← Chapters

သူဘယ်သူလဲ

Vol. 7 Ch. 88

သူဘယ်သူလဲ

Vol. 7 Ch. 88

....

....

....

“အား....”

အာရန်သည် ကြောက်မက်ဖွယ်ကောင်းသော ခေါင်းကိုက်ခြင်းဝေဒနာကို ခံစားလိုက်ရသည်။

ယခုအကြိမ်တွင် သူသည် ဤကမ္ဘာတွင် ပထမဆုံးအကြိမ် နိုးထလာစဉ်ကထက်ပင် ပို၍ဆိုးရွားနေခဲ့သည်။

အဆိုးရွားဆုံး အရက်နာကျခြင်းသည်ပင် ဤနာကျင်မှုနှင့်ယှဉ်ပါက ပါမွှားပင်ဖြစ်သွားပေမည်။

သူသည် ပျော့ပျောင်းသောအရာတစ်ခုပေါ်တွင် လဲလျောင်းလျက်ရှိနေကြောင်း ကို ခံစားမိလိုက်လေသည်။

ပန်းကလေးများ၏ ချိုမြိန်သောသင်းရနံ့သည် သူ၏ ပတ်ပတ်လည်တွင်ဝန်းရံလျက် ရှိနေသည်။

အာရန်သည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သောအခါ သူသည် ပျော့ပျောင်းသော မြက်ခင်းပြင်ကြီးတစ်ခုပေါ်တွင် လဲလျောင်းလျက်သား ရှိနေကြောင်း သဘောပေါက်လိုက်သည်။

“ရှုယင်”

အာရန်သည် ထိုသို့သတိပြန်ဝင်လာသောအခိုက်အတန့်တွင် သူ၏မျက်လုံးများသည် ချက်ချင်းအာရုံပြန်စူးစိုက်လိုက်မိသည်။

ထို့နောက်သူသည် မတ်တပ်ထထိုင်လိုက်ကာ သူ၏ ပတ်ဝန်းကျင်ကို ကြည့်လိုက်မိသောအခါ မကောင်းသောခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။

“ရှင်နိုးလာပြီလား”

သာယာနာပျော်ဖွယ်အသံလေးတစ်ခုကိုကြားလိုက်ရသောအခါမှသာ အာရန်သည် အနည်းငယ် ပြန်လည်တည်ငြိမ်သွားခဲ့လေသည်။

သူသည် ထိုအသံ၏ လားရာဆီသို့ လှမ်းကြည့်လိုက်သောအခါ ရေကန်ထဲတွင် ရေချိုးလျက်ရှိနေသော ရှုယင်ကို မြင်လိုက်ရလေသည်။

“မင်းအဆင်ပြေရဲ့လား”

အာရန်သည် မတ်တပ်ရပ်ရန်ပြင်လိုက်သော်လည်း ခြေတစ်လှမ်းလှမ်းရန် ကြိုးစားလိုက်သောအခိုက်အတန့်တွင်ပင် ပြန်လဲကျသွားခဲ့လေသည်။

သူ၏ခန္ဓာကိုယ်သည် ယခင်ထက်ပင် ပို၍ အားနည်းနေသည်ဟု ခံစားလိုက်ရသည်။

ရှုယင်သည် ရေကန်ထဲမှ အမြန်ပြန်ထွက်လာကာ အဝတ်အချို့ဖြင့် သူမကိုယ်သူမ ပြန်လည်ဖုံးအုပ်လိုက်ရင်း အာရန်ဆီသို့ အလျင်အမြန် ပြေးလာခဲ့လေသည်။

“ ဒီမေးခွန်းကို ကိုယ်ကမင်းကို မေးသင့်တာ မဟုတ်ဘူးလား”

ရှုယင်က အာရန်အား မတ်တပ်ပြန်ရပ်နိုင်ရန် ကူညီပေးလိုက်သည်။

“ဒီတစ်ခေါက် ရှင်အိပ်ပျော်တာ အရမ်းကြာလွန်းတယ်”

