← Chapters

တော်ဝင်မိသားစု၏ ကိုယ်ပိုင်ဒီဇိုင်နာ..

Vol. 2 Ch. 18

တော်ဝင်မိသားစု၏ ကိုယ်ပိုင်ဒီဇိုင်နာ..

Vol. 2 Ch. 18

“လာမယ့်လဝက်လောက်ဆို ငါ့ရဲ့ဇိမ်ခံကားက ရောက်လာ တော့မယ်”

သူက ကြွားဝါခြင်းပြုရတော့မှာမို့ အားလုံးထဲတွင် အကျော်ကြားဆုံးလူဖြစ်ချင်သည်။ သို့သော် သူသေချာ တွေးကြည့်လိုက်တော့မှ သူ့မှာ အားလုံးကို ပါးစပ် အဟောင်းသားဖြစ်သွားအောင် လုပ်နိုင်မည့် နည်းလမ်းမရှိနေပေ။

“သခင်လေးအတွက် အကျီအဝတ်အစားတွေ ပြင်ဆင်ပေးဖို့ လူတစ်ဦးခေါ်လာခဲ့ပါတယ်”

ဖန့်ကြွယ်ယွီက အတွေးကမ္ဘာထဲနစ်မျောနေစဉ် ကျွမ်းရီက ဒီဇိုင်နာဖြစ်ဟန်တူသော သက်လတ်ပိုင်း နိုင်ငံခြားသား တစ်ဦးကိုခေါ်ပြီး ရောက်လာသည်။

“မိတ်ဆက်ပေးပါရစေ။ သူ့နာမည်က မစ္စတာ ဟီရမ် လို့ ခေါ်ပါတယ်။ အင်္ဂလန်တော်ဝင်မိသားစုအတွက် အကျီအဝတ်အစား ပြင်ဆင်ချုပ်လုပ်ပေးနေတဲ့ ဂျော့ဘလူးမော အဆင့်မြင့်ကိုယ်ပိုင်အကျီချုပ်လုပ်ရေးရဲ့ ဦးဆောင် ဒီဇိုင်နာဖြစ်ပါတယ်။ အင်္ဂလန်တော်ဝင်မိသားစု ဝတ်ဆင်သမျှ အဝတ်အစားတိုင်းကို မစ္စတာဟီရမ်က ပြင်ဆင်ပေးရတာပါ” ဟု ကျွမ်းရီက ရှင်းပြသည်။

“ဘယ်လို အင်္ဂလန်က တော်ဝင်မိသားစုရဲ့ ဒီဇိုင်နာ” ဖန့်ကြွယ်ယွီ နောက်တစ်ဖန်ထပ်ပြီး အံ့အားသင့်ရပြန်သည်။ သူ၏ အကျီများကို ချုပ်လုပ်ရန် ပြည်ပမှ နာမည်ကြီး ဒီဇိုင်နာ တစ်ဦးကို ကျွမ်းရီက ခေါ်လာလိမ့်မည်ဟု ဖန့်ကြွယ်ယွီ တွေးထားမိသည်။ သူမက အင်္ဂလန်တော်ဝင်မိသားစု၏ ဒီဇိုင်နာတစ်ဦးကို ခေါ်လာလိမ့်မည်ဟု မတွေးခဲ့ဖူးပေ။

ဖန့်ကြွယ်ယွီသည် ဂျော့ဘလူးမောအကြောင်းကိုလည်း တစ်ခါမှ မကြားဖူးပေ။သို့သော် တော်ဝင်မိသားစု၏ ဒီဇိုင်နာ ဖြစ်တာမို့ သေချာပေါက် ပြိုင်စံရှား ဒီဇိုင်နာတစ်ဦးဖြစ်ရမည်။

ထို့အပြင် အင်္ဂလန်တော်ဝင်မိသားစုမှာ တော်ဝင်မင်းသား နှင့် မင်းသမီးများစွာရှိသဖြင့် သူတို့၏ ဒီဇိုင်နာများက နေ့တိုင်း လိုလို အလုပ်များနေရမည်။ ထိုဒီဇိုင်နာများအားလုံး၏ ခေါင်းဆောင် ဖြစ်သူ ဟီရမ်၏ ဂုဏ်သတင်းက သေချာပေါက် ကြီးမားရမည်။

