ပထမကြယ်ဂူ မြေဆွဲအားစမ်းသပ်မှု
Vol. 6 Ch. 104
" ဆရာက နောက်ဆုံးတော့ ကြယ်ခုနှစ်လုံးလှိုဏ်ဂူ ကမ္ဘာကို ဖွင့်လိုက်ပြီပေါ့။ "
" နောက်ဆုံးအကြိမ် ဆရာ ကြယ်ခုနှစ်လုံးလှိုဏ်ဂူကမ္ဘာကို ဖွင့်တာ ဘယ်အချိန်ကလဲ။ "
" ငါမှတ်မိတယ်။ အဲ့ဒါ လွန်ခဲ့တဲ့ နှစ်သုံးရာကပဲ။ "
လူ ၁၂ ယောက်က အချင်းချင်း စကားများ ပြောဆိုနေကြသည်။ သူတို့က ကိုယ်ပိုင်ကိစ္စများရှိသောကြောင့် ယခုကဲ့သို့ စုစည်းသည်မှာ ရှားပါးလေသည်။
" ဒီတစ်ကြိမ်စမ်းသပ်မှုမှာ အလားအလာရှိတဲ့ ပါရမီရှင်တွေ ပါလောက်တယ်။ မဟုတ်ရင် ဆရာက ကြယ်ခုနှစ်လုံးလှိုဏ်ဂူ ကမ္ဘာကို ဖွင့်ပေးမှာမဟုတ်ဘူး။ "
" မျက်လုံးသုံးလုံး မျိုးနွယ်ဝင်တစ်ယောက် ရှိတယ်လို့ ပြောတယ်။ အကိုကြီး၊ အကိုနှစ်နဲ့ အကိုသုံးတို့သာ စိတ်မဝင်စားရင် ကျွန်တော်က မျက်လုံးသုံးလုံးလူကို ကြိုရွေးထားပါရစေ။ "
" ဟီးဟီး မျက်လုံးသုံးလုံးမျိုးနွယ်က လူသားမဟာမိတ်မှာ မြင့်မားတဲ့ အဆင့်အတန်းရှိတယ်။ မျက်လုံးသုံးလုံးမျိုးနွယ်ဝင်ကိုသာ တပည့်အဖြစ် ခေါ်ယူနိုင်ရင် သူတို့မျိုးနွယ်ရဲ့ အဆင့်မြင့်ပုဂ္ဂိုလ်တွေနဲ့ ပက်သက်ပြီးဖြစ်လိမ့်မယ်။ ငါလည်း ပြိုင်ချင်သေးတယ်။ "
မျက်လုံးသုံးလုံး မျိုးနွယ်ဝင်များက အနည်းငယ်သာ ရှိသော်လည်း သူတို့၏ စွမ်းရည်များက အစွမ်းထက်လှသည်။ လက်ရှိ လူသားမျိုးနွယ်တွင် မျက်လုံးသုံးလုံး မျိုးနွယ်ဝင်များက တစ်သိန်းပင်မကျော်ဘဲ အနယ်နယ်အရပ်ရပ်၌ ရောက်နေကြသည်။
ထို့ကြောင့် သူတို့က တိုက်ရိုက် သွေးမျိုးဆက် ဆက်နွယ်မှုမရှိလျှင်တောင် မျက်လုံးသုံးလုံး မျိုးနွယ်ဝင်ချင်း ရင်းနှီးသော ခံစားမှုများ ရှိကြလေသည်။
မျက်လုံးသုံးလုံးမျိုးနွယ်ဝင်ကို တပည့်အဖြစ်လက်ခံခြင်းက သူတို့မျိုးနွယ်မှ အဆင့်မြင့်ပုဂ္ဂိုလ်များနှင့် ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်ခြင်းဖြစ်သည်။
သို့သော် ထို၁၂ ယောက်က ထိုဆက်ဆံရေးမရှိလျှင်တောင် သူတို့ကို တပည့်အဖြစ် ခေါ်ယူဦးမည်ဖြစ်သည်။ မျက်လုံးသုံးလုံးမျိုးနွယ်ဝင်က ဂရုတစိုက် ကျင့်ကြံလျှင် ဆဋ္ဌမအလွှာသို့ ရောက်နိုင်လေသည်။
" ငါက မျက်လုံးသုံးလုံးမျိုးနွယ်ဝင်ကို စိတ်မဝင်စားဘူး။ ဒါပေမယ့် ရင်လင်းက ငါ့ဟာပဲ။ " သူတို့ထဲမှ တစ်ယောက်က ပြောလိုက်သည်။
