တစ်ယောက်ယောက်က ပိုက်ဆံစကား ပြောလာလို့ အံ့အားသင့်ရတယ်
Vol. 2 Ch. 26
“ငါဘယ်လောက်လိုအပ်သလဲဆိုတာတောင် မေးစရာမလိုတဲ့ အထိ အကုန်ပေးနိုင်တာလား” ဝမ်ချုံးလည်း အံ့အားသင့်ရ ပြန်သည်။
ထိုရုပ်ရှင်သည် ပေါ့ပေါ့းပါး ဇာတ်လမ်းတစ်ခုမဟုတ်ဘဲ ရင်းနှီးမြှုပ်နှံမှုနှင့် ထုတ်လုပ်ရေးကုန်ကျစရိတ် များစွာလိုအပ် ပေသည်။ ရင်းနှီးငွေသန်းပေါင်းများစွာနှင့်လည်း မရပေ။
ဝမ်ချုံးသည် ဝတ္ထုရှည်နှစ်သက်သူတစ်ဦးဖြစ်သည်။ “ကောင်းကင်ယံထက်က တိုက်ပွဲ” ဟူသော ဝတ္ထုရှည် ထွက်လာသောအခါ သူသည် ထိုဝတ္ထုကို လုံးဝနှစ်ခြိုက်သဖြင့် ဇာတ်လမ်းတွဲအဖြစ်ရိုက်ကူးသောအခါ ပရိတ်သက်အားပေးမှု မရခဲ့ပေ။
“ဓားသမားတစ်ဦး၏ ဒဏ္ဌာရီ”ရုပ်ရှင်မှာ အသုံးပြုခဲ့သော အထူးပြုလုပ်ချက်များသည် ရုပ်ရှင်ဇာတ်လမ်းတွဲများမှာ အသုံးပြုသောအရာများထက် သာလွန်ကောင်းမွန်နေသည်။
သူ၏ အိမ်မက်ဖြစ်သော “ ကောင်းကင်ယံထက်ကတိုက်ပွဲ”ကို ထုတ်လုပ်ဖို့အတွက် ဝတ္ထုဝယ်ယူခြင်း၊ မူပိုင်ခွင့်တောင်းခံခြင်း နှင့် အထူးပြုလုပ်ချက်များအတွက် ဟောလီးဝုဒ်မှ အဖွဲ့တစ်ဖွဲ့ ကိုငှါးရန် ပိုက်ဆံများစွာသုံးစွဲရမည်။
ထို့အတွက်ပင် ဘတ်ဂျက်က သန်း ၂၅၀ လိုအပ်သည်။ ထိုသန်း ၂၅၀ထဲတွင် မင်းသား၊ မင်းသမီး၊ ဒါရိုက်တာနှင့် ဆက်တင် စသည့်အရာများစွာအတွက် ကုန်ကျစရိတ်မပါနေပေ။
သူက ရုပ်ရှင်လုပ်ငန်းဘက်ကို စတင်အခြေချတုန်းက သူ၏ ဖခင်ဖြစ်သူ ဝမ်လင်းက သန်း ၅၀၀ မတည်ပေးခဲ့သည်။ နှစ်အနည်းငယ်အတွင်းမှာပင် သူ၏အရည်အချင်းနှင့် ထိုပမာဏထက် ၁၀ဆများသည်အထိ ရှာနိုင်ခဲ့သည်။ ထို့ကြောင့် သူ၏ ယခုလက်ရှိပိုင်ဆိုင်မှုသည် ၇ ဘီလီယံ ကျော်လွန်ခဲ့သည်။
သို့သော် ထိုပိုင်ဆိုင်မှုများသည် ရွှေ့ပြောင်းမရနိုင်သော ပိုင်ဆိုင် မှုစာရင်းထဲတွင် ရှိနေသည်။ ပိုက်ဆံအဖြစ်ပြောင်းလဲနိုင်သော ပမာဏသည် တစ်ဘီလီယံသာသာပဲရှိသည်။
သူ၏ပိုင်ဆိုင်မှုများကို ဤရုပ်ရှင်ထဲတွင် ရင်းနှီးမြှုပ်နှံပစ်သော သတ္တိလည်း မရှိနေပေ။ အကယ်၍ ထိုရုပ်ရှင် မအောင်မြင်ပါက သူ့ကြိုးစားမှုများ အချည်းနှီးဖြစ်ကုန်တော့မည်။
