မလောက်ဘူးလား ကျွန်တော် ထပ်ပြီး လှူပေးရဦးမလား။
Vol. 2 Ch. 20
“ဘယ်လို ဘယ်လို အဆောက်အဦဆယ်လုံး” ကျူးမင်၏ အသံက သိသိသာသာတုန်ခါနေသည်။ ခဏအကြာမှာ သူ့ကို ဖန့်ကြွယ်ယွီက စနောက်နေသည်ဟု တွေးမိကာ ရယ်မိတော့သည်။
“ကြွယ်ယွီ ဒါနောက်စရာကိစ္စမဟုတ်ဘူး”
“ကျောင်းအုပ်ကြီးကျူး၊ ကျွန်တော်မနောက်ပါဘူး။ ကျောင်းကို ဒေါ်လာတစ်သန်းတစ်ရာလှူဖို့ ကျွန်တော်စီစဉ်ထားတာပါ။ ဒါတင်မကသေးဘူး စာသင်ခန်းနဲ့ လက်တွေ့ခန်းတွေကို ဆောက်လုပ်ပေးတာအပြင် ကျန်တဲ့ငွေတွေကိုလည်း ကျောင်းမှာလိုအပ်တဲ့ စက်ပစ္စည်းကိရိယာတွေကို ဝယ်ဖို့ သုံးမှာပါ”
သူကျောင်းတက်ခဲ့တုန်းက အချိန်များကို ပြန်ပြောင်းသတိရမိ သည်။ စာသင်ခန်းထဲမှာရှိနေသော အဲကွန်းများသည် ပျက်စီး သွားခဲ့တာမို့ နွေရာသီကာလကို ပူပူလောင်လောင် ကျော်ဖြတ် ခဲ့ရဖူးသည်။
“ခဏနေပါဦး။ ကြွယ်ယွီ မင်းတကယ်ပြောတာလား” ကျူးမင်ခုထိ မယုံနိုင်သေးပေ။ နာမည်ကြီးကုမ္ပဏီကြီးများ၏ သူဌေးကြီးများတောင်မှ အထက်တန်းကျောင်းတစ်ကျောင်းကို ထိုမျှလောက် ပမာဏကို လွယ်လွယ်ကူကူ မလှူဒါန်းနိုင်ပေ။
“ဟုတ်ပါတယ်။ ကျွန်တော် တကယ်ပြောတာပါ။ ကျွန်တော်တို့သိတာကြာပြီပဲဟာ ဘယ်မှာလိမ်ပြောဖူးလို့လဲ”
ဖန့်ကြွယ်ယွီသည် ရွှတ်နောက်နောက်ပုံစံနှင့် နေသော်လည်း သူ၏ ပုံစံမှာ ရိုးဖြောင့်သည်။ ထိုကိစ္စနှင့် ပတ်သက်ပြီး သံသယ မဝင်ပေ။
“ဒီလိုဆိုရင်ရော။ ကျောင်းရဲ့ ဘဏ်အကောင့်ထဲကို အရင်ဆုံး ပိုက်ဆံလွှဲပေးမယ်။ အဲ့တာပြီးမှ ဘာဆက်လုပ် မယ်ဆိုတာ ဆွေးနွေးကြမလား” ဟု ဖန့်ကြွယ်ယွီက အကြံပေးသည်။
“ခဏလေး ဖုန်းပြောစရာလေးရှိလို့ပါ”
“ရှောင်ယင်း ငါတို့ကျောင်းရဲ့ အကောင့်ထဲကို ဒေါ်လာသန်းတစ်ရာလေးလွှဲဖို့ ကူညီပေးပါဦး” ဖန့်ကြွယ်ယွီ သည် ကျောင်း၏ ဘဏ်အကောင့်နံပါတ်ကို မသိသော်ငြား ရှောင်းရီသည် ခေတ်မီနည်းပညာတစ်ခုဖြစ်သဖြင့် သူ ကမ္ဘာပေါ်မှာရှိသော အရာများအားလုံးကိုရှာဖွေနိုင်သည်။
“ကောင်းပြီ။ ဒါဆိုလည်း အကောင့်နဲ့ပတ်သက်တဲ့ အသေးစိတ် ပို့ပေးပါ။ အဲ့ကိုဆယ်မိနစ်အတွင်း ပြန်ပို့ချင်တယ်”
