သူမကတော့သေရလိမ့်မယ်
Vol. 7 Ch. 82
အာရန်သည် ဤအခြေအနေမှာ မည်မျှ အန္တရာယ်များကြောင်းကို သိနေခဲ့သော်လည်း သူသည် သူ့ကိုယ်သူ ကာကွယ်ရန် အစီအစဉ်တစ်ခုကို ယခင်ကတည်းကပင် ကြိုတင်ရေးဆွဲထားခဲ့ပြီးဖြစ်လေသည်။
အာရန်တွင် သူအသုံးမပြုရသေးသော ဝှက်ဖဲတစ်ချပ် ကျန်နေသေးသည်။
သူသည် ထိုဝှက်ဖဲကို ဖော်ထုတ်ခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများအကြောင်းကို စိုးရိမ်နေခဲ့သော်လည်း ယခုအချိန်တွင်မူ ယင်းအကြောင်းကို စိတ်ပူရန်အချိန်မရှိတော့ပါ။
‘အချိန်ကိုက်ပဲ’
အာရန်ရှေ့တွင် မျက်နှာပြင်တစ်ခု ပေါ်လာသောအခါ သူ၏ အကြည့်များသည် ပြောင်းလဲသွားခဲ့ရသည်။
သူမျှော်လင့်ထားသည့်အတိုင်းပင် အရေးကြီးသည့် လမ်းဆုံလမ်းခွ နေရာများသို့ရောက်သောအခါ ရွေးချယ်စရာများမှာ သူ့အလိုလိုပင်ရှေ့တွင် ပေါ်လာလေ့ရှိလေသည်။
ယင်းက သူ၏ ယူဆချက်များကို အတည်ပြုပေးခဲ့သည်။
သူသည် သူ၏ ရွေးချယ်မှုများကို မှန်ကန်စွာ မပြုလုပ်နိုင်ပါက ဤနေရာတွင်ပင် သေဆုံးနိုင်လေသည်။ သို့သော် ဆုလာဘ်များမှာလည်း ဤတစ်ကြိမ်တွင်တော့ အကျိုးအမြတ်အတော်လေးများနေခဲ့လေသည်။
[ရွေးချယ်မှု တစ် - သင့်ရှေ့ကလူက သင့်ကို အထင်သေးနေလေသည်။ အောင်နိုင်သူသူရဲကောင်းတစ်ဦးအနေဖြင့် သင်သည် မည်သူ့ကိုမျှ အထင်သေးခွင့် မပေးနိုင်ပါ။ သင်၏ ဂုဏ်သိက္ခာကို မြှင့်တင်ရန်အတွက် ထိုလူကို သတ်လိုက်ပါ။
ဆုလာဘ်- ကံစမ်းမဲသေတ္တာ]
[ရွေးချယ်မှု နှစ်- သင်သည် အန္တရာယ်များသော အခြေအနေတွင် ရောက်ရှိနေကြောင်းကို သင်သိသည်။ သို့သော် သင်သည် ယောင်္ကျားတစ်ယောက်အနေဖြင့် သင်၏ တာဝန်ကို မမေ့သေးပါ။ ရှုယင်၏ လုံခြုံရေးအတွက် အလဲအလှယ်အနေဖြင့် သလင်းကျောက်ဓားနှင့် သင်၏ အသက်ကို ထိုသူ၏လက်တွင်းသို့ အပ်နှံလိုက်ပါ။
ဆုလာဘ်- အယောင်ဆောင် မျက်နှာဖုံး]
[ရွေးချယ်မှု သုံး - ပညာရှိတစ်ဦးသည် မည်သည့်အရှုံးကိုမှမကြုံတွေ့ရပဲ ဤရှုပ်ထွေးသော အခြေအနေကို မည်သို့ကိုင်တွယ်ရမည်ကို သိသောသူ ဖြစ်သည်။
ထိုဓားကိုသင်နှင့်အတူဆက်လက်ယူဆောင်ထားနိုင်ကာ ဝိညာဉ်လမ်းလျှောက်သူနှင့် တိုက်ပွဲကိုလည်း ရှောင်ရှားရန် နည်းလမ်းတစ်ခုကို ရှာဖွေပါ။
