← Chapters

အဆောက်အဦးဆယ်လုံးလှူဒါန်းမယ်..

Vol. 2 Ch. 19

အဆောက်အဦးဆယ်လုံးလှူဒါန်းမယ်..

Vol. 2 Ch. 19

သူ၏အခန်းထဲကို ပြန်ရောက်ပြီးနောက် အီးမေးလ် (email) ဖွင့်ကြည့်သောအခါ ဖန့်ကြွယ်ယွီသည် ဟိုင်ဟွား အမှတ်(၂) အထက်တန်းကျောင်း၏ အတန်းဖော်မှ ဖိတ်ကြားထားသော ဖိတ်စာရောက်ရှိနေသည်။

“၂၀၁၆ကျောင်းဆင်း သူငယ်ချင်းရေ၊ ဟိုင်ဟွားအမှတ် (၂) အထက်တန်းကျောင်းရဲ့ နှစ် (၇၀)ပြည့် နှစ်ပတ်လည်ပွဲကို တက်ရောက်ဖို့ ဖိတ်ကြားအပ်ပါတယ်။ ဂျူလိုင်လ (၂၁)ရက် နေ့မှာ မင်းနဲ့ဆုံတွေ့ရဖို့ မျှော်လင့်နေပါတယ်။ မင်းမှာ မေးစရာ ရှိခဲ့လျှင် လိုအပ်တာရှိခဲ့လျှင် ကျောင်းအုပ်ကြီးရုံးခန်းဖုန်းနံပါတ် ဖြစ်တဲ့ ၈၅၄၅၇၄၀ ကိုဆက်သွယ်နိုင်ပါတယ်”

“၁၇ရက်တောင်ကျန်သေးတာမို့ ပြင်ဆင်ချိန်အများကြီး ကျန်ပါသေးတယ်” ဖန့်ကြွယ်ယွီသည် လုပ်ငန်းအောင်မြင်မှု ၂%ကိုရယူရန် စိတ်ပိုင်းဖြတ်ထားတာမို့ နှစ်ပတ်လည်ပွဲနေ့တွင် အတောက်ပဆုံးပုဂ္ဂိုလ်ဖြစ်လာရန် စီစဉ်ရမည်။

သူက ဖုန်းကို ကောက်ကိုင်ပြီး ကျောင်းအုပ်ကြီးရုံးခန်းကို ဖုန်းဆက်သည်။

“အာ ဘယ်လိုလုပ်ရမလဲ”

ဟိုင်ဟွားအမှတ်(၂)အထက်တန်းကျောင်း၏ ရုံးခန်းထဲမှာ ရှိနေသော အသက်ငါးဆယ်အရွယ်အမျိုးသားတစ်ဦးက ကောလိပ်ဝင်ခွင့်စာမေးပွဲရလဒ်များကို စိတ်ပျက်လက်ပျက် ကြည့်နေသည်။

ထိုလူကြီးသည် ဟိုင်ဟွား အမှတ် (၂) အထက်တန်းကျောင်း၏ ကျောင်းအုပ်ကြီးဖြစ်သူ ကျူးမင်ဖြစ်သည်။

ဟိုင်ဟွား အမှတ် (၂) အထက်တန်းကျောင်းသည် နာမည်ကြီး ကျောင်းဖြစ်သော်လည်း အမှတ်(၁) အထက်တန်းကျောင်း၏ ဖိအားအောက်တွင် ဆယ်စုနှစ်ပေါင်းများစွာအမြဲနေခဲ့ရသည်။ ဒုတိယနေရာမှာ ရှိနေသော ကျောင်းဟူသည့် ရလဒ်ကို မပြောင်းလဲနိုင်ဘဲ အခြားကျောင်းများကပါ ခြိမ်းခြောက်နေ သည့် အနေအထားကြုံနေရသည်။

အမှတ် (၃) အထက်တန်းကျောင်းသည် ယခုနှစ် ကောလိပ် ဝင်ခွင့်စာမေးပွဲမှာ အခြေအနေကောင်းသည်။ ထိပ်တန်း တက္ကသိုလ်များကို ဝင်ရောက်နိုင်သော ကျောင်းသားများ