“ကျွမ်းရီ၊ ဒီ ဂျော့ဘလူးမောအကျီချုပ်လုပ်ငန်းကရော ကျွန်တော်ပိုင်တာပဲလား။” ဖန့်ကြွယ်ယွီက တိုးတိုးလေး မေးသည်။

“မဟုတ်ပါဘူးရှင်။ ဒါပေမဲ့ သခင်လေးရဲ့ ဘိုးဘေးတွေက ဟိုးအရင်ကတည်းက အင်္ဂလန်တော်ဝင်မိသားစုနဲ့ ရင်းနှီး ခဲ့တာမို့ သူတို့ချုပ်နေကျ လုပ်ငန်းနဲ့ မိတ်ဆက်ပေးခဲ့တာပါ။ ကျွန်မတို့ရဲ့ ကိုယ်ပိုင်စက်ရုံမှာရှိတဲ့ ဒီဇိုင်နာအားလုံးက အဲ့မှာ ထရိန်နင်ဆင်းရတာပါ။ မစ္စတာဟီရမ်က ကျွန်မတို့နဲ့ အချိန်အကြာကြီး လက်တွဲပေးခဲ့တဲ့ အကြံပေးတစ်ဦးပါ”

“ဝိုး ဟုတ်လား။” သူ့မှာကိုယ်ပိုင်ဘရန်းရှိသည်ဟု ကျွမ်းရီပြောဖူးတာကို သူကြားဖူးသော်လည်း ထူးကဲလှသည့် အကြောင်းအရာများကို မတော်တဆကြားသိခွင့်ရခဲ့သည်။ သူတို့၏ မိသားစုက အင်္ဂလန် တော်ဝင် မိသားစုနှင့် ရင်းနှီးခဲ့သည်။ ဒါကြောင့်မို့ သူတို့သည် ဒီဇိုင်နာဟီရမ်ကို ဖိတ်ခေါ်နိုင်ခြင်းဖြစ်သည်။

“မစ္စတာ ဟီရမ်၊ ဒါက မစ္စတာ ဖန့်ကြွယ်ယွီပါ။ မစ္စတာဖန့် အတွက် သင့်တော်တဲ့ ဝတ်စုံမျိုးစုံကို ချုပ်လုပ်ပေးနိုင်ဖို့ ဖိတ်ခေါ်ရခြင်းဖြစ်ပါတယ်”

ထိုစကားများကိုကြားပြီး မစ္စတာဟီရမ်က ပြုံးမိသည်။ တကယ်တော့ သူ့အသက်အရွယ်နှင့် စီနီယာအကြံပေး အရာရှိ နေရာကို အချိန်အကြာကြီး ရယူထားနိုင်ဖို့ တွန့်ဆုတ်နေမိ သည်။ မကြာခဏ ကူးလူးသွားလာခြင်းက သူ၏ ကျန်းမာရေး အတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေသည်။

သို့သော်ငြား ဖန့်မိသားစုသည် သူမငြင်းရက်နိုင်သော လစာဖြင့် သူ့ကိုကမ်းလှမ်းခဲ့သည်။ သူ့အတွက် တစ်နှစ်လစာကို စတာလင်ပေါင် ၅သန်းပေးသည့်အပြင် ခရီးသွားခြင်းအတွက် ကိုယ်ပိုင်သီးသန့်အကြိုအပိုဖြင့် ပို့ဆောင်ပေးသည်။

သူလုပ်ရမည့်တာဝန်မှာ ဖန့်မိသားစု၏ သီးသန့်စက်ရုံအတွက် အလုပ်သင်များကို နှစ်စဉ်နှစ်တိုင်းလိုလို သင်ကြားပို့ချပေးရပြီး ရံဖန်ရံခါ တချို့ဒီဇိုင်းများကို စီစဉ်ပေးရသည်။

