အဆင့်မြှင့်တင်ခြင်း
Vol. 7 Ch. 90
နေလုံးကြီသည် ကောင်းကင်ယံထက်မှတဖြည်းဖြည်းနိမ့်ဆင်းလာကာ စတင်ပျောက်ကွယ်စပြုလာလေသည်။
တိမ်ထူထပ်နေသော ကောင်းကင်ယံတွင် ခမ်းနားထည်ဝါသော ဖီးနစ်ငှက်တစ်ကောင်သည် တိမ်တိုက်များကြား ကူးလူးပျံသန်းလျက်ရှိလေသည်။
၎င်းဖီးနစ်၏ ရွှေရောင်အမွေးအတောင်များသည် နေမင်းကြီး၏ နေဝင်ရီတရော အလင်းရောင်အောက်တွင် လွန်စွာတောက်ပလွန်းလျက်ရှိပြီး ထိုအရာနှစ်ခု ပေါင်းစပ်လိုက်သောအခါ အလွန်ညှို့ယူဖမ်းစားနိုင်လွန်းသော စွဲမက်ဖွယ် မြင်ကွင်းတစ်ခုအဖြစ် အသွင်ပြောင်းလဲသွားစေခဲ့သည်။
သူ၏ ကျက်သရေရှိသော အတောင်ပံများကို ဖြန့်ကျက်ထားသော ထိုဖီးနစ်ငှက်သည် တိမ်တိုက်များကြားတွင် ၎င်း၏ ကစားကွင်းဖြစ်နေသည့်အလား ပျော်ရွှင်မြူးတူးစွာဖြင့် ထိုးဖောက် ပျံသန်းလျက်ရှိလေသည်။
၎င်း၏ အတောင်ပံခတ်သံ စည်းချက်တစ်ချက်စီတိုင်းသည် ညင်သာသော လေညှင်းစီးချောင်းလေးများကိုဖြစ်ပေါ်စေကာ ထူးဆန်းသည့် အာရုံခံစားမှုတစ်ခုကို နှိုးဆွပေးလျက်ရှိနေသည်။
ဖီးနစ်ငှက်၏ ခမ်းနားထည်ဝါသော တည်ရှိမှုသည် တဖြည်းဖြည်း မှောင်မိုက်လာသော ကောင်းကင်ပြင်ကြီးထက်တွင် ၎င်း၏ တောက်ပသော ရောင်ခြည်အလင်းတန်းများဖြင့် ထိုးခွင်းလျှက်ရှိပြီး ၎င်း၏နောက်တွင်လည်း အလွန်ရှည်လျားသော အလင်းရောင်တန်းကြီးတစ်ခုကို ချန်ထားရစ်ခဲ့လေသည်။
၎င်းဖီးနစ်ငှက်သည် ထိုတိမ်တိုက်များကြားတွင် မြူးတူးလှုပ်ရှားနေသောအခါ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် မြင်လိုက်ရသောမည်သူ့ကိုမဆို ထိတ်လန့်သွားစေနိုင်သော ကြောက်မက်ဖွယ်ကောင်းသည့် မီးလျှံများဖြင့် ဝန်းရံထားလေသည်။
ထိုသို့ ကြောက်မက်ဖွယ် မီးလျှံများဖြင့် တောက်လောင်လျက်ရှိနေသော်လည်း လူနှစ်ဦးသည် ထိုဖီးနစ်ငှက်၏ ကိုယ်ပေါ်တွင် အေးဆေးတည်ငြိမ်စွာ ထိုင်လျက်လိုက်ပါနေလေသည်။
တစ်ဦးမှာ ထိုမီးလျှံများ၏ မည်သည့်အခါတွင်မျှ ထိခိုက်စေနိုင်ခြင်းမရှိသော ၎င်းဖီးနစ်ငှက်၏ အစစ်အမှန်ပိုင်ရှင် သခင်ပင်ဖြစ်လေသည်။
အခြားတစ်ဦးမှာ ထိုပိုင်ရှင်ထက်ပင် အဆပေါင်းများစွာ အားကောင်းသော အမျိုးသမီးတစ်ဦးဖြစ်လေသည်။