ရင်လင်းက ငွေရောင်ဆံပင်နှင့် အမျိုးသမီးဖြစ်၏။ ချီခွန်ကြယ်သခင်က သူမ၏ လေဟာနယ်စွမ်းရည်ကို မဆိုးဘူးဟု ချီးကျူးခဲ့ပြီး ထိပ်ဆုံးသုံးယောက်ထဲမှ တစ်ယောက်ဖြစ်၏။
" အကိုကြီးက ပြောမှတော့ သူမက အကိုကြီးအတွက်ပဲ ဖြစ်လိမ့်မယ်။ "
" သူမရဲ့ လေဟာနယ်စွမ်းရည်ကို အကိုကြီးပဲ သင်ပေးနိုင်စွမ်းရှိလမ့်မယ်။ "
" အမှန်ပဲ။ "
စကားပြောပြီးနောက် ကျန်သည့်၁၁ယောက်က အခြားဆင့်ကဲပြောင်းလဲသူများအကြောင်း စတင်ဆွေးနွေးလိုက်ကြသည်။
ဆင့်ကဲပြောင်းလဲသူတစ်သိန်းကျော်တွင် အနီရောင်သင်္ကေတ သုံးယောက်နှင့် ရွှေရောင်သင်္ကေတ အနည်းငယ်ကသာ သူတို့၏ အာရုံကို ဆွဲဆောင်နိုင်လေသည်။ အခြားဆင့်ကဲပြောင်းလဲသူများကတော့ ဂူများကို ဖြတ်ကျော်အောင် ကြိုးစားရပေလိမ့်မည်။
" ဒါဆို ဒါက ပထမကြယ်ဂူပေါ့။ " လင်းယွမ်က သူ၏ ပတ်ဝန်းကျင်ကို လေ့လာလိုက်သည်။
ဖန်ချင်းပေးသော အချက်အလက်များအရ ပထမကြယ်ဂူက ရုပ်ခန္ဓာကို စမ်းသပ်ခြင်းဖြစ်သည်။ သို့သော် အတိအကျတော့မဟုတ်ပေ။ အခြား ဝိညာဉ်၊ စိတ်အသိ၊ နားလည်နိုင်စွမ်း မည်သည့်အရာမဆို ဖြစ်နိုင်လေသည်။
ဝှစ်ဝှစ်ဝှစ်.....
ဆင့်ကဲပြောင်းလဲသူများက တစ်ယောက်ပြီးတစ်ယောက် ပေါ်လာပြီး ပတ်ဝန်းကျင်ကို စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်။ ပတ်ဝန်းကျင်က ရှုပ်ထွေးခြင်းမရှိဘဲ အလယ်တွင် မိုင်များစွာ ရှည်လျားသော အနက်ရောင်လမ်းတစ်လမ်းရှိနေသည်။
ဆင့်ကဲပြောင်းလဲသူအားလုံး ရောက်ရှိလာချိန်တွင် ကြီးမားသောပုံရိပ်လည်းပေါ်လာသည်။
" ပထမကြယ်ဂူရဲ့ စမ်းသပ်မှုကတော့ ရိုးရှင်းတယ်။ အနက်ရောင်လမ်းရဲ့ အဆုံးထိ လျှောက်သွားဖို့ပဲ။ " ပုံရိပ်ကြီးက အနက်ရောင်လမ်းကို လက်ညွှန်လိုက်သည်။ " တစ်လအတွင်း မင်းတို့ အဆုံးကို ရောက်ရင် ဒုတိယကြယ်ဂူကို ဝင်ရောက်နိုင်တယ်။ "
ပုံရိပ်ကြီး ပျောက်ကွယ်သွားသည်နှင့် ဆွေးနွေးသံများက ချက်ခြင်း ဆူညံစွာ ထွက်ပေါ်လာသည်။ စမ်းသပ်မှု၏ ပြဿနာက အရမ်းခက်ခဲသောကြောင့် မဟုတ်ဘဲ အရမ်းလွယ်ကူနေခြင်းဖြစ်သည်။
အနက်ရောင်လမ်းက ဆယ်မိုင်ကျယ်ပြီး အများဆုံး မိုင်တစ်ရာကျော်သာ ရှည်လေသည်။ တစ်လအတွင်း မိုင်တစ်ရာကျော်လမ်းလျှောက်ရန် သာမန်နိုင်ငံသားများပင် တစ်ရက်နှစ်ရက်အတွင်း လမ်းဆုံးကို ရောက်နိုင်လေသည်။