ဆုလာဘ်- ကျင့်ကြံခြင်း၏ ချိတ်ပိတ်စည်းအား ဖြည်ပေးနိုင်သည့် အဆောင် x၂ (ယာယီ)]
[ရွေးချယ်မှု လေး - သင်၏ အသက်သည် သင့်အတွက် အရေးအကြီးဆုံးဖြစ်သည်။ သင်ထွက်ပြေးနိုင်ရန်အတွက် ရှုယင်ကို ထိုလူနှင့် တိုက်ခိုက်ခိုင်းလိုက်ပါ။
ဆုလာဘ်- မိုင်တစ်ထောင်လွတ်မြောက်ခြင်း အဆောင်]
အာရန်သည် ရွေးချယ်စရာများကို အလျှင်အမြန်ကြည့်လိုက်ကာ သူ၏ အစီအစဉ်နှင့် ကိုက်ညီသော တစ်ခုကို မကြာမီ တွေ့ရှိသွားခဲ့လေသည်။
အကယ်၍ ဤအကြံသာ အလုပ်ဖြစ်ခဲ့လျှင် သူသည် နေရင်းထိုင်ရင်းဖြင့် အပိုအထူးဆုလာဘ်တစ်ခုကိုပင် ရရှိနိုင်လိမ့်မည်ဖြစ်သည်။
အာရန်၏အမြင်တွင် ပထမရွေးချယ်မှုသည် အတော်ပင် မိုက်မဲသော ရွေးချယ်မှုပင်ဖြစ်သည်။
သူသည် အာကာသစွမ်းအင်ကို အသုံးပြုနိုင်သော ဝိညာဉ်လမ်းလျှောက်သူ တစ်ယောက် ကို မည်သည့်နည်းနှင့်မျှ သတ်နိုင်လိမ့်မည်မဟုတ်ပါ။
ထိုသူမှာ သတ်၍မရနိုင်သောသက်ရှိတစ်မျိုးနှင့်ပင် တူညီနေလေသည်။
အကယ်၍သူသည်သတ်နိုင်ခဲ့မည်ဆိုဦးတော့ အောင်မြင်ခဲ့လျှင်ပင် အခြားသူရဲကောင်းများက ၎င်းတို့ကို အလွတ်ပေးလိမ့်မည်မဟုတ်ပေ။
အကယ်၍ ပထမရွေးချယ်မှု၏ ဆုလာဘ်သည် လွတ်မြောက်ခြင်းအဆောင်ပစ္စည်း တစ်ခုသာ ဖြစ်နေခဲ့ပါမူ သူသည် ယင်းကို စဉ်းစားကောင်း စဉ်းစားနိုင်ဦးမည်။
ကံမကောင်းစွာဖြင့် လွတ်မြောက်ခြင်းအဆောင် ဆုလာဘ်မှာ စတုတ္ထရွေးချယ်မှုတွင် ပါဝင်သွားခဲ့လေသည်။
ယင်းအတွက် သူသည် ရှုယင်ကို အသေခံရန် ထားခဲ့ရမည် ဖြစ်သည်။ သူ့တွင် အခြားနည်းလမ်းတစ်ခု ရှိနေသောအချိန်တွင် သူမကို ယခုကဲ့သို့ စတေးခံရန် ခွင့်မပြုပေးနိုင်ပါ။
အလားတူပင် ဒုတိယရွေးချယ်မှုသည်လည်း မိုက်မဲသောအရာဖြစ်သည်။ သူသည် ဓားကို ပေးအပ်လိုက်လျှင်ပင် ၎င်းတို့သည် အသက်ရှင်လျက် ကျန်ရစ်နိုင်မည် မဟုတ်ပါ။
အာရန်သည်သူ့၌ ထိုဓားကိုမည်သည့်နည်းနှင့်မျှပေးလိုက်၍မဖြစ်ပါ။ ထို့အပြင် သူသာသေဆုံးသွားခဲ့လျှင် ထို အယောင်ဆောင် မျက်နှာဖုံးဖြင့် ဘာလုပ်ရတော့ မည်နည်း။
အာရန်အတွက်မူ လက်ရှိအခြေအနေအောက်တွင် အဓိပ္ပာယ်ရှိသော ရွေးချယ်မှုဟူ၍ တစ်ခုသာကျန်ရှိနေတော့သည်။
