ဒီလောက်တောင်ပျင်းရိတာလား
Vol. 7 Ch. 83
[လွန်ခဲ့သော မိနစ်သုံးဆယ်ခန့်က]
ဝိညာဉ်လမ်းလျှောက်သူသည် အသက်မဲ့နေသောခန္ဓာကိုယ်တစ်ခုရှေ့တွင် ရပ်နေလေသည်။ သူ၏ ဘေးတွင် သူရဲကောင်း အကယ်ဒမီမှ လူတစ်ယောက် ရှိနေပြီး သူ့အား ဤဖြစ်စဉ်၏ အကျဉ်းချုပ်ကို ပြောပြပေးနေခဲ့သည်။
ဖြစ်စဉ်၏ အကျဉ်းချုပ်ကို ကြားသိပြီးနောက် ဝိညာဉ်လမ်းလျှောက်သူသည် အတွေးများအတွင်း နစ်မြုပ်နေသည့်ဟန်ဖြင့် တိတ်ဆိတ်စွာ ထွက်သွားခဲ့သည်။
သူသည် အနည်းငယ် ပင်ပန်းနေပုံရကာ အိမ်သို့ပြန်၍ အိပ်ချင်နေပုံ ပေါက်နေလေသည်။
သူသည် အခြားသူများနှင့် ခပ်ဝေးဝေးတနေရာတွင်ရှိသော သစ်ပင်ကြီးတစ်ပင်၏ အောက်တွင် ရပ်တန့်လိုက်လေသည်။
ထိုသစ်ပင်ကြီး၏ပင်စည်ကို မှီကာ သူသည် မျက်လုံးများကို မှိတ်ထားလိုက်ပြီး အိပ်ငိုက်တော့မတတ် ဖြစ်နေခဲ့လေသည်။
“မင်းက အခု တကယ် အိပ်ပျော်နေတာလား”
သူ၏ မျက်လုံးများ မှိတ်သွားသည်နှင့်တစ်ပြိုင်နက် စူးရှသော အသံတစ်ခုမှာ သူ၏ ခေါင်းထဲတွင် ပေါ်လာခဲ့လေသည်။
“ကျွန်တော်က ဒီကိစ္စအတွက် တကယ်ကြီး အဲ့ဒီနေရာမှာ ရှိနေမှရမှာလား သူတို့ဖာ့သာသူတို့ ကိုင်တွယ်ခိုင်းထားလို့ မရဘူးလား”
ဝိညာဉ်လမ်းလျှောက်သူသည် ပျင်းရိလေးတွဲစွာဖြင့် ပြန်လည်မေးခွန်းထုတ်လိုက်သည်။
“မင်းတို့ကမ္ဘာက လူတွေက ဒီလောက်တောင် ပျင်းရိကြတာလား”
အသံတစ်သံသည် သူ၏ ခေါင်းအတွင်းမှ ထွက်ပေါ်လာခဲ့ပြန်သည်။
“ငါတို့က ဘာကြောင့် ဒီနေရာကို လာခဲ့ရသလဲဆိုတာကို မမေ့နဲ့ ငါတို့က အဲဒီဓားကို တွေ့အောင်ရှာရမယ်”
“ငါတို့သာ ရှာမတွေ့နိုင်ဖြစ်ပြီး တစ်စုံတစ်ယောက်က အဲ့ဒီဓားကို ကျောင်းအုပ်မစ်စ် အပေါ်မှာ အသုံးပြုလိုက်ရင် မင်းအတွက် အများကြီး ဆုံးရှုံးမှုဖြစ်သွားလိမ့်မယ် သူမသာ တစ်ခုခု ဖြစ်သွားပြီးရင် နောက်ပစ်မှတ်က မင်းဖြစ်လိမ့်မယ်”
အသံသည် ဝိညာဉ်လမ်းလျှောက်သူ၏ ခေါင်းထဲတွင် ထပ်မံ၍ ပေါ်ပေါက်လာခဲ့ပြန်သည်။
ဝိညာဉ်လမ်းလျှောက်သူသည် သူ၏ ဘယ်ဘက်သို့ လှည့် ကြည့်လိုက်သည်။
ခပ်လှမ်းလှမ်းတွင် လူများစွာတွေ့နေရသော်လည်း သူ၏ဘေးတွင်မူ မည်သူမျှ လာရောက်ရပ်နေခြင်း မရှိခဲ့ပါ။
သို့သော် သူ့အတွက်မူ သူတစ်ယောက်သာ မြင်နိုင် ကြားနိုင်သော ပုဂ္ဂိုလ်တစ်ယောက်အနားတွင် ရှိနေခဲ့လေသည်။
