လှံရှည်ဖြင့် ချိန်ရွယ်ခြင်း
Vol. 013 Ch. 1291
ယခုတွင် နောက်ဆုံးနှစ်ဦးသာ ကျန်တော့၏။
ရှင်းခိုင်နှင့် ရီဖူရှင်း။
တစ်ဦးသည် နှစ်ပေါင်းများစွာ ကျော်ကြားခဲ့ပြီးဖြစ်ကာ သွေးနဂါးဘုံ၏သူရဲကောင်းဆန်သော သူတစ်ဦး။
နောက်တစ်ဦးကား အင်ပါယာရှားဘုံမှ လာကာ သူနှင့်ဆန့်ကျင်ဘက် ဟူသမျှကို ရှင်းလင်းနိုင်သောသူ။
သည်လူက ဖေမင်အား နှုတ်ထွက်စေနိုင်သူ၊ လော့ယန်ကို ထုတ်ပယ်ခဲ့သူ၊ ထို့နောက်တွင် နောက်ဆုံးကျန်သော ရှင်းခိုင်နှင့် ထိပ်တိုက်တွေ့ခဲ့သူ။
သူတို့နှစ်ဦးအကြားမှ တိုက်ပွဲသည် အလွန် ကြည့်ကောင်းမည်မှာ သေချာ၏။
ထိုအခိုက်တွင် ရှင်းခိုင်သည် သူ့ရှေ့တွင် နောက်ဆုံးအနေဖြင့် ရပ်နေသူဖြစ်၏။ ရီဖူရှင်းက သူ၏ရှုံးပွဲမရှိစံချိန်ကို ဆက်လက်အောင်ပွဲခံကာ ရန်ဟောင်စာလိပ်ကို ရယူနိုင်မည်လား။
ထိုကိစ္စက သိပ်တော့ မလွယ်ကူပါ။
ဘုန်း …
အားလုံးက ကြည့်နေသော အခိုက်တွင်ပင် ရှင်းခိုင်က ရှေ့သို့ တက်လာရာ သူ့ထံမှ ပြင်းထန်သော အားလှိုင်းများ ရိုက်ခတ်လာခဲ့သည်။
အားကောင်းသော တိုက်ခိုက်လိုခြင်း ဆန္ဒ အငွေ့အသက်များသည် အရပ်မျက်နှာမျိုးစုံသို့ ပျံ့နှံ့သွားခဲ့၏။ ရှင်းခိုင်၏အနီးတွင် ရစ်သိုင်းနေသော ရောင်ခြည် အလင်းများသည် မဟာလမ်းစဉ်၏ တိုက်ခိုက်ခြင်းပုံစံအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူ၏ တိုက်ခိုက်ခြင်းဆန္ဒက ပြင်းထန်စွာ ဖြစ်ပေါ်လာခဲ့၏။ သူကား ထိုနေရာတွင် စစ်နတ်ဘုရား တစ်ပါးအလား ရပ်နေသည်။
ရှင်းခိုင်ကား အင်ပါယာကျန့်၏ မျိုးဆက်ဟု ကောလာဟလများ ရှိသည်။ သူ၏စွမ်းအားများကို ထုတ်လိုက်သော အခါတွင် သူသည် ကမ္ဘာကြီးကဲ့သို့ ကြီးမားခိုင်မာသည်ဟု ထင်မှတ်ရ၏။ သူ၏ ကြောက်မက်ဖွယ်ရာ တိုက်ခိုက်ခြင်း အသိသည် အရာအားလုံးကို ဖုံးအုပ်သွားကာ ရီဖူရှင်းထံသို့ ဖိအားပေးလာခဲ့၏။
သို့သော်လည်း သူကား သူ၏အဆင့်ကို ထိန်းချုပ်ထားဆဲဖြစ်ကာ နတ်ဘုရား ဆေးကြောသန့်စင်ခြင်း အဆင့်ဖြင့်သာ တိုက်ခိုက်၏။