နှုန်းတွင် တစ်ရာခိုင်နှုန်းလောက်သာ ကွာခြားတော့သည်။

သက်တမ်းရှည်ကြာရင့်နေသော ကျောင်းကြီးတစ်ကျောင်း ဖြစ်သော ဟိုင်ဟွား အမှတ် (၂) အထက်တန်းကျောင်းသည် ယခင်နှစ်များမှာ အမှတ် (၁) ကျောင်းကို မယှဉ်နိုင်ပေ။ အမှတ် (၁) ကျောင်းက အမြဲလိုလို ထိပ်ဆုံးမှာရပ်တည်နေခဲ့သည်။

ထိုအခြေအနေက ကျူးမင်ကို များစွာစိတ်အနှောင့်အယှက် ဖြစ်စေသည်။

နှစ်တိုင်းလိုလို မြို့နယ်အစိုးရ၏ ပညာရေးရန်ပုံငွေသည် လုံလောက်မှုမရှိပေ။ အမှတ် (၁) အထက်တန်းကျောင်းက ရန်ပုံငွေအများစုကိုရယူပြီး ကျန်သောကျောင်းများက စုစုပေါင်းရရှိသော ရန်ပုံငွေပမာဏသည် အမှတ် (၁)ကျောင်း က ရရှိသောပမာဏ၏ တစ်ဝက်လောက်တောင်မရှိပေ။

သင်ကြားရေးဆရာ/မများ၏ အရည်အချင်း၊ စက်ပစ္စည်း ကိရိယာများအတွက် အမှတ် (၁) အထက်တန်းကျောင်းမှ တစ်ပါး ကျန်သောကျောင်းများရရှိသောရန်ပုံငွေပမာဏသည် လိုအပ်သောငွေကြေးပမာဏကို မပြည့်မီနေပေ။ ထို့အပြင် မလောက်မငှရန်ပုံငွေများကို မျှဝေသုံးစွဲနေရသည်။

သို့သော် ကျောင်းများသည် ပိုက်ဆံမြောက်များစွာရှာနိုင်သော ကျောင်းများမဟုတ်တာမို့ ထိုကဲ့သို့ ရန်ပုံငွေ မလောက်မငှ ဖြစ်နေမှုများကို မည်ကဲ့သို့ ဖြေရှင်းရမည်နည်း။

စုံစမ်းမေးမြန်းပြီးနောက် ကျူးမင်သိခဲ့ရသည်မှာ အမှတ် (၃) အထက်တန်းကျောင်းသည် နာမည်ကြီးကျောင်းသားဟောင်း များကို မွေးထုတ်ပေးနိုင်သည်ဆိုသော အချက်ဖြစ်သည်။ သူသည် နှစ်ပေါင်းများစွာနိုင်ငံခြားမှာကြိုးစားရုန်းကန်ခဲ့ပြီးမှ အလွန်ကြီးမားသော လုပ်ငန်းတစ်ခုကို လွန်ခဲ့သောနှစ်က အမေရိကန်ပြည်ထောင်စုမှာ တည်ထောင်ခဲ့သည်။

လွန်ခဲ့သောနှစ်က အမှတ်(၃)ကျောင်း၏ နှစ်ပတ်လည်ပွဲတွင် ကျောင်းသားဟောင်းများမှ ကျောင်းဖွံ့ဖြိုးရေးအတွက် ယွမ် ၁၀သန်း လှူဒါန်းကြသဖြင့် ထိုကျောင်း၏ အောင်မြင်မှုက တဟုန်ထိုးတက်လာခြင်းဖြစ်သည်။