သူမကို ထိုနေရာတွင် ရှိနေနိုင်ရန် ခွင့်ပြုထားသောကြောင့် ဖီးနစ်ငှက်၏မီးလျှံများသည် သူမကိုလည်း မထိခိုက်နိုင်ခဲ့ပေ။
အာရန်သည် သူနောက်ဆုံးအနားယူရန် ဆုံးဖြတ်ခဲ့သော ကမ်းရိုးတန်းမြို့ကို မကြာမီ မြင်နိုင်ခဲ့လေသည်။
မှောင်မိုက်သောညတွင် မြို့တစ်ခုလုံးသည် တောက်ပသောမီးတန်းများဖြင့် ထွန်းလင်းလျက်ရှိနေလေသည်။
ဤမီးများကို ကြည့်ခြင်းဖြင့် မြို့တစ်ခုလုံးသည် တစ္ဆေမြို့တစ်မြို့နှင့် မခြားနားတော့ကြောင်းကို မည်သူမျှ ယုံကြည်နိုင်မည်မဟုတ်ပေ။
ဤတောက်ပမှုများအားလုံး၏ နောက်တွင် ကြောက်မက်ဖွယ်ကောင်းသော အမှန်တရားတစ်ခုလည်း ရှိနေလေသည်။
ဤဖြစ်ပျက်ခဲ့သောအရာများအတွက် သူသည် အနည်းငယ် နောင်တရမိလေသည်။
သမုဒ္ဒရာသို့ မသွားမီ ဤမြို့တွင် အနားယူရန် မဆုံးဖြတ်မိခဲ့ပါက ဤအရာများစွာကို သူသည် ရှောင်ရှားနိုင်ခဲ့ပေလိမ့်မည်။
ဤမြို့သည်လည်း ဤကဲ့သို့ အဆုံးသတ်သွားရမည်မဟုတ်ပေ။
ကံမကောင်းစွာဖြင့် သူသည် အရာများကို ပြောင်းလဲရန် အချိန်ကို နောက်ပြန်မရွေ့လျားနိုင်ပါ။
သူသည် အတိတ်ကိုအစား အနာဂတ်ကိုသာ ရှေးရှုနိုင်မည်ဖြစ်သည်။
ဖီးနစ်ငှက်သည် ထိုကမ်းရိုးတန်းမြို့လေး၏လေပိုင်နက်ကို မကြာမီ ဖြတ်ကျော်သွားကာ အခြားသူရဲကောင်းများသည် ဤအရာများကို စစ်ဆေးရန် မရောက်ရှိလာကြသေးကြောင်း အတည်ပြုနိုင်ခဲ့လေသည်။
ရှုယင်က အသက်ရှင်လျက် ချန်ထားခဲ့သော လူနှစ်ဆယ်သည် ၎င်းတို့၏ အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နေကြဟန်ရလေသည်။
သူသည် လရောင်အောက်တွင် ဖီးနစ်ငှက်၏ကျောပေါ် ၌ တစ်ယောက်တည်း ထိုင်လျက်ရှိနေပြီး ရှုယင်မှာမူ သူ၏ပေါင်ပေါ်တွင် ခေါင်းကလေးတင်ကာ လဲလျောင်းလျက်ရှိနေလေသည်။
သူမသည် ငြိမ်းချမ်းသောကလေးမလေးတစ်ဦးကဲ့သို့ အိပ်ပျော်နေဟန်ဖြင့် သူမ၏ မျက်လုံးများကို မှိတ်ထားခဲ့လေသည်။
သူ အဆင်ပြေကြောင်း အတည်ပြုပြီးနောက်တွင်မှ သူမသည် ချက်ချင်း အိပ်ပျော်သွားခဲ့ခြင်းဖြစ်သောကြောင့် ယခင်ရက်များအတွင်း သူမသည် မည်မျှ ခက်ခဲပင်ပန်းခဲ့မည်ဖြစ်ကြောင်းကို သူမှန်းဆနိုင်လေသည်။
ရှုယင်၏ ဗိုက်ပေါ်တွင်မူ ဆီလက်စ်ကလေးမှာ ထပ်မံ၍ အိပ်ပျော်နေလေသည်။