အကောင်းဆုံးအနေအထားတစ်ခုလိုချင်ပါက ထိုရုပ်ရှင် အတွက် ရင်းနှီးမြှုပ်နှံငွေ တစ်ဘီလီယံလိုအပ်မည်ဟု ဝမ်ချုံး ခန့်မှန်းမိသည်။ ထိုမျှ ပမာဏသည် ရုပ်ရှင်လောကအတွက် အလွန်များပြားသဖြင့် မည်သူမျှအရဲမစွန့်ရဲပေ။
ဖန့်ကြွယ်ယွီက လိုအပ်သည့်ငွေကိုစိုက်ပေးမည်ဆိုပါက သူ့မှာအနည်းဆုံးတော့ ၅ဘီလီယံရှိမှရမည်။ ဖန့်ကြွယ်ယွီ၏ ပိုင်ဆိုင်မှုက အံ့အားသင့်လောက်သည်ဆိုသော်ငြား ထိုပမာဏ ကို တတ်နိုင်ပါ့မလားဟု စိုးရိမ်မိသည်။
“၅ဘီလီယံလောက်လိုနေတာ” ဝမ်ချုံးက ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောသည်။
“ကိစ္စမရှိပါဘူး။ ၅ဘီလီယံထည့်ဝင်မယ်” ဝမ်ချုံး၏ အကြံကို နားထောင်ပြီးနောက် ဖန့်ကြွယ်ယွီ စိတ်ဝင်စားမိသည်။
အထက်တန်းကျောင်းသားဘဝကတည်းက “ကောင်းကင်ယံ ထက်ကတိုက်ပွဲ” စာအုပ်ကို ညတိုင်းနီးပါး ခိုးဖတ်ခဲ့ရသည်။ ထိုဝတ္ထုကို ဇာတ်လမ်းတွဲအဖြစ်ရိုက်ကူးသောအခါ သူလုံးဝ စိတ်ပျက်ခဲ့ရသည်။ ဝမ်ချုံးဆီက ထွက်လာသော ထိုအကြံ ကောင်းများကို သူ့အနေနှင့် အပြည့်အဝ အထောက်အပံ့ ပေးချင်သည်။
“တကယ်ပြောတာလား”
“တကယ်ပြောတာပါ။ ကျွန်တော်က ၅ ဘီလီယံ မရင်းနှီးနိုင် ဘူးလို့ တွေးထားတာလား”
ဘေးနားမှာထိုင်နေသော လျှိုရီမုန်လည်း မျက်လုံးအပြူးသား ဖြစ်သွားရသည်။ ၅ဘီလီယံဆိုသော ပမာဏသည် သာမန်လူ များအဖို့ စိတ်ကူးတောင်မယဉ်နိုင်သော အနေအထား ဖြစ် သည်။ သို့သော် ထိုပုဂ္ဂိုလ်နှစ်ဦးအတွက် ထိုပမာဏသည် ကစားစရာသာသာဖြစ်သည်။
“ဟာ ဘယ်လိုလုပ်တွေးရဲမှာလဲ” ဝမ်ချုံးက ဖန့်ကြွယ်ယွီ၏ ပိုင်ဆိုင်မှုအပေါ် သံသယမဝင်ရဲပေ။ ထို့ပြင် သူ၏ အဖေ ကိုယ်တိုင်က သူတို့ထက် ချမ်းသာသည့်ပုံပေါ်သော ဖန့်ကြွယ်ယွီ၏ ဖခင်အပေါ် တလေးတစားဆက်ဆံရသည်။ ထို့ပြင် ၅ ဘီလီယံဟူသော ပမာဏသည် သေးငယ်သော ပမာဏမဟုတ်နေပေ။