ထိုရွေးချယ်မှုသည် သူအစောပိုင်းကတည်းက စီစဉ်နေခဲ့သော အရာလည်း ဖြစ်လေသည်။
‘ငါက တတိယရွေးချယ်မှုကို ရွေးမယ်’
အာရန်သည် တတိယရွေးချယ်မှုကို ရွေးချယ်ခဲ့လေသည်။
[ဆုလာဘ်ရရှိရန် ရွေးချယ်မှုကို ပြီးမြောက်အောင် ပြုလုပ်ပါ။]
မျက်နှာပြင်က လုံးဝပျောက်ကွယ်သွားခြင်းမပြုမီ ပြောင်းလဲသွားခဲ့လေသည်။
တတိယရွေးချယ်မှုအတွက် ဆုလာဘ်သည် အနည်းငယ်ရှုပ်ထွေးနေလေသည်။ ထိုဆုလာဘ်မှာ ဘာလုပ်သည့်အရာဆိုသည်ကိုမူ သူအကြမ်းဖျင်းသိသော်လည်း သေခြာသိရှိခြင်းတော့မရှိနိုင်ပါ။
သူသည် သူ၏ အချက်အလက်များကို စစ်ဆေးသော အချိန်ကို ယခုထိ မမေ့သေးပါ။
ယင်းအချက်အလက်များအရ သူ၏ ကျင့်ကြံခြင်းမှာ ချိတ်ပိတ်ခြင်းခံထားရသည်ဟု ဖော်ပြနေခဲ့သည်။
ထိုကိစ္စတွင် လျှို့ဝှက်ဆန်းကြယ်မှုများစွာ ရှိနေခဲ့လေသည်။
ထိုသို့ အဘယ့်ကြောင့် ချိတ်ပိတ်ထားခဲ့သည်ကိုပင် သူ မသိနိုင်ပါ။ ယင်းသည် ခန္ဓာကိုယ်ထဲမှ ဝိညာဉ်သည် ပြောင်းလဲသွားခဲ့ခြင်းကြောင့်လား။
သို့မဟုတ် ဤနေရာသို့ အာရန် ရောက်မလာခင်ကတည်းက ထိုချိတ်စည်းသည် သူ၏ခန္ဓာကိုယ်တွင် တည်ရှိနေခဲ့ခြင်းလား။
သူသည် မှန်ကန်သောအဖြေကို မသိနိုင်သေးသော်လည်း ဤချိတ်စည်းဖြည် ပစ္စည်းသည် သူ့အား အကြီးအကဲရန်ကို ပို၍ နားလည်စေရန် ကူညီပေးနိုင်သည်ဟုတော့ ခံစားနေရလေသည်။
မည်သို့ပင်ဆိုစေ ယင်းသည် ယာယီဆုလာဘ်တစ်ခုသာ ဖြစ်လေသည်။
အကယ်၍ အရာအားလုံးမှာသူလိုချင်သည့်ပုံစံအတိုင်း အလုပ်ဖြစ်ခဲ့သည်ဆိုလျှင် သူသည် သူ၏ ကျင့်ကြံခြင်းချိတ်စည်းကို ခဏတာမျှဖွင့်လိုက်နိုင်ပါက မည်မျှ အားကောင်းလာမည်ဆိုသည် ကိုလည်း ခန့်မှန်းနိုင်ခဲ့ခြင်းမရှိပါ။
သူ၏ အလုံပိတ်ထားသော ကျင့်ကြံခြင်းသည်သာ အလွန်အားနည်းနေခဲ့ပါက ယင်းသည် အသုံးမဝင်သော ဆုလာဘ်တစ်ခုပင် ဖြစ်သွားခဲ့မည်ဖြစ်လေသည်။
သို့သော် သူ၏ကျင့်ကြံခြင်းမှာ အနည်းငယ်အားကောင်းခဲ့လျှင်တော့ ဆုလာဘ်က ပို၍ တန်ဖိုးရှိသွားမည်ဖြစ်လေသည်။
သို့သော် ထိုအချိန်တွင်နားလည်ထားရမည့် အရာမှာ ထိုအဆောင်ပစ္စည်းသည် ယာယီအချိန်တစ်ခဏလောက်သာ ချိတ်ပိတ်ခြင်းကို ဖယ်ရှားပေးနိုင်မည် ဖြစ်သည်။
…………………….
