ကြယ်ခုနှစ်လုံးလှိုဏ်ဂူ.....
Vol. 6 Ch. 101
ချီခွန်ကြယ်သခင်၏ မျက်လုံးများထဲတွင် အံ့ဩခြင်းအရိပ်အမြွက်များ ထွက်ပေါ်လာသည်။ ကြယ်သခင်တစ်ယောက်အနေဖြင့် ဆဋ္ဌမအလွှာကို ဖိနှိပ်နိုငိသော တည်ရှိမှုတစ်ခုဖြစ်ပြီး ထိုကဲ့သို့ ခံစားချက်များ ထွက်ပေါ်သည်မှာ ရှားပါးလေသည်။
" ဒီပြိုင်ပွဲမှာ စတုတ္ထအလွှာ ပါရမီရှင်အချို့ ထွက်ပေါ်လာတာပဲ။ " သူက ရေရွတ်လိုက်သည်။
ချီခွန်ကြယ်သခင်ရှေ့တွင် ရပ်တန့်သွားသော အလင်းမျက်နှာပြင်များက မတူညီသော ပြိုင်ပွဲတစ်ရာကျော်ကို ပြသထားသည်။ ထိုပြိုင်ပွဲတစ်ရာကျော်က ဆင့်ကဲပြောင်းလဲသူတစ်ရာကျော်ကို ရည်ညွှန်းလေသည်။ ထိုလူများက ချီခွန်ကြယ်သခင် ပြောသော ပါရမီရှင်များဖြစ်သည်။
လီမင်ကြယ်စနစ်က ချီခွန်ကြယ်နယ်မြေ၏ အဓိက ကြယ်စနစ်ရှစ်ခုထဲမှ တစ်ခုဖြစ်ပြီး အသက်ဂြိုလ်ပေါင်း ၁၂၀၀၀၀ ရှိလေသည်။ ထိုဂြိုလ်ပေါင်း ၁၂၀၀၀၀တွင် ပြိုင်ပွဲများကို ကျင်းပခြင်းဖြစ်ပြီး ဆင့်ကဲပြောင်းလဲသူ တစ်ရာဘီလီယံကျော်မှ ချီခွန်ကြယ်သခင်၏ အာရုံကို ဆွဲဆောင်နိုင်သူများမှာ တစ်ရာကျော်သာ ရှိလေသည်။
ချီခွန်ကြယ်သခင်၏ အကြည့်က ပထမမျက်နှာပြင်သုံးခုတွင် ခနရပ်တန့်သွားခဲ့သည်။ ထိုအလင်းမျက်နှာပြင်သုံးခုတွင် ငွေရောင်ဆံပင်နှင့် အမျိုးသမီး၊ နဖူးတွင် တတိယမျက်လုံးရှိသော အမျိုးသားတစ်ဦးနှင့် ကြီးမားသော တူကြီးကို ကိုင်ဆောင်ထားသော အမျိုးသားတစ်ဦးတို့ ဖြစ်သည်။
" လေဟာနယ်စွမ်းရည် တကယ်ကို အလားအလာရှိတဲ့ မျိုးစေ့ကောင်းတစ်ခုပဲ။ " ချီခွန်ကြယ်သခင်က ငွေရောင်ဆံပင်အမျိုးသမီး၏ တိုက်ပွဲကို ကြည့်ပြီး ခေါင်းငြိမ့်လိုက်သည်။
" မျက်လုံးသုံးလုံးမျိုးနွယ်ဝင်တစ်ယောက်ကို တွေ့ရလိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး။ " ချီခွန်ကြယ်သခင်က မျက်လုံးသုံးလုံးနှင့်လူကို ကြည့်လိုက်သည်။
မျက်လုံးသုံးလုံးမျိုးနွယ်က လူသားမျိုးနွယ်၏ ရှားပါးသော မျိုးနွယ်တစ်ခုဖြစ်သည်။ သူတို့၏ အရေပြားများကို အဝါ၊ အဖြူနှင့် အနက်ဟူ၍ ခွဲခြားထားသည်။