“စိတ်မပူပါနဲ့။ ဒါရိုက်တာနဲ့ သရုပ်ဆောင်တွေကိုပဲ လိုအပ်တာ တွေ စီမံလိုက်ပါ။ ပိုက်ဆံထပ်လိုသေးတယ်ဆို ကျွန်တော့်ဆီ လာခဲ့ပါ” ဖန့်ကြွယ်ယွီက ယုံကြည်ချက်အပြည့် နှင့် ပြောသည်။
ထိုစကားသည် ဝမ်ချုံးက တခြားသူများ၏ လုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံချိန်တွင် အသုံးပြုနေကျစကားဖြစ်သည်။ ယခုအခါ သူ့အား ထိုစကားအပြောခံရသောအခါ ဝမ်ချုံး၏ စိတ်ထဲ ပြောမပြတတ်သောခံစားချက်ဖြစ်ရသည်။
“ဒီစကားက ကျုပ်သုံးနေကျစကားဆိုရင် မင်းယုံပါ့မလား။ တစ်ယောက်ယောက်က အကူအညီလာတောင်းတိုင်း ပိုက်ဆံလိုအပ်ရင် ကျုပ်ဆီလာခဲ့လို့ ပြောနေကျ” ဝမ်ချုံးသည် ထိုစာကြောင်းကို ဝီဘိုတွင်တင်လိုက်သည်။
ဝမ်ချုံးမှာ ဖော်လိုဝါများစွာရှိတာမို့ ထိုစာကြောင်းကို လိုင်းပေါ် တင်လိုက်သောအခါ မှတ်ချက်များစွာက ပလူပျံနေအောင် တက်လာသည်။ နာမည်ကြီးနေသော ရှာဖွေမှုများတွင် ဒုတိယ နေရာရောက်သည်အထိ လူသိများခဲ့သည်။ ရှာဖွေမှုအများဆုံး ပထမနေရာသည် ဟယ်လီကော်ပတာဖြစ်စဉ်ဖြစ်သည်။
“ဟား။ ဥက္ကဌဝမ်ရဲ့ မျက်နှာတည့်တည့်ကို ပိုက်ဆံထုပ်နဲ့ အပေါက်ခံလိုက်ရပြီ”
“ဥက္ကဌဝမ်ကို ဒီလိုစကားမျိုးပြောရဲတာ ဘယ်သူဖြစ်မလဲ။ ဒါက မြို့တော်က သူဌေးလေးများ ဖြစ်နေမလား”
“ခဏလေး။ ဥက္ကဌဝမ်က ချိုင်းနားဂျွိုင်းပွဲတော်မှာ ရောက်နေ တာမလား။ ဝန်ထမ်းတွေပြောတာက ဟယ်လီကော်ပတာ ဖြစ်စဉ်က ပွဲစီစဉ်သူတွေရဲ့ အကြံလို့ပြောပေမဲ့ ငါ့အတွေ့ အကြုံအရဆို တစ်ခုခုကို ဖုံးကွယ်ချင်လို့ ဒီလိုပြောတာ။ ဒီဖြစ်ရပ်မှာပတ်သက်တဲ့လူက ဒီစကားကို ဥက္ကဌဝမ်ကို ပြောတဲ့သူပဲ ဖြစ်ရမယ်”
“ငါတို့က ကိုးနှစ်လောက် ပညာသင်ခဲ့တာ။ ဒါပေမဲ့ သူတို့တွေက ဘာကြောင့် အရမ်းချမ်းသာနေရတာလဲ။ သူတို့က အတန်းတွေများ ပိုသင်ခဲ့လေသလား”
“@ဆင်းဟွာတကက္ကသိုလ်ကိုတက်ပါ”
“@ယန်ကျင်းတက္ကသိုလ်ကို အကြံပြုပါတယ်”
ဝီဘို (Weibo) တွင် နာမည်ကြီးပြီးနောက် ထိုပို့စ်နှစ်ခုသည် အားလုံး၏ ပါးစပ်ဖျားတွင် ပြောစမှတ်တွင်နေတော့သည်။ ကံမကောင်းစွာဖြင့် ဝမ်ချုံးနှင့် တခြားသူများဟိုတယ်ထဲဝင် ရောက်သွားသည့်ပုံများရရှိသော်လည်း ပုံတွေက ဝေဝါးနေ သဖြင့် ဖန့်ကြွယ်ယွီ၏ မျက်နှာကို သေချာမမြင်ရပေ။
