ကန်လန်ဆင့်ကဲပြောင်းလဲခြင်းအဆင့် ပြောင်းလဲခြင်း
Vol. 6 Ch. 92
ကမ္ဘာထိပ်တန်းဆယ်ယောက်စားရင်းဝင်နိုင်သူများမှာ ဖန်ချင်းကဲ့သို့သော လူများ ဖြစ်သင့်ပေသည်။
ဖန်ချင်း၏ မူလကို မသိရပေ။ သူက ကံကောင်းမှုတစ်ခု ကြုံတွေ့ပြီး ရှေးဟောင်းနတ်ဘုရားဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို အမွေဆက်ခံနိုင်ခဲ့သည်။ ထို့အပြင် ရှေးဟောင်းနတ်ဘုရားဟု ခေါ်သောကြောင့် စွမ်းအားကလည်း သံသယဝင်စရာမလိုအောင် အားကောင်းပေလိမ့်မည်။
ရှေးဟောင်းနတ်ဘုရားဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ကြယ်စကြာဝဠာ၏ အနက်ရှိုင်းဆုံးမှ ရှေးဟောင်းနတ်ဘုရားတစ်ပါးကို ရည်ညွှန်းလေသည်။
အဆင့်သတ်မှတ်ချက်အရ ရှေးဟောင်းနတ်ဘုရားများက ဆဋ္ဌမအလွှာကို ဖိနှိပ်နိုင်လေသည်။
လင်းယွမ်က ဆင်းသက်ခြင်းမပြုမီ သူအစိုးရိမ်ဆုံးမှာ ဖန်ချင်းဖြစ်၏။ သူက ထိုက်ကျိနယ်ပယ်ကို အသုံးပြုလျှင် အခြားဆင့်ကဲပြောင်းလဲသူ ရှစ်ယောက်ကို ယှဉ်နိုင်မည်ဟု ယုံကြည်မှုရှိလေသည်။ သူမသေချာသော လူတစ်ယောက်မှ ဖန်ချင်းဖြစ်၏။
သို့သော် ၎င်းက ဆင်းသက်ခြင်းမတိုင်မီဖြစ်သည်။ ယခု တတိယဆင်းသက်ခြင်းကို ပြီးမြောက်ပြီးသောအခါ သူ၏ ခွန်အားက စတုတ္ထအလွှာ အဆင့်ကိုးသို့ ရောက်နေပြီဖြစ်သည်။
သူ၏ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အလားအလာကန့်သတ်ချက်က ရှေးဟောင်းနတ်ဘုရား ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်လောက် မမြင့်လျှင်တောင် အလွှာများကြား လွှမ်းမိုးမှုက အဆင့်မတူတော့ပေ။ ယခု လင်းယွမ်က အခြားဆင့်ကဲပြောင်းလဲသူ ကိုးယောက်၏ တိုက်ပွဲများကို ကြည့်ရှုရန် စိတ်မဝင်စားတော့ပေ။
" ဒါဆို ငါသွားတော့မယ်။ " မစ္စတာလျောင်က လင်းယွမ်စိတ်မဝင်စားသည်ကို မြင်သောအခါ ထွက်သွားရန် ပြောလိုက်သည်။
" ကြည့်ရတာ မစ္စတာလင်းက ထိပ်တန်းဆယ်ယောက်ပြိုင်ပွဲအတွက် ယုံကြည်မှုမရှိဘူးထင်တယ်။ " မစ္စတာလျောင်က အခန်းထဲမှ ထွက်သွားရင်း တွေးလိုက်သည်။
အမှန်တော့ ၎င်းက မျှော်လင့်ရုံသာ ဖြစ်၏။ အခြားဆင့်ကဲပြောင်းလဲသူ ကိုးယောက်ကြားတွင် လျှပ်စီးအဖြစ် ပြောင်းလဲနိုင်သော မိုးကြိုးနတ်ဘုရား၊ ဆဋ္ဌမအလွှာ ကြယ်ဖျက်ဆီးခြင်းအဆင့် သွေးမျိုးဆက်ကို နိုးထစေခဲ့သူနှင့် ရှေးဟောင်းနတ်ဘုရား ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ကျင့်ကြံထားသော ဖန်ချင်းကဲ့သို့ လူများဖြစ်ကြလေသည်။
ကန်လန်ကြယ် VR ကမ္ဘာ အလယ်ပိုင်းဧရိယာတွင် ပြိုင်ပွဲ၏ ကျော်ကြားမှုကြောင့် လူများပို၍ စည်ကားနေသည်။ နေဝင်ချိန်တွင် ကန်လန်ဆင့်ကဲပြောင်းလဲခြင်းအဆင့်က အဆင့်များကို စတင်အပ်ဒိတ်လုပ်လေသည်။
အစပိုင်းတွင် လူများက ၎င်းကို သတိမထားမိကြသော်လည်း မကြာမီ အချို့က တစ်ခုခုမှားနေသည်ကို သတိပြုမိလာကြသည်။