မျက်လုံးသုံးလုံးမျိုးနွယ်က မိသားစုမျိုးရိုးတစ်ခုတည်း ဖွဲ့စည်းထားခြင်းမျိုးမဟုတ်ဘဲ အမှတ်တမဲ့ နိုးထလာခြင်းကြောင့် ဖြစ်သည်။ လက်ရှိတွင် မျက်လုံးသုံးလုံးမျိုးနွယ်၏ အရေအတွက်က တစ်သိန်းမကျော်ဘဲ နယ်မြေအသီးသီးတွင် ပြန့်ကျဲနေသည်။
ထိုနည်းပါးသော အရေအတွက်ကြောင့်လည်း သူတို့အားလုံးနီးပါးက ပါရမီရှင်များ ဖြစ်ကြသည်။ မျက်လုံးသုံးလုံးမျိုးနွယ်ဝင်များ၏ တတိယမျက်လုံးက ကြယ်စကြာဝဠာ၏ လှည့်ပတ်နေသော စည်းမျဉ်းများကို မြင်နိုင်ပြီး ၎င်းတို့ကို ဆွဲယူအသုံးပြုနိုင်သည်ဟု ပြောကြသည်။
" သူက အနာဂတ်မှာ နိယာမတွေရဲ့ အခြေခံကိုသာ ဖမ်းဆုပ်နိုင်ခဲ့ရင် ဆဋ္ဌမအလွှာရောက်ဖို့ ပြဿနာရှိမှာမဟုတ်ဘူး။ " ချီခွန်ကြယ်သခင်က စဉ်းစားရင်း တူကြီးနှင့်လူကို ကြည့်လိုက်သည်။
ယခင်ပြိုင်ပွဲများအရ ထိုကဲ့သို့ ပါရမီရှင်သုံးဦးပေါ်ထွက်ထာခြင်းမှာ ချီခွန်ကြယ်သခင်အတွက်ပင် အံ့ဩစရာကောင်းပြီး မျှော်လင့်မထားသောအရာ ဖြစ်လေသည်။
ပထမဆုံး သုံးယောက်ကို လေ့လာပြီးနောက် ချီခွန်ကြယ်သခင်၏ အကြည့်က အောက်သို့ဆင်းသွားသည်။ ၆၈ပွဲမြောက်သို့ ရောက်သောအခါ ချီခွန်ကြယ်သခင်က လင်းယွမ်ကို တွေ့လိုက်ရသည်။
" အစွန်းရောက်စွမ်းအားနှစ်ခု အဲ့ဒါက ခက်ခဲတဲ့ လမ်းစဉ်တစ်ခုပဲ။ " ချီခွန်ကြယ်သခင်က သာမန်အတိုင်း မှတ်ချက်ပေးလိုက်သည်။
ခက်ခဲသော လမ်းစဉ်တစ်ခုဖြစ်ပြီး ဆဋ္ဌမအလွှာအောက် နိမ့်ကျပေသည်။ ချီခွန်ကြယ်သခင်၏ အမြင်က ထိုမျှသာ ဖြစ်သည်။
" ပြိုင်ပွဲမှာ ပါရမီရှင်တွေ အများကြီး ထွက်ပေါ်လာတာဆိုတော့ ကြယ်ခုနှစ်လုံးလှိုဏ်ဂူစမ်းသပ်မှုကို ဖွင့်ရမယ့်အချိန်ပဲ။ " သူက ဆုံးဖြတ်လိုက်သည်။
" အဲ့ဒီ ဆင့်ကဲပြောင်းလဲသူ ၁၁၈ ယောက်ထဲက ထိပ်ဆုံးသုံးယောက်က အနီရောင်သင်္ကေတကို ရမယ်။ ကျန်တဲ့ ၁၁၅ ယောက်က ရွှေရောင်သင်္ကေတ၊ ဂြိုလ်အသီးသီးရဲ့ ထိပ်ဆုံးဆယ်ယောက်က ငွေသင်္ကေတကိုရမယ်။ "
" အားလုံးက ကြယ်ခုနှစ်လုံးလှိုဏ်ဂူကို ဝင်ရမယ်။ "