ယခုနှစ်များအတွင်းအမှတ် (၂)အထက်တန်းကျောင်းမှ ကျောင်းသားဟောင်းအချို့သည် စွန့်ဦးတီထွင်မှု လုပ်ငန်း များမှာအောင်မြင်ကြသော်လည်း လှူဒါန်းမှုအနည်းငယ်သာ ပြုလုပ်ကြသည်။ သို့သော် ထိုကဲ့သို့များပြားသော ပိုက်ဆံ ပမာဏကို မည်သူက လှူဒါန်းနိုင်မည်နည်း။ ကျောင်း၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေရေးကြေးရေးလိုအပ်ချက်များ ကို ဖြည့်နိုင်ရန် ကြိုးစားရုန်းကန်နေရသည်။

“ဟာ၊ ဒီတိုင်းသာဆက်သွားမယ်ဆို အမှတ် (၂) အထက်တန်း ကျောင်းရဲ့ နေရာကို အမှတ် (၃) ကျောင်းက လုယူသွားတော့ မယ်”

ကျောင်းအုပ်ကြီးတစ်ဦးအနေဖြင့် ကျူးမင်သည် ပြောမပြ နိုင်လောက်အောင် ဖိအားဒဏ်ခံနေရသည်။ အောင်ချက်ရလဒ်မှတ်တမ်းများကိုကြည့်ပြီး သူ့မှာ ဆံပင်ဖြူ များစွာ ပေါက်လာသည်ဟုတောင် ထင်နေမိသည်။

ယခုနှစ်သည် အမှတ်(၂)အထက်တန်းကျောင်း၏ နှစ်(၇၀) ပြည့်ပွဲဖြစ်သည်။ (၁၀)နှစ်ပြည့်သည့် နှစ်တိုင်းလိုလို နှစ်ပတ်လည်ပွဲများကို ကျင်းပရမြဲဖြစ်သည်။

ပထမဦးဆုံး ကျောင်းသားဟောင်းများကို နှစ်ပတ်လည်ပွဲကို လာတက်ရန် ဖိတ်ခေါ်ရသည်။ ထို့ပြင် အောင်မြင်သော ကျောင်းသားဟောင်းများက ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ အတွက် ရက်ရက်ရောရော ငွေကြေးပါဝင်လှူဒါန်းမည်ဟု မျှော်လင့်ထားမိသည်။

လွန်ခဲ့သည့် အပတ်မှစတင်ပြီး ကျောင်းသားဟောင်းများကို ကျောင်းဘက်မှ စတင်ဆက်သွယ်ခဲ့သည်။ သို့သော် ငွေကြေး လှူဒါန်းနိုင်သည့်ကိစ္စအကြောင်းကို စကားစမိသည်နှင့် အောင်မြင်နေသော ကျောင်းသားဟောင်း တစ်ဝက်လောက်က အလှုပ်ရှုပ်သည်ဟူသော အကြောင်းပြချက်များပြသည့်အခါ ကျူးမင် စိတ်ပျက်မိသည်။

“ကလင် ကလင်”

ကျောင်းအုပ်ကြီးရုံးခန်းမှ တယ်လီဖုန်းသံမြည်လာသည်။ ကျူးမင်သည် ယနေ့မနက်မှာ ဖုန်းခေါ်ဆိုမှုများစွာ လက်ခံရရှိ ခဲ့သည်။ သို့သော် ဖုန်းခေါ်ဆိုမှုအများစုမှာ နှစ်ပတ်လည်ပွဲ ကျင်းပမည့် အချိန် နေရာ အတိအကျကို မေးမြန်းလိုသော ကြောင့် ခေါ်ဆိုခြင်းဖြစ်သည်။ ဤဖုန်းခေါ်ဆိုမှုလည်း မထူးမခြားနား ဖြစ်လောက်မည်။

“ဟိုင်ဟွား အမှတ် (၂) အထက်တန်းကျောင်းရဲ့ ကျောင်းအုပ်ကြီးရုံးခန်းကလား ခင်ဗျာ”

တစ်ဖက်မှ လူငယ်တစ်ဦး၏ အသံထွက်လာသည်။

“နှစ်ပတ်လည်ပွဲကျင်းပမည့်အကြောင်းနဲ့ပတ်သက်ပြီး အသေးစိတ်မေးမြန်းချင်လို့ပါ”

