← Chapters

တိုက်ပွဲဝင်စက်ရုပ်ကမ္ဘာ

Vol. 12 Ch. 4

တိုက်ပွဲဝင်စက်ရုပ်ကမ္ဘာ

Vol. 12 Ch. 4

“မင်းလွင်၊ လေ့ကျင့်တာလဲ လေ့ကျင့်တာပေါ့။ အသက်က ငယ်သေးတယ်လေ။ နင့်ခန္ဓာကိုယ်ကို ဝန်ပိစေလို့မဖြစ်ဘူး။”

စစ်တပ်အရာရှိဝတ်စုံကိုဝတ်ထားတဲ့ လင်ဒါက ဂျင်ကစားတဲ့ ခန်းမထဲကို ဝင်ရောက်လာရင်း မင်းလွင်ကို ပြောလိုက်တယ်။ အချိန်ကတော့ ညနေစောင်းနေပြီဖြစ်ပြီး ခန်းမထဲမှာ တခြား ဂျင်ကစားနေသူတွေ မရှိတော့ပါဘူး။

အရွယ်နဲ့မလိုက်အောင် ခေါင်းပေါ်က ဆံပင်တွေအားလုံး ဖွေးဖွေးဖြူနေတဲ့ မင်းလွင်က သူမနေတဲ့ အလေးတုံးတွေကို ပြန်ချထားလိုက်ပြီး လင်ဒါကို ခက်ခက်ခဲခဲ ပြုံးပြလိုက်တယ်။ မင်းလွင်ရဲ့ပုံစံက ဆယ့်လေးနှစ်ဆယ့်ငါးနှစ်လောက်သာ ရှိသေးတဲ့ပုံပေါ်ပေမဲ့ တစ်ကိုယ်လုံး ကြွက်သားတွေအပြည့်နဲ့ တောင့်တင်းနေပြီး ယောက်ျားဆန်နေပါပြီ။

လင်ဒါကတော့ သူ့နဖူးပေါ်ကို လာတင်နေတဲ့ ဆံစတချို့ကို နားရွက်နောက်တွန်းပို့လိုက်ရင်း မင်းလွင်ကို အပြာရောင် အချိုရေဘူးလေး ကမ်းပေးလိုက်တယ်။

“အမောပြေ ပိုကာရီလေးသောက်လိုက်ဦး။”

“ဟုတ်ကဲ့၊ ကျေးဇူးပါ အရာရှိ။” မင်းလွင်က အရာရှိလို့ ပြောလိုက်တော့ လင်ဒါက စိတ်ဆိုးသွားတဲ့ပုံစံနဲ့ နှုတ်ခမ်းစူထားတယ်။ ဒါကိုမြင်တော့ မင်းလွင်က ကြောက်ကြောက်လန့်လန့်နဲ့ ပြောင်းပြီးခေါ်ရှာတယ်။

“မှား.... မှားလို့ပါ အစ်မကြီးရယ်။” မင်းလွင်ရဲ့ရယ်စရာ ကောင်းတဲ့ပုံစံကြောင့် လင်ဒါက ဟန်ဆောင်မနေတော့ဘဲ တခစ်ခစ်ရယ်လိုက်တယ်။ သူ့ရဲ့မြင်းမြီးလိုစုချည်ထားတဲ့ ဆံပင်တွေကတော့ ဘယ်ညာလှုပ်ရှားလို့။ မင်းလွင်က အဲဒီ မြင်ကွင်းကို မှင်သက်စွာနဲ့ ကြည့်နေခဲ့မိတယ်။ နောက်တော့ ပိုကာရီဘူးကိုဖွင့်ပြီး ဖြည်းဖြည်းချင်း သောက်လိုက်တယ်။

လင်ဒါကတော့ မင်းလွင်ရှိနေတဲ့ ဂျင်ကစားတဲ့ မွေ့ရာပေါ် အတူဝင်ထိုင်လိုက်တယ်။ မင်းလွင်က သူ့တစ်ကိုယ်လုံးမှာ ချွေးတွေရွဲနေတဲ့အတွက် လင်ဒါအနားမကပ်ချင်လို့ နည်းနည်း ရွေ့ထိုင်ပေမဲ့ လင်ဒါက တမင်လိုက်ကပ်တယ်။