ရှင်းခိုင်က သူ၏ တိုက်ခိုက်ရေးအသိကို ထုတ်လွှတ်သောအခါ သူ့အနီးမှ များစွာသော မုဒြာများသည်လည်း အတူတူဖြစ်လာဟန် ရသည်။ သူတို့က သူ့ခန္ဓာကိုယ်နှင့် စတင်၍ စည်းချကျလာ၏။ အထူးသဖြင့် သူ့စိတ်အသိမှ ဖြစ်လာသော ဧရာမမုခြာသည် အလွန်ကြီးမား လာခဲ့တော့သည်။
တစ်ချိန်တည်းမှာ ရီဖူရှင်း၏ စွမ်းအားများသည်လည်း စတင်မွေးဖွားလာခဲ့သည်။ မဟာလမ်းစဉ်သည် သူနှင့်တသားတည်း ဖြစ်သွားကာ လေဟာနယ်အသိများ ကောင်းကင်ကို ဖုံးအုပ်လာ၏။ ထောင်ပေါင်းများစွာသော သင်္ကေတများသည်။
“လှံရှည်”
စာလုံးသဏ္ဌာန် ဖြစ်ပေါ်လာကာ သူ၏စွမ်းအားသည်လည်း တူညီစွာ ကြီးမားပေသည်။
သူတို့နှစ်ဦးက အချင်းချင်း ရင်ဆိုင်မိရာ ပြင်းထန်သော အရှိန်အဝါများ ထိတွေ့မိကြောင့် လေထုသည် ပြင်းထန်စွာ ပေါက်ကွဲ၏။
“သူတို့နှစ်ယောက်လုံးက အရမ်းသန်မာတာပဲ”
အားလုံး၏စိတ်နှလုံးများ တုန်ခါကြရသည်။
ဒေသနန်းတော်တွင် ကျင့်ကြံဖူးသော တန်ခိုးရှင်အများစုသည် ရှင်းခိုင်နှင့်ပတ်သက်၍ အနည်းနှင့်အများ သိကြပေ၏။ သူလေ့ကျင့်သော ပညာရပ်သည် ရန်ဟောင်အဆင့် ဖြစ်၏။ ကောင်းကင် ဒဏ်ခတ်တိုက်ခိုက်ခြင်း အသိသည် ရှေးဟောင်းစစ်နတ်ဘုရား တစ်ပါးမှ တီထွင်ခဲ့ခြင်းဟု ဆိုကြသည်။ တိုက်ခိုက်ခြင်းအသိကို ထုတ်လွှတ်လျှင် သူ့ခန္ဓာကိုယ်သည် မဟာလမ်းစဉ်နှင့် တသားတည်း ဖြစ်သွားကာ သူ့စိတ်ဝိညာဉ်က ပြောင်းလဲပြီး သူ့စွမ်းအားသည် အရာအားလုံးကို ချိုးနှိမ်နိုင်၏။ သူက မည်သည့် တိုက်ကွက်ဖြင့်မဆို သူ့စွမ်းအားသည် အဆင့်တူများထက် သာလွန်စမြဲ။ သူ၏ အရှိန်အဝါသည် ပြိုင်စံရှားကာ ရန်သူများအားလုံးကို ရှင်းလင်းနိုင်သည်။
သည်ပညာရပ်ဖြင့် သူသည် နှစ်ပေါင်းများစွာ ပြိုင်ဘက်ကင်းခဲ့၏။ သူသည် လူအများ လေးစားခံရသောသူ ဖြစ်လာခဲ့သည်။ သူက လွန်ခဲ့သော နှစ်များအကြာက ဒေသနန်းတော်သို့ ရောက်လာသောအခါ သူ့အဆင့်တူအတွင်း ပြိုင်ဘက်ကင်းခဲ့သည်။
သူ့နည်းသူ့ဟန်ဖြင့် သူသည် ဒေသနန်းတော်သို့ ဝင်သည်မှာ မကြာသေးသော ယူချင်းနှင့် အနည်းငယ် ဆင်တူ၏။