အင်္ဂလန်တော်ဝင်မိသားစုက ပေးအပ်သည့်လစာနှင့် ယှဉ်ပါက အများကြီးပိုရသည်။ သူသာ နိုင်ငံသားအဖြစ် ပြောင်းလဲလို့ ရပါက ဖန့်မိသားစုအတွက် အချိန်ပြည့်ဒီဇိုင်နာအဖြစ် လုပ်ပေး မည်ဟုတောင် စဉ်းစားမိသည်။

ဖန့်ကြွယ်ယွီမွေးကတည်းက ဟီရမ်ကို ဖန့်ဟွိုက်က ထပ်ပြီးမဖိတ်ခေါ်တော့ပေ။ ဒီတစ်ကြိမ်မှာတော့ သူသည်အထူးသီးသန့်တာဝန်ကို လုပ်ဆောင်ပေးရတော့မည်။

“မစ္စတာဖန့်၊ မတွေ့ရတာအတော်ကြာပေါ့ဗျာ။ နောက်ဆုံးအကြိမ်မြင်ခဲ့တုန်းက ခင်ဗျားက အနှီးထုပ်လေး ထဲက ကလေးလေးအရွယ်ပဲရှိသေးတာ”

“မစ္စတာဟီရမ်က ကျွန်တော့်မိဘတွေအတွက်ရော အကျီချုပ်ပေးဖူးလား”

“ချုပ်ပေးဖူးပါတယ်။ ဒါပေမဲ့ ကြာခဲ့ပါပြီ။ ကျွန်တော်ကြားတာ တော့ မစ္စတာဖန့်ဟွိုက်က ခင်ဗျားကို သာမန်ဘဝမှာပဲ နေထိုင်စေချင်တာမို့ အမြဲလိုလို လျှို့ဝှက်ထားခဲ့တာ။ ခုတော့ သူ့ပိုင်ဆိုင်မှုအကုန်လုံးကို ခင်ဗျားကို လွှဲပေးခဲ့တာကို ဒီနေရာကို တစ်ခါထပ်ပြီး ရောက်လာခဲ့တာပါ”

“မစ္စတာဟီရမ်.. ပေါ့ပေါ့ပါးပါးပဲပြောပါ။ တွက်ကြည့်မယ်ဆို ခင်ဗျားက ကျွန်တော့်ထက် အသက်အများကြီးကြီးပါတယ်”

“စကားမစပ် အင်္ဂလန်ဘုရင်မက စကားပါးလိုက်ပါတယ်။ တော်ဝင်မိသားစုနဲ့ ဖန့်မိသားစုလည်း အဆက်သွယ်ပြတ် နေတာကြာနေပြီမို့ အချိန်ရမယ်ဆို အင်္ဂလန်ကို လာရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်”

“ ဒါပေါ့ ဒါပေါ့ သေချာပေါက်သွားရမှာပေါ့” ဖန့်ကြွယ်ယွီက အပြင်ပန်းမှာ တည်ငြိမ်သည့်ပုံပေါ်နေသော်လည်း သူအလွန်စိတ်လှုပ်ရှားနေခဲ့သည်။

အင်္ဂလန်ဘုရင်မထံမှ ဖိတ်ခေါ်ခြင်း??

ကမ္ဘာပေါ်ရှိ လူအနည်းစုလောက်သာ ထိုကဲ့သို့ အခြေအနေကြုံဖူးလိမ့်မည်။

“ကဲ ဒါဆိုစကြစို့လေ”

ဟီရမ်က အရင်ဦးဆုံး ဖန့်ကြွယ်ယွီ၏ ကိုယ်တိုင်းကိုတိုင်းလိုက် သည်။ ထို့နောက် သူအကြိုက်နှင့် ဝတ်ချင်သည့် ပုံစံများကို မှတ်သားသည်။ အတွေ့အကြုံများစွာရှိသည့် ဒီဇိုင်နာတစ်ဦး ဖြစ်တာမို့ သူ့အတွေးထဲမှာ အိုင်ဒီယာတချို့ရှိနေပြီဖြစ်သည်။

