အခန်း (၅၂၀)
Vol. 35 Ch. 520
“အိုးရန်မိသားစုရဲ့ ဘိုးဘေးကြီးဟာ ဓားတိုက်ခိုက်ချက်နဲ့ကြုံတော့ ခြေလှမ်းတစ်ဒါဇင်တောင် နောက်ကို ဆုတ်သွားရတယ်၊ ဆရာကျွင်းက တကယ့်ကို မြန်လွန်းတယ်၊ ပြောတာမှ ကြာအုံးမယ်၊ မျက်စိတစ်မှိတ်အတွင်းပဲ ဓားတွေအကုန်လုံးက အိုးရန်မိသားစုရဲ့ ဘိုးဘေးကြီးကို လွှမ်းခြုံသွားတာ အရမ်းကို ကောင်းတဲ့ ဓားနည်းစနစ်ပဲ၊ ဘာဖြစ်သွားမယ်ထင်လဲ”
ကျူးရင်ဟောခန်းထဲမှာတော့ ဟုန့်လင်သည် စားပွဲပေါ်သို့ ခြေတစ်ဖက်ကိုတင်၍ ကျန်သည့်ကျောင်းသားများ အားလုံးကို သေသေချာချာ သရုပ်ပြ ပြောကြားလျက်ရှိသည်။
“ဘာဖြစ်သွားလဲ”
ကျောင်းသားများအားလုံးသည် စိတ်အားတက်ကြွစွာဖြင့် ပြန်လည်မေးမြန်းလိုက်၏။
ထိုအချိန်မှာတော့ ဟုန့်လင်သည် အားလုံးကို စိတ်အားထက်သန်မှုအပြည့်ဖြင့် ဖင်တကြွကြွဖြစ်အောင် ဇာတ်လမ်းကို ဆွဲကာ သေသေချာချာရှင်းပြလျက်ရှိသည်။
“အိုးရန်မိသားစုရဲ့ ဘိုးဘေးကြီးက တိုက်ခိုက်ရေးတည်နေရာထဲကနေ အပြင်ကို လွှင့်စင်သွားတယ်၊ သူ့ရဲ့ တိမ်ဖုံးဓားကလည်း ကျိုးသွားတယ်၊ ရင်ဘတ်ပေါ်မှာ ကြီးမားတဲ့ဓားရာကြီးတစ်ခု ထင်ကျန်ခဲ့တယ်”
“တကယ်လား”
အားလုံးသည် သံပြိုင်ထအော်လိုက်ကြ၏။
ဤကဲ့သို့ သိုင်းဘုရင်များ၏ တိုက်ခိုက်မှုသည် ဟုန့်လင်၏ ပြောတက် ဆိုတတ်သည့် ဟန်အမူအရာကြောင့် ဇာတ်လမ်းမှာ ပိုမို၍ ကြွတက်လာကြသည်။ သူတို့၏ ကိုယ်ပိုင်မျက်လုံးဖြင့် မြင်နေရသကဲ့သို့ ထိတ်လန့်ခြောက်ခြားမှုကိုပင် ခံစားမိနေကြ၏။
တစ်ယောက်က ချီးကျူးသလို ထပြောလိုက်သည်။ “ဆရာကျွင်းက တကယ့်ကို အားကောင်းလွန်းတယ်”
“သူကအားကောင်းတာထက်ကို ပိုတယ်ကွ”
ဟုန့်လင်က ပြောလိုက်၏။ “ကြောက်ဖို့ကောင်းလောက်အောင် အားကောင်းတာ”
“သူရဲကောင်းစာရင်းရဲ့ ထိပ်ဆုံးမှာရှိနေတဲ့ စီနီယာတောင်မှ ဂိုဏ်းချုပ်ကျွင်းရဲ့ ရှေ့မှာတော့ ဘာမှ မဟုတ် လောက်ဘူး”
ကျွင်းချောင်ရှောင်းသည် သိုင်းဘုရင်ထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်အား တိုက်ခိုက်ချက်တစ်ခုတည်းဖြင့် တိုက်ခိုက်အနိုင်ရရှိခဲ့သည်။ ထိုအရာမှာ ကျူးရင်ဟောခန်းမှ ကျောင်းသားများအားလုံး၏ ချီးကျူးစရာ ဖြစ်လို့နေ၏။
