← Chapters

မြို့တစ်မြို့လုံး…

Vol. 7 Ch. 89

မြို့တစ်မြို့လုံး…

Vol. 7 Ch. 89

အာရန်သည် အကြီးအကဲရမ်မှာ အဘယ်ကြောင့် ဤမျှခွန်အားကြီးမား နေရသည်ဆိုသည့်အကြောင်းကို နားမလည်နိုင်ခဲ့ပေ။

ဝိညာဉ်လမ်းလျှောက်သူပင် သူ၏ ရှေ့တွင် မခုခံနိုင်ခဲ့ပါ။

ထိုမသေနိုင်သော သူရဲကောင်းဟုသတ်မှတ်ခံထားရသောသူသည်ပင် သူ၏ရှေ့တွင် သာမန်ပုရွဲဆိတ်လေး တစ်ကောင်ကဲ့သို့ နင်းချေခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

အကယ်၍ အကြီးအကဲရမ် သာ ဤမျှခွန်အားကြီးမားလွန်းနေခဲ့ပါက သူ၏ ကျင့်ကြံခြင်းအဆင့် ကို အဘယ့်ကြောင့် တံဆိပ်ခတ်ခံထားခဲ့ရသနည်း။

မဟုတ်လျှင်ပင် သူသည် ပထမနေရာ၌ ဤမျှအားကောင်းသော ကျင့်ကြံခြင်းအဆင့်ကို မည်သို့ကျင့်ကြံနိုင်ခဲ့ခြင်းဖြစ်သနည်း။

အကြီးအကဲရမ် သည် နီခရိုမန်ဆာမျှော်စင်၏ အမွေဆက်ခံသူတစ်ဦးလည်းဖြစ်လေသည်။

သူ၏ ဆက်နွယ်မှုများကို ခြေရာခံလိုက်ကြည့်ပါက ၎င်းသည် နောက်ဆုံးတွင် သူရဲကောင်းအကယ်ဒမီနှင့်လည်း ဆက်စပ်နေလေသည်။

အကြီးအကဲရမ်သည် အရှေ့ပိုင်းတိုက်သို့ ရောက်ရှိလာသည်မှာ မကြာသေးဟု ပြော၍ရပေးသည်။

ဤသို့ဆိုလျှင် ထိုကိစ္စသည် မည်သို့ဖြစ်နိုင်မည်နည်း။

တစ်စုံတစ်ခုဖြစ်ပျက်နေကြောင်းကိုမူ သူခံစားသိနိုင်သော်လည်း မည်သည့်အရာများ ဖြစ်ပျက်နေသည်ကိုမူ နားလည်ရန် မဖြစ်နိုင်သေးပေ။

‘အဲ့ဒီ မှတ်ဉာဏ်အပိုင်းအစကို ဖွင့်ကြည့်ပြီးမှပဲ အဖြေတစ်ခုခုတော့ အနည်းဆုံး သိရမယ်ထင်တယ်’

နောက်ဆုံးတွင် သူသည် မည်မျှပင် တွေးတောနေပါစေ အရာအားလုံးသည် သူ၏ယူဆချက်များအဖြစ်သာ တည်ရှိနေခဲ့လေသည်။

အာရန်သည် သူမကြာမှီက မြင်တွေ့ခဲ့ရသော သူ၏ကျင့်ကြံခြင်းအဆင့်သည် မူလခန္ဓာကိုယ်ပိုင်ရှင် ရန်နီခရိုလိုင်း၏ အစစ်အမှန်ကျင့်ကြံခြင်းအဆင့်လော သို့မဟုတ် ယာယီ ချိတ်စည်းဖြေသည့် အဆောင် မှ လျှို့ဝှက်ပါရှိနေသော အခြား အကျိုးသက်ရောက်မှု တစ်ခုခုကြောင့်များလောဟူ၍ မသေချာနေခဲ့ပေ။

ထိုအဆောင်ပစ္စည်းတွင်လည်း မည်သည့်ဖော်ပြချက်ကိုမျှ မတွေ့ရှိခဲ့ရပေ။

သူသည် ထိုချိတ်စည်းဖြေအဆောင်၏အမည်ကိုကြည့်၍ ၎င်း၏အာနိသင်များကို နဂိုကတည်းက ခန့်မှန်းနိုင်ခဲ့သော်လည်း သူသည် ဤအဆောင်ပစ္စည်း၏ သက်ရောက်နိုင်မှုအပေါ် အလွန်လျှော့တွက်မိခဲ့ကြောင်း နားလည်လိုက်လေသည်။