" လမ်းအဆုံးကို ရောက်ဖို့လား။ " လင်းယွမ်က အလျင်မလိုဘဲ ရပ်ပြီး လေ့လာနေသည်။ စမ်းသပ်မှုက ထိုမျှမရိုးရှင်းသည်ကို သူယုံကြည်လေသည်။
ကြယ်ခုနှစ်လုံးလှိုဏ်ဂူ၏ ပထမဆုံးစမ်းသပ်မှု ဖယ်ရှားနှုန်းက အခြားစမ်းသပ်မှုများထက် မြင့်မားပေလိမ့်မည်။
" သူများတွေကို အရင်ဦးစားပေးရမှာပေါ့။ " လင်းယွမ်က ကြယ်ဂူတစ်ခုတွင် တစ်လနေနိုင်သောကြောင့် အလျင်မလိုပေ။ သူက ထိုနေရာတွင် နေပြီး တစ်လပြည့်ခါနီးမှ ဒုတိယဂူထဲ ဝင်သွားလည်း ပြဿနာမရှိပေ။
" စိတ်မရှည်တဲ့ တစ်ယောက်တော့ ရှိလိမ့်မယ်။ " လင်းယွမ်က ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်နေသည်။
ခနကြာသောအခါ ငွေရောင်သင်္ကေတ ဆင့်ကဲပြောင်းလဲသူအချို့က မငြိမ်မသက်ဖြစ်လာကြသည်။ သိန်းချီသော ဆင့်ကဲပြောင်းလဲသူများကြားတွင် ငွေရောင်သင်္ကေတ ဆင့်ကဲပြောင်းလဲသူများက အများဆုံးဖြစ်ပြီး အနီရောင်နှင့် ရွှေရောင်သင်္ကေတက အနည်းငယ်သာ ရှိသည်။ ၎င်းက ငွေရောင်သင်္ကေတ ဆင့်ကဲပြောင်းလဲသူများကို လှုပ်လှုပ်ရှားရှား ဖြစ်စေခဲ့သည်။
ငွေရောင်သင်္ကေတဆင့်ကဲပြောင်းလဲသူများက သူတို့၏ သက်ဆိုင်ရာ ဂြိုလ်များတွင် ထိပ်ဆုံးဆယ်ယောက်ဖြစ်ကြသည်။ သို့သော် ကြယ်ခုနှစ်လုံးလှိုဏ်ဂူသို့ ရောက်သောအခါ သူတို့လိုလူများက သန်းချီရှိနေသည်။ ၎င်းက ငွေရောင်သင်္ကေတဆင့်ကဲပြောင်းလဲသူများ၏ စိတ်ကို ပြောင်းလဲမှုများ ဖြစ်ပေါ်စေလေသည်။
" ပထမဆုံး စမ်းသပ်မှုက ဘာလို့ဒီလောက်ရိုးရှင်းနေလဲဆိုတာ အားလုံး သိချင်ကြမှာပဲ။ " လူသန်ကြီးတစ်ယောက်က ရှေ့တက်သွားသည်။
လူသန်ကြီးက တတိယအလွှာ အော်ရာကို ထုတ်လွှတ်နေပြီး သူ ရှေ့တက်သွားသည်နှင့် ဆင့်ကဲပြောင်းလဲသူများ၏ အကြည့်က သူ့အပေါ်သို့ ကျရောက်သွားသည်။
" သေစမ်း ဒီဖိအားက အရမ်းပြင်းတာပဲ။ " လူသန်ကြီးက နဖူးမှ ချွေးများ စီးကျလာသည်။ တတိယအလွှာနှင့် စတုတ္ထအလွှာ ဆင့်ကဲပြောင်းလဲသူ တစ်သန်းနီးပါး၏ အကြည့်က သာမန်မဟုတ်ပေ။
အားလုံး၏ အကြည့်အောက်တွင် လူသန်ကြီးက လမ်းပေါ်သို့ ခြေချလိုက်သည်။
" ဟမ် " လူသန်ကြီး၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားသည်။ ထို့နောက် သူက နေုက်တစ်လှမ်း လှမ်းလိုက်သည်။
နှစ်လှမ်း၊ ငါးလှမ်း။
မီတာတစ်ရာကျော်လျှေက်ပြီးသောအခါ လူသန်ကြီးက နောက်ဆုံး ရပ်တန့်သွားသည်။