ဒေါ်လာသန်းတစ်ရာသည် ဘီလီယံနှင့် ချီသော ဖန်းကြွယ်ယွီ ၏ ပိုင်ဆိုင်မှုများနှင့် ယှဉ်ပါက မြူမှုန်မျှသာရှိတော့သည်။ ဘဏ်တိုးမှ ရရှိတာနှင့်ပင် သူ၏ တစ်နှစ်အမြတ်ငွေသည် ဘီလီယံနှင့် ညီမျှသောပမာဏရှိသည်။
“ဒီကောင်လေးက ငါ့ကိုနောက်နေတာလား” ကျူးမင်းက ဖုန်းကိုချပြီးနောက် အတွေးနယ်ချဲ့နေတော့သည်။ ကြွယ်ယွီပေးခဲ့သောကတိက အမှန်တကယ်လား သို့ စနောက်နေတာလားဆိုတာ ဒွိဟဖြစ်နေခဲ့ရသည်။
ငါးမိနစ်တောင်မကြာလိုက်ချိန်တွင် ကျောင်း၏ ဘဏ္ဍာရေး ဌာနမှ ဖုန်းဆက်လာခဲ့သည်။
“ကျောင်းအုပ်..ကျောင်းအုပ်ကြီး၊ ပြသနာပဲ” ဒါရိုက်တာ ယွီ၏ အသံက တုန်လှုပ်နေသည်။
“ဘာဖြစ်ပြန်တာလဲ။ ကျောင်းရဲ့ ဘဏ္ဍာရေးကိစ္စမှာ တစ်ခုခု ပြသနာတက်ပြန်ပြီလား” ကျူးမင်က အလန့်တကြား ဖြစ်နေသည်။ ဘဏ်ချေးငွေများနှင့် နောက်ဆုံးပေါ်ပစ္စည်း များကို အသုတ်လိုက်ဝယ်ယူရန် ကျောင်းက ရုန်းကန်နေရ သည်။
“မဟုတ်ပါဘူး။ ကျောင်းရဲ့ ဘဏ်အကောင့်ထဲကို ပိုက်ဆံ အလုံးလိုက်အရင်းလိုက်ဝင်လာလို့၊ အတိအကျဆို သန်းတစ်ရာပါ”
“ရှူး” ကျူးမင်က သက်ပြင်းချလိုက်သည်။
“ဒီပိုက်ဆံတွေဘယ်ကဝင်လာလဲဆိုတာ စစ်ပြီးပြီလား”
“ဘဏ်ကိုမေးပြီးပါပြီ။ ပါဆင်နယ်အကောင့်ကပို့လိုက်တာပါ။ ဒါပေမဲ့ ဘဏ်ဘက်ကတော့ အလှူရှင်ရဲ့ နာမည်ကို လျှို့ဝှက်ထားပါတယ်။ ဘယ်သူလှူတာလဲဆိုတာ မသိရပါဘူး”
“ဘယ်သူလှူလဲဆိုတာ ငါ သိပါတယ်” ကျူးမင်၏ အသက်ရှုသံ များ မြန်ဆန်လာသည်။ ဖန့်ကြွယ်ယွီပြောသမျှ စကားလုံးများ သည် မှန်ကန်နေခဲ့သည်။
သူပြောသလိုပင် ဒေါ်လာသန်းတစ်ရာကို အမှန်တကယ်ပဲ လွှဲပေးခဲ့သည်။
“အမ် ဘယ်သူလွှဲတာလဲဟင်”
“ငါတို့ ကျောင်းဆင်းတစ်ဦးက လွှဲခဲ့တာပါ” ကျူးမင်တစ်ယောက် ယုံကြည်ချက်ရှိလာသည်။
“ဒါရိုက်တာယွီ နေ့လည်ကျ ရုံးခန်းဘက် ခဏလာခဲ့ပါဦး။ ငါတို့ပိုက်ဆံကို ဘယ်လိုသုံးရမလဲဆိုတာ သေချာစီစဉ် ကြတာပေါ့။ ငါတို့ကျောင်းက အနေအထားတစ်ခုထိ ပြန်ရောက်အောင် မလုပ်နိုင်ဘူးလို့ ဘယ်သူပြောနိုင်မလဲ”
“ဟုတ်ကဲ့ နောက်နာရီဝက်ဆို အရောက်လာခဲ့ပါ့မယ်”
“ကျောင်းအုပ်ကြီးကျူး၊ ပိုက်ဆံရပါသလားခင်ဗျာ” ဖန့်ကြွယ်ယွီက ကျူးမင်၏ ရုံးဖုန်းကို တစ်ခါထပ်ခေါ်သည်။