“ဘာမှမဖြစ်ပါဘူး....” လင်ဒါက ဒီလိုပြောလေ မင်းလွင်ရဲ့ မျက်နှာက နီရဲလာပြီးတော့ အရှက်သည်းလာလေလေပါပဲ။

“ဘာလိုလိုနဲ့ ငါ့ရဲ့တွဲဖက်လေးတောင် ဒီရောက်လာတာ တစ်နှစ်ပြည့်တော့မယ်။” လင်ဒါက မင်းလွင်ရဲ့ဆံပင်ကို ထိုးဖွလိုက်ရင်း ပြောလိုက်တယ်။

မင်းလွင်ကတော့ ကြင်နာတတ်တဲ့အစ်မကြီးလင်ဒါရဲ့ အမြုအမူတွေကြောင့် နှုတ်ခေါင်းသွေးလျှံချင်လာသလို ဖြစ်နေတာနဲ့ ဂျင်ခန်းမနံရံမှာကပ်ထားတဲ့ ပိုစတာကိုသာ အာရုံစိုက်ထားလိုက်တယ်။

ပိုစတာမှာတော့ အဖြူရောင်နဲ့အပြာရောင်ကို အဓိကသုံးပြီး ဒီဇိုင်းထုတ်ထားတဲ့ ဧရာမစက်ရုပ်ကြီးတစ်ရုပ်ရဲ့ပုံ ရှိနေပြီး အလွန်ခမ်းနားတင့်တယ်တယ်။ ကုန်းမြေတိုက် ကာကွယ်ရေးတပ်ရဲ့နဂါးဖြူစက်ရုပ်ဖြစ်ပြီး သူတို့ရှိနေတဲ့ ဆန်ဖရန်စစ်စကိုစစ်စခန်းမှာ နာမည်အကြီးဆုံး တိုက်ပွဲဝင် စက်ရုပ်ကြီးပါပဲ။

“အဲဒီတုန်းက အဖြစ်အပျက်တွေက မနေ့တစ်နေ့က လိုပါပဲ။” မင်းလွင်က နှုတ်ခမ်းကို ဖိကိုက်ထားရင်းနဲ့ ပြောလိုက်တယ်။ လင်ဒါကတော့ မင်းလွင်ခေါင်းပေါ် သူ့မေးကိုတင်လိုက်ရင်း...

“စိတ်ညစ်စရာတွေ မတွေးတာ အကောင်းဆုံးပဲ။”လို့ ချိုချိုသာသာလေး ပြောလိုက်တယ်။

တကယ်တော့ လင်ဒါကိုယ်တိုင်လည်း မင်းလွင် ဒီစခန်းကို စရောက်လာတုန်းက အတော်အံ့ဩသွားခဲ့တာ။ နဂါးဖြူ စက်ရုပ်ကြီးကိုမောင်းဖို့အတွက် ပိုင်းလော့နှစ်ယောက် လိုအပ်ပြီးတော့ လင်ဒါက နဂါးဖြူရဲ့ပိုင်းလော့နှစ်ဦးထဲက တစ်ဦးဖြစ်ခဲ့တာ။ ကံမကောင်းချင်တော့ သူ့ရဲ့အရင် တွဲဖက်လည်းဖြစ်၊ အစ်ကိုလည်းဖြစ်တဲ့ တင်မီ ဂရီဂိုရီက တိုက်ပွဲတစ်ခုမှာ ကျဆုံးသွားခဲ့တယ်လေ။

“ဒါပေမဲ့... ဆယ့်လေးနှစ်ပဲရှိသေးတဲ့မင်းက မရအရ စစ်စခန်းထဲကိုဝင်လာပြီး နဂါးဖြူရဲ့ပိုင်းလော့ဖြစ်ခွင့်ပေးဖို့ တောင်းဆိုခဲ့တာကို အံ့ဩလို့မဆုံးဘူး။”

လင်ဒါရဲ့အကြည့်တွေက တစ်မျိုးပြောင်းသွားပြီး အတိတ်က ဖြစ်စဥ်တွေဆီကို ပြန်ပြောင်းတွေးနေမိပါတယ်။ အဲဒီနေ့က ကောင်လေးတစ်ယောက် လုံခြုံရေးအထပ်ထပ်ကို ခိုးဖြတ်ပြီး ပိုင်းလော့သစ်ရွေးပွဲနေရာကို ရောက်လာခဲ့တာ။

...