ယခုအချိန်တွင် သူ့အတွက် သေချာနေသော တစ်ခုတည်းသောအရာမှာ မှတ်ဉာဏ်အပိုင်းအစတွင် အဖြေတစ်ခုခုရှိနေမည်ဟူသည့် ယူဆချက်ပင်ဖြစ်သည်။

အာရန်သည် မူလအကြီးအကဲရမ် ၏မှတ်ဉာဏ်များကို ကြည့်ရှုပြီးမှသာလျှင် သူ၏ယူဆချက်ကို အတည်ပြုချက်များအဖြစ်သို့ ပြောင်းလဲနိုင်မည်ဖြစ်လေသည်။

“အဲ့ဒီမှာရှိနေခဲ့တဲ့ သူရဲကောင်းတွေ တကယ်သေသွားကြပြီလား”

အာရန်သည် ရှုယင်အား မေးလိုက်သည်။

“ မစ်ထ် က ပြဿနာလာရှာလိမ့်မယ် ကိုယ်တို့ ခုနေရာက အဲဒီမြို့နဲ့ ဘယ်လောက်ဝေးဝေးမှာလဲ ကိုယ်သတိမေ့နေတာကော အချိန်ဘယ်လောက်ကြာသွားပြီလဲ”

ယခုအချိန်တွင် အာရန်သည် ပင်လယ်နဂါးတစ်ကောင်ကို မဖြစ်မနေ လိုအပ်နေလေသည်။

၎င်းပင်လယ်နဂါးများ၏ နေထိုင်ရာအရပ်သို့ ရောက်ရှိရန် သူတို့သည် သမုဒ္ဒရာအတွင်းသို့ ခရီးဆန့်ရန် လိုအပ်လေသည်။

ကံမကောင်းစွာဖြင့် အရာများသည် ပို၍ရှုပ်ထွေးလာခဲ့ပြီဖြစ်သည်။

မစ်ထ်မှာ ယခုကိစ္စကို အရေးယူဆောင်ရွက်ခြင်း မပြုရန်သာ သူတကယ်မျှော်လင့်မိနေသည်။

အကယ်၍ မစ်ထ်သာရောက်ရှိလာပါက ဤနေရာတစ်ခုလုံးသည် ငရဲပြည်တစ်ခု အသွင်ပြောင်းလဲသွားမည်ဖြစ်လေသည်။

ထိုယာယီ ချိတ်စည်းဖြေအဆောင်ဖြင့်ပင် သူမကို အနိုင်ယူနိုင်မည်ဟု သူ မသေခြာနေခဲ့ပါ။

ဝတ္ထုထဲတွင် အရှင်သခင်လေးဦးစလုံးသည် မည်သို့တိုက်ခိုက်သည်ဆိုခြင်းကို ဖော်ပြထားခဲ့ခြင်းမရှိပေ။

သို့သော် ၎င်းအရှင်သခင်လေးဦးကို ဖော်ပြရန် မကြာခဏ အသုံးပြုခဲ့သော စကားလုံးတစ်လုံးတော့ရှိလေသည်။

ထိုအရာမှာ ‘လုံး၀အနိုင်မယူနိုင်’ ဟူသောစကားလုံးပင်ဖြစ်လေသည်။

စာရေးဆရာများမှာ သူတို့ဖန်တီးထားသည့် ဇာတ်ကောင်များ၏ အားသာချက်များကို ချဲ့ကားပြောဆိုလေ့ရှိကြောင်းကို သူသိနေခဲ့သော်လည်း ဖြစ်နိုင်လျှင် သူသည် ယင်းကို အတည်ပြုချက်ရရန် အခွင့်အရေးတစ်ခု အမှန်တကယ်မလိုချင်နေခဲ့ပါ။

“မစ်ထ်က ဘာကိုမှ သိဦးမှာမဟုတ်သေးဘူး သူမကိုလှည့်စားထားဖို့ ကျွန်မတို့မှာ နောက်ထပ်ရက်အနည်းငယ်လောက်အချိန်ရပါသေးတယ်”

