အခန်း (၅၂၁)
Vol. 35 Ch. 521
နောက်တစ်ရက်မှာတော့ ကျွင်းချောင်ရှောင်းသည် ကောင်းကင်ဘုံကျောင်းဆီသို့ ထပ်မံသွားခဲ့လိုက်ပြီး ကျူးရင်ခန်းမထဲတွင်ရှိသော ကျောင်းသားများအား ကောင်းကောင်းရိုက်နှက်ခဲ့၏။ သုံးရက်ကြာပြီးသည့်နောက်မှာ တော့ ၎င်းမာနကြီးလှသော သခင်လေးများသည် သင်ခန်းစာကောင်းကောင်းပေးခြင်းကို ခံခဲ့ရ၏။
ပြဿနာကောင် အဖြစ် သတ်မှတ်ခံထားရသော ချူရှိုးနန်သည်ပင်လျှင် ကျောင်းထဲသို့ သူဝင်လာပြီဆိုသည်နှင့် မတ်မတ်ထိုင်လျက် ရှိနေတော့၏။ စားပွဲပေါ်သို့ ခြေထောက်အား မတင်ရဲတော့ချေ။ ၎င်းတို့အားလုံးသည် ကြောက်ရွံ့သွားကြသည်လား၊ မဟုတ်ပေ။
တချို့သော တိုက်ရိုက်တပည့်များသည် ထိုကဲ့သို့ ရိုက်နှက်ခံနေရသည့် အကြောင်းရင်းအား မိမိ မိသားစုဝင်များအား ပြန်၍ တိုင်ခဲ့ကြ၏။ ထိုမှသာလျှင် ဆရာကျွင်းဆိုသူအား မိသားစုမှ ပြဿနာရှာမည် မဟုတ်လား။
သို့ပေမဲ့ မိသားစုဆီမှ သူတို့ ပြန်လည် ရရှိလိုက်သော အဖြေသည် အဆင်ပြေရင် ပြီးတာပဲ ဟူသော အဖြေသာဖြစ်တော့၏။
ဟုတ်ပေသည်။ အဆင်ပြေရင် ပြီးတာပဲ ဆိုသည့် အဖြေပင်ဖြစ်တော့သည်။ တချို့သော အကြီးအကဲများဆိုလျှင် ၎င်းတို့၏ တိုက်ရိုက်မျိုးဆက်များအား သိုင်းကျင့်ကြံခြင်းတွင် ပိုမို၍ အားစိုက်ထုတ်ရန်နှင့် ပြဿနာမရှာရန်ပင် သတိပေးခဲ့သေး၏။ ကြည့်ရသည်မှာ ကြောက်လန့်သွားကြသူများမှာ ကျောင်းသားများမဟုတ်ဘဲ ၎င်းတို့၏ မိသားစုများပင် ဖြစ်ပေလိမ့်မည်။
ဂိုဏ်းချုပ်ကျွင်းသည် အိုးရန်မိသားစုဆီသို့ သွားရောက်ခဲ့သည့် သတင်းသည် မြို့တစ်ခုလုံးသို့ ပျံ့နှံ့ခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် မိသားစုကြီးများသည် သဘာဝအားဖြင့် ကြောက်လန့်ကြသည်မှာ ပုံမှန်ပင်ဖြစ်တော့၏။ ကလန်ကြီး ရှစ်ခုထဲမှ ခေါင်းဆောင်ကလန်ဖြစ်သော ချူကလန်သည်ပင်လျှင် ချူရှိုးနန်တစ်ယောက် ပြင်းပြင်းထန်ထန် ရိုက်နှက် ခံရသည့်အကြောင်း သိရှိရချိန် ဘာတစ်ခုမျှ မပြောကြပေ။ သူတို့အနေနှင့် ပြောလည်းမပြောရဲ။
ချူကလန်အနေနှင့် ကျွင်းချောင်ရှောင်းအား ကြောက်လန့်၍တော့ မဟုတ်ပေ။ ချူကလန်စိုးရွံ့မိနေသည်မှာ ၎င်း၏နောက်တွင်ရှိသော အဖွဲ့အစည်းကြီးနှစ်ခုပင်ဖြစ်၏။
