ်း နင်းချေ ခြင်းနှင့်ပင် ဆင်တူနေသည်။
ကျွင်းချောင်ရှောင်း သည် လျိုဝမ်ရှစ်နှင့်အတူ ထွက်ခွာသွားပြီးသည့်နောက်မှာတော့ အိုးရန်မိသားစု၏ တိုက်ရိုက်မျိုးဆက်များအားလုံးတို့သည် အိမ်တော်ထဲသို့ ဝင်သွားကြ၏။
အိမ်တော်၏ အနီရောင် တံခါးကြီးသည် တင်းတင်းပိတ်သွားပြီး အထက်ပိုင်းအကြီးအကဲများအားလုံးသည် ဒေါသနှင့် တဆတ်ဆတ်တုန်နေလျက်ရှိသည်။
"အိုးရန်ကျွင်း"
အကြီးအကဲတစ်ယောက်သည် ဒေါသတကြီးပြောလိုက်သည်။ "ငါတို့ အိုးရန်မိသားစုကို ကောင်းကင်ဘုံမြို့မှာ ဂုဏ်သိက္ခာတစ်ခုမှ မရှိအောင် လုပ်ခဲ့တာ မင်းရဲ့ သမီးပဲ"
အိုးရန်ကျွင်း၏ မျက်နှာသည် အဆုံးစွန်ထိ ပျက်ရွင်းလျက်ရှိသည်။
ပြောရမည်ဆိုလျှင် ကလန်မှ တိုက်ရိုက်မျိုးဆက်များ သူ့သမီးကို သွားရောက်တောင်းပန်ချိန်မှာတော့ သူသည် သူ၏ နှလုံးသားထဲတွင် ပျော်ရွင်မှုကို ခံစားနေရ၏။
"မိသားစုခေါင်းဆောင် …. အိုးရန်မိသားစုကို ကျုပ်က အရှက်ရစေခဲ့ပါတယ်။ဒါကြောင့်အိုးရန် မိသားစုဆီမှာ ထပ်ပြီးတော့ နေစရာ မျက်နှာ မရှိတော့ပါဘူး။ဒီနေ့ကပဲ ထွက်ခွာသွားပြီး ဘယ်တော့မှ ပြန်မလာတော့ဘူး" အိုးရန်ကျွင်းသည် ဝမ်းနည်းစွာဖြင့် ထပ်ပြောလိုက်၏။
ဟန့်။
အကြီးအကဲအားလုံးသည် အေးစက်စက်နှင့် နှာခေါင်းရှုံ့လိုက်၏။
အိုးရန်ကျွင်းသည် မည်သည့်စကားမှ ထပ်မဆိုချေ။ အဝတ်အစား အထုပ်အပိုးများကိုပင် မထုတ်ပိုးတော့ဘဲ အိုးရန်မိသားစုဆီမှ ထွက်ခွာလာခဲ့သည်။
တည်းခိုခန်း၏ စားသောက်ခန်း နေရာမှာတော့ လျိုဝမ်ရှစ်သည် ထမင်းပန်းကန်တစ်လုံးကို ကိုင်ကာ ပါးစပ်နှင့်အပြည့် အားရပါးရစားလျက်ရှိသည်။
နှစ်ပေါင်းများစွာ ခံစားခဲ့ရသော နှလုံးသားထဲမှ အကြိတ်အခဲကို ဖြေရှင်းခဲ့ပြီးပြီဖြစ်သောကြောင့် အလွန်တရာ ပျော်ရွင်နေမိ၏။
လက်ရှိတွင် စားချင်သောက်ချင်စိတ်များပင် ပိုမို၍ တိုးတက်လျက်ရှိသည်။
"ဖြည်းဖြည်းစား နင်နေအုံးမယ်" ကျွင်းချောင်ရှောင်းသည် ပြုံးကာ ပြောလိုက်၏။
ဂိုဏ်းချုပ်ကျွင်း သည် ကျူးရင်ဟောခန်းမှ ကျောင်းသားများအား ဒေါသတကြီးဖြင့် ရိုက်နှက်လျှင် ရိုက်နှက်လိမ့်မည်။ သို့ပေမဲ့ သူ၏ တပည့်ကိုတော့ လက်နှင့်ကိုင်ထားလျှင် အရည်ပျော်သွားမလား စိုးရိမ်မိသည်အထိ စိုးရိမ်တတ်သူလည်း ဖြစ်သည်။