အခြားသူများသာ ထိုလူကို မြင်နိုင်ခဲ့လျှင် ၎င်းတို့သည် လုံး၀ကို တုန်လှုပ်ခြောက်ခြားသွားကြလိမ့်မည်ဖြစ်သည်။
ထိုလူသည် ယခု ဝိညာဉ်လမ်းလျှောက်သူနှင့် လုံး၀တူညီနေခဲ့လေသည်။
“ခင်ဗျားက စစ်မှန်တဲ့ မူလဝိညာဉ်လမ်းလျှောက်သူရဲ့ ဝိညာဉ်ပဲလေ သူမရဲ့ ဝိညာဉ်ကို ရှာပြီး သူမက ဓားကို ဘယ်မှာ ဝှက်ထားခဲ့သလဲဆိုတာကို မေးကြည့် လို့မရနိုင်ဘူးလား”
“အဲဒါက ဒီလိုအလုပ်လုပ်တာ မဟုတ်ဘူးဟ ငမိုက်သားရ”
မူလဝိညာဉ်လမ်းလျှောက်သူ၏ ဝိညာဉ်မှ ဒေါသတကြီး ပြန်လည် အော်ဟစ်လိုက်သည်။
သူသည် ထိုကဲ့သို့ ပျင်းရိပျင်းတွဲပုံစံဖြင့် ပေါ့ပေ့ါနေပေ့ါပေ့ါစားလူတစ်ယောက်နှင့် အတူ ယှဉ်တွဲ၍ နေနေရခြင်းကို ယခုအချိန်ထိ မယုံကြည်နိုင်သေးပါ။
သူသည် ရုတ်တရက် သေဆုံးခဲ့ရသည်မှာ ရက်သတ္တပတ် အနည်းငယ်ခန့်ပင် ရှိခဲ့ပြီဖြစ်သည်။ သူပင် သူသည် အဘယ့်ကြောင့် သေဆုံးသွားခဲ့ရသည်ကို မသိရှိခဲ့ရပါ။
သူသိခဲ့သော တစ်ခုတည်းသောအရာမှာ သူသည်ထိုသို့ သေဆုံးပြီးနောက် ဝိညာဉ်တစ်ခု ဖြစ်လာခဲ့ကာ အခြားဝိညာဉ်တစ်ခုက သူ၏ ခန္ဓာကိုယ်ကို မောင်ပိုင်စီးလိုက်ကြောင်းကို တွေ့ရှိခဲ့ရခြင်း ဖြစ်လေသည်။
သူသည် မည်မျှပင် ကြိုးစားခဲ့စေကာမူ သူ၏ မူလခန္ဓာကိုယ်ကို ပြန်လည်ရယူနိုင်ခြင်း မရှိခဲ့ပါ။
ယခင်က သူ့ပိုင်ဆိုင်ဘူးခဲ့သော ထိုခန္ဓာကိုယ်သည် ယခု အချိန်တွင် သူ့အား ငြင်းဆန်နေခဲ့လေပြီဖြစ်သည်။
ထိုသို့သူ၏ခန္ဓာကိုယ်ကိုရယူထားသော ထိုကောင်လေးတစ်ယောက်သာ သူ့ကို မြင်နိုင် ကြားနိုင်သော ဤကမ္ဘာထဲရှိ တစ်ဦးတည်းသောသူလည်း ဖြစ်လာခဲ့လေသည်။
ပထမတွင် သူသည် သူ၏ခန္ဓာကိုယ်ကို ရယူပိုင်ဆိုင်ထားသော ထိုဝိညာဉ်မှာ ထိုကိစ္စများကို ပြုလုပ်ခဲ့သူ ဖြစ်မည်ဟု တွေးမိခဲ့လေသည်။
သို့သော် ထိုလူငယ်လေးမှာ လည်း ဝတ္ထုတစ်ခုအကြောင်းကို ပြောကာ သူ့ကဲ့သို့ပင် အလားတူ ရှုပ်ထွေးနေပုံရခဲ့လေသည်။
သူသည် စိတ်ရှုပ်ထွေးနေရုံသာမကသေးပဲ သူ၏ဘေးတွင် ဝိညာဉ်တစ်ယောက်ရှိနေသည် ကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် သူသည် အလွန်ကြောက်လန့်သွားဟန်ရခဲ့သည်။
ထိုအချိန်တုံးက ထိုချာတိတ်ကို ပြန်လည်တည်ငြိမ်သွားရန် မည်မျှဖျောင်းဖြ ခဲ့ရကြောင်းကိုမူ စစ်မှန်သောမူလဝိညာဉ်လမ်းလျှောက်သူ ဖြစ်သည့် သူကိုယ်တိုင်သာ အသိဆုံးဖြစ်သည်။