စားပွဲပေါ်သို့ ခြေတစ်ဖက်တင်လျက်ရှိသော ချူရှိုးနန်၏ နှုတ်ခမ်းထောင့်များသည် ကော့တက်သွား၏။ “အိုးရန်မိသားစုရဲ့ အားအင်အဆင့်က သာမန်ပဲလို့ ငါပြောနိုင်တယ်၊ သူသာ ငါတို့ရဲ့ ချူမိသားစုကို ရန်စကြည့်ပါလား၊ အိမ်တော်ထဲကို လျှောက်ဝင်လာပြီးရင် လေးဘက်ထောက်ပြီး ပြန်ထွက်သွားလိမ့်မယ်”
ဟား ဟား ဟား
တစ်စုံတစ်ယောက်က ရယ်ကာပြောလိုက်သည်။ “သခင်လေးချူရဲ့ မိသားစုက သိုင်းအုပ်စိုးသူ ရှိတယ်လေ၊ ဆရာကျွင်းက အဲထဲကို ဝင်သွားဖို့တော့ သတ္တိမရှိလောက် ဘူး”
“ဒါက အမှန်ပဲ”
ချူရှိုးနန်သည် ဂုဏ်ယူစွာဖြင့် ပြောလိုက်၏။ “သူက ဓားနဲ့သိုင်းဘုရင်တစ်ယောက်ဖြစ်တယ်ဆိုရင်တောင်မှ သိုင်းအုပ်စိုးသူတစ်ယောက်ရဲ့ ရှေ့မှာတော့...”
ပြောနေရင်းမှာပင် သူ၏ အသံသည် ရပ်တန့်သွားသည်။ အဘယ်ကြောင့်ဆိုသော် အခန်းတံခါး၏ အပေါက်ဝ ရှေ့မှာတော့ ကျွင်းချောင်ရှောင်းသည် ပြုံးပြုံးကြီးရပ်လျက် ကြည့်နေသည်။
“ဆရာကျွင်း”
ဟုန့်လင်က ထအော်လိုက်၏။ ထို့နောက်သူသည် စားပွဲပေါ်တွင် တင်ထားသောခြေထောက်အား အသာချ၍ မတ်မတ်ထိုင်လိုက်သည်။
အားလုံးသော ကျောင်းသားများသည် သတိဝင်သွားပြီး ကိုယ့်ထိုင်ခုံဆီသို့ မြန်မြန် သွားကာ လိမ္မာသော ကလေးများကဲ့သို့ ငြိမ်ငြိမ်သက်သက်ပင် ထိုင်လိုက်တော့ကြ၏။
စားပွဲပေါ်တွင် ခြေတစ်ဖက် တင်ထားဆဲဖြစ်သော ချူရှိုးနန်ကတော့ တွန့်ဆုတ် တွန့်ဆုတ် အမူအရာဖြင့် အသာခြေထောက်ကို ပြန်ရုတ်လိုက်သည်။
ဘန်း …။
ရုတ်တရက် ဆိုသလိုပဲ ကျွင်းချောင်ရှောင်းသည် ချူရှိုးနန်၏ ရှေ့သို့ ပေါ်လာပြီးသည့်နောက်မှာတော့ သံလက်သီး နှင့်မိတ်ဆက်လိုက်တော့သည်။
အားလုံးသည် ထိုအချင်းအရာကိုမြင်တော့ ကြက်သီးများပင် ထသွားမိကြ၏။
ပက်ပက်စက်စက် ရိုက်နှက်ပြီးသည့်နောက်မှာ ချူရှိုးနန်သည် မြေပြင်ပေါ်တွင် လဲလျက်ရှိနေတော့သည်။ သူ၏ စိတ်ထဲမှာတော့ အကြိမ်ကြိမ် ရေရွတ်လျက်ရှိနေသည်။ “အခွင့်အရေးလေး နည်းနည်းလေးတောင် မပေးပါလား”
ဘုန်း