“ဒီတစ်ယောက်လည်း အဆင်မပြေပြန်ဘူးလား။” လင်ဒါက သူ့ခေါင်းမှာတပ်ထားတဲ့ နည်းပညာမြင့်ခေါင်းစွပ်ကို ချွတ်ပြီး သက်ပြင်းချလိုက်တယ်။ ကွန်ပျူတာမျက်နှာပြင်တွေအပြင် တခြားဘာကိုမှမမြင်ရတဲ့ အခန်းကျဥ်းလေးထဲမှာ မီးက ပြန်လင်းလာတယ်။ သူ့ရဲ့ဘေးမှာရှိနေတဲ့ စစ်ဝတ်စုံနဲ့ လူငယ်က ဒူးထောက်ကျသွားပြီး သူ့ကိုအခွင့်အရေး ထပ်ပေးဖို့ တောင်းဆိုခဲ့ပေမဲ့ လင်ဒါက ခေါင်းခါပြခဲ့တယ်။

“တိုက်ပွဲဝင်စက်ရုပ်ကိုမောင်းတဲ့သူတွေက တစ်ယောက် စိတ်ကိုတစ်ယောက် နားလည်နေဖို့လိုတယ်။ အဲဒီလို အရည်အချင်းမျိုးမရှိဘဲ အတူတွဲပြီးမောင်းလို့မရဘူး။”

လင်ဒါက ကျတယ်လို့ဆုံးဖြတ်ပြီးတာနဲ့ အစောင့်တွေက အဲဒီတပ်သားသစ်လူငယ်ကို ဆွဲထုတ်သွားကြတာပေါ့။ ဗိုလ်ချုပ်ကြီးရေးလည်း ပိုင်းလော့ခန်းထဲကို ဝင်လာပြီး လင်ဒါကို လာတွေ့တယ်။

“အရာရှိလင်ဒါ၊ သူက ငါတို့မှာရှိတဲ့ နောက်ဆုံးပိုင်းလော့ လောင်းလျာပဲ။ လူတွေ့စာတွေ့ စာမေးပွဲတိုင်းမှာ ပထမ ရခဲ့ပြီးသား။ သူ့ကိုတောင်မှာ နင်မရွေးခဲ့ဘူးဆိုတော့ ဘယ်သူက နင့်တွဲဖက်ဖြစ်နိုင်မှာလဲ။”

လင်ဒါက ခေါင်းစွပ်ကို နေရာတကျပြန်ချိတ်ထားလိုက်ရင်း သက်ပြင်းချလိုက်လေရဲ့။

“ဒါပေမဲ့ ပါတနာဆိုတာက တစ်ယောက်စိတ်ကိုတစ်ယောက် သိပြီးတော့ တစ်ယောက်ဘာလုပ်မယ်ဆိုတာကို တခြား တစ်ယောက်က ​မပြောဘဲသိနေမှ အဆင်ပြေမှာလေ။”

“လင်ဒါ၊ အဲဒါက သီအိုရီအရမှန်ပေမဲ့ နဂါးဖြူကိုမောင်းဖို့ မရှိမဖြစ်လိုတဲ့အချက်တော့မဟုတ်ဘူး။ သာမန်ပိုင်းလော့နဲ့ မောင်းနေရင်းနဲ့ အချိန်ကြာလာရင်လည်း အချင်းချင်း နားလည်မှုရှိရင်ရှိလာမှာပါ။”

ဗိုလ်ချုပ်က နားချနေပေမဲ့ လင်ဒါကတော့ ခေါင်းမာနေဆဲ။ “နဂါးဖြူက လော့အိန်ဂျယ်လစ်ရဲ့အဆင့်အမြင့်ဆုံး တိုက်ပွဲဝင်စက်ရုပ်ပဲ။ ပစိဖိတ်သမုဒ္ဒရာတစ်ခုလုံးမှာတောင် အကောင်းဆုံးလို့ပြောနိုင်တယ်။ ဒါကြောင့် ပိုင်းလော့တွေက ဖြစ်နိုင်သမျှ ပြီးပြည့်စုံနေဖို့လိုတယ်။”