“ဟုတ်ကဲ့။ ကျွန်တော်ကျောင်းအုပ်ကြီး ကျူးမင်ပါ။ ဘယ်နှစ် ကျောင်းဆင်းလဲဆိုတာ ပြောလို့ရမလားခင်ဗျာ”

“ဟားဟား ကျူးမင်က ကျောင်းအုပ်ကြီးတောင် ဖြစ်နေပါ ရော့လား” ဖန့်ကြွယ်ယွီက တစ်ကိုယ်တည်း ရေရွတ်မိသည်။

အထက်တန်းကျောင်းတုန်းက သူသည် ဒုကျောင်းအုပ် ကျူကို အကြောက်ဆုံးဖြစ်ခဲ့သည်။ ဒုကျောင်းအုပ်ကျူသည် ညဘက် ကိုယ်ပိုင်စာကြည့်ချိန်တိုင်းတွင် အခန်းအပြင်ဘက် ပြတင်းပေါက်နားဆီမှာ ပေါ်လိုက် ပျောက်လိုက် လုပ်နေကျ ဖြစ်သည်။ ဖန့်ကြွယ်ယွီက တစ်ခါတုန်းက အငိုက်ဖမ်းခံခဲ့ရ သည်။

“ကျောင်းအုပ်ကြီး ကျူ၊ ကျွန်တော်က ၂၀၁၆ကျောင်းဆင်းပါ”

ကျူးမင်၏ မျက်နှာမှာစိတ်ပျက်သည့် အရိပ်အယောင်လှစ်ခနဲ မြင်လိုက်ရသည်။ သူက ၂၀၁၆ ကျောင်းဆင်းဆို ခုချိန်တွင် ကောလိပ်တက်နေဆဲကျောင်းသားပဲဖြစ်ဦးမည်။ ထို့ကြောင့် ကျောင်းအတွက် မည်သည့်အထောက်အပံ့မှ မပေးနိုင်ပေ။

သို့သော် တစ်ဖက်လူက ကျောင်းသားဟောင်းဖြစ်တာမို့ သူ၏ စိတ်ရင်းကို ပြလို့မရပေ။ ထို့ပြင် ကျောင်းသားများသည် မိမိတက်ခဲ့သော ကျောင်းကို ချစ်ခင်မြတ်နိုးကြသည်။ သူတို့က အနာဂတ်မှာ တစ်ခုခုမဖြစ်နိုင်ဘူးလို့ မည်သူကများ တပ်အပ်ပြောနိုင်မည်နည်း။ ထို့ကြောင့် သူက ပွဲတက်ချင်သမျှ ကျောင်းသားဟောင်းတိုင်းကို လှိုက်လှိုက်လှဲလှဲကြိုဆိုသည်။

“ကျောင်းအုပ်ကြီး ကျူ၊ ကျွန်တော့်ကို မှတ်မိလား။ ကျွန်တော့်နာမည် ဖန့်ကြွယ်ယွီ ပါ”

“ဖန့်ကြွယ်ယွီ” ကျုမင်သည် ပညာရေးနယ်ပယ်မှာ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ဖူးသူမို့ သူ၏ အာရုံထဲမှာ ကျောင်းသားနာမည်ပေါင်းများစွာရှိနေသဖြင့် ယခုအချိန်မှာ ချက်ချင်းမှတ်မိရန် ခဲယဉ်းလှသည်။

“မေ့နေတာဖြစ်ပါလိမ့်မယ်။ တစ်ခါတုန်းက ညဘက်စာလေ့လာနေတုန်း ကျွန်တော်မုန့်ခိုးစားတာကို တစ်ခါမိသေးတယ်မလား။ ကျွန်တော့်ကို အတန်းပိုင်ဆရာမဆီ ဆွဲခေါ်သွားတာလေ။ ဒါပေမဲ့ ကျွန်တော်တို့အတန်းပိုင်က လည်း တို့ဟူးခိုးစားနေတာမိပြီး နှစ်ယောက်လုံးကို ကျောင်းအုပ်ကြီးက ခေါ်ဆူခဲ့တာလေ” ထိုအဖြစ်အပျက်သည်ပြန်တွေးမိတိုင်း ယနေ့တိုင် ဟာသ ဖြစ်နေဆဲဖြစ်သည်။