ကျွင်းချောင်ရှောင်းသည် သူ၏ လက်ဝါးကို စင်မြင့်ပေါ်ရှိ စားပွဲပေါ်တွင် အသာရိုက်နှက်ပြီး လေးလေးနက်နက် ပြောလိုက်သည်။ “ငါထပ်ပြီးတော့ ပြောမယ်၊ ဒီကျောင်းခန်းထဲမှာ မသင့်တော်တဲ့ အပြုအမူနဲ့ နေထိုင်သူတွေရှိရင် ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမယ်”
“ကောင်းပါပြီ ဆရာကျွင်း”
ကျောင်းသားများသည် ပြိုင်တူဆိုသလို အော်ဟစ်လိုက်၏။ သူတို့၏ အသံသည် ကျယ်လောင်၍ ရှင်းလင်းလှ၏။
“မင်းတို့အနေနဲ့ ကျွမ်းကျင်သူတစ်ယောက် ဖြစ်ချင်တယ်ဆိုရင် သိုင်းကျင့်ကြံခြင်းနည်းစနစ်တွေ အပေါ်မှာပဲ အားကိုးလို့မရဘူး၊ အားကောင်းလှတဲ့ ခန္ဓာကိုယ်ကိုလည်း ပိုင်ဆိုင်ဖို့လိုတယ်၊ ဒီနေ့အတွက် သင်ခန်းစာကတော့ …”
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် ကော့တတ်သွား၏။ သူသည် မိစ္ဆာဆန်ဆန် ပြုံးကာ ပြောလိုက်၏။ “သိုင်းလေ့ကျင့်ရေးကွင်းပြင်ကို အပတ်တစ်ထောင်တိတိ ပြေးမယ်”
ဟမ်
“ဘယ်သူငြင်းချင်သေးလဲ”
“မငြင်းပါဘူး၊ ဆရာကျွင်း”
“ဒါဆို မြန်မြန်သွားတော့”
….......
ကျောင်းသားများအား သင်ယူပြသဖို့အတွက် အသုံးပြုသော ကျောင်း၏လေ့ကျင့်ရေးကွင်းထဲတွင် တချို့သော ကျောင်းသားများသည် အတန်းမရှိချိန်တွင် လာရောက်၍ လေ့ကျင့်နေကြသည်။ ထိုသူများသည် ကျူးရင်ဟောခန်းမှ ပါရမီရှင်များအားလုံး လေ့ကျင့်ရေးကွင်းပြင်ကြီးကို ပတ်၍ ပြေးနေသည်ကို မြင်ချိန်မှာတော့ ဆွံ့အလျက် ရှိနေကြသည်။ ဤမျှမောက်မာသော သခင်လေးများအားလုံးသည် အဘယ်ကြောင့်ကွင်းအား ပတ်၍ ပြေးနေရသနည်း။
“မင်းတို့အနေနဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေကို ထုတ်သုံးလို့မရဘူး၊ ခန္ဓာကိုယ်အားအင်သက်သက်ကိုပဲ ပြေးရမယ်” ကျွင်းချောင်ရှောင်းသည် လက်နှစ်ဖက်ကို အနောက်ကိုပစ်ကာ အော်ဟစ်လိုက်၏။
“ကောင်းပါပြီ”
အားလုံးသည် ပြိုင်တူအော်ဟစ်လိုက်ကြသည်။ သူတို့အနေနှင့် ဂိုဏ်းချုပ်ကျွင်း၏ ကြမ်းတမ်းလှသော ရိုက်နှက်ချက်များကို ကြောက်ရွံ့သည်ဖြစ်သောကြောင့် စိတ်ဝိညာဉ်စွမ်းအင်များကို အသုံးမပြုရဲချေ။ ခြေထောက် နှစ်ဖက်ကိုသာ အားကိုး၍ ပြေးနေရသည်။
“အပတ်တစ်ထောင်”