ဗိုလ်ချုပ်ကြီးက လင်ဒါရဲ့ဆင်ခြေတွေကို စိတ်ပျက်နေပြီ။ ဒီလိုနဲ့ သူက တင်းမာတဲ့သဘောထားနဲ့ ပြောလိုက်တယ်။

“နဂါးဖြူ တစ်ရက်တိုက်ပွဲမဝင်နိုင်တာက ပိစိဖိတ်ဒေသ တစ်ခုလုံးကို တစ်ရက်ပိုပြီးမလုံခြုံအောင်လုပ်တာနဲ့ အတူတူပဲ။ လင်ဒါ ဂရီဂိုရီ။ မင်းက ကာကွယ်ရေးတပ်ထဲမှာ အကောင်းဆုံးပိုင်းလော့ဆိုပေမဲ့ မင်းအစ်ကိုနေရာမှာ အစားထိုးဖို့ လူရှာမတွေ့ဘူးဆိုရင်တော့ နဂါးဖြူပိုင်းလော့ အဖြစ်ကနေ ထုတ်နှုတ်ပြီးတော့ တခြားနေရာမှာတာဝန် ပေးရမှာပဲ။ ပိုင်းလော့အသစ်တွေက တာဝန်ယူပါလိမ့်မယ်။”

လင်ဒါက တစ်ခုခုပြန်ပြောချင်ပေမဲ့ ပြန်ပြောဖို့စကားစ ရှာမတွေ့တဲ့အတွက်ကြောင့် လက်သီးကိုပဲ တင်းတင်း ဆုပ်ထားမိလိုက်တယ်။ အဲဒီအချိန်မှာပဲ အပြင်ဘက်ကနေ ဆူညံ့သံတချို့ထွက်လာတယ်။

“ကောင်လေး၊ ဒီနေရာကို မင်းဘယ်လိုလုပ်ပြီး ရောက်လာတာလဲ။ ဒီနေရာက တားမြစ်နယ်မြေကွ။” အစောင့်တွေဆီကအသံဖြစ်မှန်း ဗိုလ်ချုပ်နဲ့လင်ဒါတို့ သတိထားမိပြီးထွက်ကြည့်တော့ ဆံပင်ဖြူနဲ့ကောင်လေး တစ်ယောက်ကို အစောင့်တွေက တားဆီးနေတာ တွေ့လိုက်ရတယ်။

“ငါ့ကို လမ်းဖယ်ပေး။ နဂါးဖြူရဲ့ပိုင်းလော့အဖြစ် လျှောက်လွှာတင်ထားပြီးသား။ အနည်းဆုံးတော့ လက်တွေ့စမ်းသပ်ခွင့်ပေး....”

ကောင်လေးတစ်ယောက်က အသည်းအသန်အော်ဟစ်ပြီး အစောင့်တွေလက်ထဲကနေ ရုန်းထွက်ဖို့လုပ်နေတယ်။ ဗိုလ်ချုပ်ကြီးက အနားမှာရှိနေတဲ့ တပ်ကြပ်ကြီး တစ်ယောက်ကို မေးလိုက်တော့...

“အဲဒီကောင်လေးက ဆယ့်လေးနှစ်ပဲရှိသေးပေမဲ့ ပိုင်းလော့ လျှောက်လွှာတင်ခဲ့တာဆိုလား။ ဒါပေမဲ့ ပိုင်းလော့ဖြစ်ဖို့ လေ့ကျင့်ထားတာမျိုးမရှိသလို အသက်လည်းမပြည့်သေးတဲ့ အတွက်ကြောင့် လျှောက်လွှာကိုပယ်ချခဲ့တာ။”

ဗိုလ်ချုပ်ကြီးကတော့ မေးက နှုတ်ခမ်းမွှေးကို ပွတ်ရင်း “ဒီအတိုင်း ရည်မှန်းချက်ကြီးလို့ ကလေးပီပီလှမ်းပြီး ဖောင်တင်လျှောက်တာဆိုရင် သာမန်ဆန်တယ်လို့ ပြောလို့ရပေမဲ့ ခိုးဝင်တဲ့အထိတောင် လုပ်တယ်ဆိုတော့။”