“ပြီးတော့ ရှင်ဘာလို့ အဲဒီလိုထင်ရတာလဲ”

ရှုယင်၏ ဤမျှယုံကြည်မှုရှိနေသောအရာကို အာရန် နားမလည်နိုင်ခဲ့ပေ။

၎င်းတို့သည် သူတို့၏ မြို့ထဲတွင် သူတို့၏ သူရဲကောင်းများကို သတ်ခဲ့မိကြခြင်းဖြစ်သည်။

ဤသတင်းသည်ပျံ့နှံ့သွားရန် အချိန်တစ်ခုသာ လိုအပ်လေသည်။

၎င်းတို့သည် ထိုမြို့အတွင်းရှိ မြို့သူမြို့သားတိုင်းကို ထိတ်လန့်သွားစေခဲ့သည် မဟုတ်ပါလော။

“ခဏလေး...”

အာရန်သည် ဖြစ်နိုင်ခြေတစ်ခုကို တွေးမိလိုက်သောအခါ သူသည် ရှုယင်ကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေမိလိုက်သည်။

“မင်း….မင်းက မြို့ထဲက လူတိုင်းကို သတ်ပစ်လိုက်တာမလား”

ရှုယင်က ခေါင်းခါလိုက်သည်။

“အင်ပါ မင်းတောင် အဲဒီလောက်အထိတော့ လုပ်မှာမဟုတ်ပါဘူးလေ”

အာရန်သည် ဤမျှအဓိပ္ပာယ်မဲ့သောအရာကို တွေးတောမိသောကြောင့် သူ့ကိုယ်သူ ရယ်မောမိလိုက်သည်။

“ကျွန်မ လူတိုင်းကို မသတ်ခဲ့ပါဘူး လူနှစ်ဆယ်လောက်ကိုတော့ အသက်ရှင်လျက် ချန်ထားခဲ့ပါတယ်”

“အဟွတ်”

အာရန်သည် သူပြော၍ ပြီးပြီးချင်းမှာပင် ရှုယင်၏ ဆက်ပြောလိုက်သော စကားများကို ကြားလိုက်ရသောအခါ ချောင်းတစ်ချက်ဆိုးလိုက်မိလေသည်။

ထိုဆိပ်ကမ်းမြို့လေးသည် လူပေါင်းများစွာတို့၏ နေအိမ်ဖြစ်လေသည်။

လူနှစ်ဆယ်သာ အသက်ရှင်ကျန်ရစ်ပါလျှင် လူတိုင်းကို သတ်ခြင်းနှင့် မည်သို့ကွာခြားဦးမည်နည်း။

“တကယ်လို့မြို့ထဲက လူတိုင်းသာအကုန်ပျောက်ကွယ်သွားခဲ့ရင်တောင် ဒီသတင်းကို ကြာကြာဖုံးကွယ်ထားလို့ ရနိုင်မှာမဟုတ်ဘူး တောင်ပိုင်းတိုက်က ငါတို့တိုက်နဲ့မတူဘူး သူတို့မှာ နည်းပညာတွေ အများကြီးရှိတယ် သူတို့ရဲ့ မြို့တွေအားလုံးဟာ ကွန်ရက်ကြီးတစ်ခုလိုမျိုး အချင်းချင်းဆက်သွယ်ထားကြတာ”

“ဒီမြို့သာတကယ်လို့ ရုတ်တရက် လှုပ်ရှားမှုအားလုံးကို ရပ်တန့်သွားခဲ့မယ်ဆိုရင် ပိုပြီး မသင်္ကာစရာဖြစ်သွားလိမ့်မယ် ငါတို့အနေနဲ့ တကယ်ကို မြန်မြန် ထွက်ခွာသွားသင့်ပြီ”

အာရန်သည် ဤသည်မှာ ၎င်းတို့၏လုပ်ရပ်များကို မည်မျှကြာအောင် ဖုံးကွယ်ထားနိုင်မည်ကို မသိခဲ့ပေ။

သို့သော် ယင်းသည် အချိန်တိုလေးတစ်ခုသာ ရရှိနိုင်မည်ဆိုလျှင်ပင် သူသည် ဤတိုက်ကြီးမှ ထွက်ပြေးရန်နှင့် ပင်လယ်နဂါးတစ်ကောင်ကို ရှာဖွေရန် ထိုအချိန်လေးကို မရမက အသုံးပြုလိုနေခဲ့လေသည်။