ဤအရာမှာ ကြောက်မက်ဖွယ်ကောင်းလှသော အရေအတွက်ပင်ဖြစ်သည်။ သူတို့အနေနှင့် အပတ်သုံးဆယ် လောက်သာပြေးလွှားနိုင်သည်။ မျက်နှာတစ်ခုလုံးသည် နီရဲပြီး ချွေးများတစ်ပေါက်ပေါက်နှင့် ကျလျက်ရှိသည်။ ကျောင်း၏ လေ့ကျင့်ရေးကွင်းပြင်သည် အလွန်တရာကြီးများလှပြီး တစ်ဖက်လျှင် ငါးလီမှ ခြောက်လီနီးပါးခန့် ရှိသည်။ အပတ်သုံးဆယ်ပြေးပြီးသည့်နောက်မှာတော့ လီနှစ်ရာခန့် ပြေးပြီးဖြစ်သည်။
မည်သည့်စိတ်ဝိညာဉ်စွမ်းအင်များကို အသုံးမပြုကြသောကြောင့် ဤကဲ့သို့သော အကွာအဝေးကို ပြေးပြီးသည့် နောက်မှာတော့ သူတို့၏ခန္ဓာကိုယ်များသည် အလွန်တရာ နာကျင်လာကြသည်။ အပတ်တစ်ထောင် ဆိုသည်က တော့ သိုင်းဆရာအဆင့် ကျင့်ကြံသူများ မဆိုထားနှင့် သိုင်းဘုရင်များဆိုလျှင်ပင် ခန္ဓာကိုယ်သက်သက် ပြေးလွှား ၍ရနိုင်မည့် အကွာအဝေးမျိုးမဟုတ်ချေ။
“မရဘူး၊ ငါ …. ငါမတတ်နိုင်တော့ဘူး”
အပတ်တစ်ရာလောက် ပြေးပြီးသည့်နောက်မှာတော့ ကျောင်းသားတစ်ယောက်သည် မြေပေါ်သို့ လဲကျသွား၏။ တခြားသောသူများသည်လည်း တစ်ယောက်ပြီးတစ်ယောက် လဲကျလာကြသည်။ သူတို့သည့် မာနကြီးလှသော သခင်လေးများဆိုသည့် ဂုဏ်ပုဒ်ကို ကျွင်းချောင်ရှောင်းသည် သူတို့အား အပြစ်မပေးချေ။
ပြီးနောက် တွေးလိုက်သည်။ ဒီမာနကြီးလှတဲ့ သခင်လေးတွေထဲမှာ ခန္ဓာကိုယ်အားကောင်းတဲ့လူ နည်းနည်းပဲ ရှိတာ။ ဒါပေမဲ့ သူတို့သာ သံမဏိအရိုးဂိုဏ်းထဲကို ဝင်ပြီးတော့ ကြွက်သားတည်ဆောက်ခြင်းအခန်းနဲ့ စမ်းသပ်မှုမျှော်စင်ထဲမှာ လေ့ကျင့် လိုက်မယ်ဆိုရင် ကျိန်းသေပေါက် တိုးတက်သွားမှာပဲ။
ဤနေရာတွင် မေးစရာရှိသည်မှာ သိုင်းကျင့်ကြံသူများအနေနှင့် သာမန်လူများကဲ့သို့ ပြေးလွှား၍ သက်လုံကောင်း အောင် ပြုလုပ်သည်မှာ အကျိုးသက်ရောက်မှုရှိသလား ဆိုသည်ပင်။ တကယ်တမ်းမှာတော့ ကျွင်းချောင်ရှောင်း သည် ၎င်းတို့၏ ခန္ဓာကိုယ်များ ပိုမိုသန်မာလာစေရန် ဤလေ့ကျင့်ခန်းကို ပြုလုပ်ခိုင်းခြင်းမဟုတ်ပေ။ အဓိက ရည်ရွယ်ချက်မှာ မောက်မာလှသော သခင်လေးများ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာကို ဖျက်ဆီးပစ်ရန်ပင် ဖြစ်တော့သည်။