မူလဝိညာဉ်လမ်းလျှောက်သူသည် သူ၏ ခန္ဓာကိုယ်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရန်မှာ မဖြစ်နိုင်တော့ကြောင်းကို လက်ခံခဲ့ရလေသည်။
သို့သော်လည်း သူရဲကောင်း အကယ်ဒမီအပေါ် သူ၏သစ္စာစောင့်သိမှုမှာ သူ့ကို ထိုမျှနှင့် လက်လျှော့ရန် ခွင့်မပြုပေးခဲ့ပေ။
သူသည် ဤခန္ဓာကိုယ်ထဲတွင် မရှိနိုင်လျှင်ပင် သူရဲကောင်းအကယ်ဒမီမှာ ဝိညာဉ်လမ်းလျှောက်သူတစ်ဦးကို မဖြစ်မနေလိုအပ်နေကြောင်းကို သူသိနေခဲ့သည်။
ထို့ကြောင့် သူသည် သူ၏စွမ်းအင်များကို မည်သို့ အသုံးပြုရမည်ဆိုသည့် အကြောင်းကို ထိုလူငယ်လေးအား လေ့ကျင့်ပေးရန် စတင်ခဲ့ရလေသည်။
“ကျွန်တော်က အလွန်ဆုံးသေသွားရုံပဲရှိနေတာကို ဘာလို့ဒီလောက်အထိတောင် အသဲအသန် ရုန်းကန်နေဖို့လိုမှာလဲ”
အတုအယောင် ဝိညာဉ်လမ်းလျှောက်သူက ပြန်ဖြေလိုက်သည်။
သူ၏ မြင်လွှာ ထောင့်စွန်းတွင် သူသည် အချိန်မှတ်နာရီတစ်ခုကို မြင်နိုင်နေလေသည်။ ထို့အပြင် ထိုအချိန်မှတ်နာရီမှာ အရာတစ်ခုကိုသာ ပြသနေခြင်းဖြစ်သည်။
ထိုအရာမှာ…………….
[သေဆုံးရမည့်အချိန် - ၁၁ လ ၂ ရက် ၁၆ နာရီ]
“မင်းက ဘဝရဲ့ အခြေခံအကျဆုံးအချက်ကိုတောင် ဘယ်တုံးကမှ မသင်ယူခဲ့ရဘူးနဲ့ တူတယ် ဘယ်လိုအခြေအနေမျိုးမှာမဆို လူသားတစ်ယောက်ဟာ ဘယ်တော့မှ လက်မလျှော့ရဘူး”
မူလဝိညာဉ်လမ်းလျှောက်သူ၏ ဝိညာဉ်မှာ ဝင့်ကြွားသောလေသံဖြင့် ပြန်ပြောလိုက်သည်။
“မကြာခင်သေရတော့မဲ့လူတစ်ယောက်အတွက် သေခြင်းတရား ဆိုတာက လွယ်လွယ်လေးရောက်လာတော့မဲ့အရာပါ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ခင်ဗျားကို ကျွန်တော် ထပ်ကူညီပေးပ့ါမယ် အနားမှာဆက်တိုက် ညည်းညူပြနေတာကို ကြားရတာထက်စာရင် ဘာမဆိုလုပ်ပေးလိုက်တာက ပိုကောင်းပါတယ်လေ ကဲဒါဆို အဲ့ဒီဓားကို ရှာဖို့ ဘာစလုပ်သင့်သလဲ ပြောပြပါဦး”
“အဲဒါက လွယ်ပါတယ် သူမနဲ့ နောက်ဆုံး ထိတွေ့ခဲ့တဲ့လူကို ရှာဖို့ မင်းကို ကူညီပေးနိုင်တဲ့ သူရဲကောင်းတစ်ယောက် ရှိတယ် ငါတို့က သူ့ရဲ့ဦးဆောင်မှုနောက်ကို လိုက်သွားရင် မကြာခင်မှာ အဲ့ဒီဓားကို ရှာတွေ့လိမ့်မယ်လို့ယူဆရတယ်”
...........................