ထို့အပြင် ဂိုဏ်းချုပ်ကျွင်းသည် အိုးရန်ကလန်ဆီသို့ သွားရောက်ရာတွင် မင်းသမီးလေး ကြာပန်းနီမှ ပြည်သူ့လုံခြုံရေးဌာနဆီသို့ သွားရောက်၍ တားမြစ်ခဲ့သည်ဟူသော သတင်းလည်း သူကြားခဲ့ရ၏။ ထို့ကြောင့်ပင် ရွှေနှင့်ငွေ အစောင့်အရှောက်တို့သည် အပြင်သို့ ပြန်မထွက်လာဘဲ အေးအေးဆေးဆေး ဟောခန်းထဲတွင် လက်ဖက်ရည်သောက်ရင်း စကားပြောနေသည်ဟုပင် သူ သတင်းကြားခဲ့သည်။
ဤနေရာတွင် လွဲမှားနေသော အကြောင်းအရာတစ်ခုခု ရှိနေလိမ့်မည်။ မြို့တော်ဝန်၏ မွေးနေ့တွင် မူးမူးရူးရူးနှင့် ပြောဆိုခဲ့သော စကားလုံးများကို နှိုင်းယှဉ်၍ ကြည့်မည်ဆိုလျှင် ဤကျွင်းချောင်ရှောင်းဆိုသူသည် မြို့တော်ဝန်၏ သမက်တစ်ယောက် ဖြစ်လိမ့်မည်ဟု ချူကလန်မှ ရုတ်တရက် နားလည်သွားမိကြသည်။ ထိုအရာသည် စဉ်းစားရင်းနှင့်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။
၎င်းတို့၏ မိသားစုများသည် ၎င်းတို့ဘက်မှ မရပ်တည်သည်ကို သိရှိပြီးသည့်နောက်မှာတော့ ကျူးရင်ဟောခန်းရှိ ကျောင်းသားများအားလုံးသည် ရှုံးနိမ့်ကြောင်းကို အညံ့ခံလိုက်ရတော့သည်။ သို့ပေမဲ့ ပထမအတန်းချိန် ပြီးသည့် နောက်မှာတော့ ဂိုဏ်းချုပ်ကျွင်း၏ လမ်းညွှန်ပြသမှုများသည် သူတို့အား အကျိုးအမြတ်များ ရရှိစေသည်။ သူတို့၏ သိုင်းကျင့်ကြံခြင်းများသည် အနည်းငယ်မျှဆိုသလို ပိုမို၍ တိုးတက်သွားကြသည်ကို သိရှိခံစားလိုက်မိကြသည်။
၎င်းတို့သည် မှန်ကန်သည့်လမ်းညွှန်ပြသမှုများကို ရရှိပြီးသည့်နောက်မှာတော့ သိုင်းကျင့်ကြံခြင်း နည်းစနစ်များတွင် ပိုမို၍ နားလည်လာကြပြီး မြင့်မားသည့်အဆင့်ဆီသို့ လွယ်လွယ်ကူကူ ရောက်ရှိသွားမှာ သေချာ၏။ ဂိုဏ်းချုပ်ကျွင်း အား ပုန်ကန်လျက်ရှိသော ကျောင်းသားများ အားလုံးသည် ကြီးကြီးမားမား အကျိုးကျေးဇူးကို ရရှိသွားကြ၏။
သူတို့၏ စိတ်နေစိတ်ထားများသည် ပြောင်းလဲသွားကြပြီး ဂိုဏ်းချုပ်ကျွင်းအပေါ်တွင် အားကိုးအားထား ပြုလာကြ တော့သည်။ သူသာ ဆက်လက်သင်ကြားပေးမည်ဆိုပါက မနှေးနှင့် မမြန်ဆိုသလို သိုင်းစစ်သူကြီးအဆင့်သို့ အားလုံး ချိုးဖြတ်ရောက်ရှိသွားမှာ သေချာသည်။
ကံဆိုးစွာဖြင့် ကျွင်းချောင်ရှောင်းသည် နောက်တစ်ရက်မှာတော့ ကောင်းကင်ဘုံကျောင်းဆီသို့ မလာခဲ့တော့ချေ။ ဤအရာသည် သူတို့အား အလွန်ပဲ စိတ်ဓာတ်ကျစေသည်။