“တကယ့်မိသားစုရဲ့ သခင်လေးတွေက ဒီလိုမျိုး ပြေးနေရတာလား၊ ငါ ဒါကို ထင်တောင်မထင်မိဘူး”
“ဂိုဏ်းချုပ်ကျွင်းက တကယ့်ကို အကောင်းဆုံးပဲ၊ တခြားဆရာတွေသာဆိုရင် ဒီသခင်လေးတွေကြောင့် ထွက်ပြေး ခဲ့ရတာ များနေပြီလေ”
“ဒါကြောင့် မိစ္ဆာတွေကို ရင်ဆိုင်တဲ့နေရာမှာ မိစ္ဆာလိုလူ လိုတယ်ဆိုတာ တကယ်ပဲကို” အဝေးတစ်နေရာတွင် ရှိနေသော ဆရာများသည် စုဝေးပြီး တီးတိုးပြောဆိုလျက်ရှိကြသည်။
“ကျောင်းအုပ်ကြီး”
ဒုကျောင်းအုပ်သည် စိတ်ဓာတ်တကျဖြင့် ပြောလိုက်သည်။ “ကျူးရင်ဟောခန်းက ကျောင်းသားတွေအကုန်လုံး မြေပေါ်လဲကျကုန်ပြီ၊ အားလုံးရဲ့ရှေ့မှာ သူတို့ကို ဒီလိုမျိုး ပြေးခိုင်းထားတာ သူတို့ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကို ထိခိုက်မယ်ထင်တယ်”
စစ်တုဟောင်ယွင်ကပြောလိုက်၏။ “သူတို့ ပျော်ပျော်ကြီးပြေးနေကြတာ မဟုတ်ဘူးလား”
“...”
ဒုကျောင်းအုပ်သည် စိတ်ထဲမှာ ကျိတ်ကာ ရေရွတ်လိုက်မိ၏။ ကျွင်းချောင်ရှောင်းက သူတို့ကို အားရပါးရ ရိုက်နှက်ထားတာကို၊ ဒီလိုမျိုး မပြေးလို့ ရှုံ့မဲ့ပြီး ပြေးလို့ရမလား။
...........
အပတ်တစ်ထောင်သည် ဂိုဏ်းချုပ်ကျွင်း၏ ပါးစပ်ဆီမှ အမှတ်မထင် ထွက်သွားသော အရေအတွက်ဖြစ်သည်။ စိတ်ဝိညာဉ်စွမ်းအင်များ၏ ထောက်ပံ့မှု မပါဘဲနှင့် ကျူးရင်ခန်းမမှ ကျောင်းသားများ အားလုံးသည် ဤကဲ့သို့သော အရေအတွက်ကို မပြေးလွှားနိုင်ချေ။
ထို့ကြောင့် အကြိမ်အနည်းငယ် ပြေးပြီးသည့်နောက်မှာတော့ အလွန်တရာ မောပန်းစွာဖြင့် မြေပေါ်သို့ လဲလျက် ရှိနေတော့သည်။ ထိုအချိန်မှာတော့ သူတို့သည် တခြားသော ကျောင်းသားများ သူတို့ကို ကြည့်ရှုနေမည်ကို ဂရုမစိုက်နိုင်တော့ချေ။ မြေပေါ်တွင်လဲရင်း ကြွက်သားများ နာကျင်မှုမှ သက်သာနေသည်ကို ပျော်ပျော်ကြီး ခံစားလျက်ရှိနေသည်။
“ဒီနေ့အတွက် ဒီလောက်ပဲ”
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ “မနက်ဖြန်ကျမှ ပြန်လာကြမယ်”
ဟမ်
ဟုန့်လင်နှင့် တခြားသူများသည် မြေပေါ်မှာလဲရင်း အသက်ရှင်ချင်စိတ်ပင် မရှိကြတော့ချေ။ “မနက်ဖြန်မှာ ပြန်လာမယ်”ဟု ပြောဆိုသွားခဲ့သည် မဟုတ်ပါလား။
...........