" ဒါက မြေဆွဲအားပဲ။ မင်းတို့ အနက်ရောင်လမ်းပေါ်ကို ရောက်ရင် မြေဆွဲအားနယ်ပယ်ထဲ ရောက်သွားလိမ့်မယ်။ "
" မင်းဆက်သွားလေ မြေဆွဲအားက ပိုသန်မာလေပဲ။ ဒီအကွာအဝေးမှာ ငါရင်ဆိုင်နေရတဲ့ မြေဆွဲအားက သာမန်ဂြိုလ်တစ်လုံးထက် ငါးဆ ခြောက်ဆလောက် ပိုသန်မာတယ်။ " လူသန်ကြီးက အားလုံးကို ပြောပြလိုက်သည်။
ဆင့်ကဲပြောင်းလဲသူအချို့က အနည်းငယ် စမ်းသပ်ပြီးနောက် လူသန်ကြီး မလိမ်သည်ကို သဘောပေါက်သွားကြသည်။
" မြေဆွဲအားနယ်ပယ်။ "
" ဒီစမ်းသပ်မှုက ရုပ်ခန္ဓာအတွက်လား။ "
" ဟ ဘယ်လောက်တောင် တိုက်ဆိုင်လဲ ငါက ရုပ်ခန္ဓာကို အထူးလေ့ကျင့်တာပဲ။ "
မရေတွက်နိုင်သော ဆင့်ကဲပြောင်းလဲသူများက ကွဲပြားသော အမူအရာများနှင့် အနက်ရောင် လမ်းကို ကြည့်နေကြသည်။
" မီတာတစ်ရာမှာတောင် မြေဆွဲအားက သာမန်ထက် ငါးဆကျော်တာလား။ ဒါဆို လမ်းအဆုံးက မြေဆွဲအားက သာမန်ထက် အဆတစ်ထောင်ကျော်နေပြီ မဟုတ်လား။ " ရွှေရောင်သင်္ကေတ ဆင့်ကဲပြောင်းလဲသူတစ်ယောက်က စဉ်းစားပြီး ပြောလိုက်သည်။
မိုင်တစ်ရာ၏ အဆုံးသို့ နီးကပ်သွားသည်နှင့် မြေဆွဲအားက ပို၍ ပြင်းထန်လာမည်ဖြစ်သည်။
"လမ်းဆုံးက မြေဆွဲအားက အနည်ဆုံး အဆသုံးထောင်ရှိတယ်။ ဒါနဲ့တင် ဆင့်ကဲပြောင်းလဲသူ ၇၀၊၈၀ ရာခိုင်နှုန်းလောက်ကို ထုတ်ပယ်ပစ်နိုင်တယ်။ " နောက်ထပ်တစ်ယောက်က ငွေရောင်သင်္ကေတ ဆင့်ကဲပြောင်းလဲသူများကို ကြည့်ပြီး တိတ်ဆိတ်သွားသည်။
တတိယအလွှာ ဆင့်ကဲပြောင်းလဲသူများအတွက် မြေဆွဲအား အဆတစ်ထောင်က ပြဿနာမရှိပေ။ သို့သော် တစ်ထောင်ထက် ကျော်သွားလျှင်တောင် မသေချာတော့ပေ။
" မြေဆွဲအားစမ်းသပ်မှု " လင်းယွမ်က စဉ်းစားရင်း ကြည့်လိုက်သည်။
၎င်းက အမှန်ပင် ရုပ်ခန္ဓာကို စမ်းသပ်ရန် အကောင်းဆုံး နည်းလမ်းဖြစ်သည်။ ခွန်အား သို့မဟုတ် ခံနိုင်ရည်ကို စမ်းသပ်ခြင်းနှင့် နှိုင်းယှဉ်ပါက မြေဆွဲအားမှာ အပြင်ဘက်မှလာသောကြောင့် ခွန်အားကို အားကိုးသော ဆင့်ကဲပြောင်းလဲသူများစွာကို ဖယ်ရှားပစ်ပေလိမ့်မည်။
" ဒါပေမယ့် အခုထိ အဝေးဆုံးက တစ်ရာမီတာဆိုတော့ အလျင်မလိုသေးဘူး။ မြေဆွဲအားက ဘယ်လောက်ပြင်းထန်လာလဲ အရင်ကြည့်တာပေါ့။ "
လင်းယွမ်စဉ်းစားနေစဉ် ဆင့်ကဲပြောင်းလဲသူတစ်ထောင်ကျော်က အနက်ရောင်လမ်းပေါ်သို့ တက်ရောက်သွားကြသည်။ သူတို့ထဲမှ ဆယ်ယောက်ကျော်က မီတာ ခုနှစ်ရာ ရှစ်ရာသို့ ရောက်သွားကြသည်။ ထိုအကွာအဝေးတွင် မြေဆွဲအားက ဒါဇင်ကျော် ပြင်းထန်လာသည်။
