← Chapters

ငါက ဒီဆိုင်ရဲ့ ပိုင်ရှင်ပါ။

Vol. 2 Ch. 15

ငါက ဒီဆိုင်ရဲ့ ပိုင်ရှင်ပါ။

Vol. 2 Ch. 15

“ဘာတွေဖြစ်နေတာလဲ။ တစ်ယောက်ယောက် ပြသနာရှာပြန်ပြီလားကွ” လုံခြုံရေးဝန်ထမ်းနှစ်ဦးက ဒေါသတကြီး ရောက်ချလာသည်။

“ဟုတ်တာပေါ့။ ဒီနှစ်ယောက်လေ လူတစ်ယောက်ကို ဝိုင်းပြီးချနေကြတာ အားလုံးအမြင်ပဲ” ဝမ့်ရွှမ်ကစွပ်စွဲပြောဆိုသည်။ ထို့နောက် သူ၏ လက်ကောက်ဝတ်ကို ထုတ်ပြပြီး “ကြည့်ပါဦး။ ငါ့လက်ကောက်ဝတ်မှာ ဒဏ်ရာတွေရှိနေတာ”

“ဆရာ ကျေးဇူးပြုပြီးရှင်းပြပါဦး” ထိုကိစ္စများအတွက် အဓိကတာဝန်ရှိသူ ဆိုင်မန်နေဂျာက လူနှစ်ဦးအချင်းများနေသည်ဆိုသော သတင်းကိုကြားပြီး ရောက်လာသည်။ သူက ဝမ့်ရွှမ်၏ စကားများကို အမှန်ထင်ပြီး ဖန့်ကြွယ်ယွီ နှင့် ချမ်ခိုင်တို့ပြသနာရှာသည်ဟု ထင်မိသည်။

“ဒီလိုပါ။ ကျုပ်သူငယ်ချင်းနဲ့ ကျုပ် တစ်ခုခုစားဖို့ ဒီကိုထွက်လာကြတာ။ ဒီလူကစပြီး ရန်စကားတွေလာပြောနေတာ။ ဒါတင်မကသေးဘူး သူကပဲ စပြီး ကျုပ်တို့ကိုရိုက်နှက်ဖို့လုပ်တာ။ ကျုပ်က ကိုယ့်ကိုကိုယ် ကာကွယ်တဲ့သဘောပဲ” ဖန့်ကြွယ်ယွီက အေးဆေးတည်ငြိမ်စွာရှင်းပြသည်။

“ခင်ဗျား မယုံရင် စီစီတီဗီမှတ်တမ်း ကြည့်ပါဗျာ။ ဒါဆိုအားလုံးရှင်းသွားလိမ့်မယ်”

ဝမ့်ရွှမ်က ချက်ချင်းဆိုသလို မျက်နှာပျက်သွားသည်။ စီစီတီဗီကင်မရာများရှိသည်ဆိုတာ သူမေ့သွားရသည်။ မှတ်တမ်းကိုပြန်ကြည့်ပါက အဖြစ်မှန်ကို ရှင်းရှင်းလင်းလင်း မြင်ရပေမည်။

“ဒီလိုလူမျိုးကို နောက်ဆို ဆိုင်ထဲအဝင်မခံပါနဲ့။ ဆိုင်ရဲ့ ဂုဏ်သိက္ခာကျတယ်” ဝမ့်ရွှမ်က သူတို့နှစ်ဦးကို ဤဆိုင်တွင် မစားနိုင်သော အနေအထားဟု ထင်ပြီး ကောက်ချက်ချသည်။

“သူတို့ဝတ်စားထားတာကိုကြည့်လိုက်။ နှစ်ယောက်ပေါင်းရင်တောင် ဒီဆိုင်ရဲ့ ဟင်းတစ်ပွဲစာမရှိနေဘူး။ သူတို့က ပြသနာရှာဖို့ ရောက်လာတာ သိသာနေတာပဲ”

ဆိုင်မန်နေဂျာ၏ အကြည့်က သူတို့နှစ်ဦးဆီ ရောက်လာသည်။ ဝမ့်ရွှမ်က သူ၏ လက်ပေါ်ရှိရိုးလက်စ် ( Rolex) နာရီကို တမင်မြင်သာအောင်ပြလိုက်သည်။ သူက ဒီဇိုင်နာထုတ် ပစ္စည်းများကိုသာ ဝတ်ဆင်သည်ဆိုတာ သိစေချင်သည်။

ဆန့်ကျင်ဘက်အနေဖြင့် ဖန့်ကြွယ်ယွီနှင့် ချမ်ခိုင်တို့နှစ်ဦး၏ အဝတ်အစားတန်ဖိုးသည် ဝမ့်ရွှမ်၏ ရှပ်အကျီတန်ဖိုးလောက်မရှိနေပေ။ သူတို့၏ ငွေရေကြေးရေး အဆင်ပြေမှုသည် မေးခွန်းထုတ်စရာဖြစ်လာခဲ့သည်။