ဗဟိုကုန်းမြေတွင် လင်းယွမ်က ကျင့်ကြံပြီးနောက် VR ကမ္ဘာနှင့်ဆက်သွယ်ပြီး ရှေးဟောင်းနတ်ဘုရား ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို လေ့လာရန် ဖန်ချင်းကို ရှာဖွေလိုက်သည်။
ရုတ်တရက် သူ၏ ရှေ့တွင် သတိပေးချက်တစ်ခု ပေါ်လာသည်။
" သင်က ကြယ်ခုနှစ်လုံးလှိုဏ်ဂူထဲ ဝင်ရပါမယ်။ ကျေးဇူးပြုပြီး ပြင်ဆင်ထားပါ။ "
" ၅၊၄၊၃ " သတ်မှတ်ချိန်က စတင်လာသည်။
လင်းယွမ်က အံ့အားသင့်သွား၏။ သူက VR ကမ္ဘာတွင် ငြင်းဆန်ခွင့်မရှိသော အခြေအနေနှင့် ပထမဆုံး ကြုံတွေ့ရခြင်း ဖြး်သည်။ ခနအတွင်း သတ်မှတ်ချိန် ပြည့်သွားခဲ့သည်။
လင်းယွမ်၏ ပတ်ဝန်းကျင်က ပြောင်းလဲသွားပြီး ကြီးမားသော အဖြူရောင်ကျောက်စိမ်းရင်ပြင်ပေါ်တွင် ပေါ်လာသည်။ ထိုခနတွင် လင်းယွမ်က သူ၏ ပတ်လည်မီတာအနည်းငယ်တွင် မြူခိုးများဝန်းရံထားသည်ကို တွေ့လိုက်ရသည်။
" ကျေးဇူးပြုပြီး သင့်ရဲ့ အသွင်အပြင်နဲ့ ခန္ဓာကိုယ်ကို ချိန်ညှိပါ။ " စက်ရုပ်သံက သူ၏ နားထဲတွင် ထွက်ပေါ်လာသည်။
" ငါ့ရဲ့ အထောက်အထားကို ဖုံးကွယ်ထားဖို့လား။ " လင်းယွမ်က ခနတွေးပြီး သူ၏ ခန္ဓာကိုယ်နှင့် အသွင်အပြင်ကို အနည်းငယ် ပြောင်းလဲလိုက်သည်။
လင်းယွမ်ပြင်ဆင်ပြီးချိန်တွင် သူ၏ ပတ်ဝန်းကျင်မှ မြူခိုးများက ရုတ်တရက် ပြန့်ကျဲသွားသည်။
လင်းယွမ်က ကြည့်လိုက်သည်နှင့် စင်မြင့်ပေါ်တွင် ဆင့်ကဲပြောင်းလဲသူ တစ်သန်းကျော်ရှိနေသည်ကို တွေ့လိုက်ရသည်။ ထိုဆင့်ကဲပြောင်းလဲသူများ၏ အော်ရာက အနည်းဆုံး တတိယအလွှာတွင် ရှိပြီး စတုတ္ထအလွှာများကလည်း များပြားလေသည်။
" သူတို့မျက်နှာပေါ်က သင်္ကေတက..." လင်းယွမ်က ဆင့်ကဲပြောင်းလဲသူအသီးသီး၏ မျက်နှာများပေါ်မှ ငွေရောင်သင်္ကေတများကို တွေ့လိုက်ရသည်။
" ငါက ဘာလို့ရွှေရောင်ဖြစ်နေတာလဲ။ " လင်းယွမ်က သူ၏ မျက်နှာကို စမ်းကြည့်လိုက်သည်။ သူက ၎င်းကို မျက်လုံးနှင့် မကြည့်နိုင်လျှင်တောင် သူ၏ အဆင့်နှင့် ခန္ဓာကိုယ်တစ်ခုလုံးကို မြင်နိုင်လေသည်။
" ပြီးတော့ ကြယ်ခုနှစ်လုံးလှိုဏ်ဂူကမ္ဘာ..."