ကောင်းကင်ဒဏ်ခတ် တိုက်ခိုက်ခြင်းအသိဖြင့် စွမ်းအာများ တိုးပွားလာသောအခါ ရှင်းခိုင်၏ ကိုယ်ရှိန်ကိုယ်ဝါမှာ ကြောက်မက်ဖွယ် ကောင်းနေတော့၏။ သူ့အနီးမှ ရောင်ခြည်များမှာ နတ်ဘုရားတစ်ပါး၏အလင်းနှင့်မခြား စူးရှတောက်ပလွန်း၏။
သို့သော်လည်း ရီဖူရှင်း၏ သိမြင်ဆင်ခြင်အားသည် သူ့ထက် အားကောင်းနိုင်ကြောင်း ရှင်းခိုင်က သတိထားမိသည်။ သို့သော်လည်း သည်မျှက သူ့အား လက်လျှော့စေရန် မလုံလောက်ပေ။
အနိုင်ရလဒ်သည် ပိုသန်မာသောသူနှင့်သာ သက်ဆိုင်၏။
အကြွင်းမဲ့မျှတသော တိုက်ပွဲဟူသည် မရှိပေ။
ဘုန်း …
‘တိုက်ခိုက်ခြင်း’စာလုံးက ရုတ်တရက် ပေါက်ကွဲသည်တွင် လေထုကို ခွင်းလျက် ရီဖူရှင်းထံသို့ တိုးဝင်သွားခဲ့သည်။
စာလုံး သင်္ကေတတိုင်းသည် သူ၏ ကောင်းကင်ဒဏ်ခတ် တိုက်ခိုက်ခြင်း အသိအတွင်းသို့ ပေါင်းစပ်ထားဟန်ရသည်။ ယင်းက ရီဖူရှင်းထံသို့ လေထုကို ခွင်းကာ တိုးဝင်သွားလျက် ကြောက်မက်ဖွယ် လေခွင်းသံများ ထွက်လာ၏။
ကောင်းကင်ဒဏ်ခတ် တိုက်ခိုက်ခြင်းအသိသည် ရီဖူရှင်း၏ ပညာရှိကျမ်းကဲ့သို့ ရန်ဟောင်အဆင့် ပညာရပ်ဖြစ်သည်။
ပညာရှိကျမ်းက ရီဖူရှင်းနှင့် အလွန်အမင်း သင့်တော်သလို ကောင်းကင်ဒဏ်ခတ် တိုက်ခိုက်ခြင်း အသိကလည်း ရှင်းခိုင်နှင့် လိုက်လျောညီထွေ ရှိပေသည်။ ရီဖူရှင်း၏အနီးတွင် ရှေးဟောင်း သင်္တေကများ ရစ်ပတ်လာခဲ့၏။ သူ့ခန္ဓာကိုယ်သည် မဟာလမ်းစဉ်၏ မီးပြင်းဖိုကဲ့သို့ ပြောင်းလဲသွားကာ အနီးမှ စွမ်းအားများအားလုံးကို ဝါးမျိုသည်။ သူက ထိုအရာများအားလုံးကို အာကာသ စွမ်းအားများအဖြစ် ပြောင်းလဲကာ သူ့အနီး၌ ရစ်ပတ်စေသည်။
ရှင်းခိုင်၏ တိုက်ခိုက်မှု တိုးဝင်လာသည်ကို သူက မြင်သည်တွင် ‘လှံရှည်’စာလုံးကလည်း ရှေ့ကို ပြေးထွက်သွား၏။