သူမ၏နှုတ်ခမ်းထောင့်တွင် သူမသတိမထားမိသော ကိတ်မုန့်အကြွင်းအကျန်အချို့ ကပ်၍ကျန်ရှိနေလေသည်။
“ဒါက တကယ်ကို ငါ့ရဲ့ကိုယ်ပိုင်မိသားစုရှိနေသလို ခံစားရတယ်”
အာရန်သည် ရှုယင်နှင့် ဆီလက်စ်ကလေးတို့သည် သူ၏ဘေးတွင် ငြိမ်းချမ်းစွာ အိပ်ပျော်နေသည်ကို ကြည့်ရင်း သူ၏နှလုံးသားထဲတွင် နွေးထွေးမှုတစ်ခုကို ခံစားလိုက်ရလေသည်။
ဤတိတ်ဆိတ်သောအခိုက်အတန့်များတွင် သူလိုချင် တောင့်တနေခဲ့သော ကျေနပ်မှုနှင့် ပိုင်ဆိုင်မှုဆိုသည့်ခံစားချက်ကို တွေ့ရှိခဲ့လေသည်။
ပထမတွင် သူသည် ဤကမ္ဘာမှ အမြန်ဆုံးပြန်လည်ထွက်ပြေးသွားချင်ခဲ့လေသည်။
သူသည် မူလကမ္ဘာမြေသို့ ပြန်သွားကာ သူ၏အသက်ကို ကယ်တင်လိုနေခဲ့သည်။
သို့သော် ယခုအခိုက်အတန့်လေးတစ်ခုတွင်မူ
ဤနေရာသည် ထင်သလောက် အလွန်မဆိုးလှကြောင်း သူသဘောပေါက်သွားခဲ့လေသည်။
သူ၏ရှုပ်ထွေးသော နောက်ခံအချက်အလက်များကြောင့် သူသည် အင်အားကြီးမားသောပုဂ္ဂိုလ်များစွာ၏ ရန်သူဖြစ်ခဲ့လျှင်ပင် ယင်းသည် သင့်တင့်လျောက်ပတ်သောနေရာတစ်ခု ဖြစ်နေဆဲဖြစ်သည်။
ဤကမ္ဘာသည် သူ၏ မူလကမ္ဘာတွင် သူဘယ်သောအခါမျှ ကြုံတွေ့နိုင်မည်မဟုတ်သော အံ့ချီးဖွယ်ဖြစ်ရပ်များဖြင့် ပြည့်နှက်နေလေသည်။
ယင်းသည် ဝတ္ထုများအတွင် သူဖတ်ခဲ့ဖူးသော စွန့်စားခန်းများနှင့်ပင်တူနေလေသည်။
ထို့အပြင် ဤနေရာသည် အန္တရာယ်များသော်လည်း သူသည် ဤ ရှုပ်ထွေးသောရေပြင်အတိုက် အလိုက်သင့် ဆက်လက်ရွှေ့လျားနေနိုင်လေသည်။
ဖန်းယုမှာ သူသည် သူလျှိုတစ်ဦးဖြစ်ကြောင်း မသိခဲ့ပေ။
သက်သေအားလုံးကို သတ်ပစ်ခဲ့သောကြောင့် မစ်ထ်သည်လည်း ဝိညာဉ်လမ်းလျှောက်သူကို သတ်ခဲ့သူမှာ သူဖြစ်ကြောင်း သိရှိနိုင်တော့မည်မဟုတ်ပေ။
သူရဲကောင်းများတွင် အတိတ်ကိုမြင်နိုင်သော စွမ်းအားရှိသူများ ရှိမနေခဲ့ပါ။
အကယ်၍ ၎င်းတို့သာ ရှိနေခဲ့ပါက ၎င်းတို့သည် သူ၏အိတ်ကပ်ထဲသို့ ဓားထည့်ခဲ့သော အမျိုးသမီး၏ အတိတ်ကို ကြည့်ရှုရန် ထိုလူကို အသုံးပြုခဲ့ကြပေလိမ့်မည်။
၎င်းတို့တွင် ထိုကဲ့သို့လူတစ်ဦး အမှန်တကယ်ရှိခဲ့ပါက သူတို့သည် သူ့တွင် ဓားရှိကြောင်းကို သိရှိခဲ့ကြမည်ဖြစ်ပြီး သူသည် လှည့်စားမှုအနည်းငယ် ပြုလုပ်ခဲ့စဉ်အခါက ထိုသူတို့သည် ယုံကြည်ခဲ့ကြမည် မဟုတ်ပေ။