" သူတို့တစ်ခုခုသိထားလောက်တယ်။ " လင်းယွမ်က ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး အနီးမှ ဆင့်ကဲပြောင်းလဲသူသုံးယောက်က စကားပြောနေကြသည်ကို မြင်လိုက်သည်။
လင်းယွမ်က လမ်းလျှောက်သွားလိုက်ပြီး ဆင့်ကဲပြောင်းလဲသူသူံးယောက်က သူ့ကို သတိထားမိသွားသည်။
အထူးသဖြင့် သူတို့က လင်းယွမ်၏ မျက်နှာပေါ်မှ ရွှေရောင်သင်္ကေတကို မြင်ချိန်တွင် သူတို့၏ အမူအရာများက ထိတ်လန့်သွားကြသည်။
" ရွှေသခင်ကို အရိုအသေပေးပါတယ်။ " ဆင့်ကဲပြောင်းလဲသူသုံးယောက်က လင်းယွမ်မရောက်မီ အနည်းငယ် ဦးညွှတ်လိုက်ကြသည်။
" ရွှေသခင် " လင်းယွမ်က ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။ ၎င်းက သူ၏ မျက်နှာပေါ်မှ ရွှေရောင်သင်္ကေတကို ရည်ညွှန်းခြင်းဖြစ်လေသည်။
ဒါဆို ရွှေရောင်က ငွေရောင်ထက် ပိုအဆင့်မြင့်တာပေါ့။ ဆင့်ကဲပြောင်းလဲသူသူံးယောက်၏ အသုံးအနှုန်းကြောင့် လင်းယွမ်က ကောက်ချက်ချနိုင်ခဲ့သည်။
" ကျုပ်တို့က ရေခဲပင်လယ်ကြယ်ကပါ။ ရွှေသခင်က ဘယ်ဂြိုလ်ကလဲမသိဘူး။ "
" လဝိညာဉ်ကြယ်။ " လင်းယွမ်က ပေါ့ပေါ့ပါးပါး ဖြေလိုက်သည်။ လီမင်ကြယ်စနစ်ရှိ အဆင့်မြင့် ဂြိုလ်တစ်ခုဖြစ်သော လဝိညာဉ်ကြယ်က လင်းယွမ် မူလစွမ်းအားဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဝယ်ယူခဲ့သည့်နေရာလည်း ဖြစ်သည်။
" လဝိညာဉ်ကြယ် ငါကြားဖူးတယ်။ စွမ်းအားကောင်းတဲ့ ဂြိုလ်တစ်ခုပဲ။ "
" ဒီနှစ်ပြိုင်ပွဲမှာ လဝိညာဉ်ဂြိုလ်က ရွှေရောင်သင်္ကေတပိုင်ရှင်တစ်ယောက် ထွက်ပေါ်လာလိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး။ "
" ကြယ်ခုနှစ်လုံးလှိုဏ်ဂူ စမ်းသပ်မှုကို ရွှေသခင်က ကျော်ဖြတ်နိုင်မှာ သေချာတယ်။ "
ထိုသုံးယောက်၏ စကားများကို နားထောင်ပြီး လင်းယွမ်က ကြယ်ခုနှစ်လုံးလှိုဏ်ဂူ၏ ရည်ရွယ်ချက်ကို နားလည်သွားသည်။
" ချီခွန်ကြယ်သခင်ရဲ့ စမ်းသပ်မှုလား။ " လင်းယွမ်က တွေးလိုက်၏။
ပြိုင်ပွဲ၏ နောက်ဆုံးအဆင့်များတွင် ထိပ်ဆုံးဆယ်ယောက်က ချီခွန်ကြယ်သခင်၏ အာရုံအား ဆွဲဆောင်နိုင်သည်ကို လင်းယွမ် သိခဲ့ရသည်။ ဉာဏ်ပညာနတ်ဘုရားပင် လင်းယွမ်အား ထိုအခွင့်အရေးကို ရယူရန် အရိပ်အမြွက်ပြောခဲ့သည်။ ထို့ကြောင့် ထပ်ဆုံးဆယ်ယောက်ပြိုင်ပွဲတွင် လင်းယွမ်က သူ၏ စတုတ္ထအလွှာ ခွန်အားကို ပြသခဲ့သည်။ အစပိုင်းတွင် လင်းယွမ်က ချီခွန်ကြယ်သခင်ဆီမှ ဆုလာဒ်တစ်မျိုးမျိုး ရရှိလိမ့်မည်ဟု ထင်ခဲ့သည်။
" ကြယ်ခုနှစ်လုံးလှိုဏ်ဂူက ပါရမီရှင်တွေကို စမ်းသပ်ဖို့ ချီခွန်ကြယ်သခင် ဖန်တီးထားတဲ့ ကမ္ဘာတစ်ခုပဲ။ ကြယ်ခုနှစ်လုံးလှိုဏ်ဂူတွေကို တွေ့အောင်ရှာနိုင်ရင် ချီခွန်မျိုးနွယ်ထဲ ဝင်ရောက်ခွင့်ရှိတယ်။ "