“ကိုယ်ဆိုးရွားတဲ့ အိပ်မက်ဆိုးတစ်ခု မက်ခဲ့မိတယ်”

အာရန်သည် သူ၏နဖူးကို ပြန်လည်ပွတ်လိုက်ရင်း အိပ်မက်ဆိုးသည် အမှန်တကယ် ဖြစ်ခဲ့ခြင်းဖြစ်သည်ဟု ခံစားနေရသည်။

“အိမ်မက်ထဲမှာ ကိုယ်တို့ ကမ်းရိုးတန်းမြို့လေးတစ်မြို့ထဲကို ဝင်သွားခဲ့ကြတယ် ပြီးတော့ သူရဲကောင်းတွေ ရောက်လာကြတယ် ပြီးတော့…….. အရာတွေအများကြီး ဖြစ်ပျက်သွားခဲ့တယ်”

“အဲဒီအိပ်မက်ဆိုးထဲမှာ ကိုယ် တစ်ယောက်ယောက်ကိုတောင် နာကျင်စေမိခဲ့တယ်လို့ ထင်တယ်…”

အာရန်သည် ထိုထူးဆန်းသော အိပ်မက်ဆိုးထဲတွင် သူမြင်ခဲ့သမျှကို ရှုယင်အား ပြောပြရန် ကြိုးစားလိုက်သည်။

ထိုစဉ် ရှုယင်၏ လည်ပင်း ပတ်လည်ရှိ အညိုအမဲစွဲနေသည့် ဒဏ်ရာတစ်ခုကို မြင်လိုက်ရသောအခါ သူ၏စကားများသည် ရုတ်တရက် လည်ချောင်းအတွင်း၌ပင် ရပ်တန့်သွားခဲ့ရသည်။

ရှုယင်သည် အလွန်ခွန်အားကြီးသော အမျိုးသမီးတစ်ဦးဖြစ်လေသည်။

တစ်စုံတစ်ယောက်သည် ထိုကဲ့သို့ အမှတ်အသားတစ်ခုကို ချန်ထားနိုင်သည်အထိ ပြုမူနိုင်ခဲ့ခြင်းဖြစ်ပါက ထိုအခြေအနေသည် မည်မျှအန္တရာယ်များခဲ့ကြောင်း ကိုတွေးကြည့်၍ ရနေလေသည်။

“ဒါက အိပ်မက်ဆိုး မဟုတ်ဘူးမလား”

အာရန်သည် တည်ငြိမ်နေသောလေသံဖြင့် ရှုယင်အား တိုက်ရိုက်ပင် မေးလိုက်လေသည်။

ဤနေရာသည် ၎င်းတို့နှစ်ဦး ကမ်းရိုးတန်းမြို့လေအတွင်းသို့ မဝင်မီ ညကခန့် ကုန်ဆုံးခဲ့မိသောနေရာလေးတစ်ခုနှင့် ဆင်တူနေလေသည်။

ထို့ကြောင့် အာရန်သည် ဤနေရာတွင် နိုးလာသောအခါ သူသည် တစ်ချိန်လုံး ဤနေရာတွင်သာအိပ်ပျော်နေခဲ့ခြင်းဖြစ်ပြီး သူကြုံတွေ့ခဲ့ရသည့် အရာများမှာ အိပ်မက်ဆိုးတစ်ခုထက် မပိုကြောင်း ထင်မိလိုက်ခြင်းဖြစ်လေသည်။

ကံမကောင်းစွာဖြင့် သူသိလိုက်ရသော အချက်အလက်များအရ ထိုသို့မဟုတ်ခဲ့ကြောင်း ပြောပြပေးနေလေသည်။