" သေစမ်း ငါအမြင်မှားတာလားဟ။ ခရမ်းရောင်မိုးကြိုးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ပထမနေရာကနေ ဘယ်လိုလုပ် ဒုတိယနေရာရောက်သွားတာလဲ။ "
" ငါတို့လည်း တွေးတယ်။ "
" ဘုရားရေ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အဆင့်တစ်နေရာယူသွားတာလား။ "
ချက်ခြင်း အလယ်ပိုင်းဧရိယာတစ်ခုလုံးက ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ မရေတွက်နိုင်သော လူများက အဆင့်ဇယား၏ ထိပ်ဆုံးနေရာမှ သိုင်းတာအိုဟူသော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ကြည့်ပြီး အံ့အားသင့်နေကြသည်။
အားလုံးက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ကောင်းကောင်း သိကြလေသည်။ ၎င်းက တစ်နှစ် နှစ်နှစ်အတွင်း အဆင့်တစ်ရာအတွင်းမှ အဆင့်တစ်ဆယ်အတွင်းသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်၏။
ကန်လန်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် အဆင့်တစ်ရာက နှစ်ပေါင်းများစွာကြာအောင် ထိပ်ဆုံးတစ်ရာနေရာတွင်ရှိနေကြခြင်းဖြစ်ပြီး သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ထိုးမဖောက်နိုင်ဟု ထင်ခဲ့ကြသည်။
အထူးသဖြင့် ပထမနေရာကို နှစ်ပေါင်းငါးထောင်တိုင်အောင် ထိန်းသိမ်းခဲ့သော ခရမ်းရောင်မိုးကြိုးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ဖြစ်သည်။
ယခုပြိုင်ပွဲတွင် ကျော်ကြားလှသော မိုးကြိုးနတ်ဘုရားက ခရမ်းရောင်မိုးကြိုးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ကျင့်ကြံခြင်း ဖြစ်သည်။ ယခု ကျော်ကြားလှသော ခရမ်းရောင်မိုးကြိုး ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ဒုတိယနေရာသို့ နင်းချခြင်း ခံလိုက်ရသည်။
" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ရဲ့ နောက်ခံက ဘာလဲ။ အဲ့ဒီလမ်းစဉ်ကို ဘယ်လိုပုဂ္ဂိုလ်မျိုးက ဖန်တီးခဲ့တာလဲ။ "
" အဲ့ဒီလမ်းစဉ်ကို အဆင့်မြင့်ဂြိုလ်တစ်ခုက မဟာပုဂ္ဂိုလ်တစ်ယောက် ဖန်တီးခဲ့တာ ဖြစ်မယ်။ "
" ငါလက်ခံတယ်။ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် မြင့်တက်လာတာက အရမ်းရုတ်တရက် ဆန်တယ်။ ငါက အလယ်ပိုင် ဆင့်ကဲပြောင်းလဲသူများအဖွဲ့ရဲ့ အကြီးအကဲတစ်ယောက်ပဲ။ ငါ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်နဲ့ တူတဲ့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်မျိုး တစ်ခါမှမတွေ့ဖူးဘူး။ "
လူအုပ်ကြီးက သူတို့၏ ထင်မြင်ယူဆချက်များကို စိတ်လှုပ်ရှားစွာဖြင့် မျှဝေနေကြသည်။ အဆုံးတွင် သူတို့က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်မှာ အဆင့်မြင့်ဂြိုလ်တစ်ခုမှ ပုဂ္ဂိုလ်တစ်ယောက် ကန်လန်ကြယ်ကို မျှဝေပေးခဲ့သော အဆင့်မြင့်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခု ဖြစ်မည်ဟု ကောက်ချက်ချခဲ့ကြသည်။