ထိုအကြောင်းကြောင့် ဝိညာဉ်လမ်းလျှောက်သူသည် သူ့အား အချိန်အနည်းငယ် ပို၍ပေးခဲ့သည်ဟု ယုံကြည်ခဲ့သည်။
အကယ်၍ သူသာ ပင်လယ်နဂါး၏သွေးကိုယူဆောင်ကာ အရှေ့ပိုင်းတိုက်သို့ မည်သူမျှမသိအောင် ပြန်သွားနိုင်ခဲ့သရွေ့ သူသည် ဤနေရာတွင် မည်သည့်အခါမျှ မရှိခဲ့သကဲ့သို့ ဟန်ဆောင်နေနိုင်မည်ဖြစ်လေသည်။
ညင်သာသောလေပြေအေးလေးများသည် အာရန်၏မျက်နှာကို ပွတ်သပ်သွားကာ ထာဝရတည်ရှိနေစေချင်ခဲ့သည့် တည်ငြိမ်အေးချမ်းသည့် ခံစားမှုလေးတစ်ခုကို သယ်ဆောင်ပေးနေလေသည်။
[စနစ်အဆင့်မြှင့်တင်မှု ပြီးစီးပါပြီ]
“ဟမ်”
အာရန်၏ ရှေ့တွင် ပေါ်လာသော အသိပေးချက်တစ်ခုက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ပြီး သူ့အား အံ့အားသင့်သွားစေခဲ့သည်။
“ဘာအဆင့်မြှင့်တင်မှုလဲ အာ ဟုတ်သားပဲ အဲဒါကို ငါမေ့သွားတယ်...”
သူသည် သူ၏ဒုတိယမြောက် တပည့်ကို လက်ခံသောအခါ ရွေးချယ်စရာလေးခုကို ရရှိခဲ့လေသည်။
ရွေးချယ်စရာလေးခုစီတွင် အဆုံးတွင် မတူညီသောစာလုံးတစ်လုံးစီပါသော စနစ်အဆင့်မြှင့်တင်မှု ရွေးချယ်စရာများ ရှိခဲ့သည်။
သူသည် ရွေးချယ်မှုတစ်ခုကို ပြီးဆုံးပြီးသည့်နောက် ထိုအကြောင်းနှင့်ပတ်သက်ပြီး ဘာကိုမှ ပြန်ကြားချက်မရခဲ့ပေ။
အချိန်ကြာလာသည်နှင့်အမျှ သူသည် ထိုအကြောင်းကိုပင် လုံးဝမေ့သွားခဲ့သည်။
သူသာ မေ့မသွားခဲ့ပါက ဆုလာဘ်တစ်ခုအတွက် သူ့ကို လိမ်လည်သည်ဟူ၍ စနစ်ကို ကျိန်ဆဲမိခဲ့ပေမည်။
“ဒါဆို ငါက အဲဒီလောက်ကြာအောင် ဘာကိုမှ မကြားရတဲ့ အကြောင်းအရင်းက နောက်ကွယ်မှာ ဒီလို အဆင့်မြှင့်တင်မှုတစ်ခု လုပ်ဆောင်နေတာကြောင့်မို့လား”
ဤအဆင့်မြှင့်တင်မှုသည် ဘာအကြောင်းဖြစ်သည်ကို အာရန်က သိချင်နေခဲ့သည်။
သူ့တွင် ရရှိနိုင်သော အဆင့်မြှင့်တင်မှု လေးခုရှိခဲ့သော်လည်း ထိုရွေးချယ်စရာများ၏ အသေးစိတ်အချက်အလက်များကို သူ မမြင်နိုင်ခဲ့ပေ။
ထိုရွေးချယ်စရာတစ်ခုစီသည် သူ့အတွက် မည်သည့်အရာများကို ယူဆောင်လာပေးနိုင်သည်ကို သူ နားမလည်နိုင်ခဲ့ပေ။
“တစ်ခုခုကောင်းတာဖြစ်ပါစေ... တစ်ခုခုကောင်းတာဖြစ်ပါစေ...”