သူတို့ဆွေးနွေးနေချိန်မှာပဲ ကောင်လေးကို အစောင့်တွေက ဖမ်းမိသွားပြီး အပြင်ကိုခေါ်ထုတ်ဖို့လုပ်တယ်။ ဒါပေမဲ့ အစောင့်ကိုယ်ပေါ်မှာ ကုန်းပိုးခံထားရတဲ့ကောင်လေးက သူ့လက်က လက်ပတ်နာရီကိုရိုက်ချလိုက်ပြီး

“ငါ့ကို စမ်းသပ်ခွင့်ပေးလို့ ပြောနေတယ်။”

ဗျစ်... ဗျစ်... ဗျစ်...

နာရီကနေ လျှပ်စစ်လှိုင်းတချို့ထွက်လာပြီး အစောင့်တွေကို လဲကျသွားစေပါတယ်။ အဲဒီလက်ပတ်ကို လင်ဒါတို့တွေ သတိထားမိသွားပြီးနောက်တော့ ဗိုလ်ချုပ်ကြီးရဲ့မျက်နှာ ဖြူဖျော့သွားတယ်။

“ဘာ.... အဲဒီလက်ပတ်က သူ့ဆီကို ဘယ်လိုလုပ်ပြီးတော့ ရောက်နေတာလဲ။”

ကောင်လေးက အစောင့်တွေလက်ထဲကနေ လွတ်လာပြီး နောက်မှာတော့ သူ့နာရီကို ထောင်ပြလိုက်တယ်။ နာရီက နဂါးတစ်ကောင်ရဲ့ပုံစံရှိပြီး အဖြူရောင်ပါ။ နဂါးရဲ့မျက်လုံး နေရာမှာ အပြာရောင်ကျောက်မျက်ရှိနေပြီး ကာကွယ်ရေး တပ်ဖွဲ့ရဲ့တံဆိပ်တုံးနဲ့ဒိုင်းပုံရှိနေပါတယ်။

“ဒီလက်ပတ်ကို ခင်ဗျားတို့သိတယ်မဟုတ်လား။ လွန်ခဲ့တဲ့ နှစ်ငါးဆယ်တုန်းက နဂါးဖြူကိုတည်ဆောက်ခဲ့တဲ့ အင်ဂျင်နီယာနှစ်ယောက်တည်းက တစ်ယောက်ရဲ့ဟာပဲ။ ကျုပ်က ဒေါက်တာထွန်းခိုင်ရဲ့မြေးပဲ။ ကာကွယ်ရေးတပ်နဲ့ စာချုပ်အရ ဒီစက်ရုပ်ကို ဒေါက်တာထွန်းခိုင်နဲ့ မျိုးဆက်တွေက တစ်ဝက်ပိုင်တယ်။ ကျုပ်အဖိုးရဲ့ ဆက်ခံသူအနေနဲ့ ဒီစက်ရုပ်ကို မောင်းချင်ရင် မောင်းခွင့်ရမယ်လို့ သဘောတူညီမှုရှိခဲ့ပြီးသား။”

လင်ဒါကလည်း သူ့လက်ကိုသူ ပြန်ငုံကြည့်လိုက်တယ်။ သူ့လက်မှာလည်း အလားတူလက်ပတ်နာရီမျိုးရှိနေပြီး နဂါးပုံစံနဲ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့တံဆိပ်ပါ ဓားတစ်လက်ပုံ ပါရှိတယ်။

ဗိုလ်ချုပ်က ရှေ့ကိုထွက်လိုက်ပြီး ကောင်လေးကို တားဆီး လိုက်ပါတယ်။ “အဲဒီလက်ပတ်ကို ဒေါက်တာထွန်းခိုင်နဲ့ ဒေါက်တာဂရီဂိုရီတို့မိသားစုရဲ့အရွယ်ရောက်ပြီး ဆက်ခံသူတွေမှာပဲ ရှိသင့်တာ။ ကလေးဖြစ်တဲ့မင်းကို လက်ဆင့်ကမ်းစရာအကြောင်းမရှိဘူး။ အဲဒီလက်ပတ်က အတုပဲဖြစ်ရမယ်။”