“ပြီးတော့ ကျောင်းအုပ်ကြီးပြန်ထွက်သွားတော့ တို့ဟူးတွေကို ယူသွားခဲ့တာလေ”

“အဟွတ် အဟွတ်။ ခုမှ မှတ်မိပြီ၊ အဲ့တာ မင်းကိုး” ထိုကိစ္စအကြောင်းပြောတော့ ကျူမင်း၏ မျက်နှာသည် ချက်ချင်း ဆိုသလိုနီမြန်းလာသည်။

သူ့အတွေးထဲမှာ ခပ်ရွှတ်နောက်နောက်နှင့် စာတော်သော ကျောင်းသားတစ်ဦးက ချက်ချင်းပေါ်လာခဲ့သည်။

“မှတ်မိပြီ။ မင်းက ကျန်းနန်တက္ကသိုလ်ကို တက်ခွင့် ရတာ မလား။ မင်းတို့အတန်းက ငါသင်ဖူးသမျှထဲမှာ အတော်ဆုံးပဲ”

ထိုအရာသည် မြှောက်ပင့်ပြောဆိုခြင်းမဟုတ်ပေ။ ဖန့်ကြွယ်ယွီ၏ အတန်းသည် အမှတ်(၂) အထက်တန်း ကျောင်း၏ သမိုင်းတွင် ထိပ်တန်းတက္ကသိုလ်ဝင်ခွင့်ရခဲ့သော ကျောင်းသားအများဆုံးရှိသောအတန်းဖြစ်သည်။ ထိုနှစ်တုန်း က အမှတ် (၁) ကျောင်း၏ နေရာကိုတောင် ခြိမ်းခြောက်နိုင်ခဲ့ သည်။ထိုအတန်းကဲ့သို့ နှစ်တိုင်းအောင်ချက်ကောင်းပါက ကျူးမင် ဒုက္ခများလိမ့်မည်မဟုတ်ပေ။

“ဟုတ်ပါတယ်။ ဒီနှစ် ကျောင်းနှစ်ပတ်လည်ပွဲကို တက်မှာ လား” ကျူးမင်က တွေးပူနေရသည့်ကိစ္စများကို ခဏဘေးဖယ် ထားသည်။ ထိုကျောင်းသားနှင့် စကားပြောရသည်မှာ စိတ်ဝင်စားဖွယ်ကောင်းလှသည်။

“ဟုတ်ကဲ့။ခုက နွေရာသီကျောင်းပိတ်ရက် ကာလလေ။ ဒါကြောင့်မို့ ကျောင်းကိုပြန်လာပြီး မတွေ့ရတာကြာပြီဖြစ်တဲ့ ဆရာတွေနဲ့လည်း တွေ့ရင်း ကျောင်းကြီးရောဘယ်လောက် ပြောင်းလဲသွားပြီလဲဆိုတာ လေ့လာမလို့”

“ဒါနဲ့ စကားမစပ် ကျောင်းအုပ်ကြီး ကျွန်တော်တို့ကျောင်းရဲ့ ဒီနှစ် ကောလိပ်ဝင်ခွင့်စာမေးပွဲ အောင်ချက်ရောကောင်းလား ခင်ဗျ”

“အာ၊ ပြောရမှာ နည်းနည်းတော့ရှည်တယ်” ကျူးမင်က သက်ပြင်းအရှည်ကြီးချပစ်သည်။

“ငါတို့ကျောင်းနဲ့ အမှတ် (၁)ကျောင်းကြားထဲက ကွာဟချက် က အရမ်းမြင့်နေပြီ။ ပြီးတော့ အမှတ် (၃) ကျောင်းကလည်း အနောက်ကအမှီလိုက်လာနေပြီ။ နောက်နှစ်လောက်ဆို ငါတို့ကို ကျော်တက်သွားမှာ စိုးရိမ်နေရပြီ”