" ကြယ်ခုနှစ်လုံးလှိုဏ်ဂူ ကမ္ဘာထဲမဝင်ခင် ချီခွန်ကြယ်သခင်က ပြိုင်ပွဲမှာ ဆင့်ကဲပြောင်းလဲသူတွေရဲ့ စွမ်းဆောင်ရည်တွေအလိုက် အနီရောင်၊ ရွှေရောင်နဲ့ ငွေရောင်သင်္ကေတတွေကို ပေးအပ်တယ်။ "
" အနီရောင်သင်္ကေတက အမြင့်ဆုံးဖြစ်ပြီး ဆဋ္ဌမအလွှာကို ကျော်လွန်နိုင်တဲ့ အလားအလာရှိတဲ့ ပါရမီရှင်တွေပဲ။ ရွှေရောင်သင်္ကေတက အနီရောင်လောက်မမြင့်ပေမယ့် အနာဂတ်မှာ ဆဋ္ဌမအလွှာကို ရောက်နိုင်တဲ့ ပါရမီရှင်တွေ ဖြစ်နေတုန်းပဲ။ ငွေရောင်သင်္ကေတတွေကတော့ သာမန်သာဖြစ်တယ်။ ဒါပေမယ့် သူတို့ကလည်း သက်ဆိုင်ရာဂြိုလ်အသီးသီးရဲ့ ပါရမီရှင်တွေပဲ။ "
" ချီခွန်မျိုးနွယ် " လင်းယွမ်၏ မျက်လုံးများက အနည်းငယ် တောက်ပသွား၏။
ချီခွန်မျိုးနွယ်က ချီခွန်ကြယ်နယ်မြေတစ်ခုလုံးတွင် အသန်မာဆုံး အင်အားစုတစ်ခုဖြစ်ပြီး ချီခွန်ကြယ်သခင်ကလည်း ဆဋ္ဌမအလွှာကို ဖိနှိပ်နိုင်သော တည်ရှိမှုတစ်ခု ဖြစ်သည်။
လင်းယွမ်က ထိုကဲ့သို့ အင်အားစုထဲကို ဝင်ရောက်နိုင်လျှင် ကြီးမားသော အကျိုးအမြတ်ကို ရိတ်သိမ်းနိုင်ပေလိမ့်မည်။ အခြားမပြောနှင့် သူ၏ လုံခြုံရေးကိုပင် အနာဂတ်တွင် အချိန်တစ်ခုအထိ စိတ်ပူရန် မလိုအပ်တော့ပေ။
ထို့အပြင် ချီခွန်ကြယ်သခင်နှင့်လည်း နီးစပ်ပြီး သူ၏ လမ်းညွှန်မှုကို ရပါက လင်းယွမ်၏ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းနှင့် အဆပေါင်းများစွာ အကျိုးရှိပေလိမ့်မည်။
" ကြယ်ခုနှစ်လုံးလှိုဏ်ဂူကို ဘယ်လိုဖြတ်သန်းရမှာလဲ။ " လင်းယွမ်က အတွေးနက်နေသည်။
အချက်အလက်များကို ကြိုတင်သိခြင်းက ကြီးမားသော အားသာချက်ကို ရရှိနိုင်လေသည်။ လင်းယွမ်က ယခု စတုတ္ထအလွှာ ခွန်အားရှိသော်လည်း အခြားဆင့်ကဲပြောင်းလဲသူများကို လျှော့တွက်၍မရပေ။ အဆင့်တူ ရွှေရောင်သင်္ကေတများမပြောနှင့် ၎င်းထက်မြင့်သော အနီရောင်သင်္ကေတလည်း ရှိနေသည်။
ချီခွန်ကြယ်သခင်က သူ့ကို ရွှေရောင်အဆင့်သာ သတ်မှတ်ပြီး အနီရောင်အဆင့်၏ စံနှုန်းနှင့် မပြည့်မီသောကြောင့် အနီရောင်သင်္ကေတပိုင်ရှင်များက သူထက် အားကောင်းကြမည်မှာ သေချာလေသည်။
လင်းယွမ်က စဉ်းစားနေရင်း စင်မြင့်ပေါ်တွင် ကြီးမားသော ပုံရိပ်တစ်ခု ပေါ်လာသည်။
" ၂၄ နာရီအတွင်း ကြယ်ခုနှစ်လုံးလှိုဏ်ဂူစမ်းသပ်မှုကို စတင်မယ်။ "
" ကြယ်ခုနှစ်လုံးလှိုဏ်ဂူစမ်းသပ်မှုမှာ အဆင့်ခုနှစ်ဆင့် ပါဝင်ပြီး ကြယ်ခုနှစ်လုံးလှိုဏ်ဂူတွေ ဖြတ်သန်းတာကို ရည်ညွှန်းတယ်။ "
" နောက်ဆုံး စမ်းသပ်မှုဖြစ်စဉ်တွေကို ထုတ်မပြောရဘူး။ မဟုတ်ရင် လူသားမဟာမိတ်နဲ့ ကြယ်သခင်ရဲ့ အပြစ်ပေးခြင်းကို ခံရမယ်။ " ထိုသို့ပြောပြီး ပုံရိပ်ကြီးက ပျောက်ကွယ်သွားသည်။