လျိုဝမ်ရှစ်သည် အားရပါးရ စားသောက်လျက်ရှိ၏။ ပြီးနောက် ပြုံးကာ ပြောလိုက်၏။ "ဂိုဏ်းချုပ် ပြင်ပလူတစ်ယောက်ယောက် လုပ်တဲ့ အစားအစာက စားလို့ကောင်းတယ်ဆိုတာ ဒီတစ်ကြိမ်က ပထမဦးဆုံး အကြိမ်ပဲ"
ကျွင်းချောင်ရှောင်း ပြောလိုက်၏။ "ဒါက မင်းရဲ့ စိတ်အပေါ်မှာ မူတည်တာလေ။စိတ်ပျော်ရွင်နေရင် စားသမျှအကုန်လုံးက အရသာရှိနေတာပဲ"
"ဒါဆိုရင် နောက်ထပ်တစ်ပန်းကန် ယူအုံးမယ်"
"စားပွဲထိုး နောက်ထပ် ထမင်း နှစ်ပန်းကန်ပေးအုံး"
"ကောင်းပါပြီ ဧည့်သည် …. ကျေးဇူးပြုပြီး စောင့်ပါအုံး"
စိတ်ကောင်းဝင်နေသော လျိုဝမ်ရှစ်သည် နောက်ထပ် ထမင်းသုံးပန်းကန် စားပြီးသည့်နောက်မှာတော့ ဇိမ်ရှိရှိနှင့် ထိုင်ခုံအား မှီလိုက်တော့သည်။
"ကောင်မလေး"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ငါ မင်းကို မေးစရာရှိတယ်"
"ဘာမေးခွန်းလဲ"
"မင်းရဲ့ အဖေကို မုန်းလား"
"မုန်းတယ်"
လျိုဝမ်ရှစ်သည် တစ်ချက်ကလေးမှ မတွေးတောဘဲ ဖြေလိုက်၏။
ကျွင်းချောင်ရှောင်း ပြောလိုက်၏။ "အိုးရန် မိသားစုဆီကို ပြသနာသွားရှာဖို့ ငါ မင်းကို ခေါ်သွားခဲ့တော့။မင်းရဲ့ အဖေရဲ့ အနာဂတ်တွေက ကျိန်းသေပေါက် ကောင်းမှာ မဟုတ်တော့ဘူး"
"ဒါက သူ့ပြသနာလေ။ကျွန်မနဲ့ ဘာမှ မဆိုင်ဘူး" လျိုဝမ်ရှစ် ပြောလိုက်သည်။
ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ "ဘာပဲပြောပြော သူက မင်းရဲ့ အဖေပဲလေ။သူက မှားယွင်းတဲ့ အရာတွေကို ပြလုပ်ခဲ့တယ်ဆိုရင်တောင်မှ ပြင်ဆင်နိုင်ဖို့ သူ့ကို အခွင့်အရေးပေးရမယ်။ မဟုတ်ဘူးလား"
လျိုဝမ်ရှစ် ငြိမ်သက်သွားသည်။
"ပြီးတော့ သူက မင်းကို ဂရုစိုက်သေးတယ်။ မဟုတ်ရင် ဘယ်လိုလုပ် အိုးရန်မိသားစုဆီကို ပြန်ခေါ်လာမှာလဲ။မင်းအနိုင်ကျင့်ခံနေရတယ်ဆိုပေမယ့် သူ့ရဲ့ ပထမရည်ရွယ်ချက်က မင်းအနေနဲ့ ကောင်းမွန်တဲ့ ဘဝမှာ နေထိုင်ဖို့ပဲလေ။မင်း အပြင်ဘက်ကို လျှောက်ပြီးသွားနေရင် သူတောင်းစားသာသာပဲ ဖြစ်သွားမှာပေါ့။"
"ဂိုဏ်းချုပ်"
လျိုဝမ်ရှစ်သည် စိတ်ဆုံးဖြတ်ပြီးသား အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်၏။ "ကျွန်မ အိုးရန်မိသားစုနဲ့ ဘာတစ်ခုမှ မပတ်သက်ချင်တော့ဘူး။သူအပါအဝင်ပေါ့"
"ဒီစကားက"