အတန်းပြီးသွားပြီးနောက်မှာတော့ ကျွင်းချောင်ရှောင်းသည် စားသောက်ခန်းဆီသို့ ပြန်လာခဲ့ကြ၏။ အိုးရန်ကျွင်း သည် ဧည့်ခန်းမဆောင်၏ အပြင်ဘက်တွင် ရပ်ကာ စောင့်လျက်ရှိသည်။ သူပြန်လာသည်ကို မြင်ချိန်မှာတော့ လက်သီးကိုဆုပ်ကာဖြင့် ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်း... ဒီနှစ်ပိုင်းအတွင်း ဝမ်ရှစ်ကို ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “သူမက ကျုပ်ရဲ့တပည့်လေ၊ ဂရုစိုက်ပေးရမှာ သာမန်ပါပဲ”
“ဂိုဏ်းချုပ်ကျွင်း”
အိုးရန်ကျွင်းက ပြောလိုက်သည်။
“ဒါဆိုရင် ဝမ်ရှစ်ကို ခင်ဗျားဆီမှာပဲ အပ်ခဲ့ပါ့မယ်” ပြီးနောက်သူသည် လှည့်ကာထွက်ခွာသွားရန် ပြင်လိုက်၏။
ကျွီ
ထိုအချိန်မှာပဲ လျှိုဝမ်ရှစ်သည် အခန်းတံခါးကို ဖွင့်ကာ ခပ်တည်တည်ဖြင့် ပြောလိုက်၏။ “ဂိုဏ်းချုပ်... ဂိုဏ်းမှာ စားဖိုမှူးတစ်ယောက် လိုသေးတယ်မဟုတ်လား”
“လိုတာပေါ့”
ကျွင်းချောင်ရှောင်း ပြောလိုက်၏။ “ခင်ဗျားက အိုးရန်မိသားစုက ထွက်ခွာလာခဲ့ပြီဆိုတော့ ကျုပ်ရဲ့ သံမဏိအရိုးဂိုဏ်းထဲကို ဝင်ရောက်ဖို့ စိတ်ဝင်စား ရဲ့လား”
သူသည် စိတ်ဝိညာဉ်စွမ်းအင်များကို အာရုံဖြန့်ကျက်ပြီးနောက် အိုးရန်ကျွင်းတစ်ယောက် အိုးရန်မိသားစုဆီမှ ထွက်ခွာလာခဲ့သည်ကို သိရှိပြီးဖြစ်သည်။ ထို့ကြောင့်ပဲ သူတို့စားသောက်နေတုန်း အိုးရန်ကျွင်း ရောက်ရှိနေသည်ကို ကြိုတင်သိရှိခဲ့ခြင်းဖြစ်သည်။ ယခု လျှိုဝမ်ရှစ်က စတင်၍ မေးမြန်းခဲ့သည် ဖြစ်သောကြောင့် သူသည် အခွင့်အရေး ပြန်၍ပေးမှဖြစ်တော့မည်။
“စိတ်ဝင်စားပါတယ်” အိုးရန်ကျွင်းက ပြောလိုက်၏။ သူ့အနေနှင့် သံမဏိအရိုးဂိုဏ်းတွင် စားဖိုမှူးတစ်ယောက် ပြုလုပ်ရမည် ဆိုလျှင်လည်း ဂရုမစိုက်ချေ။ သူ့အနေနှင့် သူ၏သမီးပေါ်တွင် တင်ခဲ့သော အကြွေးများကို ပြန်လည်ဖြေရှင်းချင်စိတ် သာရှိနေ၏။
“စားဖိုမှူးပြိုင်ပွဲ ပြီးသွားရင် သံမဏိအရိုးဂိုဏ်းနောက်ကို လိုက်ခဲ့တော့” ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
“ကောင်းပါပြီ၊ ကောင်းပါပြီ” အိုးရန်ကျွင်းသည် ပြောလိုက်၏။
လျှိုဝမ်ရှစ်သည် အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။ ပြီးနောက် တံခါးကို ပိတ်ကာ တရုတ်ဟင်းလျာများ စာအုပ်အား ဆက်လက်၍ လေ့လာလျက်ရှိနေတော့သည်။
ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းကာ တွေးလိုက်မိတော့သည်။ ဒီအဖေနဲ့သမီးအကြား ဆက်ဆံရေးက ပြန်လည်ပြုပြင်ဖို့ အချိန်တော်တော်ယူရဦးမှာပဲ။