“ဘာအရာကိုပြောတာလဲ မင်းက ပိုက်ဆံအကြောင်းကိုပြောနေတာလား မင်းတို့က ဓားပြတွေလား”
အာရန်သည် ကြောက်ရွံ့သွားဟန်မပြပဲ အပြစ်ကင်းစင်နေသည့်ပုံဖြင့် ဝိညာဉ်လမ်းလျှောက်သူကို ပြန်လည် မေးခွန်းထုတ်လိုက်လေသည်။
ထို့အပြင် သူ၏ မျက်လုံးများမှာ ဝိညာဉ်လမ်းလျှောက်သူနှင့် အကြည့်ချင်းဆုံကာ တည်ငြိမ်စွာဖြင့် ပြန်လည်စိုက်ကြည့်နေလိုက်လေသည်။
ဝိညာဉ်လမ်းလျှောက်သူသည် အာရန်၏ တုံ့ပြန်မှုကြောင့် ရုတ်တရက် အံ့အားသင့်သွားခဲ့လေသည်။
ပုံမှန်အားဖြင့် လူအများသည် သူ၏တည်ရှိမှုကို သတိထားမိလိုက်သည်နှင့် လုံး၀ကြောက်လန့်သွားကြရမည် ဖြစ်လေသည်။
ဤလူများသည် သူ၏အချက်အလက်များကို မသိစရာအကြောင်းမရှိပေ။ အထူးသဖြင့် ၎င်းတို့က မိစ္ဆာဂိုဏ်းမှဖြစ်နေသဖြင့် သာ၍ပင်သိနေသင့်သေးသည်။
သူရဲကောင်း အကယ်ဒမီတွင် အရှေ့ပိုင်းတိုက်ကြီးမှ စွမ်းအားကြီးသူများ၏ ပုံတူများအားလုံး ရှိနေခဲ့သောကြောင့် သူရဲကောင်းများမှာ ၎င်းတို့နှင့် တွေ့ဆုံခဲ့လျှင် ၎င်းတို့ကို ချက်ချင်းမှတ်မိနိုင်လေသည်။
ရှုယင်၏ မျက်နှာကို မျက်နှာဖုံးတစ်ခုဖြင့် ဖုံးကွယ်ထားသော်လည်း သူသည် သူမကို မိစ္ဆာဂိုဏ်း၏ မဟာအကြီးအကဲရှုယင်အဖြစ် ချက်ချင်းမှတ်မိခဲ့လေသည်။
ယခုစကားပြောနေသူမှာ သူမနှင့်အတူ လိုက်ပါလာသောကြောင့် ထိုသူ၏နောက်ခံမှာလည်း ရိုးရှင်းခြင်း မရှိကြောင်းသိသာနေလေသည်။
၎င်းတို့သည် သူ၏အဝတ်အစား ပုံစံအရ သူ့ကို မမှတ်မိနိုင်ရန်မှာ မဖြစ်သင့်ပေ။ ဒါဆို ဒီလူက ဘာကြောင့် ဒီလောက် မတုန်မလှုပ်ရပ်နေနိုင်သေးတာလဲ။
အံ့အားသင့်သွားသဖြင့် ဝိညာဉ်လမ်းလျှောက်သူသည် သူ၏အဝတ်အစားများကို ပြန်လည် ငုံ့ကြည့်ကာ သူသည် အမှန်တကယ် သူရဲကောင်း အကယ်ဒမီ၏ ဒုတိယကျောင်းအုပ်ဝတ်စုံကို ဝတ်ဆင်ထားကြောင်းကို အတည်ပြုလိုက်မိသည်။
“ငါက ငါရဲ့ပိုက်ဆံတွေအားလုံးကို ကိတ်မုန့်တွေဝယ်တုံးက သုံးလိုက်မိပြီ”
အာရန်က ဗလာဖြစ်နေသော ကိတ်မုန့်ဘူးများကို ညွှန်ပြလိုက်သည်။
“မင်းက တစ်စုံတစ်ယောက်ကို လုယက်ဖို့ ရှာနေရင် ဘာလို့ ဟိုဘက်အခန်းကို မကြိုးစားကြည့်ရတာလဲ အဲဒီမှာ လာတည်းနေတဲ့သူက တော်တော် ချမ်းသာမယ်လို့ ငါအာမခံတယ်”