“စစ်မစစ် စမ်းကြည့်ပေါ့ဗျာ။” ကောင်လေးက သိပ်ကို ဒေါသထွက်နေတဲ့ မျက်လုံးတွေနဲ့ နာရီကို နောက်တစ်ခါ ထိလိုက်ပြန်တယ်။ နာရီက သူ့လက်ကနေကျွတ်သွားပြီး ချက်ချင်းကြီးမားကျယ်ပြန့်လာကာ ကောင်လေးတစ်ရပ်စာ လောက်နီးပါးကြီးတဲ့ ဒိုင်းဖြူကြီးအဖြစ်ကို ပြောင်းသွားတယ်။

“နဂါးဖြူရဲ့ဒိုင်းကို လက်ပတ်နာရီအစစ်ကသာ ထုတ်ဖော်နိုင်တယ်။”

ဗိုလ်ချုပ်နဲ့လင်ဒါတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ်။

...

“အဲဒီတုန်းက အစ်မသေလောက်အောင် လန့်သွားခဲ့တာ။ အဖိုးရဲ့တွဲဖက်မှာ လက်ကျန်မျိုးဆက်တွေ ရှိနေဦးမယ်လို့ ထင်မထားခဲ့ဘူးလေ။ နှစ်ငါးဆယ်ကျော် အဆက်အသွယ် မရှိဘဲ ဖြစ်နေခဲ့တာကိုး။”

လင်ဒါက ပြောလိုက်တော့ မင်းလွင်ကလည်း သူ့လက်မှာ ရှိနေတဲ့ နဂါးလက်ပတ်ကို ထိတွေ့လိုက်ရင်း ပြောတယ်။ “အဖိုးက ပိုင်းလော့အဖြစ်ရော တီထွင်သူအဖြစ်ကနေပါ အနားယူပြီးတဲ့နောက် သူ့နောက်မျိုးဆက်တွေကို ကိုင်ဂျူးတွေနဲ့ မတိုက်ခိုက်စေချင်တော့ဘူး။ ဒါကြောင့် ကာကွယ်ရေးတပ်နဲ့အဆက်အသွယ်မလုပ်ခဲ့တာပဲ။ ကျွန်တော်လည်း အဲဒီနေ့က အဖြစ်အပျက်ကြောင့်သာ မဟုတ်ရင် ဒီကိုရောက်လာမှာမဟုတ်ဘူး။”

လင်ဒါလိုပဲ ကောင်လေးမင်းလွင်မှာ ပြောပြစရာ အတိတ်က ဇာတ်လမ်းတစ်ပုဒ် ရှိနေခဲ့တယ်။

...

အဲဒီနေ့က မင်းလွင် ၁၄နှစ်ပြည့်တဲ့ နေ့ပေါ့။

တစ်နေကုန် သူတို့နေတဲ့ နယ်မြို့လေးကိုပတ်သွားပြီး ဆော့ကစားပြီးတဲ့နောက် အိမ်ကိုပြန်လာခဲ့တယ်။ အိမ်မှာတော့ သူ့အဖေရယ်အမေရယ် လေးဖက် သွားတတ်ကာစ ညီမလေးရယ်က မွေးနေ့ကိတ်နဲ့အတူ စောင့်ကြိုနေခဲ့တယ်။

အနှောင့်အယှက်တစ်ခုခုသာမရှိရင် သိပ်ကိုကောင်းမွန်မယ့် မွေးနေ့ရက်ကလေးဖြစ်ခဲ့မှာ။

ဒါပေမဲ့ မွေးနေ့ကိတ်ပေါ်ကို ဖယောင်းတိုင်ထွန်းပြီး မွေးနေ့ဆုတောင်းသီချင်းဆိုနေတဲ့အချိန်မှာပဲ မင်းလွင်ရှေ့က မြင်ကွင်းတွေပြောင်းလဲသွားပြီး သူ့တစ်ကိုယ်လုံး လေထဲမျောလွင့်နေတာကို သတိထားမိလိုက်တာပါပဲ။