“မနက်ဖြန်က စားဖိုမှူးပြိုင်ပွဲလေ၊ ဂိုဏ်းချုပ်ကျွင်းရဲ့ တပည့်ကလည်း ဝင်ပြီးတော့ပြိုင်မှာ၊ ငါတို့သွားပြီး ကြည့်ရမယ်” ဟုန့်လင်သည် ပြောလိုက်၏။ ကျူးရင်ဟောခန်းထဲမှာတော့ သူသည် ကျွင်းချောင်ရှောင်းအပေါ်တွင် အားအကိုးဆုံး လူတစ်ယောက်ဖြစ်သည်။
နောက်တစ်ယောက်က အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ “ဒီကောင်မလေးရဲ့ သိုင်းကျင့်ကြံခြင်းအဆင့်က မြင့်မားရုံတင်မကဘူး၊ ဘယ်လိုချက်ပြုတ်ရမလဲဆိုတာ သိတယ်ပေါ့”
“ပြီးတော့ သူမက အိုးရန်ကျွင်းရဲ့ သမီးလေ၊ ဒီတော့ အိုးရန်မိသားစုရဲ့ ချက်ပြုတ်ခြင်းပါရမီတွေကို အမွေဆက်ခံ နိုင်ခဲ့တယ်ဆိုတာ သာမန်ပဲ”
“သူက ဆရာကျွင်းရဲ့တပည့်ဖြစ်ပြီဆိုမှတော့ ငါ့တို့သူ့ကို ကျိန်းသေပေါက် သွားအားပေးရမယ်”
စားဖိုမှုးပြိုင်ပွဲသည် သိုင်းနည်းစနစ်များနှင့် မည်သို့မျှ မပတ်သက်သောကြောင့် လာရောက်ကြည့်ရှုကြသူ များသည်လည်း များပြားလှသည်တော့ မဟုတ်ပေ။
လျှိုဝမ်ရှစ်သည် ကျွင်းချောင်ရှောင်း၏ တပည့်ဖြစ်သောကြောင့် ကျူးရင်ဟောခန်းတွင်ရှိသော ကျောင်းသားများသည် စိတ်ဝင်စား သွားခဲ့ခြင်းသာဖြစ်သည်။ သူတို့သည် မနက်ဖြန် ကျင်းပမည့် ပြိုင်ပွဲဆီသို့ သွားရောက်ရန် ဆုံးဖြတ်လိုက်ကြသည်။
ကောင်းကင်ဘုံမြို့ထဲတွင်ရှိသော ကျင့်ကြံသူများသည်လည်း ဤကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးလျက်ရှိကြသည်။ သူတို့သည် စားဖိုမှူး ပြိုင်ပွဲဆီသို့ သွားရောက်ကြည့်ရှုရန် စီစဉ်ထားကြသည်။ အဓိက အကြောင်းရင်းမှာ အိုးရန် မိသားစုမှ မထွက်ခွာခင်၌ လျှိုဝမ်ရှစ်သည် သူမ၏ ချက်ပြုတ်မှု စွမ်းရည်ကို အသုံးပြု၍ အိုးရန်မိသားစု၏ တိုက်ရိုက် တပည့်များကို အနိုင်ယူမည်ဟု ပြောဆိုခဲ့၏။
အိုးရန်မိသားစု၏ သိုင်းပညာအပေါ် နားလည်မှုသည် အလွန်တရာအားနည်းလှသည်ဆိုသော်လည်း ၎င်းတို့၏ ချက်ပြုတ်ခြင်းစွမ်းရည်မှာတော့ နေရာအနှံ့သို့ပင် ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိသည်အထိ ကျော်ကြားလွန်းလှ သည်။
ဤမိန်းကလေးသည် မောက်မာလှသော စကားများကို ပြောဆိုရဲသည် ဆိုမှတော့ သေချာပေါက် အားနည်း လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သူတို့အနေဖြင့် စိတ်ဝင်စားနေမိခြင်းပင် ဖြစ်တော့၏။
......