ထိုစဉ်က ဖြစ်ခဲ့သော စိတ်အခြေအနေအရ သူသည် သူ့ကိုယ်သူ မည်သို့မျှ ထိမ်းချုပ်နိုင်စွမ်းမရှိတော့ပဲ အရာအားလုံးသည် အလွန်မှုန်ဝါးလွန်းနေကာ သူသည် အရာရာကို ဝိုးတဝါးသာမြင်ခဲ့ရသော အိပ်မက်ဆိုးတစ်ခုနှင့် ပင်ဆင်တူနေခဲ့လေသည်။

ထိုအိပ်မက်ထဲတွင် သူသည် သူရဲကောင်းတိုင်းကို သတ်ဖြတ်နေခဲ့သည်ကို မြင်ခဲ့ရသည်။

ထိုဖြစ်စဉ်အတွင်း သူသည် ရှုယင်ကိုပင် သတ်မိလုနီးပါး ဖြစ်ခဲ့လေသည်။

ထို့နောက် ဘာဖြစ်သွားသည်ကို သူ မမှတ်မိတော့သော်လည်း သူသည်အနည်းငယ်တော့ဆက်စပ်၍ ခန့်မှန်းနိုင်နေသေးသည်။

သူသည် အခြားသူရဲကောင်းများကို သတ်ပြီးသွားသောအခါ ချိတ်စည်းဖြေအဆောင် ၏ အချိန်သည် ကုန်ဆုံးရန် နီးကပ်နေခဲ့ပြီဖြစ်သည်။

ထို့နောက် ထိုချိတ်စည်းဖြေအဆောင် ၏အာနိသင်သည် ကုန်ဆုံးသွားခဲ့ခြင်းဖြစ်ပြီး ယင်းက သူ့ကို သတိလစ် မေ့မြောသွားစေခဲ့ခြင်း ဖြစ်နိုင်သည်။

“ကိုယ်တောင်းပန်ပါတယ်”

ဤသည်မှာ ရှုယင်၏ ပါးပြင်လေးအား ပွတ်သပ်နေစဉ်အတွင်း သူပြောလိုက်နိုင်သော တစ်ခုတည်းသောစကားပင်ဖြစ်သည်။

သူသည် သူမကို သတ်လုနီးပါးဖြစ်ခဲ့သော်လည်း သူမသည် မည်သည့်မကျေနပ်မှုမျှ ရှိမနေခဲ့ပါ။ ရှုယင်သည် သူမအား ထိုသို့ပြုမူမိခဲ့ခြင်းအတွက် သူ့ကိုပြန်လည် တိုက်ခိုက်ရန်ပင် မကြိုးစားခဲ့ပေ။

ရှုယင်သည် အာရန်၏လက်ပေါ်တွင် သူမ၏လက်ကို တင်လိုက်ကာ ဝမ်းနည်းမှုအစား လှပသောအပြုံးကလေးတစ်ပွင့်ကိုသာ ပြန်ပေးလိုက်လေသည်။

သူမသည် သူပြန်လည်နိုးထလာသောကြောင့် စိတ်သက်သာ သွားပုံရလေသည်။

“ရှင်အဲဒီတုံးက ဘာဖြစ်သွားလဲဆိုတာ ကျွန်မ မသိဘူး ဒါပေမဲ့ ရှင်အခုလို ပြန်ကောင်းလာနိုင်တာကိုတွေ့ရလို့ တကယ်ဝမ်းသာမိတယ်”

အာရန်သည် မည်သို့ တုံ့ပြန်ရမည်မှန်းကိုပင်မသိတော့ချေ။ သူ့ရှေ့ရှိ ဤမိန်းကလေးသည် သူ့အတွက် အလွန်ကောင်းလွန်းနေသည်ဟု တွေးလိုက်မိသည်။

သူမသည် သူ့ကိုအကူအညီပေးရန်အတွက် ဤမျှရှည်ကြာသော ခရီးစဉ်ကို တစ်စက်ကလေးမျှတွန့်ဆုတ်ခြင်းမရှိဘဲ သူမသဘောနှင့်သူမ လိုက်ပါလာခဲ့ခြင်း ဖြစ်သည်။ ထို့အတွက်ကြောင့် သူမသည် သေလုနီးပါးပင် ဖြစ်ခဲ့ရလေသည်။