သေချာတာတစ်ခုကတော့ ထိုဟယ်လီကော်ပတာပိုင်ရှင်သည် ဥက္ကဌဝမ်နှင့် ဆုံတွေ့နေသောသူဖြစ်ရမည်။
ကိုယ်တိုင်ကားမောင်းလာကြတာမို့ မည်သူမှ အရက်မသောက် ရဲပေ။ အသက်အရွယ်ကလည်း မတိမ်းမယိမ်းဖြစ်ကြတာမို့ စိတ်ပါဝင်စားသော အရာများလည်း သိပ်မကွာလှသဖြင့် တခဏလေးအတွင်းမှာ ညီအကိုရင်းသဖွယ်ရင်းနှီးသွားကြ သည်။
ဝမ်ချုံးက နေ့လည်ခင်းမှာ စီးပွါးရေးလုပ်ငန်းများနှင့် ပတ်သက် သည့် အစည်းအဝေးရှိသဖြင့် ပွဲခင်းထဲမှာဆက်မနေတော့ပဲ ပြန်သွားရသည်။ သူတို့အားလုံးဟိုတယ်ထဲက ထွက်လာသော အခါ ဖန့်ကြွယ်ယွီစီစဉ်ခိုင်းသော ကားသည် ဟိုတယ်ဝင်ပေါက် တွင် အရန်သင့်စောင့်နေသည်။
သို့သော် သူမှာထားသောကားပုံစံနှင့် အနည်းငယ်ကွဲလွဲ နေသည်။ သူက မာစီရာတီ ၄၃၀ကားကို လာပို့ခိုင်းထားသည်။ သို့သော် သူ့ရှေ့မှာရှိသောကားသည် မာစီရာတီလိုဂိုနှင့် အဆင့်မြင့်ကားတစ်စီးဖြစ်နေသည်။
“မင်းပြောတဲ့ လူတစ်ယောက်လာပို့မယ်ဆိုတဲ့ကားက ဒီကားလား” ဝမ်ချုံးက မျက်စိအပြူးသားဖြင့်မေးသည်။
ထိုကားသည် မာစီရာတီ၁၂ဖြစ်ပြီး တကမ္ဘာလုံးမှာ အစီးရေ ၅၀သာထုတ်ပြီး ဟွာရှားမှာ နှစ်စီးသာရှိသည်။
သို့သော် ထိုကားနှစ်စီးလုံး၏ ပိုင်ရှင်က မည်သူမည်ဝါဆိုတာ ဝမ်ချုံးသိသည်။ ထိုပိုင်ရှင်များ၏ မျိုးရိုးနာမည်မှာ ဖန့်လည်း မဟုတ်နေပေ။ သေချာတာတော့ ဤကားသည် ထိုပိုင်ရှင်နှစ်ဦး ပိုင်ဆိုင်သောကားမဟုတ်ပေ။
အနောက်တိုင်းဝတ်စုံဝတ်ဆင်ထားသော သက်လတ်ပိုင်း အမျိုးသားတစ်ဦးက ကားပေါ်မှဆင်းလာသည်။ ထိုသူက ကားသော့ကို ဖန့်ကြွယ်ယွီထံ တတရိုတသေပေးအပ်သည်။
“သခင်လေး ဖန့်၊ မစ္စကျွမ်းက ကားလာပို့ခိုင်းလို့ပါ”
“ဒါက..” ဖန့်ကြွယ်ယွီ စိတ်ထဲတမျိုးဖြစ်သွားသည်။