[လက်ရှိအချိန်]
‘ကျွန်တော်သိပါပြီ ခင်ဗျားပြောတာတွေကိုကြားပါတယ် ခေါင်းထဲကနေ အော်ဟစ်နေတာတွေကို ရပ်လိုက်ပါတော့’
သူသည် အနည်းငယ် ဒေါသထွက်နေပုံ ပေါ်ခဲ့သော်လည်း သူ၏ ဒေါသများသည် အာရန်နှင့် လုံးလုံးလျားလျား သက်ဆိုင်နေခြင်းတော့မဟုတ်ခဲ့ပါ။
သူရဲကောင်း အကယ်ဒမီ နှင့် မိစ္ဆာဂိုဏ်းတို့သည် အချိန်အတော်ကြာ ရန်သူများ ဖြစ်ခဲ့ကြသည်။
ကြီးမားသော စစ်ပွဲများ မရှိခဲ့သော်လည်း ထိုရန်ငြိုးသည် အချိန်ကြာလာသော်လည်း အားပျော့သွားခြင်း မရှိခဲ့ပါ။
၎င်းတို့ထဲမှ တစ်ဦးက အခြားတစ်ဦး၏ နယ်မြေထဲသို့ ဝင်ရောက်သည်မှာ ရှားပါးလွန်းခဲ့လေသည်။
၎င်းတို့၏ ခွန်အားနှင့် အဆင့်အတန်းမှာ ပို၍မြင့်မားလေ ၎င်းတို့အတွက် အခြားတိုက်ကြီးအတွင်းသို့ ခြေချရန်မှာ ပို၍ခက်ခဲသောအရာ ဖြစ်လေသည်။
ရှုယင်သည် မဟာအကြီးအကဲများထဲတွင် အားအကောင်းဆုံး ဟုမဆိုနိုင်သော်လည်း သူမသည် အန္တရာယ်အရှိဆုံးများထဲမှ တစ်ဦး ဖြစ်နေလေသည်။
သူမသည် အကယ်ဒမီမှ ပါမောက္ခတစ်ဦးဖြစ်သော S-အဆင့် သူရဲကောင်းတစ်ဦး အပါအဝင် တောင်ပိုင်းတိုက်ကြီးမှ မရေမတွက်နိုင်သော သူရဲကောင်းများကို သတ်ခဲ့သူဖြစ်သည်။
သူမသည် သူရဲကောင်းတိုက်ကြီးအတွင်း အလိုရှိနေသော ရာဇဝတ်သားတစ်ယောက် ဖြစ်သည်ဟု ပြောခြင်းသည် မမှားနိုင်ပါ။
သူမသည် ဤနေရာတွင် ရှိနေပြီဖြစ်သောကြောင့် သူမကို ထွက်သွားခွင့် ပြု၍မရတော့ပါ။
“တိုက်ကြီးနှစ်ခုကြား စစ်ပွဲတစ်ခုစတင်ဖို့ အချိန်တစ်ခုသာလိုတော့တယ်….သူမကို ခုနေ ပြန်သွားခွင့်ပေးလိုက်ရင် သူမက စစ်ပွဲကျရင် ကျုပ်တို့အတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာမှာ သေချာတယ် မင်းမှာ ခုချိန် အခွင့်အရေးရှိနေတုန်း သူမကို သတ်လိုက်ပါ”
သူ့၏ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသောထိုလူသည် ရန်ငြိုးများကို ဂရုမစိုက်ခဲ့ပါ။ သို့သော် မူလဝိညာဉ်လမ်းလျှောက်သူ၏ ဝိညာဉ်မှာမူ ထိုရန်ငြိုးကိုမမေ့သေးပါ။
အကယ်ဒမီအပေါ် သူ၏ သစ္စာစောင့်သိမှုမှာ မည်သို့မျှမကျိုးပျက်နိုင်သော အရာတစ်ခုဖြစ်ပြီး အရှေ့ပိုင်းတိုက်ကြီးအပေါ် သူ၏မုန်းတီးမှုမှာ ပို၍ပင် ကြီးမားနေခဲ့လေသည်။
ဤလက်စွပ်မှာ အစစ်အမှန်ဖြစ်ကြောင်းကို မူလဝိညာဉ်လမ်းလျှောက်သူမှ အတည်ပြုပြီးနောက် သူသည် အာရန်ကို ထွက်သွားရန်ခွင့်ပြုခဲ့လေသည်။
သို့သော် မူလဝိညာဉ်လမ်းလျှောက်သူ၏ ဆက်တိုက် ငြင်းခုံမှုများကြောင့် သူသည် ရှုယင်ကိုမူ မဖြစ်မနေသတ်ရန် လိုအပ်ကြောင်းကို အစကတည်းက ဆုံးဖြတ်ခဲ့ပြီးဖြစ်သည်။
………………………………..