ထိုသို့ဖြစ်ခဲ့သော်လည်း သူမသည် သူ့အပေါ်တွင် ယခင်ကအတိုင်းပင် ချစ်ခင်နေဆဲဖြစ်သည်။ သူသည် သူမကို ကျေးဇူးတင်စကားဆိုနိုင်သော်လည်း သူသည် ထိုသို့မပြောချင်နေခဲ့ပေ။

၎င်းတို့သည် ယခုအချိန်တွင် တစ်ဦးကိုတစ်ဦး ကျေးဇူးတင်နေရရန် သူစိမ်းများ မဟုတ်ကြတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူမသည် သူ၏မိသားစုဝင်တစ်ဦး ဖြစ်နေပြီ မဟုတ်ပါလား။

“ကိုယ်မင်းလုပ်ပေးခဲ့တာတွေအတွက်အကောင်းဆုံးပြန်ပေးဆပ်ပါ့မယ်”

အာရန်သည် ဝါကျလေးတစ်ကြောင်းဖြင့်သာ ပြန်လည်တုံ့ပြန်ခဲ့သည်။

“ရှင်ကျွန်မကို ပြန်ပေးဆပ် ပြီးသွားပါပြီ”

ရှုယင်က မဆိုင်းမတွပင် ပြန်ဖြေလိုက်သည်။

“ကိုယ်လုပ်ခဲ့မိလို့လား ဘယ်လိုပေးဆပ်ခဲ့တာလဲ”

အာရန်သည် ရှုပ်ထွေးနေပုံဖြင့် ပြန်လည် မေးလိုက်သည်။

“ရှင် ကျွန်မအသက်ကို ကယ်တင်ပေးခဲ့ပြီးပြီလေ”

ရှုယင်က ပြန်ပြောလိုက်သည်။

“ရှင်ဘာဖြစ်သွားခဲ့တာလဲဆိုတာ ကျွန်မမသိဘူး ဒါပေမဲ့ ရှင်အဲ့ဒီအချိန်တုံးက နာကျင်မှုဝေဒနာကို အပြင်းအထန်ခံစားနေခဲ့ရတယ်ဆိုတာတော့ ကျွန်မသိနေခဲ့တယ်”

သူမသည် ထိုစဉ်က အာရန်၏ နာကျင်စွာအော်ဟစ်မြည်ကြွေးနေ သံများကြားတွင် တစ်စုံတစ်ယောက်၏ အကူအညီတောင်းခံနေသကဲ့သို့အသံများပါဝင်နေသည်ကို ယခုထိကြားယောင်မိ နေရဆဲဖြစ်သည်။

အာရန်သည် မည်သည့်အရာများပြုလုပ်နေခဲ့သည်ကို သူမမသိနိုင်သော်လည်း ယင်းသည် တားမြစ်ကျင့်စဉ် တစ်ခုဖြစ်နေလိမ့်မည်ဟု သူမထင်ထားခဲ့လေသည်။

သူမ၏အသက်ကို ကယ်တင်နိုင်ရန်အတွက် သူသည် သူ့ကိုယ်သူ နာကျင်စေမည့်နည်းလမ်းကို အသုံးပြုရန် မတွန့်ဆုတ်ခဲ့ပေ။

အကယ်၍ အစပိုင်းတွင်သာ သူမ၏ သေဆုံးခြင်းကို ခွင့်ပြုပေးခဲ့ပါက သူသည် ဘေးကင်းစွာ ဖြင့်ပင် ထိုနေရာမှ ထွက်ခွာသွားနိုင်ခဲ့မည်ဖြစ်သည်။