နောက်ဆုံးတွင် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခု၏ ဖန်တီးမှုနှင့် ပြုပြင်မှုက ဖန်တီးသူနှင့်သာမက လေ့ကျင့်သူအများအပြားပါဝင်မှုနှင့်လည်း သက်ဆိုင်လေသည်။
ခရမ်းရောင်မိုးကြိုး ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကဲ့သို့ပင် ထိုလမ်းစဉ်ကို ပြီးပြည့်စုံစေရန်အတွက် မရေတွက်နိုင်သော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို လေ့လာခဲ့ရသည်။
သို့သော် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အလွန်ရုတ်တရက်ဆန်စွာဖြင့် ပထမနေရာကို တက်ရောက်သွားခဲ့သည်။ ကြည့်ရှုသူများနှင့်ယှဉ်လျှင် ထိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ကျင့်ကြံသူများက ပို၍ တည်ငြိမ်လာကြသည်။
သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ထွက်ပေါ်လာချိန်တွင် ၎င်းက အဆင့် ၉၃ နေရာသို့ ရောက်ရှိခဲ့သည်။ ရလဒ်အနေဖြင့် အောက်အဆင့်များမှ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များက တစ်ဆင့်လျှော့ချခြင်း ခံခဲ့ရသည်။
ထို့နောက် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အဆင့် ၇၈ သို့ ရောက်ချိန်တွင် ကျန်သည့် အဆင့် ၇၈၊ ၇၉ စသည့် အောက်အဆင့်များက တစ်ဆင့် နိမ့်ကျသွားခဲ့ပြန်သည်။
နောက်ဆုံး သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အဆင့်တစ်ဆယ်ထဲသို့ ဝင်ရောက်ချိန်တွင် ယခင်အတိုင်း အောက်အဆင့်များက တစ်ဆင့်နိမ့်ကျသွားခဲ့ပြန်သည်။ ၎င်းက ဆင့်ကဲပြောင်းလဲသူများကြား မကျေမနပ်ဖြစ်ခဲ့ရသည်။
သို့သော် ယခု သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အဆင့် တစ်နေရာသို့ ဝင်ရောက်သွားသောအခါ ဘာကြောင့်မှန်းမသိ သူတို့က စိတ်သက်သာသွားကြသည်။
လျှပ်စီးမိုးကြယ်နယ်မြေ။
VRကမ္ဘာတွင် လိုလန်ဟီက ထိုင်နေပြီး သူ၏ စိတ်ထဲတွင် လင်းယွမ်၏ စကားများကို ကြားနေရသည်။
" ထိုက်ယင်နဲ့ထိုက်ယန်တို့ကို အခြေခံတဲ့ ထိုက်ကျိလမ်းစဉ်က ချောမွေ့ပြီး အကန့်အသတ်မရှိဘူး။ " လိုလန်ဟီက ပိုတွေးသည်နှင့် လင်းယွမ်ချန်ခဲ့သော ထိုက်ကျိစွမ်းအားမျှင်ကို ပိုနားလည်လာသည်နှင့် ပို၍ စိတ်ရှုပ်ထွေးလာသည်။
ထိုအချိန်တွင် လေးနက်သော အသံတစ်ခု ထွက်ပေါ်လာသည်။
" လိုလန်ဟီ "
" အဖေ " လိုလန်ဟီက လန့်သွားပြီး လေးစားစွာ ပြောကာ အမြန်ထရပ်လိုက်သည်။
နူးညံ့သော သူ၏ မိခင်နှင့်ယှဉ်လျှင် လိုလန်ဟီက သူ၏ ဖခင် လိုလန်ယုကို ပိုကြောက်ပေသည်။ သူ၏ ဖခင်က လိုလန်မိသားစုတွင် အဓိကထောက်တိုင်ဖြစ်ရုံသာမက လျှပ်စီးကြယ်နယ်မြေတွင် အဆင့်မြင့်အရာရှိတစ်ဦးလည်း ဖြစ်သည်။
စကားတစ်ခွန်းက အသက်ဂြိုလ်တစ်ရာ သို့မဟုတ် တစ်ထောင်၏ ကံကြမ္မာကို ဆုံးဖြတ်ပေးနိုင်လေသည်။
" မင်းအခု ကျင့်ကြံတဲ့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ဆဋ္ဌမအလွှာကို ရောက်နိုင်ချေက အရမ်းနည်းတယ်။ နောက်တစ်ခု ပြောင်းလိုက်။ " လေးနက်သော အသံက ပြောလိုက်သည်။