“ဒီအဓိပ္ပာယ်မရှိတဲ့စကားတွေ လုံလောက်ပြီ”
ဝိညာဉ်လမ်းလျှောက်သူသည် အာဏာရှင်တစ်ဦး၏ လေသံဖြင့် ရှေ့သို့ ခြေလှမ်းတစ်လှမ်း တိုးလိုက်ကာ အော်ပြောလိုက်သည်။
“ဟိုအမျိုးသမီးက မင်းကို ပေးထားခဲ့တဲ့အရာကို ခုထုတ်ပေးပါ”
“မင်းပြောနေတာ ဘယ်အမျိုးသမီးလဲဆိုတာ ငါမသိဘူး ဒါပေမယ့် မင်းက ငါ့ကို မယုံသေးရင် ဘာလို့ ငါ့သိုလှောင်လက်စွပ်ထဲကို လာမစစ်ဆေးရသေးတာလဲ”
အာရန်သည် သူ၏ အိတ်ကပ်ထဲတွင် မကြာခင်အချိန်က ပြင်ဆင်ကာထည့်ထားခဲ့သော လက်စွပ်တစ်ကွင်းကို ထုတ်ယူလိုက်သည်။
အာရန်သည် ထိုလက်စွပ်ကို ဝိညာဉ်လမ်းလျှောက်သူ ထံသို့ ပစ်ပေးလိုက်သည်။
ဝိညာဉ်လမ်းလျှောက်သူသည် ယင်းလက်စွတ်မှာ သာမန်သိုလှောင် လက်စွပ်တစ်ကွင်းသာ ဖြစ်သည်ဟု တွေးလိုက်ကာ သာမန်ပင်လက်စွပ်ကို ဖမ်းထားလိုက်သည်။
သို့သော် သူသည် ထိုလက်စွပ်ကိုပြန်လည် ကြည့်လိုက်မိသည့် အခိုက်အတန့်တွင်မူ သူ၏ မျက်နှာသည် အံ့အားသင့်ခြင်းဖြင့် ပြည့်နှက်သွားလေတော့သည်။
“ဒါ... ဒါက မင်းဆီကို ဘယ်လိုရောက်နေရတာလဲ”
ယင်းသည် သာမန်သိုလှောင်လက်စွပ်တစ်ကွင်း မဟုတ်ခဲ့ပါ။
သူရဲကောင်း အကယ်ဒမီမှ လူတိုင်းနီးပါးသည် ဤလက်စွပ်များအကြောင်းကို သိနေခဲ့ကြပြီး ၎င်းတို့ကို ကျောင်းအုပ်ကြီးကိုယ်တိုင်မှ ပေးအပ်ထားခဲ့ခြင်းဖြစ်သည်။
ဝိညာဉ်လမ်းလျှောက်သူသည် အံ့အားသင့်သွားခဲ့လေသည်။
အာရန်သည် ရှေ့သို့ တိုးလာကာ သူ၏ နားအတွင်းသို့ တီးတိုးကပ်ပြောလိုက်သည်။
“ငါက အကယ်ဒမီအတွက် လျှို့ဝှက်တာဝန်ထမ်းဆောင်နေတာ ဒီလက်စွပ်က ငါ့အထောက်အထားကို သက်သေပြဖို့ လုံလောက်တယ်လို့ ိယူဆလို့ရမလား”
“မင်းတို့ ဘာကို ရှာနေတာလဲဆိုတာကို ငါမသိဘူး ဒါပေမယ့် ငါ့မှာ အဲ့ပစ္စည်းမရှိတာကိုတော့ ငါအာမခံနိုင်တယ် ငါ့မှာ အကယ်ဒမီကို ကူညီနိုင်တဲ့ တစ်ခုခုရှိရင် ငါက အဲ့ဒီပစ္စည်းကို ဂုဏ်ယူစွာ ပေးအပ်လိုက်ဖို့ဝန်မလေးပါဘူး”
“သေဆုံးသွားတဲ့ အမျိုးသမီးအတွက် ငါက သူမ မနေ့ညက ပြေးနေတာကို မြင်ခဲ့တယ် ငါက သူမနဲ့ ထိပ်တိုက်ဝင်တိုက်မိခဲ့တယ် ဒါပေမယ့် အဲဒါက ငါသူမနဲ့ ပတ်သတ်မိခဲ့တာအကုန်ပဲ”