ဧည့်ခန်းမထဲမှာတော့ လျှိုဝမ်ရှစ်သည် သူမချက်ပြုတ်ထားသော ကြက်ကုန်းဘောင်ကို တည်ခင်းရင်း ပြုံးကာ ပြောလိုက်၏။
“ဂိုဏ်းချုပ် မြည်းကြည့်အုံး”
သူမသည် လွန်ခဲ့သည်နှစ်ရက်လုံးလုံး တရုတ်ဟင်းလျာများကို လေ့လာနေခဲ့၏။ ထို့ကြောင့် များပြားလှသော ဟင်းပွဲအသစ်များကို လေ့လာသင်ယူပြီးဖြစ်နေသည်။ ကြက်ကုန်းဘောင်ဆိုသည်မှာ တရုတ်ရိုးရာ ဟင်းတစ်မျိုး ဖြစ်ပြီး ရှန်တုံ၊ စီချွမ်နယ်တို့ဆီမှ ကျော်ကြားလှသည့် ဟင်းပွဲလည်းဖြစ်သည်။
“မဆိုးပါဘူး၊ မဆိုးဘူး”
ကျွင်းချောင်ရှောင်းသည် တစ်လုတ်လောက် စားပြီးသည့်နောက်မှာတော့ အားရပါးရ ချီးကျူးလိုက်မိ၏။
“ဟဲ ဟဲ”
လျှိုဝမ်ရှစ်သည် တောက်ပစွာ ပြုံးလိုက်၏။ သို့ပေမဲ့ သူမသည် အထဲသို့ လျှောက်ဝင်လာသော အိုးရန်ကျွင်းကို မြင်ချိန်မှာတော့ နှာခေါင်းရှုံ့ကာ တစ်ဖက်သို့လှည့်၍ လျှောက်ထွက်သွားတော့သည်။
“လူကြီးမင်းအိုးရန်”
ကျွင်းချောင်ရှောင်းပြောလိုက်၏။ “ဒါက တုတု လုပ်ထားတာလေ၊ စားကြည့်အုံး”
အိုးရန်ကျွင်းသည် ရှေ့သို့လျှောက်လာခဲ့ပြီး တူကိုယူ၍ တစ်ခုကို ကောက်ယူကာ ပါးစပ်ထဲထည့်ပြီး ဝါးလိုက်တော့သည်။ သူ၏ သပ်သပ်ရပ်ရပ်ဖြင့် စားသောက်သည့်ပုံစံကို ကြည့်လိုက်မည်ဆိုလျှင် အစားအသောက် ချက်ပြုတ်ခြင်းတွင် ကျွမ်းကျင်သူတစ်ယောက်ဖြစ်မှန်း သိသာလှ၏။ သေသေချာချာ အရသာမြည်းပြီးသည့် နောက်မှာတော့ အိုးရန်ကျွင်း၏ အမူအရာသည် ပြောင်းလဲသွား၏။ နောက်ဆုံးမှာတော့ သူသည် မယုံကြည်နိုင်စွာ ဖြင့် ပြောလိုက်သည်။ “ဒါ …. ဒါက ဝမ်ရှစ် လုပ်ထားတာလား”
အိုးရန်မိသားစုတွင် သိုင်းနည်းစနစ်နှင့်ပတ်သက်၍ သူသည် အကောင်းဆုံးမဟုတ်သော်လည်း ချက်ပြုတ်ခြင်း စွမ်းရည်နှင့်ပတ်သက်လျှင်တော့ ကျိန်းသေပေါက် ထိပ်ဆုံးအဆင့်ရှိသူဖြစ်၏။ သူ၏ သမီးပြုလုပ်ထားသော ဟင်းပွဲကို တစ်ချက်ကိုက်လိုက်ရုံဖြင့် သူသည် စိတ်တည်ငြိမ်မှု ရရှိရန် ခက်ခဲသွား၏။
“သိပ်မှန်တာပေါ့” ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
အိုးရန်ကျွင်းသည် ပျော်ရွှင်သွားမိ၏။ “ကျုပ်ရဲ့သမီးက ဒီလောက် ဟင်းချက်တတ်လိမ့်မယ်လို့ မထင်မိဘူး”
ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “အခု ခင်ဗျားရဲ့သမီးက ချက်ပြုတ်ခြင်းမှာ ပါရမီရှိတယ်ဆိုတာ သိသွားပြီမဟုတ်လား၊ ခင်ဗျားက အဖေ တစ်ယောက်အနေနဲ့ ကူညီပံ့ပိုးပေးရမယ်”
အိုးရန်ကျွင်းသည် ရှက်ရွံ့စွာဖြင့် ခေါင်းကို ငုံ့လိုက်မိသည်။ “ကျုပ် လုပ်ပေးစရာတွေ အများကြီး ရှိပါသေးတယ်”
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ “ဖြည်းဖြည်းချင်း လုပ်သွားပေါ့”