“ဒီဆိုင်မှာ ငါတို့ စားနိုင်သည်ဖြစ်စေ မစားနိုင်သည်ဖြစ်စေ အဲ့တာမင်းအပူမဟုတ်ဘူး။ မင်းနဲ့မဆိုင်တဲ့ ကိစ္စကို ဝင်မပါနဲ့။ ဟုတ်ပြီလား” ဖန့်ကြွယ်ယွီက ဒေါသထွက်လာသည်။

သူတို့က ပိုက်ဆံမရှိဘူး ဆိုဦးတော့ ဆိုင်က ဧည့်သည်ကို မောင်းထုတ်တာ တစ်ခါမှ မမြင်ဖူးပေ။ ထိုကဲ့သို့ပြုလုပ်ပါက ဆိုင်နာမည်ပျက်လိမ့်မည်။

“သူငယ်ချင်း လာပါ သွားရအောင်။ စိတ်ပျက်စရာတွေပါကွာ။ တခြားဆိုင်သွားရအောင်” ချမ်ခိုင်က ဖန့်ကြွယ်ယွီကို တိုးတိုးလေးကပ်ပြောသည်။

ထိုစကားကို ဝမ့်ရွှမ်ကြားသောအခါ သူတို့နှစ်ဦး ဆိုင်မှ ပြန်တော့မည်ဟု တွေးမိကာ ထပ်မံပြီး မိုက်မိုက်ရိုင်းရိုင်း ပြောပြန်သည်။

“တွေ့လား။ သူတိုက ခုပဲပြန်ပြေးဖို့ လုပ်နေတာ။ ဒါကိုကြည့်ရင်သိသာနေတာပဲ။ ပိုက်ဆံမတတ်နိုင်ဘဲ ပြသနာရှာဖို့ သပ်သပ် လာခဲ့တာ”

“ဟမ်” စားဖို့ ပိုက်ဆံမတတ်နိုင်ဘူး ဟုတ်လား” လူမသိသူမသိ နေသဖြင့် ယခုလို စော်ကားခံရသည်ဟု ဖန့်ကြွယ်ယွီထင်လာမိသည်။

“တဆိတ်လောက် ခင်ဗျားကို ဘယ်လိုခေါ်လို့ရမလဲ”

“ကျွန်မက ဒီဆိုင်ရဲ့ မန်နေဂျာပါ။ ကျွန်မနာမည် ပိုင် ပါ” ထိုလူငယ်လေးသည် သာမန်လူတောh မဟုတ်နိုင်ဘူးဆိုတာ သူမသတိထားမိသည်။

“ကျွန်တော်ဒီမှာ အခုပဲ ညနေစာစားချင်တယ်။ ရမလား” ဟု ဖန့်ကြွယ်ယွီက မေးသည်။

“တောင်းပန်ပါတယ်ရှင်။ ကျွန်မတို့ဆိုင်က ဒီနေ့မှ ဧည့်သည်တအားကျတာနဲ့ လူပြည့်နေလို့ပါ။”

သူ့ကိုမတတ်နိုင်ဘူးဟု စော်ကားပြောဆိုမှုအပေါ် သက်သေပြလို၍ ထိုကဲ့သို့ ပြောခြင်းဟု မန်နေဂျာပိုင် ထင်မြင်မိသည်။ သို့သော် ဤနေရာမှ သာမန်ဟင်းပွဲတစ်ခုကပင် ယွမ်တစ်ထောင်ကျော်သဖြင့် သာမန်ကောလိပ်ကျောင်းသားများအဖို့ လက်လှမ်းမမှီနိုင်ပေ။

သူတင်မကဘဲ ဘေးနားမှာရှိနေသူများကလည်း အတွေးတူကြသည်။ သူက တတ်နိုင်သည်ဆိုဦးတော့ ကျန်သောတစ်လလုံး ခေါက်ဆွဲပြုတ်နှင့် ဖြတ်ကျော်ရလိမ့်မည်ဟု ထင်ကြသည်။

“သေချာလား။ ကျွန်တော် အမှတ်မမှားဘူးဆို ဒီဆိုင်မှာ အထူးပုဂ္ဂိုလ်တွေအတွက် သီးသန့်ထိုင်ခုံရှိတယ်မလား”

“အဲ့တာက..” မန်နေဂျာပိုင်က ချက်ချင်း မျက်နှာပျက်သွားသည်။

ထိုအရာသည် အလယ်အလတ်အဆင့်မှ ထိပ်တန်းအဆင့် စားသောက်ဆိုင်များမှာရှိသော လျှို့ဝှက်စည်းမျဉ်းစည်းကမ်းဖြစ်သည်။