“ရောက်ပါတယ် ရောက်ပါတယ်” ကျူးမင်၏ အသံက အလွန်အမင်းပျော်နေပုံရသည်။
“ဒီပိုက်ဆံနဲ့ဆို ကျောင်းအတွက် လိုအပ်တဲ့သင်ထောက်ကူ ပစ္စည်းတွေကို ဝယ်ယူနိုင်မှာမို့ ကျောင်းလည်း တဟုန်ထိုး တိုးတက်လာပါတော့မယ်”
အထက်တန်းကျောင်းများသည် တက္ကသိုလ်များနှင့် မတူပေ။ တက္ကသိုလ်များမှာ သင်ထောက်ကူပစ္စည်းပိုမိုစုံလင်သည်။ သန်းတစ်ရာသည် တက္ကသိုလ်အတွက်ဆို မြူမှုန်လောက် ပမာဏ ဟုဆိုနိုင်သော်ငြား အထက်တန်းကျောင်းမှာတော့ ကွာခြားချက်က သိသာလှသည်။
“ဒါဆို ဒီပိုက်ဆံကို ဘယ်လိုသုံးရမလဲဆိုတာ ဆွေးနွေးကြမလား” ဟု ဖန့်ကြွယ်ယွီက ဆိုသည်။
“တဝက်ကို စာသင်ဆောင်နဲ့ လက်တွေ့ခန်းလုပ်ဖို့ သုံးမယ် ပြီးတော့”
“ကြွယ်ယွီ ခဏနေပါဦး” ကျူးမင်က စကားဖြတ်ပြောသည်။
“မင်းသိတဲ့အတိုင်း ကျောင်းကလည်း အရမ်းမကြီးနေဘူးလေ။ စာသင်ဆောင်ကလည်း လေးဆောင်ပဲရှိတာ။ အဆောက်အဦးဆယ်လုံးကိုဆောက်နိုင်ဖို့ မြေရှိပါ့မလား”
“ဟားဟား” ဖန့်ကြွယ်ယွီက အူလှိုက်သည်းလှိုက် ရယ်မောသည်။ သူက ထိုကိစ္စကို မစဉ်းစားမိပေ။
“ကျွန်တော် နည်းနည်းလောသွားတာ။ ကျောင်းအုပ်ကြီး ကျူးက ပိုသိတာမို့ ဘယ်လိုသုံးမလဲဆိုတာ ဆုံးဖြတ်ရမှာပေါ့”
ကျူးမင်သည် ညဘက်စာလေ့လာခြင်းကို နှစ်ခြိုက်သူဟု နာမည်ကြီးသော်ငြား သူသည် မြို့တိုင်းမှာလိုလို နာမည်ကြီး ဆရာတစ်ဦးဖြစ်သည်။ သူ၏ အမြော်အမြင်ရှိမှုကို ငြင်းဖွယ်ရာမရှိပေ။ ရန်ပုံငွေများကို သေချာပေါက် အကျိုးရှိရှိ အသုံးပြုလိမ့်မည်။
“ဒီလိုဆိုရင်ရော။ တွေးထားတာကတော့ ဆယ်သန်းကို ကျောင်းဆောင်နဲ့ လက်တွေ့ခန်းအတွက် အသုံးပြုပြီး ကျန်တာတွေကိုတော့ လိုအပ်တဲ့ သင်ထောက်ကူပစ္စည်းတွေ ဝယ်ယူမယ်။ မင်းတို့နှစ်တုန်းက အဲယားကွန်းပြင်ပေးဖို့နဲ့ ပတ်သက်ပြီး အမြဲလိုလို တောင်းဆိုနေခဲ့ရတာ မှတ်မိလား”
“ပြောင်းလဲပစ်ဖို့ အချိန်တန်ပြီလေ” သူကျောင်းတက်ထဲက စိတ်ကူးယဉ်ခဲ့ရသော အရာများ လက်တွေ့မှာဖြစ်လာတော့ မည်။