အာရန်သည် ဝိညာဉ်လမ်းလျှောက်သူထံမှ လက်စွပ်ကို ပြန်ယူလိုက်ကာ အခြားမည်သူမျှ လက်စွပ်ကို အနီးကပ် မမြင်လိုက်ကြောင်းကို သေချာစေရန် အကောင်းဆုံး ကြိုးစား၍ သူ၏ အိတ်ကပ်အတွင်းသို့ ပြန်ထည့်ထားလိုက်လေသည်။
ဝိညာဉ်လမ်းလျှောက်သူမှာ တိတ်ဆိတ်သွားခဲ့ရသည်။ လက်စွပ်သည် အာရန်၏ အထောက်အထားကို သက်သေပြရန် လုံလောက်နေခဲ့သည်။
မစ်စ်ကို သစ္စာဖောက်ရန်မှာ တစ်စုံတစ်ယောက်အတွက် အဓိပ္ပာယ်ရှိသည့်အရာမဟုတ်ပေ။ ထိုလူသည် ၎င်းမိစ္ဆာမကို သစ္စာဖောက်ရန် ကြံစည်မိသည်ဆိုပါက ရူးနေမှသာ ဖြစ်ပေလိမ့်မည်။
‘ချည်မျှင်က သူ့ဆီသို့ ဦးတည်ညွှန်ပြခဲ့တာက တကယ်ပဲ တိုက်ဆိုင်မှုတစ်ခု သက်သက်လား ဒါဆို ဒုက္ခပဲ ဓားက ဘယ်ရောက်သွားတာလဲ’
“ကောင်းပြီ မင်းသွားလို့ရပြီ”
အချိန်အတော်ကြာ တိတ်ဆိတ်ပြီးနောက် ဝိညာဉ်လမ်းလျှောက်သူက ပြန်ပြောလိုက်သည်။
ဝိညာဉ်လမ်းလျှောက်သူ၏ စကားပြီးဆုံးသည်နှင့်တစ်ပြိုင်နက် အကြောင်းကြားချက်တစ်ခုသည် အာရန်၏ ရှေ့တွင် ပေါ်လာခဲ့လေသည်။
[သင်သည် ရွေးချယ်မှုကို ပြီးဆုံးအောင် ပြုလုပ်ပြီးပါပြီ။]
[သင်သည် ကျင့်ကြံခြင်း ချိတ်စည်းဖြည်အဆောင် နှစ်ခုအား ဆုအဖြစ်လက်ခံရရှိလိုက်ပါသည်။]
အာရန်သည် ခဏတာသက်ပြင်းချနိုင်လိုက်သော်လည်း သူ့အမူအရာများမှာ မကြာမီပင် ပြန်လည်မှောင်မိုက်သွားခဲ့ရလေသည်။
“ မင်းက ဘယ်ကို ထပ်သွားချင်နေတာလဲ”
ဝိညာဉ်လမ်းလျှောက်သူသည် ရှုယင်ဆီသို့သွားရန် ခြေလှမ်းပြင်ဆင်လိုက်သောအခါ အာရန်သည် ထိုသူ၏ ရင်ဘတ်ပေါ်သို့ဖိတွန်းလိုက်ကာ နောက်တစ်လှမ်း ထပ်မံတိုးခြင်းကို တားဆီးထားလိုက်သည်။
“မင်းကိုလွတ်လပ်စွာ သွားနိုင်တယ်လို့ ငါပြောခဲ့တယ် မင်းက အကယ်ဒမီအတွက် တန်ဖိုးရှိတဲ့ လူတစ်ယောက်ဖြစ်နေသေးတယ် ဒါပေမယ့် အဲဒီအမျိုးသမီးကို တော့ ထွက်သွားခွင့် မပြုနိုင်ဘူး သူမကတော့သေရလိမ့်မယ် ဒီလိုမှမဟုတ်ရင် အဲဒီပုဂ္ဂိုလ်က ငါ့ခေါင်းထဲမှာ ထိုင်အော်ဟစ်နေတာကို ဘယ်တော့မှ ရပ်တော့မှာ မဟုတ်ဘူး”
#Catfoot