အိုးရန်ကျွင်းသည် လက်သီးကိုဆုပ်ကာ ပြောလိုက်၏။ “ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ကျွင်း၊ အခွင့်အရေးပေးတဲ့အတွက် အဖေကောင်းတစ်ယောက်ဖြစ်လာအောင်လို့ ကျုပ် အများကြီး ကြိုးစားပါမယ်”
ကျွင်းချောင်ရှောင်းကြောင့်သာ မဟုတ်လျှင် သူသည် သူ၏သမီးအနားသို့ ကပ်ခွင့် ရလိမ့်မည်မဟုတ်ကြောင်း ကောင်းကောင်းသိနေ၏။ အဖေတစ်ယောက်အနေနှင့် တင်နေသည့်အကြွေးများကို ပြန်လည်ပေးဆပ်ရဖို့ ဆိုသည်မှာ ကျွင်းချောင်ရှောင်း၏ ကျေးဇူးကြောင့်ပင်ဖြစ်သည်။
“ဒီဟင်းပွဲကော ဘယ်လိုလဲ” ကျွင်းချောင်ရှောင်းသည် စကားလမ်းကြောင်း ပြောင်းလိုက်၏။
အိုးရန်ကျွင်းသည် တစ်လုံးတည်း ထိထိမိမိ ပြောလိုက်တော့သည်။ “အရမ်း အရသာရှိတယ်”
အရှေ့တောင်ရန်ကျူး၏ ထိပ်တန်းစားဖိုမှုးဆီမှ ဤကဲ့သို့သော ချီးကျူးမှုမျိုးကို ရရှိခဲ့သည်ဆိုသည်မှာ သာမန် မဟုတ်ပေ။
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “စားဖိုမှူးပြိုင်ပွဲကို သွားပြီးတော့ ဝင်ပြိုင်မှာ၊ ဒါက ဗိုလ်ဆွဲဖို့ လမ်းစပဲ”
“ဂိုဏ်းချုပ်ကျွင်း”
အိုးရန်ကျွင်းသည် အားပျော့စွာ ပြောလိုက်သည်။ “ဒီဟင်းပွဲရဲ့ နာမည်က ဘာလဲ”
“ကြက်ကုန်းဘောင်”
“ကြက်ကုန်းဘောင် ဟုတ်လား”
အိုးရန်ကျွင်းသည် ဟင်းပွဲမျိုးစုံနှင့်ပတ်သက်ပြီး ရင်းနှီးနေ၏။ သို့ပေမဲ့ ဤသို့သော ဟင်းပွဲမျိုးကို သူမကြားဖူးချေ။
..........
နောက်တစ်ရက်မှာတော့ ကောင်းကင်ဘုံမြို့၏ အရှေ့ဘက်ခရိုင်တွင် စားဖိုမှူး ပြိုင်ပွဲ ကျင်းပရန် ပြင်ဆင်ထားပြီဖြစ်သည်။
အာရုံတက်ချိန်မှာတော့ များပြားလှသော ကျင့်ကြံသူများသည် ထိုနေရာသို့ စုဝေးလျက် ရှိနေကြသည်။ သူတို့သည် တီးတိုးပြောဆိုလျက်ရှိကြသည်။ သို့ပေမဲ့ သူတို့ပြောသောစကားသုံးခွန်းတွင် တစ်ခွန်း သည် ကျွင်းချောင်ရှောင်း အိုးရန်မိသားစုဆီသွား၍ ရိုက်နှက်ခဲ့သည့်အကြောင်းပင်ဖြစ်တော့၏။
များပြားလှသော ကျင့်ကြံသူများသည် သိုင်းဘုရင်များ၏ တိုက်ပွဲကို ကိုယ်တိုင်မမြင်ခဲ့ရသောကြောင့် နောင်တရ နေသည့် မျက်နှာများနှင့် ဖြစ်လို့နေ၏။ ဤအရာသည်မှာ ကိစ္စမရှိပေ။ လောလောဆယ်တွင် သံမဏိအရိုးဂိုဏ်း တပည့် ချက်ပြုတ်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ပေတော့မည်။
ဓားနှင့်သိုင်းဘုရင်တစ်ယောက်ဖြစ်သော ကျွင်းချောင်ရှောင်းသည်လည်း ကျိန်းသေပေါက် လာတော့မှာဖြစ်၏။ ထို့သို့ဆိုလျှင် သူတို့အနေနှင့် သေသေချာချာ ကြည့်ရှု၍ ရပေမည်။