နောက်တစ်ကြိမ် သတိပြန်ရလာတော့ သူ့နဖူးကနေ သွေးတွေ စီးကျနေပြီး သူ့ကိုတင်းတင်းဖက်ထားတဲ့ အမေ့ရဲ့လက်တွေကို သတိထားမိလိုက်တာပါပဲ။ ဒါပေမဲ့ အမေ့လက်တွေက တဖြည်းဖြည်းအေးစက်လို့လာနေမှန်း သတိထားမိလိုက်တယ်။

သူမော့ကြည့်လိုက်ချိန်မှာတော့ သံချောင်းကြီးတစ်ချောင်းက သူ့အမေရဲ့ကျောကနေ စိုက်ဝင်နေပြီး ရင်ဝကနေ ပြန်ထွက်လာတယ်။ သူ့ကို ထိမိဖို့ နည်းနည်းလေးပဲလိုတယ်။ ညီမလေးကတော့ ဘယ်ကို ရောက်လို့ရောက်သွားမှန်း သူရှာမတွေ့ခဲ့။

ဝူး... ဝူး...

အဝေးတစ်နေရာကနေ အလွန်ကြီးမားတဲ့ အကောင်ကြီး တစ်ကောင်ရဲ့ဟိန်းဟောက်သံကို သူကြားနေရကြီး ဧရာမ စက်ရုပ်ကြီးတစ်ရုပ်ဆီက စက်သေနတ်ပစ်သံကိုလည်း သူကြားနေရတယ်။ တဖြည်းဖြည်းချင်းရှင်းလင်းလာတဲ့ သူ့အသိစိတ်က အခြေအနေကို နားလည်သဘောပေါက် လာခဲ့တယ်။

“ကိုင်ဂျူးတစ်ကောင် ငါတို့မြို့ကို လာတိုက်ခိုက်တာလား။” ဆိုတာပါပဲ။

“သားလေး...” တစ်နေရာကိုရောက်တော့ အဆောက်အဦ အပြိုအပျက်တွေကြားမှာ ပိနေတဲ့ သူ့အဖေကို ရှာတွေ့တယ်။ အပြိုအပျက်ပုံအောက်က သူ့အဖယ်ကို ကူညီကယ်ဆယ်ဖို့ ကြိုးစားခဲ့ပေမဲ့ သူဟာ သိပ်ကိုအားနည်းမှန်း သိခဲ့ရတယ်။ သူ့အဖေက သူ့ကိုလက်လျှော့လိုက်ဖို့ ပြောပြီးတဲ့နောက်မှာ လက်မှာပတ်ထားတဲ့ နဂါးဖြူလက်ပတ်လေးကို ချွတ်ပေးပြီး...

“ဒါက အဖေတို့မိသားစုရဲ့အမွေပဲ။ မင်းဒါကို ထိန်းသိမ်းရမယ်။ ကာကွယ်ရေးတပ်ကိုသွား၊ မင်းအဖိုးထားခဲ့တဲ့အမွေကိုယူပါ။ ကမ္ဘာပေါ်မှာရှိနေတဲ့ တခြားမိသားစုတွေ ငါတို့လိုမခံစားရအောင် မင်းကာကွယ်ပေးနိုင်မှာပါ။”

အဲဒီနောက်တော့ သူဖခင်ဖြစ်သူလည်း လောကကြီးထဲကနေ ထွက်ခွာသွားခဲ့တယ်။ သူ့ဘဝရဲ့အရာရာကို ဆုံးရှုံးလိုက်ရမှန်း သတိပြုမိချိန်မှာတော့ မင်းလွင်ဟာ သူ့ခေါင်းကဆံပင်တွေကို ဆောင့်ဆွဲရင်း တစ်နေကုန်အော်ဟစ်နေခဲ့တယ်။ အဲဒီ​နေ့မှာပဲ သူ့ဆံပင်တွေအားလုံး အရောင်လွင့်သွားခဲ့တာ။

...