" အာ နောက်တစ်ခု ပြောင်းရမှာလား။ " လိုလန်ဟီက တုံ့ဆိုင်းသွား၏။ " ဒါပေမယ့် အဖေ ကျွန်တော် သိုင်းတာအိုကို အရမ်းသဘောကျတယ်။ ဖန်တီးသူကလည်း ကျွန်တော်ကို လမ်းညွှန်မှုအချို့ ပေးတယ်။ " သူက သတ္တိမွေးပြီး ပြောလိုက်သည်။
" ဆဋ္ဌမအလွှာကို ရောက်နိုင်ချေက အရမ်းနည်းတယ်လို့ ငါပြောနေတယ်။ အဲ့ဒါက ဆယ်ရာခိုင်နှုန်းပဲရှိတယ်။ နောက်တစ်ခု ရွေးလိုက်။ " လိုလန်ယုက စိတ်မရှည်စွာ ပြောလိုက်သည်။
ထိုနေရာသို့ မလာခင် လိုလန်ယုက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို လေ့လာခဲ့သည်။ သူ၏ အသိအမြင်များနှင့် သူက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အားသာချက်နှင့် အားနည်းချက်များကို ပိုင်းခြားနိုင်၏။ ထိုင်ယင်နှင့် ထိုက်ယန်တို့ကဲ့သို့ ပြင်းထန်သော စွမ်းအားနှစ်ခုကို လိုလျောညီထွေ ထားနိုင်ခြင်းက အမှန်ပင် အထင်ကြီးစရာကောင်းလှသည်။
သို့သော် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ပထမအလွှာနှင့် ဒုတိယအလွှာအတွက်သာရှိပြီး ဆဋ္ဌမအဆင့်သို့ ရောက်နိုင်ချေကလည်း ဆယ်ရာခိုင်နှုန်းသာ ရှိသည်။
လိုလန်ယုအတွက် ၎င်းက လုံလောက်ရန် ဝေးကွာနေဆဲ ဖြစ်သည်။
" ဒါဆို ကောင်းပြီလေ။ ဒါပေမယ့် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ဒီနေ့မနက် တတိယအလွှာကဏ္ဍကို တင်ပြခဲ့တယ်။ ကျွန်တော်အဲ့ဒါကို မကြည့်ရသေးဘူး။ " လိုလန်ဟီက အနည်းငယ် စိတ်မကောင်းဖြစ်မိသော်လည်း သူဖခင်၏ ဆန္ဒကို မလိုက်နာဘဲ မနေရဲပေ။
" တတိယအလွှာကဏ္ဍ " လိုလန်ယုက အနည်းငယ် အံ့ဩသွားသည်။
သူက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်မှ အချက်အလက်များကို ကြည့်ပြီး တတိယအလွှာကဏ္ဍကို အမှန်ပင် တွေ့လိုက်ရသည်။
လိုလန်ယုက ဝယ်ရန် ဆုံးဖြတ်လိုက်ပြီး အကြောင်းအရာများကို လျင်မြန်စွာ လေ့လာလိုက်သည်။
" ဒါ ..... တတိလအလွှာမှာ မူလနိယာမတွေရဲ့ စွမ်းအားကို တကယ် ထိတွေ့နိုင်ပြီလား။ "
" ဆဋ္ဌမအလွှာကို ရောက်နိုင်ချေက ခြောက်ဆယ်ရာခိုင်နှုန်းထိ တက်သွားတာလား။ " လိုလန်ယု၏ အမူအရာက အနည်းငယ် လေးနက်သွားသည်။
သူက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ပထမအလွှာ၊ ဒုတိယအလွှာနှင့် တတိယအလွှာတို့ တင်ပြသည့်အချိန်ကို ကြည့်လိုက်သည်။ အလွှာအားလုံးက ပျမ်းမျှအားဖြင့် တစ်နှစ်ပင်မပြည့်ပေ။
" ကျင့်ကြံဖို့ မဖြစ်နိုင်တာတော့ မဟုတ်ဘူးပဲ။ " လိုလန်ယုက သူ၏ သား လိုလန်ဟီကို ကြည့်ပြီး ခနစဉ်းစားလိုက်သည်။ " မင်း အဲ့ဒီဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို အရမ်းသဘောကျနေတော့ ဆက်ပြီလေ့ကျင့်ပေါ့။ "
" တကယ်လား။ " လိုလန်ဟီက မျက်လုံးပြူးသွားသည်။ ၎င်းက သူ၏ ဖခင် ဆုံးဖြတ်ချက်ကို ပထမဆုံးအကြိမ် ပြောင်းလဲခြင်းဖြစ်လေသည်။