“ကျွန်တော်မှာတာ မာစီရာတီ၄၃၀ပါ။ ဘာလို့ ဒီကားကို ယူလာခဲ့တာလဲ” သူ့ဘေးနားမှာရှိသော လူများက ဓာတ်ပုံ တဖျက်ဖျက်ရိုက်ကုန်ကြသည်။ ထိုဇိမ်ခံကားမျိုးသည် နေ့စဉ်တွေ့နိုင်သည့် ကားမဟုတ်နေပေ။ ထို့ကြောင့် ကားပိုင်ရှင်ကို လူတိုင်းက ပိုပြီး အာရုံစိုက်ကြသည်။
“တကယ်တော့ ကုမ္ပဏီမှာရှိတဲ့ ပြသနာတချို့ကြောင့် သခင်လေးမှာလိုက်တဲ့ မော်ဒယ်က စီးဖို့မသင့်တော်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ကုမ္ပဏီဘက်က ပြန်သိမ်းထားပါတယ်။ သခင်လေးက မာစီရာတီကို ကြိုက်တာမို့ မစ္စကျွမ်းက ဒီကားကို ယူလာခိုင်းတာပါ”
“ဒီမိန်းမပြသနာထပ်ရှာပြန်ပြီ။ ငါ့ကို သိုသိုသိပ်သိပ်ကို ပေးမနေဘူး”
ကားကလာပို့ပြီးပြီမို့ ပြန်ယူသွားဖို့ မတောင်းဆိုနိုင်တော့ပေ။ ထို့ပြင် ဟိုနားဒီနားသွားရန် ကားတစ်စီးလိုအပ်သည်။
“ဟေ့၊ ဖန့်.. ဒီကားကိုရော ဘယ်ကရလာပြန်တာလဲ။ ဟွာရှား မှာ ဒီလိုကားမျိုးနှစ်စီးပဲရှိတာ။ ဒီကားကို နိုင်ငံခြားကနေ မှာလိုက်ပြန်တာလား” ဝမ်ချုံးက သိချင်စိတ်ကို မထိန်းနိုင်ဘဲ မေးမိသည်။
“ကျွန်တော်လည်းမသိဘူး” ဖန့်ကြွယ်ယွီက ကားလာပို့သောလူကို တစ်ချက်ကြည့်ပြီး “ ဦးလေးရော သိလား” ဟုမေးသည်။
ထိုလူက ထူးဆန်းသည့် အကြည့်ဖြင့် “သခင်လေးက မာစီရာတီ ရဲ့ ရှယ်ယာ ၈၂% ကိုပိုင်ဆိုင်တယ်ဆိုတာ သခင်လေး မသိတာလား။ မော်ဒယ်အသစ်ထွက်တိုင်း စက်ရုံ က ဟွာရှားဘက်ကို ကားအသစ်စက်စက် အရင်ပို့ပေးရတယ်။ ပြီးတော့ ဒါကလည်း သူတို့တရားဝင်ရောင်းချတဲ့ အရေအတွက်ထဲမပါနေဘူး”
“မိုက်တာပေါ့။ ငါက ဒီမှာလည်း ရှယ်ယာဝင်ထားတာပဲလား” ဖန့်ကြယ်ယွီက မျက်ခုံးပင့်ပြပြီး ဘာမှမသိသောပုံစံအား ဝမ်ချုံးကိုပြသည်။
“မိုက်သပါ့ကွာ” ဝမ်ချုံးက လက်မထောင်ပြသည်။ ထို့နောက် သူ့ဖုန်းကိုထုတ်ကာ ဝီဘိုမှာ တင်ပြန်သည်။
“ခုလေးတင်ပဲ မာစီရာတီဘရန်းရဲ့ အကြီးဆုံးရှယ်ယာဝင်နဲ့ အတူတူနေ့လည်စာစားခဲ့တာ။ သူ့ကိုယ်သူလည်း နေ့လည်စာ စားပြီးမှ အကြီးဆုံးရှယ်ယာဝင်ဆိုတာသိတာ။ ဒီကနေ့တော့ ငါ့မျက်နှာတစ်ခုလုံးကို ပိုက်ဆံနဲ့ ရစရာမရှိအောင် အပေါက်ခံ ရတာပဲ”