“အဲဒီနေ့ကတည်းက ကျွန်တော်ကျိန်ဆိုခဲ့တာ။ ကိုင်ဂျူးတွေ အားလုံးကို သတ်မယ်။ ဒါမှ လူသားတွေ အေးချမ်းစွာ နေနိုင်မှာ ဆိုပြီးတော့ပေါ့။”

မင်းလွင်က သူ့ရည်မှန်းချက်ကို ပြောလိုက်တယ်။ လင်ဒါက သဘောတကျနဲ့ပြုံးလိုက်ရင်း

“ကိုင်ဂျူးအားလုံးကို သတ်မယ်တဲ့။ ရည်မှန်းချက်က ကြီးပါပေ့။ ဒါပေမဲ့ အဆင့်လေးကိုင်ဂျူးတစ််ကောင်ကို အနိုင်တိုက်ဖို့တောင် အစ်မတို့နှစ်ယောက် မနည်းကြိုးစားရတာမဟုတ်လား။ ကိုင်ဂျူးအားလုံးကို နိုင်ချင်ရင် ပင်လယ်ရေအောက်ထဲက သူတို့မိခင်ကြီးကိုပါ သတ်နိုင်ရမှာ။ မောင်လေးက အဲဒီလိုလုပ်နိုင်မယ်လို့ ထင်လို့လား။”

လင်ဒါက မေးလိုက်တော့ မင်းလွင်က လင်ဒါ့ရင်ခွင်ထဲက ရုန်းထွက်လိုက်တယ်။ အဲဒီနောက်တော့ လင်ဒါ့ရှေ့မှာ မတ်တပ်ရပ်ပြီး သူ့ရင်ဘတ်ကိုသူ ပုတ်ပြလိုက်ပါတယ်။

“ သေချာပေါက် လုပ်နိုင်တာပေါ့ဗျ။”

နောက်တော့ သူက လက်ကိုထောင်ပြီး လက်မှာပတ်ထားတဲ့ နာရီကိုထင်ပေါ်အောင်လုပ်ရင်း...

“ဒိုင်းဖြစ်တဲ့ကျွန်တော်က အစ်မကို ကာကွယ်ပေးမယ်။ ဓားဖြစ်တဲ့အစ်မက ကျွန်တော်တို့ရဲ့ရန်သူတွေကို ပိုင်းဖြတ်ပေး။ ဒီလိုနဲ့တစ်နေ့ကျရင် ကိုင်ဂျူးမိခင်ကြီးကို ကျွန်တော်တို့ အနိုင်ရလိမ့်မယ်။”

မင်းလွင်ရဲ့အူကြောင်ကြောင်နိုင်ပြီး လက်တွေ့မကျတဲ့ စိတ်ကူးယဥ်စကားကြောင့် လင်ဒါက ရယ်မောလိုက်တယ်။

“ဒါပေါ့.... ဒါမှမမရဲ့ချစ်စရာကောင်းတဲ့ မောင်လေး။”

လင်ဒါက မင်းလွင်ရဲ့ပါးကို ဖျစ်ညှစ်လိုက်တယ်။ အဲဒီနောက် ရုတ်တရက်ဆိုသလိုပဲ စစ်စခန်းထဲက အရေးပေါ်အချက်ပြ မီးတွေလင်းလာပြီး တယ်လီကွန်းကနေ ကြေညာသံထွက်လာတယ်။

“အဆင့်လေး မိုးကြိုးလျှပ်စီးသဘာဝ ကိုင်ဂျုးတစ်ကောင် ဆန်ဖရန်စစ်စကိုကမ်းခြေကို ချဥ်းကပ်လာပါပြီ။ ကာကွယ်ရေးတပ်စခန်းရှိ တပ်သားအားလုံး အသင့်ပြင်ပါ။ နဂါးဖြူပိုင်းလော့များ တိုက်ပွဲဝင်စက်ရုပ်ဂိုထောင်သို့ အမြန်ဆုံးအရောက်လာပါရန်။”

“နောက်တစ်ကောင် ပေါ်လာပြန်ပြီလား။” လင်ဒါရဲ့ မျက်နှာက ချက်ချင်းတင်းမာသွားတယ်။ မင်းလွင်ကတော့ ညာလက်သီးကိုဆုပ်ကာ ဘယ်လက်ဖဝါးကို ဖြောင်းခနဲ မြည်အောင်ထိုးချလိုက်ပြီး...

“ဒီနေ့လည်း ကိုင်ဂျူးတွေကို အမှုန့်ချေကြတာပေါ့။”

All Chapters