များပြားလှသော ကျင့်ကြံသူများသည် မနက် စောစောတွင် စုဝေးလျက်ရှိနေကြ၏။ ၎င်းတို့ထဲမှ တော်တော်များများသည် ချက်ပြုတ်ခြင်းပြိုင်ပွဲဆီသို့ လာရောက် ခြင်း မဟုတ်ဘဲ ဂိုဏ်းချုပ်ကျွင်းကို လာရောက်ကြည့်ရှုခြင်းသာဖြစ်တော့သည်။
အဓိက မိသားစုကြီးများနှင့် ကောင်းကင်ဘုံမြို့မှ လွတ်လပ်သော ကျင့်ကြံသူများအားလုံးသည် ထိုနေရာသို့ ရောက်ရှိလာကြသည်။ သူတို့သည် ကြည့်ကောင်းလှသောနေရာကို ရွေးချယ်၍ ငြိမ်ငြိမ်သက်သက် စောင့်နေလျက် ရှိသည်။
“အိုး မဟုတ်ဘူး”
တစ်ယောက်က ထအော်လိုက်၏။
“ကောင်းကင်ဘုံကျောင်းရဲ့ ကျူးရင်ဟောခန်းကျောင်းသားတွေ ဒီကို လာကြတာပဲ”
ထိုသူ ပြောပြောပြီးခြင်းမှာပဲ တည်နေရာတစ်ခုလုံးသည် ငြိမ်သက်သွားကြ၏။ မြို့ထဲတွင် တစ်လျှောက်လုံး နေထိုင် ခဲ့ကြသော သိုင်းကျင့်ကြံသူ တော်တော်များများသည် မျက်လုံးထဲတွင် ထိတ်လန့်ကြောက်ရွံမှုများ စိုးမိုးသွားခဲ့၏။ ကျူးရင်ဟောခန်းမှ ကျောင်းသားများအားလုံးသည် ကျောင်းတွင် ခေါင်းကိုက်စရာများဖြစ်အောင် ပြုလုပ်တတ်သူ များမကဘဲ အပြင်ဘက်တွင်လည်း ဆိုးသွမ်းကြ၏။
ထို့ကြောင့် ထိုသူတို့ ရောက်လာသည်ဆိုသည်နှင့် ပွဲကြီးပွဲကောင်း ကြည့်ရတော့မည်ဆိုသည့် အဓိပ္ပာယ်ပင် ဖြစ်သည်။
သို့ပေမဲ့ ချူရှိုးနန်နှင့် ဟုန့်လင်တို့သည် တည်နေရာသို့ ရောက်ရှိပြီးချိန်မှာတော့ ရှိရှိသမျှ ကျင့်ကြံသူများ အားလုံးဆွံ့အသွားကြသည်။ အဘယ်ကြောင့်ဆိုသော် မောက်မာလှသော သခင်လေးများ အုပ်စုသည် ယခင်တုန်းကနှင့် မတူဘဲ တမူခြားနား နေသောကြောင့်ပင် ဖြစ်သည်။ မည်ကဲ့သို့ခြားနားသွားသနည်း။ ၎င်းတို့၏ မျက်နှာပေါ်တွင် မောက်မာမှုများ မရှိတော့ဘဲ တည်ငြိမ်လျက်ရှိနေသည်။ ၎င်းတို့သည် မတူညီသည့်သူများကဲ့သို့ပင်။
ကျင့်ကြံသူများအား ပို၍ အံ့အားသင့်စေသည်မှာ ဤသခင်လေးများ အုပ်စုသည် ရောက်ရှိလာခြင်းမှာပင် စီစီရီရီနှင့် မတ်မတ်ရပ်လျက် ရှိနေပြီး သေချာလေ့ကျင့်ပေးခဲ့သော စစ်သားများကဲ့သို့ပင် ဖြစ်နေကြသည်။
ဘာတွေဖြစ်ကုန် သနည်း။ ကျူးရင်ဟောခန်းမှ ကျောင်းသားများ၏ အမူအရာကိုမြင်တော့ အားလုံးသည် ဆွံ့အ နေကြ၏။
“ဂိုဏ်းချုပ်ကျွင်း လာပြီ”
ဘယ်သူမှန်းမသိသော တစ်ယောက်သည် ကျယ်လောင်စွာအော်ဟစ်လိုက်၏။ ချက်ချင်းဆိုသလိုပဲ အားလုံး လှည့်၍ ကြည့်လိုက်ချိန်မှာတော့ လမ်း၏အဆုံးဘက်မှာ ကျွင်းချောင်ရှောင်းသည် လျှိုဝမ်ရှစ်နှင့်အတူ လမ်းလျှောက် လာသည်ကို မြင်လိုက်ကြရတော့သည်။
“ဆရာကျွင်း”
ကျူးရင်ဟောခန်းမှာရှိသော ကျောင်းသားအားလုံးတို့သည် ကျယ်လောင်စွာ အော်ဟစ်လိုက်ကြ၏။ “မင်္ဂလာနံနက်ခင်းပါ”