“ကျွန်မ အသက်ရှင်လျက် ချန်ထားခဲ့တဲ့ လူနှစ်ဆယ်လုံးကို ကျွန်မရဲ့ဆွဲဆောင်မှုအစွမ်းနဲ့ ပြုစားထားပြီးပါပြီ သူတို့က မြို့တွင်းကနေ အတုအယောင်လှုပ်ရှားမှုတွေကို ပြုလုပ်ပြီး ဒီသတင်းကို အချိန်အတိုင်းအတာ တစ်ခုထိ ဖုံးကွယ်ထားနိုင်ကြလိမ့်မယ် ရက်အနည်းငယ်လောက်ကျရင် ဒီမြို့တစ်မြို့လုံးဟာ တစ္ဆေမြို့တစ်မြို့ ဖြစ်သွားလိမ့်မယ် ဒါကြောင့် ရှင် သက်သာလာတဲ့အထိ ဆက်လက်အနားယူနိုင်ပါတယ်”

အာရန်သည် လက်ရှိတွင် အားနည်းနေကြောင်း ရှုယင်သိခဲ့သည်။

သူမသည် သူ၏ခန္ဓာကိုယ်ပေါ်တွင် ဝန်ထုပ်ဝန်ပိုးများထပ်မံပေးရန် မလိုလားခဲ့ပေ။

သူ၏ပြဿနာအချို့ကို ဖယ်ရှားရန်အတွက် သူမသည် မြို့တစ်မြို့လုံးကို ဖျက်ဆီးသည်အထိ လုပ်ဆောင်ခဲ့မိခြင်းဖြစ်လေသည်။

အာရန်သည် သူ၏ ခေါင်းကိုသာ ပြန်လည်ကုတ်နေနိုင်တော့သည်။

“ရှင်စိတ်ဆိုးသွားတာလား”

သူမသည် အာရန်အား မပျော်ရွှင်နိုင်ဖြစ်သွားစေခဲ့သည်ဟု တွေးတောမိလိုက်သောအခါ ရှုယင်သည် သူမ၏ခေါင်းကို ငုံ့ထာလိုက်သည်။

“ရှင့် ရဲ့ခွင့်ပြုချက်မရှိဘဲ လူမသတ်ဘူးလို့ ကတိပေးမိထားတာ ကျွန်မမှတ်မိပါတယ် ဒါပေမဲ့...”

“ကိုယ်မင်းကို စိတ်မဆိုးပါဘူး”

အာရန်သည် ရှုယင်၏ခေါင်းကို ပုတ်လိုက်သည်။

“မင်းက ကိုယ့်အတွက် အချိန်အနည်းငယ်ရအောင် လုပ်ဆောင်ပေးခဲ့တာပါ ဒါကြောင့် အရမ်းမတွေးပါနဲ့”

အာရန်သည် သူမ၏ ထိုလုပ်ရပ်ကြောင့် အလွန်အံ့အားသင့်သွားခဲ့ရသော်လည်း ယင်းသည် သူ၏လုံခြုံရေးအတွက်သာဖြစ်ကြောင်း သူနားလည်လေသည်။

သူမသာ ထိုသို့မလုပ်ခဲ့ပါက ဤသတင်းသည် အကယ်ဒမီသို့ အချိန်ခဏအတွင်း ရောက်ရှိပြီးသား ဖြစ်နေလိမ့်မည်။

ထိုသို့ဆိုလျှင် သူနိုးလာသောအခါ သူသည် ရှုယင်၏မျက်နှာအစား ကျောင်းအုပ် မစ်ထ် ၏ မျက်နှာကိုသာ မြင်နေရလိမ့်မည်ဖြစ်သည်။ သူသည် ထိုနောက်ဆက်တွဲ အကျိုးဆက်များကိုမူကောင်းစွာသိထားလေသည်။

“ရပါတယ် ကိုယ်အလုံအလောက် အနားယူခဲ့ပြီးပါပြီ ကိုယ်တို့အခုပဲ ဆက်ပြီးထွက်ခွာသင့်တယ် လို့ထင်တယ် ဒီကိစ္စတွေ မြန်မြန်ပြီးဆုံးလေ အိမ်ကို မြန်မြန်ပြန်နိုင်လေပဲ”