အားလုံး၏ မျက်လုံးများက တိုက်ပွဲကို စူးစိုက်ကြည့် နေကြသည်။ နတ်တောင်ပေါ်တွင် ထိုင်နေသူများအားလုံးက ရှင်းလင်းစွာ မြင်နေကြ၏။ ‘တိုက်ခိုက်ခြင်း’စာလုံးနှင့် ‘လှံရှည်’စာလုံးတို့ လေထဲတွင် ကြောက်မက်ဖွယ် တိုက်ခိုက်ခြင်း မုဒြာနှင့် အာကာသနတ်ဘုရား လှံရှည်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ယင်းတို့က လေထဲတွင် ဆုံတွေ့ကြ၏။
လျှပ်တစ်ပြက်အတွင်း ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားလှိုင်းများ ပေါက်ကွဲထွက်လာသည်။
သူတို့နှစ်ဦး စေလွှတ်လိုက်သော စာလုံးများသည် ဆင်တူကြ၏။ နှစ်ခုလုံးသည် အလွန်အားကောင်းသော မှော်စာလုံးများ ဖြစ်ကြသည်။
လေထဲတွင် တိုက်ခိုက်မှုနှစ်ခု ဆုံတွေ့သောအခါ ယင်းတို့၏ အင်အားသည် ညီမျှနေဟန်ရ၏။
ရှင်းခိုင်က ရှေ့သို့ တက်လာခဲ့လျှင် ကောင်းကင်ဒဏ်ခတ် အသိက လေထုကို ခွင်းလျက် ဖြတ်သန်းလာခဲ့၏။ သူက လက်ဆန့်တန်းလိုက်လျှင် သူ့ရှေ့တွင် ကြောက်မက်ဖွယ် မုဒြာတစ်ခု ဖြစ်ပေါ်လာသည်။ မုဒြာက စွမ်းအား ပိုမိုကြီးမားလာခဲ့၏။
“သွား”
ရှင်းခိုင်က လက်ဝှေ့ယမ်းလိုက်လျှင် မုဒြာက ရီဖူရှင်းထံသို့ ပြေးထွက်သွား၏။ ‘တိုက်ခိုက်ခြင်း’စာလုံးက မုဒြာနှင့် ပေါင်းစပ်သွားခဲ့ကာ ရီဖူရှင်းထံသို့ ကျဆင်းလာခဲ့သည်။
ကျယ်လောင်သော အသံတစ်ခုနှင့်အတူ လေထုက ပြိုလဲတော့မည့်ဟန် မြင်ရ၏။ ‘လှံရှည်’စာလုံးသည် ကောင်းကင်ထက်တွင် မျော်လွင့်နေရာမှ လေထုကို ဖြတ်သန်းသွားခဲ့သည်။
ကောင်းကင် ပြိုကျလုမတတ် တိုက်ခိုက်မှုကို မြင်ရသောအခါ ရီဖူရှင်းက တောင့်ခံနိုင်မည်လားဟု လူတိုင်းက တွေးနေမိကြသည်။
ထိုအခိုက်တွင် ရီဖူရှင်း၏ခန္ဓာကိုယ် မီးပြင်းဖိုအတွင်း နတ်ဘုရားလှံရှည် ဖြစ်လာသည်ကို မြင်ကြရ၏။ ထိုအရာက မီးပြင်းဖိုအတွင်းမှ စိတ်အသိကြောင့် ဖြစ်တည်လာခြင်း ဖြစ်သည်။ ယင်းက လေထုကို ခွင်းကာ တိုက်ခိုက်ခြင်း မုဒြာကို ထိုးခွဲသည်။
လေဟာနယ်အသိက ကွဲထွက်လာခဲ့ကာ အရာခပ်သိမ်းကို ထိုးခွဲလျက် အစအနမကျန်အောင် ပျက်စီးစေသည်။
တိုက်ခိုက်ခြင်း မုဒြာနှင့် လှံရှည်တို့သည် ပြင်းထန်စွာ ထိတွေ့ကာ နှစ်ခုလုံး ပျက်စီးပျောက်ကွယ် သွားခဲ့၏။