“ မင်းက ဘယ်ကို ထပ်သွားချင်နေတာလဲ”
ဝိညာဉ်လမ်းလျှောက်သူသည် ရှုယင်ဆီသို့သွားရန် ခြေလှမ်းပြင်ဆင်လိုက်သောအခါ အာရန်သည် ထိုသူ၏ ရင်ဘတ်ပေါ်သို့ဖိတွန်းလိုက်ကာ နောက်တစ်လှမ်း ထပ်မံတိုးခြင်းကို တားဆီးထားလိုက်သည်။
“မင်းကိုလွတ်လပ်စွာ သွားနိုင်တယ်လို့ ငါပြောခဲ့တယ် မင်းက အကယ်ဒမီအတွက် တန်ဖိုးရှိတဲ့ လူတစ်ယောက်ဖြစ်နေသေးတယ် ဒါပေမယ့် အဲဒီအမျိုးသမီးကို တော့ ထွက်သွားခွင့် မပြုနိုင်ဘူး သူမကတော့သေရလိမ့်မယ် ဒီလိုမှမဟုတ်ရင် အဲဒီပုဂ္ဂိုလ်က ငါ့ခေါင်းထဲမှာ ထိုင်အော်ဟစ်နေတာကို ဘယ်တော့မှ ရပ်တော့မှာ မဟုတ်ဘူး”
“ဒီလိုမျိုး မလုပ်ပါနဲ့ သူမကို မင်းတိုက်ခိုက်မှာကို ငါခွင့်မပြုနိုင်ဘူး”
အာရန်သည် ကိစ္စမျာကို ဤအဆင့်ထိ ရောက်မလာခဲ့ရန် အမှန်တကယ်ပင် မျှော်လင့်မိခဲ့သည်။
အာရန်သည် အကယ်၍သူသာ နောက်ဆုတ်နေခဲ့လျှင် လုံခြုံစွာဖြင့် ဤနေရာမှ ထွက်ခွာသွားနိုင်ကြောင်း သေခြာစွာသိနေခဲ့လေသည်။
သို့သော် သူသည် ရှုယင်ကို ဒီအတိုင်းအသေခံရန်သက်သက် ထားခဲ့လိုခြင်း မရှိပါ။
ယင်းသည်ပြင်းထန်သော နောက်ဆက်တွဲအကျိုးဆက်များ ကြုံတွေ့ရမည် ဆိုလျှင်ပင်သူရင်ဆိုင်မည်ဖြစ်သည်။
“မင်းက မင်းရဲ့လုပ်ပိုင်ခွင့်စည်းကို ကျော်နေတယ်လို့ မထင်ဘူးလား သူမက ငါတို့ရဲ့ ရန်သူဖြစ်နေတာကို မင်းသိတယ် ဒါပေမယ့် မင်းက သူမကို ခုချိန်ထိ ကာကွယ်ချင်နေတုန်းပဲလား မင်းကို သစ္စာဖောက်တစ်ယောက်လို့ ငါယူဆသင့်သလား”
ဝိညာဉ်လမ်းလျှောက်သူ၏ စူးရှသောအကြည့်က အာရန်၏ ကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။
ထို့နောက် သူသည် အာရန်၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။
“ငါခု ပင်ပန်းနေတယ် ဒါကြောင့် မင်းကို နောက်ဆုံးအခွင့်အရေးတစ်ခု ပေးမယ် နောက်ဆုတ်ပြီး သူမကို ငါကိုင်တွယ်ဖို့လွှတ်ထားလိုက်စမ်းပါ”
#Catfoot