“ဒါနဲ့ စကားမစပ် တခြားဝတ်စုံတွေတော့ အလျင်စလိုချုပ်ပေး စရာမလိုသေးပါဘူး။ ဒါပေမဲ့ ပွဲသွားပွဲလာအတွက် သင့်တော် တဲ့ဝတ်စုံတစ်စုံလောက် စီစဉ်ပေးလို့ရမလား။ ကျွန်တော်က နောက်လလယ်လောက်ဆို အထက်တန်းကျောင်း နှစ်ပတ်လည်ပွဲတစ်ပွဲတက်စရာရှိလို့ပါ”

“ရပါတယ်။ လုပ်ပေးရမှာပေါ့။ အမြန်ချုပ်ပေးရမယ်ဆိုရင်တောင် အဆင်ပြေပါတယ်”

ပုံမှန်ဆို ဟီရမ်သည် ပွဲတက်ဝတ်စုံချုပ်ရန် တစ်လနီးပါးအချိန်ယူသည်။ သူ၏ ပုံမှန်အချိန်များကို ခွဲပေးရခြင်းက သူ၏ အချိန်နှင့်ခွန်အားကိုကုန်စေသော်လည်း ဖန့်ကြွယ်ယွီထံမှ နာမည်ရချင်သဖြင့် ထိုမျှလောက်ပေးဆပ်ရတာက တန်သည်ဟု ခံစားမိသည်။

“ဒုက္ခပေးမိသလိုများ ဖြစ်သွားလာခင်ဗျာ”

၁၅ရက်လောက်အချိန်တိုအတွင်းမှာ သူ့အတွက်ဝတ်စုံတစ်စုံ ပြီးအောင်ချုပ်ပေးရလိမ့်မည်။

မစ္စတာဟီရမ်သည် ဖန့်ကြွယ်ယွီကို နှုတ်ဆက်ပြီး ဖန့်ကြွယ်ယွီ ပိုင်ဆိုင်သည့် အကျီချုပ်စက်ရုံကို ထွက်ခွါသွားသည်။

“မစ္စတာဖန့်၊ နောက်လလယ်လောက်ဆို အထက်တန်းကျောင်း ရဲ့ ပွဲကို တက်စရာရှိတာပေါ့”

“ဟုတ်ပါတယ်။ ကျွန်တော်တို့ အထက်တန်းကျောင်းရဲ့ နှစ် (၇၀)ပြည့်ပွဲပါ။ ကျောင်းက လူသိများတဲ့ ကျောင်းသားဟောင်း တွေကို ဖိတ်တာပေါ့။ ကျွန်တော်တို့ကတော့ အဲ့အဖွဲ့ထဲမပါပါဘူး”

အမှန်တော့ ထိုကဲ့သို့ပွဲမျိုးမှာ နာမည်ကြီးကျောင်းသားဟောင်း များက သူတို့၏ အောင်မြင်မှုများကို ကြွားဝါပြောဆိုကြပြီး ကျောင်း၏ ကောင်းကျိုးအတွက် တွေးပေးသည့်လူရှားသည်။

“သခင်လေးက နာမည်ကြီး ကျောင်းသားဟောင်းဖြစ်ဖို့ ဆန္ဒရှိတယ်ဆို အရမ်းလွယ်ပါတယ်”

“ဘယ်လိုလုပ် လွယ်မှာလဲ” ဖန့်ကြွယ်ယွီက သက်ပြင်းချသည်။

“ပထမတစ်ချက် ကျွန်တော်က နာမည်ကြီးကုမ္ပဏီပိုင်ရှင် လည်းမဟုတ်ဘူး။ ဒုတိယတစ်ချက် ကျန်တော်က နိုင်ငံရေးသမားလည်းမဟုတ်ဘူး။ ပြီးတော့ ကျွန်တော့်မှာ ပိုင်ဆိုင်မှုတွေရှိတယ်ဆိုဦးတော့ ဘယ်သူမှ မသိကြဘူးလေ”