အာရန်သည် ဖီးနစ်ငှက်ကို သူ၏စနစ်သိုလှောင်ခန်းအတွင်းမှ ထုတ်ယူလိုက်သည်။

ဖီးနစ်ငှက်သည် ကောင်းကင်တွင် ပေါ်လာကာ သူမ၏လှပသောအတောင်များကို ကျယ်ပြန့်စွာ ဖြန့်ကျက်လိုက်သည်။

ရှုယင်သည် အာရန်အား ကူညီဖေးမပေးလိုက်သည်။

ဖီးနစ်ငှက်၏လေစွမ်းအင်သည် အရန်၏ ခန္ဓာကိုယ်ကို ညင်သာစွာ ဝန်းရံကာ သူ့ကိုအထက်သို့ ပျံသန်းနိုင်ရန် ကူညီပေးခဲ့သည်။

“ဟမ် ဒါနဲ့ ဆီလက်စ်ကလေးကော ဘယ်မှာလဲ”

အာရန်သည် ဖီးနစ်ငှက်ပေါ်သို့ ရောက်ရှိသောအခိုက်အတန့်တွင် မေးလိုက်သည်။

အာရန်သည် ထိုဖြစ်ရပ်များအကြောင်းစိတ်ရောက်နေခြင်းကြောင့် သူသည် သူ၏ နတ်သူငယ်မလေးအကြောင်းကိုပင် လုံးဝမေ့လျော့နေခဲ့မိလေသည်။

သူသည် သူ၏အိတ်ကပ်အတွင်းသို့ ကြည့်လိုက်သောအခါမှသာ သူမသည် ထိုနေရာတွင် ရှိနေသေးကြောင်း သိလိုက်ရသည်။

ဆီလက်စ်သည် ကလေးငယ်တစ်ဦးကဲ့သို့ ထိုနေရာတွင် ငြိမ်းချမ်းစွာ အိပ်ပျော်နေခဲ့လေသည်။

သူမ ဘေးကင်းကြောင်းကို တွေ့ရသောအခါ အာရန်သည် အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။

ဆီလက်စ်က သူ၏ထိုပုံစံအား မြင်ခဲ့ရသောကြောင့် သူသည် အနည်းငယ် စိတ်မကောင်းဖြစ်မိလေသည်။

ဖြစ်နိုင်လျှင် သူမကို ထိုအရာများအား မမြင်တွေ့ စေလိုခဲ့ပေ။

“မင်းနိုးလာရင် မင်းကို ကိတ်မုန့်တွေ အများကြီးထပ်ဝယ်ပေးပါ့မယ်”

သူက ညင်သာစွာပြောကာ ကတိတစ်ခုကိုပေးလိုက်မိသည်။

အာရန်၏စကားဆုံးသည်နှင့်တစ်ပြိုင်နက် ဆီလက်စ်သည် သူမအကြိုက်ဆုံးစကားကို ကြားခဲ့ရသော ကလေးတစ်ဦးကဲ့သို့ တောက်ပစွာဖြင့် သူမ၏ မျက်လုံးများကို ဖွင့်လိုက်သည်။

“မင်း...”

အာရန်သည် သူမ၏တုံ့ပြန်မှုကြောင့် ရယ်ရခက်ငိုရခက်ဖြစ်သွားခဲ့လေသည်။

သို့သော် သူသည် ကလေးတစ်ဦးကို လှည့်ဖြားသည်ဟု ထင်ရလျှင်ပင် သူ၏ကတိကိုမူ တည်ခဲ့နိုင်လေသည်။

သူသည် သူ၏စနစ်သိုလှောင်ခန်းအတွင်း သိမ်းဆည်းထားသော ကိတ်မုန့်တစ်လုံးကို ထုတ်ယူကာ ဖီးနစ်ငှက်၏ကိုယ်ပေါ်တွင် တင်ထားလိုက်လေသည်။

ဖီးနစ်ငှက်သည် သမုဒ္ဒရာဆီသို့ ပျံသန်း၍ ဝင်ရောက်သွားစဉ် ဆီလက်စ်သည်လည်း ကိတ်မုန့်ထဲသို့ ပျော်ရွှင်စွာဖြင့် ပျံသန်းဝင်ရောက်သွားလေတော့သည်။

#Catfoot

All Chapters