ကျွင်းချောင်ရှောင်းသည် အပြင်ဘက်ဆီသို့ လက်ညိုးထိုးကာ ပြောလိုက်၏။ "မင်း သူနဲ့ ပြောလိုက်တော့"
လျိုဝမ်ရှစ်သည် ကြောင်သွား၏။ ပြီးနောက် အသာလှည့်ကြည့်လိုက်တော့သည်။
အိုးရန်ကျွင်းသည် အလွန်တရာ ရှုပ်ထွေးလှသော ခံစားချက်များ ပါဝင်သည့် မျက်လုံး အစုံဖြင့် စားသောက်ခန်း၏ တံခါးဝတွင် ရပ်ကာ ကြည့်လျက်ရှိသည်။
သူသည် သူ၏ သမီးကို အော်ခေါ်ချင်နေ၏။ သို့ပေမဲ့ သူ၏ စကားလုံးများသည် လည်ချောင်းဝတွင် တစ်လျက်ရှိနေ၏။
"ဒီနေရာက စကားပြောလို့ကောင်းတဲ့နေရာမဟုတ်ဘူး။အပေါ်ထပ်ကို တက်သွားတော့" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
"ဂိုဏ်းချုပ်"
"သူက မင်းရဲ့ အဖေလေ။မင်းရဲ့ ရန်သူ မဟုတ်ဘူး။ သူက မှားယွင်းခဲ့တယ်ဆိုရင်တောင် သမီးတစ်ယောက်အနေနဲ့ သူကို ပြန်လည်ပြင်ဆင်ဖို့ အခွင့်အရေးပေးရမယ်...."
လျိုဝမ်ရှစ်သည် တိတ်ဆိတ်ငြိမ်သက်သွား၏။
ပြီးနောက် သူမသည် မတ်တပ်ထရပ်ကာ နှုတ်ခမ်းဆူ၍ ဒုတိယထပ်ဆီသို့ ထပ်ပြီး ဆက်လျှောက်သွားတော့သည်။ ကြည့်ရသည်မှာ သူမသည် အမှားအယွင်းများကို ပြင်ဆင်ရန်အတွက် အိုးရန်ကျွင်းအား အခွင့်အရေး ပေးရန်ပေါ်သည်။
"မြန်မြန်တက်သွားတော့"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ရပ်ပြီးတော့ ဘာလုပ်နေတာလဲ နေပူဆာလှုံနေတာလား"
"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ကျွင်း"
အိုးရန်ကျွင်းသည် လက်သီးကို ဆုပ်ကာ ဂါဝရပြုရင်း သူ၏ သမီးနောက်သို့ လိုက်ပါသွားတော့သည်။
ကျွင်းချောင်ရှောင်းသည် ဝိုင်တစ်ခွက်ကို အသာသောက်ပြီး ကောင်းကင်ဘုံကျောင်းဆီသို့ ဦးတည်ကာ လှမ်းထွက်သွားတော့သည်။
အရိုးသားဆုံးပြောရလျှင် သူသည် အိုးရန်ကျွင်းအပေါ်တွင် အမြင်ကောင်းမရှိပေ။ သို့ပေမဲ့ မည်သို့ပင် ဆိုစေကာမူ ထိုသူသည် လျိုဝမ်ရှစ်၏ မွေးသဖခင် ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ပြုပြင်ပြောင်းလဲရန်အတွက် အခွင့်အရေးတစ်ကြိမ်တော့ ပေးသင့်သည် မဟုတ်လား။
ဂိုဏ်းချုပ်ကျွင်းသည် အဖေနှင့် သမီး၏ ကိစ္စတွင် ဝင်ရောက်မပါဝင်ချင်ပေ။
ထို့ကြောင့် ကောင်းကင်ဘုံကျောင်းဆီသို့ ဦးတည်ပြီး ကျူးရင်ဟောခန်းတွင်ရှိသော သခင်လေးများအား လေ့ကျင့်ပေးရန် သွားလိုက်တော့သည်။