နာရီဝက်ကြာပြီးသောအခါ ဆင့်ကဲပြောင်းလဲသူ ကိုးဆယ်ရာခိုင်နှုန်းက အနက်ရောင်လမ်းပေါ်သို့ ရောက်သွားကြသည်။
အနက်ရောင်လမ်းမှာ မြေဆွဲအားတစ်ခုတည်းသာ ရှိသည်ကို အတည်ပြုပြီးနောက် လင်းယွမ်ကလည်း လမ်းပေါ်သို့ ခြေချလိုက်သည်။
ဆယ်မီတာ၊ တစ်ရာမီ၊ တစ်ထောင်မီတာ။
လင်းယွမ်က မီတာ တစ်သောင်းကျော်သို့ ရောက်သွားသည်။ ၎င်းက အနက်ရောင်လမ်း၏ ငါးပုံတစ်ပုံ ရှိပြီဖြစ်သည်။
" ငါ နောက်ဆုံးတော့ အဲ့ဒါကို ခံစားရပြီ။ " လင်းယွမ်က တွေးလိုက်သည်။
နတ်လက်နက်ကမ္ဘာ၏ ကျင့်ကြံခြင်းစနစ်က အရေပြား၊ သွေး၊ ကိုယ်တွင်းအင်္ဂါ၊ အရိုး စသည့် ရုပ်ခန္ဓကို သန့်စင်ခြင်းဖြစ်၏။ ၎င်းက ခန္ဓာကိုယ်၏ အစိတ်အပိုင်းတိုင်းကို သန့်စင်ခြင်းဖြစ်သည်။ ထို့ကြောင့် အနက်ရောင်လမ်း၏ မြေဆွဲအားက လင်းယွမ်အတွက် ဖိအားများစွာ မရှိခဲ့ပေ။
ပထမ မီတာတစ်သောင်းကျော်မှ လင်းယွမ်က ဖိအားကို ခံစားလာရခြင်းဖြစ်သည်။ မီတာတစ်သောင်းရှိ မြေဆွဲအားက အဆတစ်ထောင်ကျော်နေပြီဖြစ်သည်။ ထိုမြေဆွဲအားက သာမန်လူတစ်ယောက်ကို ပေါက်ကွဲသွားစေရန် လုံလောက်ပေသည်။
ပထမနှင့် ဒုတိယအလွှာ ဆင့်ကဲပြောင်းလဲသူများက ထိုမြေဆွဲအားအောက်တွင် ခနသာ ခံနိုင်ရည်ရှိပေလိမ့်မည်။
လင်းယွမ်ကတော့ မည်သည့်နည်းစနစ်မှ အသုံးမပြုဘဲ ရုပ်ခန္ဓာတစ်ခုတည်းဖြင့် ထိုနေရာသို့ ရောက်လာခြင်း ဖြစ်သည်။
အနက်ရောင်လမ်း၏ မီတာနှစ်သောင်းနေရာ။
" ငါက လမ်းပေါ်ကို ပထမဆုံးတက်ခဲ့တဲ့ ဆင့်ကဲပြောင်းလဲသူတွေထဲက တစ်ယောက်ပဲ။ နာရီများစွာ ကြာပြီးတဲ့နောက်မှ အနက်ရောင်လမ်းရဲ့ တစ်ဝက်နီးပါးကို ရောက်လာပြီ။ ဒီလောက်ဆို ငါက ထိပ်ဆုံး ဆယ်ယောက်ကျော်ထဲတော့ ပါလောက်တယ် မဟုတ်လား။ " ကွေ့စီတက ရပ်တန့်၍ အသက်ပြင်းပြင်းရှုပြီး အနားယူရန် ဆုံးဖြတ်လိုက်သည်။
အသက်တစ်ရာအောက် စတုတ္ထအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်အနေဖြင့် ကွေ့စီတက မေးခွန်ထုတ်စရာမလိုဘဲ သူ၏ ဂြိုလ်ပေါ်တွင် အသန်မာဆုံး ဖြစ်ပေလိမ့်မည်။ ပြိုင်ပွဲများအတွင်း စတုတ္ထအလွှာများ ထွက်ပေါ်သည်မှာ ရှားပါးလေသည်။
ကန်လန်ကြယ်ကဲ့သို့ အလယ်အဆင့်ဂြိုလ်တစ်ခုပင် နှစ်တစ်သောင်းကြာအောင် စတုတ္ထအလွှာ ဆင့်ကဲပြောင်းလဲသူ ပေါ်မလာဖူးပေ။