ထိုအဖြစ်က လူတိုင်း၏စိတ်နှလုံးကို ပြင်းထန်စွာ တုန်ခါစေသည်။
သည်တိုက်ခိုက်မှုများက လူတိုင်းကို ကြောက်ရွံ့စေ လောက်အောက် ပြင်းထန်ပေသည်။
သူတို့နှစ်ဦးကလည်း တစ်ချိန်တည်းတွင် ရှေ့သို့ တက်လာ၏။ သူတို့အနီးတွင် စာလုံးများ စီးဆင်း လှည့်ပတ်နေကြကာ အရပ်မျက်နှာမျိုးစုံသို့ အားလှိုင်းများ ထွက်ပေါ်နေ၏။
နှစ်ဦးလုံး၏ အရှိန်အဝါများမှာ အလွန်အားကောင်းနေ၏။ သူတို့က စူးရှသော မျက်လုံးများဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။ လေထဲတွင် သူတို့၏အရှိန်အဝါများက ထိပ်တိုက်တွေ့၏။
ဝုန်း …
ရှင်းခိုင်၏ တိုက်ခိုက်ခြင်း အသိသည် ပေါက်ကွဲထွက်လာပြီး ကောင်းကင်ဒဏ်ခတ် အသိကလည်း ပိုမိုအားကောင်းလာခဲ့သည်။ ထိုအချင်းအရာက စစ်နတ်ဘုရား၏ ပုံသဏ္ဌာန်တစ်ခု ကောင်းကင်တစ်ခွင်လုံး ဖုံးအုပ်လာသည့်ပုံပါပေ။
ရီဖူရှင်းက ရှေ့သို့ တက်လာသောအခါ သူ၏ ကိုယ်ရောင် ကိုယ်ဝါကလည်း မြင့်တက်သွား၏။ သူက ရွှမ်ယွင်ခြေလှမ်းကို သုံးလိုက်ကာ သူ့စိတ်ဝိညာဉ် အားသည်လည်း အားကောင်းလာခဲ့၏။
ဘန်း …
နှစ်ဦးလုံး ရပ်တန့်ခြင်း မရှိဘဲ ရှေ့ဆက်တိုးလာကြ၏။
ဘန်း … ဘန်း …
ခြေတစ်လှမ်းစီတိုင်းက ကြည့်နေသူများအားလုံးကို အသက်ရှူမှားစေသည်။
မဟာလမ်းစဉ်သည် သူတို့၏ ခေါင်းထက်တွင် စီးဆင်းနေကာ ဖျက်ဆီးခြင်း မုန်တိုင်းများ ဒေါသူပုန်ထလျက် ဖြစ်ပေါ်နေသည်။ သူတို့၏ စာလုံးသင်္ကေတများသည် အချင်းချင်း တိုက်ခိုက်နေကြဆဲ။
လေပြင်းများကြောင့် သူတို့၏ အဝတ်အစားများသည် ပြင်းထန်စွာ လူးလွင့်နေကြ၏။ ထိုမြင်ကွင်းက သည်းထိတ်ရင်ဖိုဖွယ် ကောင်းလှပေသည်။
ဤက အဆုံးအဖြတ် တိုက်ပွဲများပေလော။
သူတို့၏ စွမ်းအားများက အကန့်အသတ်သို့ ရောက်လာခဲ့သလို အချင်းချင်းလည်း တဖြည်းဖြည်း နီးကပ်လာခဲ့ကြ၏။ သူတို့က ကျယ်ပြောသော နေရာကြီးအား တစ်လှမ်းချင်း ကျော်ဖြတ်လျက် လှမ်းလာခဲ့ကြသည်။
သို့သော် …
သူတို့က တစ်ချိန်တည်း၌ ရပ်တန့်လိုက်ကြ၏။