“ဘယ်လိုတောင်ဖြစ်ရတာလဲ။ အရင်တုန်းကဆို အမှတ် (၃)အထက်တန်းကျောင်းက ကျွန်တော်တို့ကျောင်းကို ဘယ်တုန်းကမှ လိုက်မမှီခဲ့ဖူးလေ”

“အရင်နှစ်တွေတုန်းက အမှတ် (၃)ကျောင်းက ရန်ပုံငွေ တွေအများကြီးရခဲ့တာ။ သူတို့ကျောင်းမှာ စက်ပစ္စည်းကိရိယာ၊ လက်တွေ့ခန်းတွေ၊ သင်ကြားရေး ဆရာ/မ တွေကလည်း အများကြီးတိုးတက်ခဲ့တာ။ ဒါပေမဲ့ ငါတို့ကျောင်းကတော့”

လွန်ခဲ့သောနှစ်များကတည်းက အမှတ်(၂) ကျောင်း၏ တိုးတက်မှုက သိပ်ပြီးအားရဖွယ်အနေအထားမရှိနေပေ။

အဓိက ပြသနာမှာ သူတို့ကျောင်းမှာ ပညာရေးရန်ပုံငွေ လောက်လောက်ငှငှ မရှိနေခြင်းဖြစ်သည်။ ထိုကိစ္စသည် သူကြိုတွေးထားသည့်အကြောင်းအရာများနှင့် တထပ်တည်း ကျနေသည်မဟုတ်ပေဘူးလား။

“ကျောင်းအုပ်ကြီးနဲ့ ဆွေးနွေးစရာလေးရှိနေလို့ ဖုန်းခေါ်ခဲ့ တာပါ။ ကျောင်းသားဟောင်းတွေဆီက အလှူငွေလက်ခံလား ဗျ”

“ဟား။ ဒါပေါ့ လက်ခံတာပေါ့။ ကျောင်းကြီးတိုးတက်ဖို့အတွက် ကျောင်းသားဟောင်းတွေက ပါဝင်လှူဒါန်းချင်တယ်ဆို အချိန်မရွေးကြိုဆိုနေပါတယ်”

သို့သော် သူသည် ဖန့်ကြွယ်ယွီထံမှ လှူဒါန်းငွေများစွာ မမျှော် လင့်ထားပေ။

ဖန့်ကြွယ်ယွီသည် တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်တာမို့ သူ့မှာ ဘယ်လောက်များများပိုင်ဆိုင်နိုင်မည်နည်း။ ၂၀၁၆အတန်းက ကျောင်းသားများ၏ မိဘများထဲမှာ ချမ်းသာသည့်သူ တစ်ဦးမှ မပါနေတာကို သူမှတ်မိနေသည်။

“ကြွယ်ယွီ၊ ဘယ်လောက်ပမာဏထည့်ဝင်တယ်ဆိုတာ အရေးမကြီးပါဘူး။ တတ်နိုင်သလောက် ထည့်ဝင်နိုင်ပါတယ်။ ဘယ်လောက်လှူဒါန်းမယ်ဆိုတာ ပြောလျှင် ငါ စာရင်းသွင်း လိုက်ပါ့မယ်”

“ကျောင်းက ငွေသားပဲလှူတာ လက်ခံတာလားခင်ဗျ” ဟု ဖန့်ကြွယ်ယွီက မေးသည်။

“ဟား။ ဘယ်လိုပုံစံပဲလှူလှူရပါတယ်ဗျာ။ ကျောင်းရဲ့ အရှေ့ဂိတ်တံခါးမှာရှိတဲ့ ရုပ်ထုကြီးကို မှတ်မိလား။ အဲ့တာဆို ကျောင်းသားဟောင်းတစ်ယောက်က လှူထားတာ”

“အဲ့တာဆိုလည်း တော်ပါသေးရဲ့။ ဒါဆို ကျွန်တော်အဆောက်အဦ ဆယ်လုံးလှူပါ့မယ်”

All Chapters