“လွယ်ပါတယ်။ သခင်လေးရဲ့ ကျောင်းကို သခင်လေးနာမည်နဲ့ ပိုက်ဆံလှူရင်ရပါတယ်”

“အာ ဟုတ်သား ငါဘာလို့ မတွေးမိပါလိမ့်” ဖန့်ကြွယ်ယွီက ပေါင်ကိုတစ်ချက်ပုတ်ရင်း မဲ့ပြုံးပြုံးသည်။ နာမည်ကြီးလုပ်ငန်းရှင် သို့ နိုင်ငံရေးသမားဖြစ်ချင်ပါက ကျောင်းသားဟောင်းက ဘယ်လောက်လွှမ်းမိုးနိုင်ပြီး ကောင်းကျိုးဖြစ်စေသလဲ ဆိုသောအချက်က ပိုမိုလွှမ်းမိုးသည်။

အမှန်တရားက ခါးသည် ဆိုသော်လည်း အဆင့်မြင့်ကိရိယာ များက ကျောင်း၏ အရည်အချင်းရှိမျိုးဆက်သစ်များကို ပြုစုပျိုးထောင်ပေးသည့် နေရာမှာလွန်စွာမှ အရေးပါသည်။

“အမရီ ကျွန်တော့် ငွေစာရင်းထဲမှာ ပိုက်ဆံဘယ်လောက် ကျန်သေးလဲ”

“ပြည်တွင်းပြည်ပဘဏ်တွေအားလုံးပေါင်းဆို ကျွန်မစီမံခန့်ခွဲ ပေးနိုင်တဲ့ငွေ အမေရိကန်ဒေါ်လာ ၅၀၀ ဘီလီယံ ကျန်ပါသေးတယ်”

“ဟမ် ဘယ်လောက်!” သူနားကြားမှားသည်ဟု ထင်လိုက်သဖြင့် ထပ်မေးသည်။

“အမေရိကန်ဒေါ်လာ ၅၀၀ ဘီလီယံ”

“အဟွတ် အဟွတ် အဟွတ်” အမေရိကန်ဒေါ်လာ ၅၀၀ ဘီလီယံသည် မည်ရွေ့မည်မျှ ဆိုတာ သူ မတွက်ချက် တတ်ပေ။

သို့သော် ကမ္ဘာပေါ်ရှိအချမ်းသာဆုံး ပုဂ္ဂိုလ်တောင်မှ ပိုင်ဆိုင်မှု စုစုပေါင်း အမေရိကန် ဒေါ်လာ ၁၀၀ဘီလီယံပဲရှိသည်။

“အမရီ စီမံခန့်ခွဲနိုင်တဲ့ ပိုက်ဆံဆိုတာ ဘာကိုဆိုလိုတာလဲ”

“သခင်လေး မသိသေးဘူးပဲ။ ဖန့်မိသားစုရဲ့ ပိုင်ဆိုင်မှုကို ၇ ပိုင်းပိုင်းထားတာ။ အဲ့ ၇ခုလုံးကို အဖွဲ့အစည်း ဒါမဟုတ် မိသားစု ၇ စုက စီမံရတာ”

“တော်..တော်ပါတော့ ခေါင်းတောင်မူးလာပြီ”

ဖန့်ကြွယ်ယွီက လသာဆောင်ဆီ ထွက်လာပြီး ခေါင်းထဲရှင်း စေရန် လေကို အဝရှုရှိုက်လိုက်သည်။ ထိုသို့ပြုလုပ်လိုက်မှသာ အနည်းငယ်သက်သာသွားသည်။

ကောင်းကင်ကို လေးဆယ့်ငါးဒီဂရီ မော့ကြည့်ပြီး မရယ်မိ အောင် ထိန်းလိုက်သည်။

“ချမ်းသာတဲ့ဘဝကလည်း အထီးကျန်လိုက်တာ”

All Chapters