သူတို့၏အဝတ်စများ လေထဲတွင် ရုန့်ရမ်းစွာ လှုပ်ခတ်နေ၏။ ရှင်းခိုင်၏နောက်တွင် စစ်နတ်ဘုရား သွင်ပြင်တစ်ခု စုဖွဲ့ဖြစ်ပေါ်လာဟန်ရ၏။ သူက သက်စောင့်ဝိညာဉ်ကို ထုတ်လွှတ်ခြင်း မပြုသေးပေ။ ထိုအရာက သူ၏ တိုက်ခိုက်ရေးအသိမှ ဖြစ်တည်လာခြင်း သက်သက်ဖြစ်သည်။ ထိုထူးဆန်းသော ပုံရိပ်သည် မဟာလမ်းစဉ်ကို ကိုယ်စားပြုသည်။ ဤကပင် ရှင်းခိုင် မည်မျှ အားကောင်းသည်ကို သိသာစေနိုင်ပေ၏။
ရီဖူရှင်း၏အနီးတွင် ‘စကြဝဠာအားလုံး’ ကဲ့သို့သော ရှေးဟောင်းစာလုံးများ ဆင့်ကဲဖြစ်ပေါ် လာနေကြသည်။ ပြင်းထန်သော လေပြင်းများသည် သူ၏ဆေးပေါင်းဖိုမှ ဖြစ်ပေါ်လာကာ အနီးတွင် မဟာလမ်းစဉ်၏ အလင်းအင်းကွက်များ ဖြစ်ပေါ်လာခဲ့ကာ ကောင်းကင်သို့ ထိုးတက်သွား၏။
မဟာလမ်းစဉ်၏ အင်းကွက်များသည် တစ်ချိန်တည်းတွင် ဖြစ်ပေါ်လာခဲ့ကာ သူ့ကို ရစ်ပတ်လျက် အလင်းစက်ကွင်း ဖြစ်နေလေ၏။
ထိုနှစ်ယောက်အား ကြည့်ကာ လူတိုင်းမှာ အသက်ရှူရန်ကိုပင် မော့လျှော့နေခဲ့ကြ၏။
ရှင်းခိုင်ကား သံသယရှိစရာ မလိုအောင် အားကောင်းလွန်းပေသည်။
သည်တစ်ကြိမ်တွင် ရီဖူရှင်းက သူ၏စွမ်းအားကို အမှန်တကယ် ထုတ်သုံးခဲ့ခြင်းလည်း ဖြစ်သည်။
သူကား အလွန်သန်မာ၏။ နတ်ဘုရားဆေးကြောခြင်း အဆင့်မျှသာ ဖြစ်သော်လည်း သူ၏ ကိုယ်ရောင်ကိုယ်ဝါသည် လောက၏ အကန့်အသတ်ကို ကျော်လွန်လွတ်မြောက် သွားသူတို့အလား ဖြစ်လာခဲ့သည်။
ရှင်းခိုင်၏အနီးတွင် များစွာသော ရှေးဟောင်း သင်္ကေတများအား တွေ့နိုင်သည်။ မိုးထိုးမတတ် ကြီးမြင့်သော စစ်နတ်ဘုရားသည် သူ၏လက်ကို ဆန့်တန်းကာ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။ လျှပ်တစ်ပြက်အတွင်း ရှေးဟောင်း ချိပ်တံဆိပ်များ ဖြစ်ပေါ်လာကာ ယင်းသည် ရုပ်ခန္ဓာကိုယ် အပြည့်အစုံ ဖြစ်ပေါ်တော့မည့်ဟန်ကိုပင် မြင်ရ၏။ လက်သီးက ကောင်းကင်ကို ခွင်းကာ ရီဖူရှင်းထံသို့ တိုးဝင်လာခဲ့သည်။
သူ၏တိုက်ခိုက်ခြင်း အသိက အရာအားလုံးကို ဖျက်ဆီးနိုင်သည်။