ဝိညာဉ်လမ်းလျှောက်သူသည် သူ့ကို ထွက်ခွာသွားနိုင်ကြောင်း ပြောထားခဲ့ပြီးသားဖြစ်သည်။

သို့သော် သူသည် သူမကို ကယ်တင်ရန် ကြိုးစားလိုက်သောကြောင့် ဤရှုပ်ထွေးမှုထဲတွင် ကြားညှပ်မိသွားခဲ့ခြင်းဖြစ်သည်။

၎င်းသည် သူမ၏ တည်ရှိမှုကြောင့်သာ ဖြစ်ခဲ့သော်လည်း သူသည် သူမကို ကယ်တင်ရန် သူတတ်နိုင်သမျှ မည်သည့်အရာကိုမဆို လုပ်ဆောင်ခဲ့လေသည်။

သူမသည် ထိုကဲ့သို့ယောင်္ကျားတစ်ဦးကို မည်ကဲ့သို့ ပြန်မချစ်ပဲနေနိုင်ဦးမည်နည်း။ သူ၏အချစ်ကို မည်ကဲ့သို့ တန်ဖိုးမထားပဲ နေနိုင်ဦးမည်နည်း။

ရှုယင်၏ မျက်လုံးများအတွင်းတွင် အာရန်သည် ပို၍ပင် အရေးကြီးသော သူမအတွက် သီးသန့်လူတစ်ဦး ဖြစ်လာခဲ့ပြီးဖြစ်လေသည်။

သူသည် သူမကို ကယ်တင်ရန် သူ၏အသက်ကို အန္တရာယ်ကျရောက်စေခဲ့သည်။

သို့သော် သူမသာဆိုလျှင်လည်း ထိုသို့ အလားတူလုပ်ရပ်မျိုး လုပ်ဆောင်ခဲ့မည်သာ ဖြစ်လေသည်။

ထို့အတွက် ကျေးဇူးပြန်ဆပ်စရာလိုမည်လား။ မလိုအပ်ပါ။

သူတို့နှစ်ဦးကြားတွင် ထိုကိစ္စနှင့်ပတ်သတ်၍ မည်သည့်အရာမျှ ပြန်လည်ပေးဆပ်စရာလိုအပ်သည်ဟု သူမမယူဆထားပေ။

အာရန်သည် သူမအတွက် အရာအားလုံး ပြုမူပေးခဲ့ပြီးပြီဖြစ်လေသည်။

အာရန်သည် သူ၏ခေါင်းကိုအောက်သို့ ငုံ့ထားလိုက်လေသည်။ အချိန်အတော်ကြာအောင် နှစ်ဦးကြားတွင် တိတ်ဆိတ်မှုသာကြီးစိုးနေခဲ့လေသည်။

သို့သော် ဤတိတ်ဆိတ်မှုသည် အဓိပ္ပာယ်တစ်ခုကိုလည်း ကိုင်ဆောင်ထားလေသည်။

“မင်းက ဘာလို့ ကိုယ့်ကို ခုထိဂရုစိုက်နေသေးတာလဲ သူက ကိုယ့်ကို အကယ်ဒမီအတွက် တန်ဖိုးရှိသေးတဲ့လူတစ်ယောက်လို့ ပြောလိုက်တာ မင်းမကြားလိုက်ဘူးလား”

အချိန်အတော်ကြာတိတ်ဆိတ်နေခဲ့ပြီးနောက် အာရန်က ပြန်မေးလိုက်သည်။

သူမယုံကြည်ချင်ခဲ့သော်လည်း သူမသည် သူ၏ နောက်ခံလျှို့ဝှက်ချက်တစ်ခုကို သိရှိပြီးဖြစ်ကြောင်းကို သိနေခဲ့လေသည်။

ဝိညာဉ်လမ်းလျှောက်သူက သူ့အား အကယ်ဒမီ၏ တန်ဖိုးရှိသေးတဲ့လူတစ်ယောက် ဟု ခေါ်ဆိုခြင်းသည် အကြောင်းပြချက်တစ်ခုသာ ရှိသည်။