ဖန့်ကြွယ်ယွီပြောသလိုပင် ဤဆိုင်မှ ထိုင်ခုံအချို့ကိုကြိုတင်နေရာဖယ်ထားရသည်။ သို့သော် သာမန်လူများက ထိုနေရာမှာ ထိုင်ဖို့ အခွင့်မရှိပေ။

“သိပါပြီ။ ဒီခုံနေရာတွေကို မရနိုင်ဘူးဆိုတာ သိပါပြီ။ ခဏလောက်စောင့်ဦး။ ကျွန်တော်ဖုန်းခေါ်စရာလေးရှိနေလို့”

ဖန့်ကြွယ်ယွီသည် ဖုန်းကိုထုတ်ပြီး ကျွင်းရီကို ဖုန်းဆက်သည်။

“သခင်လေး။ ဘာများဖြစ်လို့လဲ။ ဘာလုပ်ပေးရမလဲရှင့်” ကျွမ်းရီက ဖန့်ကြွယ်ယွီ၏ စားဖိုမှူးများပြင်ပေးသော နေ့လည်စာကို သုံးဆောင်နေသည်။

“အမရီ။ ကျွန်တော်တစ်ခုလောက် အကူအညီတောင်းမလို့။ ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းက ရွှယ်ယွမ် လမ်းပေါ်က ဘာတိုလို စပိန်စားသောက်ဆိုင်မှာ ရောက်နေကြတာ။ ဒါပေမဲ့ ဒီမှာ လူကပြည့်နေပြီ။ ဆိုင်ပိုင်ရှင်ကို ပြောပေးမလား”

“ ဒီကိစ္စလား။ သခင်လေး အဖေက ကတ်အနက်ရောင် ပေးခဲ့တယ်မလား။ အဲ့ကတ်ကိုမြင်တာနဲ့ သူတို့က သခင်လေးကို အကောင်းဆုံး ဝန်ဆောင်မှုပေးကြလိမ့်မယ်”

“အို ဟုတ်လား” ဖန့်ကြွယ်ယွီက ထိုကတ်၏ စွမ်းဆောင်နိုင်မှုကို မသိပေ။

“သခင်လေး မသိနေလို့နေမှာ။ အခုလောလောဆယ် ကတ်ထဲမှာ ပိုက်ဆံအများကြီး မထည့်ထားရင်တောင်မှ အဆင့်တန်းမြင့်အနေအထားကို ပြနေတယ်” ဟု ကျွမ်းရီက ရှင်းပြသည်။

“ဒီ ကျန်းနန် တစ်မြို့လုံးမှာ အဲ့လို ကတ်အနက်ရောင် ကိုင်နိုင်တဲ့သူက ကျန်းနန်းမြို့တော်ဝန်အပါအဝင် ဆယ်ဦးထက်မပိုဘူး။ ကျွန်မဘာကို ဆိုလိုတာလဲ ဆိုတာ သခင်လေးနားလည်မှာပါ”

“ဒီကတ်က ဒီလိုတောင် စွမ်းဆောင်နိုင်တာလား”

“ကျန်းနန်မြို့မဆိုထားနဲ့။ ယန်ကျင့်တစ်မြို့လုံးမှာရှိတဲ့ စီးပွါးရေးလုပ်ငန်းရှင်တွေက သခင်လေးကို မျက်နှာလုပ်ကြမှာ။ ဒီကိစ္စလောက်ဆို အသာလေးပဲ ဖြေရှင်းနိုင်တယ်”

“တကယ်တော့ကျွန်တော်ရှင်းရမဲ့ တခြား ပုဂ္ဂိုလ်ရေးရာကိစ္စလည်းရှိနေလို့ပါ။ မင်းကိုတော့ ဖုံးကွယ်မထားတော့ပါဘူး။ ကျွန်တော့်ရည်းစားဟောင်းနဲ့ သူ့ကောင်လေးလည်း ဒီမှာရှိနေကြတာ။ သူတို့က ကျွန်တော့်ကို ဒီဆိုင်မှာ ညနေစာစားဖို့မတတ်နိုင်ဘူးထင်နေကြတာ”

“ဪ အဲ့လိုကိုး” ကျွမ်းရီက ခုမှ ပြသနာကို ရေရေလည်လည်သိသွားရသည်။ ဖန့်ကြွယ်ယွီ၏ ချမ်းသာမှုအနေအထားနှင့်ဆို ဤကမ္ဘာမှာ သူမတတ်နိုင်သည့် အရာမရှိပေ။

“ဒါဆိုလည်း အချိန်နှစ်မိနစ်တော့ပေးပါ”

“ဟန်ဆောင်နေပြန်ပြီ” ဝမ့်ရွှမ်က ဖန့်ကြွယ်ယွီကို လှောင်ပြောင်ပြန်သည်။

“မန်နေဂျာပိုင်.. နောက်ထပ်တစ်မိနစ်နေရင် ခင်ဗျားဆီ ဖုန်းဝင်လာလိမ့်မယ်”