“စစ်နတ်ဘုရားချိပ်တံဆိပ်”
အားလုံး၏စိတ်နှလုံးများ တင်းကျပ်သွားသည်။ ရှင်းခိုင်က ကောင်းကင်ဒဏ်ခတ် အသိကို သူ၏မှော်တိုက်ကွက်နှင့် ပေါင်းစပ်ရာ ထိုက သူ၏ရှေးဟောင်း ချိပ်တံဆိပ်များကို ပိုမိုအားကောင်းစေခဲ့၏။ အားလုံးက ကောင်းကင်မှ ဖြစ်ပေါ်လာနေသော ဖိအားကို ခံစားကြရသည်။
ရီဖူရှင်းကား ထိုတိုက်ခိုက်မှုအောက်တွင် နစ်မြုပ်သွားပေရော့မည်။
ဟူး …
ရီဖူရှင်းအနီးတွင် မဟာလမ်းစဉ်၏ အလင်းစက်ကွင်း ဖြစ်တည်နေသည်။ ပညာရှိကျမ်း၏ စွမ်းအားအောက်တွင် ဆေးပေါင်းဖိုမှ ဖြစ်တည်လာသော နတ်ဘုရားလှံရှည်သည် ပြင်းထန်သော ဖျက်ဆီးအားဖြင့် ကောင်းကင်သို့ ထိုးတက်သွားခဲ့၏။
ရှေးဟောင်း ချိပ်တံဆိပ်ကလည်း ကောင်းကင်ပြိုဆင်း လာသည့်အလား ကျဆင်းလာခဲ့သည်။
ဧရာမနတ်ဘုရား လှံရှည်ကြီးသည် များစွာသော လှံရှည်များနှင့်အတူ ကောင်းကင်မှ ကျဆင်းလာသော ချိပ်တံဆိပ်များအား ထိုးခွဲသည်။
ထိုအခိုက်တွင် ကောင်းကင်၌ အလွန်တရာ လှပဆန်းကြယ်သော မြင်ကွင်းတစ်ခု ဖြစ်လာသည်။
ကြည့်ရသည်မှာ ကောင်းကင်တစ်ခုလုံး ရီဖူရှင်းထံသို့ ပြိုဆင်းလာသည့်အလား။ ဖျက်ဆီးခြင်း အလင်းများ ကျဆင်းလာသည်တွင် သူ့အား လုံးဝ ပျောက်ကွယ်သွားအောင် ဖယ်ရှားလိုသည့်ပုံစံ။
သို့သော် ထိုအခိုက်တွင် အလွန်ကြီးမားသော နတ်ဘုရားလှံရှည်သည် ရှေးဟောင်း စစ်နတ်ဘုရား ချိပ်တံဆိပ်အား ပိုင်းဖြတ်ကာ ကောင်းကင်ကို အမှန်တကယ် ပြိုဆင်းစေခဲ့၏။
ကြောက်မက်ဖွယ် လေဟာနယ်ဆုပ်ဖြဲခြင်း စွမ်းအားသည် လှံရှည်တစ်ခုစီတိုင်း၌ ဖြစ်ပေါ်လာသည်။
ထို့အပြင် ထိုနေရာတွင် မရပ်တန့်သေးပေ။ သူ့ခန္ဓာကိုယ်မှ ဖန်ဆင်းသော လှံရှည်သည် တစ်ကြိမ်ပြီးတစ်ကြိမ် ပိုမိုကြီးမား အားကောင်းလာခဲ့၏။
စစ်နတ်ဘုရား၏ပုံရိပ် ကျဆင်းလာခြင်းသည်လည်း တဖြည်းဖြည်း နှေးကွေးလာခဲ့ကာ သူ့ထံတွင် အက်ကွဲရာများ စတင်ဖြစ်ပေါ်လာခဲ့၏။