“သင်ထောက်ကူပစ္စည်းတွေဝယ်ပြီး ကျန်တဲ့ပိုက်ဆံတွေ ကိုတော့ ထိပ်တန်းဆရာတွေကို ငါတို့ကျောင်းအတွက် ငှါးမလို့။ နောက်တစ်ပိုင်းကတော့ ပညာသင်ဆုတွေကို ပညာဆက်သင်ကြားဖို့ ခက်ခဲနေတဲ့ ကျောင်းသားတွေနဲ့ ထူးချွန်ကျောင်းသားတွေကိုပေးရမယ်”
“ကျောင်းအုပ်ကြီးက ထောင့်စေ့အောင်တွေးနိုင်တာပဲ။ အဲ့အတိုင်းပဲလုပ်ပါ” ကျူးမင်၏ အကြံကပြီးပြည့်စုံသည်ဟု ဖန့်ကြွယ်ယွီထင်သည်။
“ဒီပညာသင်ဆုနာမည်ကို မင်းနာမည်ပေးရမယ်။ ဖန့်ကြွယ်ယွီ ပညာသင်ဆု။ ဘယ်လိုလဲ”
“ရပါတယ် မလိုပါဘူးဗျာ။ ကျွန်တော်က ရန်ပုံငွေ မ, တည်ပေး တာပါ။ နောက်ပိုင်းမှာ ကျောင်းသားဟောင်းတွေထဲကလည်း ထည့်ကြမှာပေါ့။ သမုဒ္ဓရာသားတော်များရန်ပုံငွေဆိုရင်ရော”
ဟိုင်ဟွားမြို့သည် ပင်လယ်နားမှာရှိပြီး သူတို့အားလုံး သမုဒ္ဓရာ နားမှာကြီးပြင်းခဲ့သူများဖြစ်တာမို့ “သမုဒ္ဓရာသားတော်များ” ဟူသောနာမည်သည် လိုက်ဖက်လှသည်။
“ဒါဆိုလည်း အဲ့လိုပဲ နာမည်ပေးကြတာပေါ့။ ဟိုင်ဟွား အမှတ်(၂) အထက်တန်းကျောင်းက လူအားလုံးကိုယ်စား မင်းကို အများကြီး ကျေးဇူးတင်ပါတယ်” ကျူးမင်က လေးလေးနက်နက်ပြောသည်။
“ကျွန်တော်က ဒီကျောင်းက မြေတောင်မြှောက်ပေးခဲ့တဲ့ ကျောင်းသားဟောင်းပါ။ ကိုယ့်ကျောင်းအတွက် လိုအပ်တာပံ့ပိုးခွင့်ရနေတာကိုပဲ ကျေးဇူးတင်လှပါပြီ”
“ကြွယ်ယွီ တစ်မျိုးတော့မထင်လိုက်ပါနဲ့။ မင်းက ကျောင်းသားပဲရှိသေးတာ။ ဒီလောက်ပိုက်ဆံအများကြီး ဘယ်လိုရှာနိုင်ခဲ့တာလဲ” ဖန့်ကြွယ်ယွီက တရားမဝင်လုပ်ငန်းများမှ ပိုက်ဆံရှာနေမည်ကို ကျူးမင် စိုးရိမ်သည်။
“တကယ်တော့ ကျွန်တော်လည်းဟိုတလောကမှသိတာ။ ကျွန်တော့်မိဘတွေက ကမ္ဘာလှည့်ခရီးသွားနေလို့ သူတို့လုပ်ငန်းတွေကို ကျွန်တော်နဲ့ လွှဲထားခဲ့တာပါ”
“ဟားဟား မင်းမိဘတွေချမ်းသာတယ်ဆိုတာ ဘယ်သူမှ မသိကြဘူး” ကျူးမင်ကရယ်မောနေသည်။
ယနေ့ခေတ်တွင် သူဌေးများက သိုသိုဝှက်ဝှက်နေတတ် ကြသည်။
“ဒါပေမဲ့ ရုတ်တရက် ပိုက်ဆံအများကြီး လွှဲလိုက်ရတာ မင်းမိသားစုလုပ်ငန်းကို မထိခိုက်ဘူးလား”
“အိုး စိတ်မပူပါနဲ့။ ဒီလောက်ပမာဏက ကျွန်တော့်မိသားစု အတွက် အသေးအဖွဲပမာဏပါ။ ဒါနဲ့ စကားမစပ် သန်းတစ်ရာက လုံလောက်ရဲ့လား။ မလောက်သေးဘူးဆို ကျွန်တော်ထပ်လှူနိုင်ပါတယ်”