သူသည် သူ၏လက်ကို ဆန့်ထုတ်ရင်း အသုံးဝင်သော အဆင့်မြှင့်တင်မှုတစ်ခုဖြစ်ရန် တစ်ချိန်တည်းမှာပင် ထပ်ခါထပ်ခါ ဆုတောင်းစကား ပြောနေမိခဲ့သည်။
သူ၏ ဘဝတွင် ဤအရာများ ၌ သူသည် ရရှိနိုင်သော အကူအညီမှန်သမျှကို လိုအပ်နေခဲ့လေသည်။
အဘယ်ကြောင့်ဆိုသော် သူ၏ရန်သူများသည် စက္ကန့်တိုင်းတွင် ပို၍အန္တရာယ်များလာနေကြသောကြောင့်ပင်ဖြစ်သည်။
သူသည် အခြားကမ္ဘာမှခန္ဓာကူးပြောင်းလာသူတစ်ဦးကိုသာ တွေ့ဆုံခဲ့ရသေးပြီး ထိုသူနှင့်ဆုံစဉ်တွင် သူသည် သေလုမျောပါးပင် ဖြစ်ခဲ့ရလေသည်။
ထိုသို့ အခြားကမ္ဘာမှခန္ဓာကူးပြောင်းလာသူများမှာ အနည်းဆုံးနောက်ထပ် နှစ်ဦးခန့် ရှိနေမည်ဖြစ်ပြီး သည့်ထက်လဲပိုချင်ပိုနိုင်လေသည်။ သူ့တွင် ၎င်းတို့နှင့် ပတ်သတ်သည့် မည်သည့်အထောက်အထားမျှ ရှိမနေခဲ့သေးပေ။
၎င်းတို့သည် မည်မျှအားကောင်းမည်ကိုပင် သူ မသိနိုင်ပေ။ ၎င်းတို့သည် ဝိညာဉ်လမ်းလျှောက်သူကဲ့သို့ အားကောင်းကြမည်လော။
သို့မဟုတ် ၎င်းတို့သည် ပို၍ပင် အားကောင်းနေကြမည်လော။
မည်သို့ပင်ဖြစ်စေ သူသည် ကံကောင်းခြင်းကိုမူ အားကိုး၍ မရကြောင်းကိုတော့ သေခြာသိနေခဲ့လေသည်။
ကံကောင်းခြင်းနှင့်ပတ်သက်လာလျှင် ဤကမ္ဘာတွင် ဇာတ်ညွှန်းအကာအကွယ်ဖြင့် မွေးဖွားလာသော အဓိကဇာတ်လိုက် လေးဦးသည်လည်း ရှိနေခဲ့သေးသည်။
ထို့ကြောင့် ဆက်လက်အသက်ရှင်ရပ်တည်ရန်အတွက် သူသည် အင်ကားပိုမိုကြီးမားလာမှသာရပေလိမ့်မည်…..
အရှင်သခင်များပင် သူ့ကို ရိုသေလေးစားရမည့်အဆင့်အထိ အင်အားကြီးမားလာရမည်ဖြစ်သည်။
“ဟမ် ဒီအဆင့်မြှင့်တင်မှုက...”
အာရန်သည် အဆင့်မြှင့်တင်မှုများ၏ အချက်အလက်ကို ဖတ်မိလိုက်သောအခါ သူ၏နှုတ်ခမ်းထောင့်များသည် အပေါ်သို့မြင့်တက်လာခဲ့လေသည်။
#Catfoot
Book 7 End. (11:50 PM)