လှံရှည်က ကျဆင်းလာခဲ့လျှင် အက်ကွဲကြောင်းများသည် ပင့်ကူအိမ်များကဲ့သို့ ပျံ့ကျဲဖြစ်ပေါ်လာခဲ့သည်။ အက်ကွဲကြောင်းများက ပိုမိုကြီးမားလာခဲ့ကာ နောက်ဆုံးတွင် ထိုအက်ကွဲရာများထဲမှ အလင်းများ စူးရှစွာ ဖြစ်ပေါ်လာ၏။ စစနတ်ဘုရား ချိပ်တံဆိပ်ကား ပျက်စီးတော့မည့်ဟန်ပင် ဖြစ်လာသည်။
ဝုန်း …
စူးရှသော အလင်းပေါက်ကွဲမှု တစ်ခုက လူတိုင်း၏မျက်လုံးကို ကျိန်းစပ်စေ၏။ စစ်နတ်ဘုရား ချိပ်တံဆိပ်က ပြိုပျက်သွားခဲ့ကာ ကြောက်မက်ဖွယ် လေဟာနယ် ဆုပ်ဖြဲခြင်းအသိ ရိုက်ခတ်လာခဲ့သည်။ အားနည်းသော လူများကား ထိုမြင်ကွင်းကို ကြည့်ရဲခြင်းပင် မရှိကြ။ ဖျက်ဆီးခြင်းအလင်းက သူတို့၏မျက်လုံးများကို ဖြတ်တောက် သွားတော့မည့်အလား ထင်မှတ်ရသည်။
အတန်ကြာလျှင် သူတို့က မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်လျက် တိုက်ပွဲနေရာကို ကြည့်ကြသည်။
ထိုအခိုက်တွင် သူတို့က တိုက်ပွဲမြင်ကွင်းကို ကြည့်ကာ အကြီးအကျယ် ထိတ်လန့်သွားကြသည်။
အချိန်နှင့် လေဟာနယ်စီးဆင်းခြင်း ရပ်တန့်သွားဟန်ရ၏။ လူနှစ်ယောက်ကား ကောင်းကင်ထက်တွင် ရပ်နေဆဲဖြစ်သည်။
ရှင်းခိုင်ကား ထိုင်နေရာတွင် တည်ငြိမ်စွာ ရပ်နေသည်။ သူသည်လည်း လှုပ်ရှားခြင်း မရှိပေ။ သူကား မူလနေရာတွင်ပင် ရှိနေ၏။
ရီဖူရှင်းကား သူ့ရှေ့တွင် ရောက်နေသည်။ သူက လက်ကို ဆန့်တန်းကာ လှံရှည်များထဲမှ တစ်လက်ကို ဆုပ်ကိုင်လျက် ရှင်းခိုင်ကို ချိန်ရွယ်ထား၏။
ရီဖူရှင်းက စစ်နတ်ဘုရား ချိပ်တံဆိပ်ကို ချိုးဖျက်ကာ လေဟာနယ်ဓာတ်ကို အသုံးပြုလျက် ရှင်းခိုင်၏ရှေ့၌ ပေါ်လာခြင်းဖြစ်သည်မှာ သိသာသည်။
ရှင်းခိုင်၏အနီးတွင် မည်သည့် ရှေးဟောင်းသင်္ကေတမှ မရှိတော့သော်လည်း ရီဖူရှင်း၏လက်ထဲတွင် လှံရှည်တစ်လက် ရှိသည်။
သည်တိုက်ပွဲတွင် သူတို့က စစ်မှန်သော မှော်တိုက်ကွက်များ အသုံးပြုခြင်းအား မြင်တွေ့ခဲ့ကြရသည်။
နောက်ဆုံးတွင် အင်ပါယာရှားဘုံမှ ရောက်လာခဲ့သော ချန်ယဲ့မြို့စား ရီဖူရှင်းသည် သွေးနဂါးဘုံမှ ရှုံးပွဲမရှိစံချိန်ဖြင့် ပြိုင်ဘက်ကင်း ရှင်းခိုင်ကို အနိုင်ယူခဲ့၏။
***