မန်နေဂျာပိုင်က ဖုန်းကိုကြည့်သည်။ သူ့ကိုဘယ်သူခေါ်မှာပါလိမ့်။

ခဏအကြာမှာ မန်နေဂျာပိုင်၏ ဖုန်းသံမြည်လာသည်။ ဖုန်းခေါ်ဆိုသူမှာ ဤဆိုင်ပိုင်ရှင်ဟု ဖုန်းမျက်နှာပြင်မှာ အတိုင်းသားပေါ်နေသည်။

သူမက ဖုန်းမကိုင်ခင် ဖန့်ကြွယ်ယွီကို တစ်ချက်လှမ်းကြည့်သည်။

“သူဌေးရှု၊ ဘာများလိုအပ်လို့လဲရှင်”

“ပိုင်လေးရေ၊ ခုပဲ ရုံးချုပ်က ဖုန်းဆက်လာလို့။ လူငယ်တစ်ယောက် ဆိုင်ခွဲမှာ ရောက်နေလား”

“အာ နှစ်ယောက်ရှိတယ်။ ပြီးတော့…”

သူမ၏ စကားမဆုံးသေးခင် သူဌေးရှုက ကြားဖြတ်ဝင်ပြောသည်။

“အဲ့လူငယ်လေးနာမည်က ဖန့်ကြွယ်ယွီမလား။ သူ့ကို ဘာမှ မချေမငံမပြောပါနဲ့။ သူဘာပဲလုပ်ခိုင်းခိုင်း အတတ်နိုင်ဆုံးဖြည့်ဆည်းပေးရမယ် ကြားလား”

“ငါမှာတာတွေ မမေ့ပါနဲ့”

“သူစိတ်တိုင်းမကျတာတစ်ခုခုရှိခဲ့လျှင် မင်း အလုပ်ပြုတ်ရုံမကဘူး။ ဆိုင်လည်း ပိတ်ရမှာ။ ပင်မဆိုင်ကြီးလည်း ဒုက္ခရောက်မှာ”

“ဟုတ်ကဲ့ ၊ ဟုတ်ကဲ့.. နားလည်ပါပြီ” မန်နေဂျာပိုင်၏ အသံများ တုန်ခါနေသည်။ ဆိုင်ခွဲက တန်ကြေးရှိသော်လည်း လူချမ်းသာများ၏ မျက်လုံးထဲတွင် ဘာတန်ကြေးမှ မရှိနေပေ။

သို့သော် ဤစားသောက်ဆိုင်၏ ရုံးချုပ်သည် စပိန်မှာ အခြေစိုက်သော အဖွဲ့ကြီးဖြစ်ပြီး ကမ္ဘာအနှံ့က လုပ်ငန်းပေါင်းများစွာပါဝင်သည်။ လွယ်လွယ်ကူကူ ပြိုလဲနိုင်မည့် အနေအထားမဟုတ်ပေ။

သာမန်အနေအထားပုံစံနှင့် လူငယ်လေးက ထိုမျှလောက် ရာထူးအာဏာရှိနိုင်ပါ့မလား။

“တဆိတ်လောက်ရှင့် ရှင်က ဖန့်ကြွယ်ယွီလား” ဖုန်းချပြီးသည်နှင့် မန်နေဂျာပိုင်က တလေးတစား ဆက်ဆံသည့် ပုံစံပြောင်းလိုက်သည်။

“ဟုတ်ပါတယ်။ ကျွန်တော်ပါဗျ”

“စောနက ရိုင်းပျမိတာအတွက် တောင်းပန်ချင်လို့ပါ။ လူကြီးမင်းတို့အတွက် ထိုင်ခုံနေရာ စီစဉ်ပေးထားတာမို့ ဒီဘက်ကိုကြွပါရှင့်”

“ခဏနေပါဦး။ခင်ဗျားဘာကိုဆိုလိုတာလဲ။ ကျွန်တော်တို့အရင်ရောက်တာလေဗျာ။ ဘာလို့ သူတို့ကို နေရာအရင်စီစဉ်ပေးတာလဲ” ဝမ့်ရွှမ်က အဖြစ်အပျက်များကိုနားမလည်နိုင်အောင်ဖြစ်ပြီး မကျေမချမ်းပြောဆိုသည်။

“ဘာလို့လဲဟုတ်လား။” ဖန့်ကြွယိယွီက ရယ်ပြီး “ငါက ဒီဆိုင်ပိုင်ရှင် ဆိုတဲ့အချက်ကြောင့်ပေါ့။ အဲ့တာဆို ရပြီ ထင်ပါတယ် လူဆင်းရဲလေးရေ”

All Chapters