ယင်းမှာ သူသည် သူလျှိုတစ်ဦးဖြစ်ကြောင်း တစ်ဖက်လှည့်ဖြင့် ဖော်ပြလိုက်ခြင်းပင်ဖြစ်လေသည်။

“အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်မဘာမှမေးမှာမဟုတ်ဘူး ဘာလို့လဲဆိုတော့ ရှင်က ကျွန်မတို့ ဂိုဏ်းကို ဘာအန္တရာယ်မှ မပြုဘူးလို့ ကျွန်မယုံကြည်နေလို့ပဲ”

ရှုယင်သည် သူ၏မေးခွန်းကို မငြင်းဆန်ခဲ့သော်လည်း ယင်းနှင့်ပတ်သက်ပြီး ဘာကိုမှ ထပ်မံမေးမြန်းခြင်းမရှိခဲ့ချေ။

“အဲ့ဒါတော့ မှန်ပါတယ် ကိုယ်က မိစ္ဆာဂိုဏ်းကို ဘာအန္တရာယ်မှ ပေးမှာမဟုတ်ဘူး”

အာရန်သည် ထိုအရာကိုသဘောတူကြောင်းပြောလိုက်သော်လည်း ယင်းကို မည်သို့ထပ်မံရှင်းပြရမည်ကိုတော့ သူမသိခဲ့ပေ။

“ကံမကောင်းစွာနဲ့ ကိုယ်ကိုယ်တိုင်တောင် မင်းကို အရာအားလုံးကို မပြောပြနိုင်သေးဘူး ဒါကြောင့် ကိုယ့်ကို ယုံကြည်ပေးပါလို့ပဲ မင်းကို တောင်းဆိုနိုင်တော့တယ်”

မူလခန္ဓာကိုယ်ပိုင်ရှင် ရမ် နီခရိုလိုင်း ဆိုသူသည် အကယ်ဒမီအတွက် အဘယ်ကြောင့် သူလျှိုတစ်ဦး လုပ်ပေးခဲ့သည်ကို သူလုံး၀ နားမလည်နိုင်သေးပေ။

ထို့ပြင် သူသည် ထိုကိစ္စဖော်ထုတ်ခံရခြင်းမရှိသည့်အပြင် မိစ္ဆာဂိုဏ်းတွင် အကြီးအကဲတစ်ဦးအဖြစ်ပင် မည်သို့ဖြစ်လာနိုင်ခဲ့သည်ကိုမူ ပို၍ပင်နားမလည်နိုင် ဖြစ်ခဲ့ရလေသည်။

ရမ်နီခရိုလိုင်း အကြောင်း သူ၏စိတ်ထဲတွင် မေးခွန်းများစွာ ရှိနေခဲ့ပြီး မကြာသေးမီက ဖြစ်ပျက်သွားသောဖြစ်ရပ်များကြောင့် အဖြေမရသည့်အပြင် မေးခွန်းအသစ်များပင် ထပ်မံ၍ တိုးလာခဲ့လေသည်။

သူသည် ထိုစည်းတံဆိပ်ကို နှစ်မိနစ်ခန့်သာ ဖယ်ရှားနိုင်ခဲ့သော်လည်း သူ၏ ကမ္ဘာကြီး တစ်ခုလုံးပြောင်းပြန်လှန်သွားခဲ့ရလေသည်။

ရမ်သည် အလွန်အားနည်းခဲ့သည်ဟု သူအမြဲထင်နေခဲ့သော်လည်း ဤဖြစ်ရပ်မှသူသည် သူ၏ထိုအယူအဆမှာ မှားယွင်းခဲ့ကြောင်းကိုတော့ သက်သေပြနိုင်ခဲ့လေသည်။

ဤခန္ဓာကိုယ်ပိုင်ရှင်သည် မည်သို့သောသူဖြစ်သနည်း ဆိုသည့်မေးခွန်းကိုမူ သူသည် ယခုအချိန်ထိ နားလည်ဖြေရှင်းနိုင်ခြင်းမရှိသေးပေ။

#Catfoot

All Chapters